ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက ဒေါ့မွန်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည့် ပွဲစဉ်သုံးသပ်ချက်နှင့် ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးများ၊ နည်းပြဂရေဟမ် ပေါ်တာ ၏ အနာဂတ်အပေါ် ထင်မြင်ချက်များကို အာဆင်နယ်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ၊ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် တို့က CBS Sports ရုပ်သံဌာန၏ ‘Post Match Show’ စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ကိတ် အက်ဘ်ဒို - ချယ်လ်ဆီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းက ချန်ပီယံလိဂ် ညချမ်းလေးမှာတော့ အိမ်ရှင်အသင်းက ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် (၂ - ၁) နဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ..။ အခုပွဲမစခင်မှာ နှစ်ဘက်အသင်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှုနဲ့အတူ ဖိအားတွေ မြင့်မားခဲ့တဲ့ ပွဲမတိုင်ခင် အခြေအနေတွေအကြောင်း ကျွန်မတို့တွေ ဆွေးနွေးခဲ့ကြပြီးပါပြီရှင့်..။ အိမ်ရှင်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းအတွက်တော့ အခုအနိုင်ပွဲကြောင့် စိတ်သက်သာရာရရှိပြီး အထူးကျေနပ်အားရ ဖြစ်ခဲ့ကြမှာပဲ.. ဟုတ်တယ်မလား.. ဂျေမီ ရေ..
ဂျေမီ ကာရေဂါ - အခုနှစ်ရာသီ ချယ်လ်ဆီးအသင်းနဲ့ ဂရေဟမ် ပေါ်တာ အတွက် တကယ့်ကို ကြီးမားတဲ့ ရလဒ်တစ်ခုလို့ ပြောရမှာပါ.။ အထူးသဖြင့် မန်နေဂျာဖြစ်တဲ့သူအတွက်ပေ့ါဗျာ..။ သူ့ရဲ့အနာဂတ်ဟာ အခုဒီပွဲအပါအဝင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ နှစ်ပွဲအပေါ်မှာ မူတည်လိမ့်မယ်.. ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာကိုး..။ ဒါပေမယ့် အခုဒီနေ့ပွဲမှာတော့ မန်နေဂျာနဲ့ ကစားသမားတွေကြားမှာ ဆက်ဆံရေး ကောင်းမွန်နေတယ်..၊ အချိတ်အဆက်ကောင်းတွေ ရှိနေတယ်ဆိုတာ မြင်တွေ့လိုက်ရပါတယ်..။
အထူးသဖြင့် သူတို့အသင်းရဲ့ ကစားပုံဟာ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာဆိုရင် ပိုပြီးကောင်းမွန်လေ့ရှိတယ်ဗျ..။ မန်နေဂျာ ဂရေဟမ် ပေါ်တာ အတွက်ကတော့ အခုဒီလိုပွဲရလဒ်နဲ့ စွမ်းဆောင်ရည်ကြောင့် အနည်းဆုံး ရာသီကုန်အထိ အာမခံချက် ရရှိသွားဖို့ များသွားပါပြီ..။ ဒ့ါအပြင်ဒီနေ့ပွဲရလဒ်ဟာ သူ့အတွက် သာမက ချယ်လ်ဆီးအသင်းအတွက်လည်း အခုနှစ်ဘောလုံးရာသီရဲ့ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်ပါတယ်..။
ကိတ် အက်ဘ်ဒို - ဒေ့ါမွန်အသင်းဟာ ဒီနေ့ပွဲမတိုင်ခင် ပြိုင်ပွဲစုံ ဆယ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်..။ ဒ့ါကြောင့်အဲဒီလိုအသင်းကောင်းတစ်သင်းကို အနိုင်ရရှိလိုက်တဲ့ ရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ထိုက်တန်တဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ရဲ့လား..? သီယာရီ ရေ..
သီယာရီ အွန်နရီ - ဒေါ့မွန်အသင်းဟာ တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်း..? yes.. ဟုတ်ပါတယ်..။ ဒါပေမယ့် အခုဒီနေ့ပွဲ အပါအဝင် ချယ်လ်ဆီးအသင်းနဲ့ နှစ်ကျော့စလုံးမှာ ဒေါ့မွန်အသင်းဟာ အဒီယီမီ ရဲ့ တစ်ဦးချင်းအစွမ်းနဲ့ ဆွဲပြေးပြီး သွင်းယူသွားခဲ့တဲ့ဂိုးကလွဲလို့ ဥရောပထိပ်တန်းအဆင့် ပွဲစဉ်တွေအတွက် လုံလောက်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းဟာ ပထမအကျော့တုန်းကလည်း အနိုင်ရခဲ့သင့်သလို အခုဒီနေ့ပွဲမှာလည်း ဒီထက်ပိုပြီး ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သင့်ပါတယ်..။
ဒီနေ့ညပွဲမှာ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေဟာ ကံကောင်း ထောက်မလို့ ရခဲ့တဲ့ဂိုးတွေလို့ပြောရင် မမှားပါဘူး..။ ပထမပိုင်းမှာ ရာဟင်း စတာလင်း သွင်းယူခဲ့တဲ့ဂိုး..၊ နောက်ပြီး ကိုင် ဟာဗာ့ဇ် ရဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောဟာ ကျွန်တော့်ရဲ့အမြင်အရဆိုရင် ပြင်းထန်လွန်းပါတယ်..။ ဒါပေမယ့် ဒီနှစ်ကျော့စလုံးမှာ ကစားသွားခဲ့တဲ့ ခြေစွမ်းအရ ချယ်လ်ဆီးအသင်းခြေစွမ်းဟာ နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ပါတယ်..။
မီကာ ရစ်ချက် - ဒီနေ့ပွဲဟာ ဒေါ့မွန်အသင်းအတွက် နိုဝင်ဘာ (၈) ရက်နေ့နောက်ပိုင်း ပထမအဆုံးအကြိမ် ဘဲဥမကွဲခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်..။ သူတို့ဟာလေးလလုံးလုံး တိုက်စစ်ပိုင်း ခြေစွမ်းပြခဲ့တာဆိုတော့ တန်ပြန်တိုက်စစ်နဲ့ transition တွေမှာ အင်မတန်မှ အားကိုးရတဲ့ လူငယ်တိုက်စစ်မှူး ကီရင် အဒီယီမီ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့အပေါ် သူတို့တွေသတိရနေကြလိမ့်မယ် ဆိုတဲ့အကြောင်း ပွဲမစခင်မှာ ကျွန်တော်တို့ ပြောခဲ့ပါတယ်..။ ဒါ့အပြင် ပွဲအစပိုင်းမှာတင် တောင်ပံကစားသမား ဂျူလီယန် ဘရန့်တ် ဒဏ်ရာရသွားတာဆိုတော့ သူတို့ဟာ ကံဆိုးခဲ့ပါတယ်..။ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အခုဒီနေ့ပွဲကျမှ တစ်ပွဲထဲမှာ နှစ်ဂိုးပြန်ပြီးသွင်းနိုင်ခဲ့တာပါ..။ ဒီပွဲရလဒ်ဟာ သူ့ရဲ့အနာဂတ်အတွက် တကယ့်ကို အရေးကြီးခဲ့ပါတယ်..။
ဂရေဟမ် ပေါ်တာ ဟာ ပြီးခဲ့တဲ့ စနေနေ့က လိဒ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကစပြီး 3 back system ကစားကွက်ကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်..။ အဲဒီကစားဟန် သူတို့နဲ့ပိုပြီး ကိုက်ညီတယ်..၊ အသင်းရဲ့ သုံးယောက်တန်း ခံစစ်ကြောင်းနဲ့ ကစားပုံပိုပြီး တည်ငြိမ်တယ်လို့ ကျွန်တော်မြင်မိပါတယ်..။ ဗဟိုခံစစ်မှူးသုံးယောက်နေရာမှာ ပရီးမီးယားလိဂ်မှာ ဘာဒီယာရှီလေး ကို သုံးစွဲခဲ့ပြီး ဒီနေ့ပွဲမှာတော့ မာ့စ် ကူကူရယ်လာ ကို အစားထိုးခဲ့ပါတယ်..။ ဒ့ါကြောင့်အခုဆိုရင် ဂရေဟမ် ပေါ်တာ ဟာ သူ့ရဲ့အကောင်းဆုံးအသင်းနဲ့ အကောင်းဆုံး ကစားကွက် အခင်းအကျင်းကို ရှာတွေ့သွားပြီလို့ ယူဆရတာပါပဲ..။ ကျွန်တော်ကတော့ ဒီနေ့ပွဲရလဒ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့အပေါ် ချယ်လ်ဆီးအသင်းနဲ့ ဂရေဟမ် ပေါ်တာ အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်..။
ဂျေမီ ကာရေဂါ - ကျွန်တော်ကတော့ သူ့ရဲ့အကောင်းဆုံး လူစာရင်း.. ဆိုတာထက်စာရင် ဒီနေ့ပွဲမှာ ဂရေဟမ် ပေါ်တာ ဟာ ကွင်းဘေးစည်းတစ်လျှောက် စိတ်လှုပ်ရှားမှုတွေ၊ စိတ်ခံစားမှုတွေကို ပြသနေခဲ့တာတွေကို ပိုပြီးစိတ်ဝင်စားမိပါတယ်..။ အရင်ပွဲတွေမှာဆိုရင် သူဟာပွဲချိန်တစ်လျှောက်လုံး တုံဏိဘာဝေနဲ့ မတုန်မလှုပ် ငုတ်တုတ် ထိုင်ကြည့်နေလေ့ရှိသလို သူ့ရဲ့တွေ့ဆုံခန်း ပြောကြားချက်တွေဟာလည်း ဘာမှစိတ်ဝင်စားစရာ မကောင်းပါဘူး.။ ရလဒ်တွေ ကောင်းကောင်း၊ ဆိုးဆိုး.. ဒီစကားတွေကိုပဲ ဖန်တရာတေအောင် ပြောနေတာဆိုတော့ ချယ်လ်ဆီးပရိသတ်တွေဘက်က ကြည့်မယ်ဆိုရင် စိတ်ဆိုးစရာပါပဲ..။
ချယ်လ်ဆီးလိုအသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နေတဲ့အသင်း ဖြစ်ပါတယ်..။ ဒီလိုဆုဖလားတွေကို စိန်ခေါ်နေတဲ့ အသင်းဆိုတာမျိုးက တစ်လောကလုံးရဲ့ အမုန်းတရားတွေကို ရင်ဆိုင်ပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်နေရတာပါ..။ ဒ့ါကြောင့်ဒီလိုခရီးကြမ်းတွေမှာ အသင်းမန်နေဂျာဟာ အသင်းရဲ့အခြေအနေတွေကို အမြဲတမ်း ကိုယ်စားပြုနေရပါမယ်…။ လိုအပ်ရင် မေးခွန်းတွေ ထုတ်ရဲရမယ်..၊ ကိုယ့်အသင်းရဲ့ အလိုကျမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေအတွက် စောဒက တက်ရဲရပါမယ်..။ ဂရေဟမ် ပေါ်တာ ဟာ အရာရာကို အလွယ်တကူ လက်ခံလိုက်လေ့ရှိတာကြောင့် ကြာလာတဲ့အခါ ပရိသတ်တွေနဲ့ အဆင်မပြေတော့ပါဘူး.။
အခုဒီနေ့ပွဲမှာတော့ သူဟာကွင်းဘေးကနေ တစ်ချိန်လုံးညွှန်ကြားချက်တွေ ပေးနေသလို ပွဲပြီးတော့လည်း ပရိသတ်တွေကို လက်ပြနှုတ်ဆက်တယ်..၊ အသင်းပိုင်ရှင် တော့ဒ် ဘိုလေး အပါအဝင် ကစားသမားတွေနဲ့ အားပါးတရ ပွေ့ဖက်နှုတ်ဆက်ပါတယ်..။ အဲဒီလိုစိတ်ပါလက်ပါ အောင်ပွဲခံမှုတွေ၊ အပြုအမူတွေနဲ့ အခုဒီနေ့ပွဲရလဒ်ဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် သူ့အပေါ် အတိုင်းအတာတစ်ခုထိ စိတ်ကျေနပ်မှု ရရှိစေပါလိမ့်မယ်..။
ကိတ် အက်ဘ်ဒို - အသင်းပရိသတ်တွေဟာ ဂရေဟမ် ပေါ်တာ အပေါ် စိတ်ရှည်၊ သည်းခံနိုင်မှု ကုန်ဆုံးသွားတဲ့ အချက်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ..။ ဒါပေမယ့် အသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့ဘက်ကတော့ အခုအချိန်ထိ နည်းပြဘက်မှာ ရှိနေဆဲပါပဲရှင့်..။ ကျွန်မစိတ်ဝင်စားမိတဲ့အချက်က အခုဒီနေ့ပွဲရလဒ်ကြောင့် ပရိသတ်တွေရဲ့ နည်းပြအပေါ် ထားရှိတဲ့အမြင် ပြောင်းလဲသွားနိုင်မလား..? ဒါမှမဟုတ် ဒီပွဲမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ လိဒ် ယူနိုက်တက် အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းခဲ့တာကြောင့် အခုလိုအရေးကြီးတဲ့ပွဲမှာ ပရိသတ်တွေဟာ နည်းပြဘက်ကနေ ခေတ္တခဏ ရပ်တည်ပေးခဲ့တာပဲလား..? ဘယ်လိုယူဆနိုင်မလဲ..?
ဂျေမီ ကာရေဂါ - No.. တစ်ပွဲထဲနဲ့တော့ ပရိသတ်ဘက်က အမြင်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲရလဒ်ဟာ ဂရေဟမ် ပေါ်တာ အတွက် အချိန်ပိုပြီးရသွားစေမှာပေ့ါ…။ ပြီးခဲ့တဲ့လေးရက်၊ ငါးရက်ကဆိုရင် သူဟာရာသီကုန်အထိတောင် အသင်းမှာဆက်ပြီးရှိပါဦးမလား..? ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်..။ နောက်ပြီးအသင်းနဲ့နီးစပ်တဲ့ ဂျာနယ်လစ်တွေဆီကနေ သူ့ရဲ့သက်တမ်းဟာ အခုလာမယ့် နှစ်ပွဲအပေါ် မူတည်လိမ့်မယ်.. ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်..။
သူဟာအဲဒီလို အနာဂတ်ကို ခွေးခေါင်းဓါးစက်ပေါ်မှာ တင်ပြီးကစားခဲ့ရတဲ့ နှစ်ပွဲစလုံးကို အနိုင်ရခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ အနည်းဆုံး ကွာတားဖိုင်နယ်ပွဲတွေအပြီးလောက်ထိ အချိန်ရသွားပါလိမ့်မယ်..။ တကယ်လို့ ကွာတားဖိုင်နယ် အဆင့်ကို ကျော်ခဲ့ပြီဆိုပါတော့.. အဲဒီအချိန်ကျမှ မန်နေဂျာ အပြောင်းအလဲ ထပ်လုပ်ဦးမယ်ဆိုရင် ရူးမိုက်ရာကျပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်လိုက်မယ်ဆိုရင် ထိပ်ဆုံးလေးသင်း ဝင်ခွင့်အတွက် အလားအလာ မရှိတော့သလောက်ပါပဲ..။ ဒါ့ကြောင့်သူတို့အသင်းအတွက် နောက်လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ဟာ အခုယှဉ်ပြိုင်နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ်မှပဲ မူတည်ပါတော့တယ်..။
တကယ်တော့ ဒီအသင်းက ကစားသမားအများစုဟာ သောမတ်စ် တူခယ်လ် နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖူးခဲ့ကြတာကြောင့် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်တဲ့ အရည်အသွေး အသင်းမှာ ရှိနေပြီးသားပါ..။ အဲဒီလိုအသင်းမှာ ရှိပြီးသား ကစားသမားတွေရဲ့ အရည်အချင်းကို အသုံးချတတ်မယ်ဆိုရင် ဂရေဟမ် ပေါ်တာ ဟာ အနည်းဆုံး ရာသီကုန်ချိန်အထိ သူ့ရဲ့သက်တမ်းကို ဆွဲဆန့်လို့ရပါတယ်..။ ရာသီကုန်ချိန် အသင်းရဲ့ ရလဒ်နဲ့ အောင်မြင်မှုအပေါ် မူတည်ပြီးမှ နောက်လာမယ့်ရာသီမှာ သူ့ကိုဆက်ပြီး ထားမလား..? နည်းပြအသစ် ပြောင်းမလား..? ဆုံးဖြတ်ရင် ကောင်းပါလိမ့်မယ်..။ ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် လာမယ့်ရာသီအစမှာ သူ့ကိုမြင်ရလိမ့်မယ်လို့ မထင်မိပါဘူး..။
ကိတ် အက်ဘ်ဒို - ဟုတ်ကဲ့ပါရှင့်..။ ပထမပိုင်း (၄၃) မိနစ်မှာ ရာဟင်း စတာလင်း သွင်းယူပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးအကြောင်း သုံးသပ်ပေးပါဦးရှင့်..
မီကာ ရစ်ချက် - ပထမပိုင်းမှာ ဧည့်သည်အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကတောင် ဘောလုံးပိုင်ဆိုင်မှု ပိုပြီးအသာစီးရခဲ့ပါတယ်..။ ဒါပေမယ့် သူတို့တွေဟာ ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေ မရခဲ့ပါဘူး..။ ဒီလိုနဲ့ပဲ ပထမပိုင်း ပြီးခါနီးမှာ ရာဟင်း စတာလင်း လို ကစားသမားမျိုးကို ဂိုးဧရိယာအတွင်းမှာ ဂိုးကန်သွင်းခွင့် ပေးလိုက်ရတယ်ပေ့ါဗျာ..။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်း အခက်အခဲနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါမှာ တိုက်စစ်မှူးတွေအနေနဲ့ ကိုယ့်အတွက် ဂိုးရနိုင်မယ့် ဂိုးဧရိယာထဲမှာ ချိန်သားကိုက် ရောက်ရှိဖို့ လိုအပ်လိမ့်မယ်ဆိုပြီး ပွဲမကခင်က ကျွန်တော်တို့ ပြောခဲ့ကြပါတယ်..။ မှန်ပါတယ်.. ဒီဂိုးရသွားခဲ့တာ ကုသိုလ်ကံ ဖေးမတာလည်း ပါတာပေ့ါ..။ ဒါပေမယ့် သူဟာအဲဒီလို ကုသိုလ်ကံ ဖေးမှုနဲ့ ထိုက်တန်ခဲ့ပါတယ်.. ဟုတ်တယ်မလား.. သီယာရီ ရေ..
သီယာရီ အွန်နရီ - ဘယ်တောင်ပံကနေ ဘင် ချီးဝဲလ် ချိုးပေးလိုက်တဲ့ဘောလုံးကို ရာဟင်း စတာလင်း က မနားတမ်း ကန်သွင်းရာမှာ ထိချက်လွဲသွားပါတယ်..။ ကျွန်တော်တောင်မှ ချက်ချင်းရယ်မိသွားသေးတယ်..။ ဒါပေမယ့် ဘောလုံးက သူ့ရဲ့ရှေ့ပဲ ပြန်ကျလာတယ်..။ ဆွဲထုတ်တယ်..၊ နောက်တန်းနဲ့ထိပြီး သူ့ရဲ့ရှေ့ပဲ ပြန်ကျလာပြန်ပါတယ်..။ အဲဒီအချိန်ကျတော့ တကယ့်ကို အခွင့်အရေးကောင်း ဖြစ်သွားပါပြီ..။ အဲဒါကြောင့် ဂိုးကန်သွင်းနိုင်ဖို့ ကိုယ့်ရဲ့ရှေ့ကို အကောင်းဆုံးအနေအထားနဲ့ ပြန်ကျလာတာကျတော့ ကံကောင်းတာပေ့ါ.. ‘lucky bounce’ ပါပဲ..။ အဲဒီဘောလုံးကို အဆုံးသတ်ရာမှာတော့ ရာဟင်း စတာလင်း ဟာ အင်မတန်မှ စိတ်ချရပါတယ်..။
မီကာ ရစ်ချက် - တခါတလေလည်း ကံကောင်းဦးမှာပေ့ါ..။ သူတို့ဟာ တိုင်ထိထွက်လိုက်၊ ဂိုးဘားတန်းထိထွက်လိုက်နဲ့ အပိုင်အခွင့်အရေးတွေ အလဟသ ဖြစ်ကုန်တာ အတော်ကြာနေပါပြီ..။ ဒီနေ့မှာတော့ ကံတရားဟာ သူတို့ဘက်ကို ပြန်ပြီးရောက်လာခဲ့ပြီလို့ပဲ ပြောရမှာပေါ့..။
ကိတ် အက်ဘ်ဒို - ချယ်လ်ဆီးအသင်းရဲ့ အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကတော့ အငြင်းပွားစရာတွေ အတော်ဖြစ်ခဲ့ပါတယ်..။ ဒုတိယပိုင်း (၅၃) မိနစ်မှာ မားရီးယက်စ် ဝုလ်ဖ် ရဲ့ လက်ထိဘောကနေ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောနဲ့ ပတ်သက်ပြီး ရှင်တို့ရဲ့အမြင်တွေကို ပြောပြပေးပါဦး..
ဂျေမီ ကာရေဂါ - ဘောလုံးဥပဒေအရဆိုရင် ပင်နယ်တီ ပြစ်ဒဏ်ပေးတာ မှန်ကန်ပါတယ်..။ ဒါပေမယ့် နောက်တန်းလူတစ်ယောက်ရဲ့ ရှုထောင့်ဘက်ကနေဆိုရင်တော့ ‘ပြင်းထန်လွန်းတယ် (harsh)’ လို့ပဲ ပြောရမှာပါ..။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အမှားအယွင်းမရှိပါဘူး..။ သူ့ရဲ့နေရာမှာဆိုရင် အဲဒီလိုပဲ ဆုံးဖြတ်ရမှာပါပဲ..။
သီယာရီ အွန်နရီ - တိုက်စစ်မှူးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဆိုရင်လည်း ပြင်းထန်တာပါပဲဗျာ..။
မီကာ ရစ်ချက် - အာ.. မားရီးယက်စ် ဝုလ်ဖ် က ဘောလုံးကို တမင်သက်သက် လက်နဲ့သွားပြီးပုတ်တာ မဟုတ်ဘူးလေ.. ဂျေမီ ရ..
ဂျေမီ ကာရေဂါ - သူ့ရဲ့လက်က ခန္ဓာကိုယ်နဲ့ ကွာသွားတာကိုးဗျ..။ မှန်ပါတယ်.. နာက်ခံလူတစ်ယောက်အနေနဲ့ သူ့ရဲ့လက်နှစ်ဘက်ကို ခန္ဓာကိုယ်မှာ တစ်ချိန်လုံး စူပါဂလူးနဲ့ကပ်ထားသလို တစ်ချိန်လုံး ပူးထားနိုင်ဖို့မှ မလွယ်ပဲဗျ..။ ဒါပေမယ့် အခုလက်ရှိ စည်းမျဉ်းတွေက အဲဒီအတိုင်းပဲလေ…။ ဒ့ါကြောင့် ပင်နယ်တီ ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိ ဥပဒေတွေအရ ပင်နယ်တီ ပေးရမှာပါပဲ..
ကိတ် အက်ဘ်ဒို - အိုကေ.. ဟုတ်ပါပြီ..။ ကိုင် ဟာဗာ့ဇ် က အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘောကို ကန်သွင်းပါတယ်..။ ဂိုးမဝင်ပဲနဲ့ တိုင်ထိပြီး ပြန်ထွက်ခဲ့တယ်ရှင့်..။
ဂျေမီ ကာရေဂါ - ပင်နယ်တီ ကန်မသွင်းခင် ဂိုးဧရိယာထဲမှာ ကစားသမားတွေ ကြိုတင်ရောက်နေခဲ့ရင် ပြန်ကန်ခိုင်းတဲ့ ‘encroachment’ စည်းမျဉ်းကို ကျွန်တော်ကြိုက်ပါတယ်..။ ဒါပေမယ့် အခုအပေါ်မှာ ပြထားတဲ့ပုံ (ပုံ - ၁) အရဆိုရင် တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရှင်းထုတ်လိုက်တဲ့ ဆာလစ် အော့ဇ်ကန် ဟာ ဂိုးဧရိယာထဲ မဟုတ်ဘူး..၊ ဘီးကုတ် စက်ဝိုင်းထဲမှာ ရောက်နေခဲ့တာပဲ..ဆိုပြီး ပြောစရာရှိပါတယ်..။ အဲဒါလည်း ‘encroachment’ စည်းမျဉ်းနဲ့ အကျုံးဝင်တာပါပဲ..။
အဲဒီစည်းမျဉ်းအရဆိုရင် ဘောလုံးကိုရှင်းထုတ်လိုက်တဲ့ ကစားသမားဟာ ဒေါ့မွန်အသင်းက ကစားသမား ဖြစ်နေလို့ မဟုတ်ဘူးနော်..။ တကယ်လို့ ကိုင် ဟာဗာ့ဇ် ကန်မသွင်းခင် ဂိုးဧရိယာထဲ ကြိုတင်ရောက်ရှိပြီး ဘောလုံးနဲ့အနီးဆုံးမှာရှိနေတဲ့ တခြားကစားသမား တစ်ယောက်ယောက်.. ဥပမာ ချယ်လ်ဆီးက ဘင် ချီးဝဲလ် က ဘောလုံးဦးသွားလို့ သူကန်သွင်းခဲ့ရင် ဂိုးပေးမှာ မဟုတ်ပါဘူး.။ ပြန်ကန်ခိုင်းမှာပါပဲ..။
ကိတ် အက်ဘ်ဒို - ခဏလေးရှင့်… ဘီးကုတ် စက်ဝိုင်းထဲမှာ ရှိနေတဲ့ ကစားသမားဟာ ‘encroachment’ စည်းမျဉ်းနဲ့ ငြိ၊ မငြိကို ကျွန်မတို့ရဲ့ ဘောလုံးဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် ခရစ်စ်တီနား အမ်ကယ်လ် ဆီကိုလှမ်းပြီး မေးကြည့်ကြရအောင်..
ခရစ်စ်တီနာ အမ်ကယ်လ် - ဟုတ်ကဲ့ပါရှင့်..။ ပထမဆုံးအနေနဲ့ ခုနကပုံ (ပုံ - ၁) မှာဆိုရင် ကိုင် ဟာဗာ့ဇ် ပင်နယ်တီ မကန်ခင်မှာ နှစ်သင်းစလုံးက ကစားသမားတွေ ပင်နယ်တီဧရိယာထဲကို ရောက်နှင့်နေပါပြီ..။ ဒ့ါကြောင့်ဒိုင်လူကြီးအနေနဲ့ ‘encroachment’ စည်းမျဉ်းနဲ့အညီ ပင်နယ်တီကန်ချက်ကို နောက်တစ်ကြိမ် ပြန်ကန်ခိုင်းဖို့ ဆုံးဖြတ်ဖို့ဆိုရင် VAR ပြန်ကြည့်ခိုင်းစရာတောင် မလိုပါဘူး..။
ဒုတိယတစ်ချက်က ဘောလုံးကို ရှင်းထုတ်လိုက်တဲ့ ဆာလစ် အော့ဇ်ကန် ဟာ ပင်နယ်တီကန်မယ့်အချိန် ဘီးကုတ် စက်ဝိုင်းထဲမှာ ရှိနေတဲ့ကိစ္စ..။ ပင်နယ်တီကန်သွင်းတဲ့အချိန် ‘encroachment’ စည်းမျဉ်းနဲ့ ညီ၊ မညီ ဆုံးဖြတ်ရာမှာ ဘီးကုတ်စက်ဝိုင်း ဧရိယာကို ထည့်တွက်ပါတယ်ရှင့်..။ အဲဒီစည်းမျဉ်းထဲမှာ ‘ပင်နယ်တီကန်သွင်းမယ့် အမှတ်အသားနဲ့ (၉.၁) မီတာ (ဒါမှမဟုတ် ၁၀ ကိုက်) ဝန်းကျင် (area or arc line)’ ဆိုပြီး သတ်မှတ်ထားပါတယ်..။ အဲဒီအကွာအဝေး (area or arc line) အတွင်းမှာရှိနေတဲ့ ကစားသမား တစ်ယောက်ယောက်က အဆုံးအဖြတ် ဖြစ်စေနိုင်တဲ့ အနေအထားတစ်ခုခုမှာ ပါဝင်ခဲ့ရင် ပင်နယ်တီပြစ်ဒဏ်ဘောကို နောက်တစ်ခါ ပြန်ကန်ခိုင်းဖို့ VAR ကနေ ဒိုင်လူကြီးကို အကြံပေးနိုင်ပါတယ်..။ ဒါ့ကြောင့်ဒီတစ်ကြိမ်မှာလည်း VAR ရဲ့ အဆုံးအဖြတ်ဟာ မှန်ကန်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ပွဲရဲ့အဖြေအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေမှာ ကွင်းလယ်ဒိုင် ဒယ်နီ မက်ခ်လေး ကို VAR ဒိုင်အဖွဲ့က အကောင်းဆုံး အကူအညီပေးနိုင်ခဲ့တာကို တွေ့ခဲ့ပါတယ်ရှင့်..။
ကိတ် အက်ဘ်ဒို - ဟုတ်ကဲ့ပါရှင့်..။ ပင်နယ်တီ ပြစ်ဒဏ်ရော၊ ‘encroachment’ စည်းမျဉ်းနဲ့ ပတ်သက်တဲ့ အချက်တွေရော ရှင်းလင်းသွားပြီဆိုရင် ကိုင် ဟာဗာ့ဇ် ကပဲ ဒုတိယအကြိမ် ပင်နယ်တီကို ပထမအကြိမ်နဲ့ တစ်ပုံစံထဲ (same technique) ကန်သွင်းသွားခဲ့တယ်နော်..
ဂျေမီ ကာရေဂါ - အဲဒီနေရာမှာ စိတ်ဓါတ်ပိုင်း ခိုင်မာမှုနဲ့ သွေးအေးပြီး တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်နိုင်မှုတွေက အရေးကြီးပါတယ်..။ ကျွန်တော်လည်း ၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (အင်္ဂလန် vs ပေါ်တူဂီ၊ ကွာတားဖိုင်နယ်ပွဲစဉ်) ပင်နယ်တီကို နှစ်ခါပြန်ပြီး ကန်ခဲ့ရဖူးပါတယ်..။ ပထမအကြိမ် ကျွန်တော်ကန်သွင်းခဲ့တာ ဂိုးဝင်ခဲ့ပါတယ်..။ ဒါပေမယ့် ခရာမမှုတ်ခင် ကန်သွင်းမိလို့ဆိုပြီး ကွင်းလယ်ဒိုင်က ပြန်ကန်ခိုင်းပါတယ်..။ ဒုတိယအကြိမ် ကန်သွင်းရာမှာ ပေါ်တူဂီဂိုးသမား ရီကာဒို ကာကွယ်သွားခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလို အနေအထားမှာ စိတ်ဓါတ်ပိုင်း ခိုင်မာပြီး သွေးအေးမှုရှိဖို့က အရေးကြီးတယ်လို့ ကျွန်တော်ပြောတာပါ..။ ကျွန်တော်ဒုတိယအကြိမ် ကန်သွင်းရာမှာ ဂိုးသမားက ကျွန်တော်ဘာလုပ်မယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့တာကြောင့် ကန်ချက်ကို ကာကွယ်သွားနိုင်ခဲ့တာပါ..။
မီကာ ရစ်ချက် - ဒုတိယအကြိမ်မှာ ပထမအကြိမ်အတိုင်း တစ်ပုံစံထဲ ကန်ခဲ့တာလား..?
ဂျေမီ ကာရေဂါ - မဟုတ်ပါဘူး..။ ပထမအကြိမ်မှာ ဂိုးသမားရဲ့ ဘယ်ဘက်ကို ကန်သွင်းခဲ့ပေမယ့် ဒုတိယအကြိမ်မှာ ကျွန်တော်ဟာ သူ့ရဲ့ညာဘက်ကို ကန်သွင်းခဲ့ပါတယ်..။
မီကာ ရစ်ချက် - why? ဘာဖြစ်လို့ တခြားဘက်ကိုပြောင်းပြီး ကန်လိုက်တာလဲဗျ..?
ဂျေမီ ကာရေဂါ - ဒ့ါကြောင့်ကျွန်တော်ပြောတယ်လေ… သူကကျွန်တော်ဘက်ပြောင်းပြီး ကန်လိမ့်မယ်ဆိုတာ သိနေခဲ့တယ်လို့ ပြောခဲ့တယ်လေ… ဟားဟား..။ ပထမအကြိမ်မှာ ကျွန်တော်က သူ့ရဲ့ဘယ်ဘက်ကိုကန်တယ်..၊ သူက ညာဘက်ကို ဒိုက်ထိုးချလိုက်ပါတယ်..။ ဒုတိယအကြိမ်ကျတော့ ကျွန်တော်က သူ့ရဲ့ညာဘက်ကိုကန်တယ်..၊ သူကလည်း ပထမအကြိမ်တုန်းကအတိုင်း ညာဘက်ကိုပဲ ဒိုက်ထိုးခဲ့တာ..။ အဲဒီမှာ ကွက်တိပဲလေ..။ ဒ့ါကြောင့် ပင်နယ်တီကို နှစ်ခါပြန်ကန်သွင်းရတယ်ဆိုရင် ဘက်လောက်တောင်ခက်လဲဆိုတာ ပြောပြတာပါ..။ စိတ်ဓါတ်ပိုင်း မာကျောမှုရှိဖို့ အရမ်းအရေးကြီးပါတယ်..။ သီယာရီ ရေ.. ခင်ဗျားရဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက်ကို ပြောပြပါဦး..
သီယာရီ အွန်နရီ - ကျွန်တော်လည်း ပင်နယ်တီတွေကို ပြန်ကန်ခဲ့ရဖူးပါတယ်..။ တခါတလေမှာ ဒုတိယအကြိမ်ကို ပထမအကြိမ်အတိုင်း တစ်ပုံစံထဲကန်တယ်..၊ တခါတလေကျ ပုံစံပြောင်းပြီးကန်ပါတယ်..။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကိုင် ဟာဗာ့ဇ် ရဲ့ ပင်နယ်တီနဲ့ ပတ်သက်ရင် တခြားအချက်တွေကိုလည်း ထည့်ပြီးစဉ်းစားရပါမယ်..။ သူတို့အသင်းရဲ့ အခက်အခဲအပြင် သူကိုယ်တိုင်ကလည်း ဂိုးပေါက်ပျောက်နေတာ အတော်ကြာနေပါပြီ..။ အဲဒီလိုဖိအားတွေ ကြားထဲမှာ ပထမတစ်ကြိမ်ကန်တယ်..၊ လွဲတယ်..၊ ဒါ့ကြောင့်ဒုတိယအကြိမ် ကန်သွင်းရတဲ့ အဲဒီကန်ချက်ဟာ ဖိအားတွေ အရမ်းကြီးနေပါတယ်..။ အဲဒီလိုအရမ်းကို အရေးကြီးနေတဲ့ ပင်နယ်တီကန်ချက်ကို ပထမအကြိမ်နဲ့ တစ်ပုံစံထဲ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်..။
ကျွန်တော်က ဒုတိယအကြိမ်မှာ အမှားအယွင်းနည်းရအောင် အလယ်တည့်တည့်.. အပေါ်ဘက်ကို အပြင်းကန်သွင်းလိမ့်မယ်လို့ ထင်မိခဲ့တာပါ..။ ဒါပေမယ့် သူကတော့ ပထမအကြိမ်နဲ့ တစ်ပုံစံထဲ ကန်သွင်းခဲ့ပြီး ဒုတိယကန်ချက်က ပိုပြီးသပ်ရပ်ပါတယ်..။
ကိုင် ဟာဗာ့ဇ် ရဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုရင် သူဟာ ဘောလုံးအထိန်းအသိမ်း အရမ်းကောင်းပါတယ်.။ သူ့ရဲ့ကစားဟန်ကိုကြည့်ရင်း ကျွန်တော်ဟာ ရော်ဘင် ဗန်ပါစီ ကို ပြန်ပြီးသတိရမိပါတယ်..။ ရော်ဘင် ဆိုရင် ဘယ်ခြေနဲ့ ဘောလုံးကိုထိန်းထာ (first touch) အရမ်းကို ထူးချွန်ပါတယ်..။ အထူးသဖြင့် ဘောလုံးကိုထိန်းရင်း နောက်ခံလူကို တခါထဲလှည့်ထွက်သွားတာ အရမ်းကိုကောင်းပါတယ်..။
ဒ့ါကြောင့်သူတို့လို ကစားသမားတွေကို တောင်ပံကစားသမား (winger) ဒါမှမဟုတ် ‘No.10’ နေရာမှာ ကစားခိုင်းတာ များပါတယ်..။ ဒါပေမယ့် ကိုင် ဟာဗ့ဇ် ဟာ ‘အထောင်တိုက်စစ်မှူး ဒါမှမဟုတ် ‘No.9’ နေရာ ကစားရတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ သူကလည်း ဗန်ပါစီ လို ဂိုးပေါက်ကိုကျောပေးပြီး ဘောလုံးကို ထိန်းထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ကိုင် ဟာဗာ့ဇ် အနေနဲ့ အခုထက်ပိုပြီး ဂိုးသွင်းသေချာတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကိုပဲ သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်..။
ဂျေမီ ကာရေဂါ - ဟာဗာ့ဇ် အကြောင်း ပြောရမယ်ဆိုရင် နည်းနည်းတော့ ထူးဆန်းတယ်ဗျ..။ ချယ်လ်ဆီးအသင်းက တိုက်စစ်ကစားသမား အများအပြားဟာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေကြပါတယ်..။ ဟာကင် ဇီးယက်ခ်ျ၊ ခရစ်စ်တီယန် ပူလီဆစ်၊ ရာဟင်း စတာလင်း.. သူတို့တွေဟာ အကောင်းဆုံးခြေစွမ်း ရရှိနိုင်ဖို့ အများကြီးလိုအပ်နေကြပါတယ်..။ ဟာဗာ့ဇ် ကျတော့ သူတို့တွေထက်တော့ ပိုပြီးသာတယ်ဗျ..။ ဒါပေမယ့် သူဟာချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ဖို့ လုံလောက်ပြီလား..?
သူဟာ အဲဒီလိုအသင်းရဲ့ အဓိက တိုက်စစ်မှူး မကျတကျ.. အနေအထားမှာ ရှိနေတဲ့အတွက် အမြဲတမ်းလိုလို ကစားခွင့်ရနေတာ ဖြစ်ပါတယ်..။ အရင်မန်နေဂျာ သောမတ်စ် တူခယ်လ် လက်ထက်တုန်းကလည်း ကစားခွင့်ရခဲ့သလို နည်းပြဂရေဟမ် ပေါ်တာ လက်ထက်မှာလည်း ပုံမှန်နေရာ ရရှိနေတုန်းပါပဲ..။ ဒါပေမယ့် သူဟာချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်မယ့် တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါ့မလား..?
တခြားအသင်းက ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် သူ့ဆီမှာ လိုအပ်ချက်တွေ ရှိနေပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်ကစပြီး ကြည့်မယ်ဆိုရင်တော့ အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ပေးခဲ့မှုတွေဟာ အဆင်ပြေပါတယ်..။
ကိတ် အက်ဘ်ဒို - ဟုတ်ကဲ့ပါရှင့်..။ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပုံစံကောင်းတွေ ရရှိနေတဲ့ ဒေါ့မွန်အသင်းကို အနိုင်ရရှိပြီး အခြားပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ဘင်ဖီကာ အသင်းနဲ့အတူ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ..။ အချိန်လည်းလင့်နေပြီ ဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ဆွေးနွေးချက်တွေကို ဒီမှာပဲအဆုံးသတ်ရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြရအောင်လားရှင့်..