ချယ်လ်ဆီးအသင်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးခဲ့သော ၂၀၂၁/၂၂ ဘောလုံးရာသီ၏ ဘဏ္ဍာရေး အရှုံးအမြတ် အခြေအနေကို ထုတ်ပြန်ကြေငြာခဲ့သည်…။
အဆိုပါ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ဗြိတိသျှအစိုးရက ချမှတ်ခဲ့သည့် တားမြစ်ပိတ်ပင်မှုများကြောင့် ထိခိုက်မှုများကို ခံစားခဲ့ရသည်..။ ဗြိတိသျှအစိုးရက သတ်မှတ်ပြဌာန်းခဲ့သည့် အထူးလိုင်စင်ဖြင့် တားမြစ်ပိတ်ပင်မှုများအား ၂၀၂၂ ခုနှစ်၊ မေလ (၃၀) ရက်နေ့ထိ သတ်မှတ်ခဲ့ပြီး အဆိုပါပိတ်ပင်မှုများထဲတွင် ကွင်းဝင်ကြေးများ၊ တစ်ရာသီစာ လက်မှတ်များရောင်းချခွင့်၊ အသင်းပိုင် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်၊ ကစားသမားများအား ရောင်းချခြင်း၊ ခေါ်ယူခြင်း၊ သက်တမ်းတိုးခြင်းနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် စာချုပ်များ ချုပ်ဆိုခြင်းများကိုပါ ကန့်သတ်ခဲ့ပါသည်…။
အဆိုပါတားမြစ်ပိတ်ပင်မှုများကြောင့် ထိခိုက်နစ်နာမှုများကို လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ဆက်လက်ကြုံတွေ့နိုင်ဖွယ်ရှိပါသည်..။ ပိတ်ပင်တားဆီးမှုများ ကုန်ဆုံးခါနီးကာလတွင် လက်မှတ်ရောင်းချခွင့်အချို့ကို ပြန်လည်ခွင့်ပြုခဲ့ပြီး ရောင်းရငွေများအား လူမှုရေးလုပ်ငန်းများတွင် လှူဒါန်းနိုင်ရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဆောင်ရွက်ပေးခဲ့ပါသည်..။ အသင်းအား ပိုင်ရှင်သစ်များထဲသို့ အပြီးသတ် ရောင်းချပြီးချိန်တွင် တားမြစ်ပိတ်ပင်မှုများအား ရုပ်သိမ်းပေးခဲ့ပြီး အသင်းပိုင်ရှင်သစ်များက အသင်း၏ ပုံမှန်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့် ရရှိခဲ့သည်..။
ထိုသို့တားမြစ်ပိတ်ပင်မှုများကြားမှ အသင်းမှာ ဝင်ငွေစုစုပေါင်း စတာလင်ပေါင် (၄၈၁) သန်း တိုးတက်ရရှိခဲ့ပြီး (၂၀၂၀/၂၁ ဘောလုံးရာသီတွင် ဝင်ငွေစုစုပေါင်း စတာလင်ပေါင် (၄၃၉) သန်း ရရှိခဲ့သည်..) အဆိုပါဝင်ငွေအများစုကို ကွင်းဝင်ကြေးများနှင့် အသင်းပရိသတ်များနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများမှ ရရှိခဲ့ခြင်းဖြစ်သည်..။
ရုပ်သံထုတ်လွှင့်ကြေး ရရှိမှုမှာ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲမှ လျော့ကျရရှိမှုနှင့် ယခင်နှစ်များ၏ သက်ရောက်မှုများဖြစ်သော ကိုဗစ်ကပ်ရောဂါ ကာလများကြောင့် ယခင်နှစ်များထက် နည်းပါးခဲ့သည်..။ အသင်းပိုင် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေစုစုပေါင်း စတာလင်ပေါင် (၁၇၇) သန်း ရရှိခဲ့ပြီး အဆိုပါဝင်ငွေအရပ်ရပ်မှာ စပွန်ဆာစာချုပ်သစ်များမှ တိုးမြှင့်ရရှိလာခြင်းကြောင့်ဖြစ်ပါသည်..။
အသင်းမှာ ဝင်ငွေတိုးတက်ရရှိလာခဲ့သော်လည်း အသင်း၏နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် အထွေထွေကုန်ကျစားရိတ်များ ပိုမိုကုန်ကျခဲ့ပြီး အဆိုပါကုန်ကျစားရိတ်များထဲတွင် ကစားသမားများ၏ စာချုပ်ပါအတိုင်း နှစ်စဥ်ပေးချေရမှုများ၊ ပုံမှန်မဟုတ်သည့် အခြားအသုံးစားရိတ်များအတွက် ကုန်ကျစားရိတ် စတာလင်ပေါင် (၂၆) သန်း အပါအဝင် အသင်းမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွင်း စုစုပေါင်း စတာလင်ပေါင် (၁၂၁.၃) သန်း အရှုံးပြခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွင်း ကစားသမားများ စာချုပ်သက်တမ်းတိုးခြင်း အပါအဝင် ကစားသမားများ ဝယ်ယူခြင်းအတွက် စတာလင်ပေါင် (၁၁၈) သန်း ရင်းနှီးမြုပ်နှံခဲ့သည်..။ သို့သော် တန်မီ အေဘရာဟမ်၊ မာ့ခ် ဂူဟီ၊ ဖီကာရို တိုမိုရီ နှင့် ကတ် ဇူးမား တို့အား ရောင်းချခြင်းများအပါအဝင် ကစားသမားများ ရောင်းချခြင်းမှ စတာလင်ပေါင် (၁၂၃.၁) သန်း ပြန်လည်ရရှိခဲ့ပါသည်..။
ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွင်း ကန့်သတ်တားမြစ်ပိတ်ပင်မှုများ၊ အထွေထွေကုန်ကျစားရိတ် မြင့်မားမှုများ.. စသည့်အခက်အခဲများကြောင့် အရှုံးပေါ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်တို့၏ ဘဏ္ဍာရေးစည်းမျဥ်း သတ်မှတ်ချက်များအတိုင်း လိုက်နာနိုင်နေဆဲ ဖြစ်ပါသည်..။