feature-image

‘ပိုချက်တီနို’ ရဲ့ နည်းပြအဖွဲ့ဝင်များ မိတ်ဆက်….

ချယ်လ်ဆီးအသင်းဟာ ‘မော်ရစ်စစီယို ပိုချက်တီနို’ ကို အသင်းရဲ့လာမယ့်ဘောလုံးရာသီအတွက် နည်းပြအဖြစ် တနင်္လာနေ့က တရားဝင်ကြေငြာခဲ့ပါတယ်..။ ဒါ့ကြောင့်အာဂျင်တီးနား နည်းပြဟာ တော့ဒ် ဘိုလေးနဲ့ ဘီဒက် အက်ဂ်ဘာလေ တို့ အသင်းပိုင်ရှင်တွေရဲ့ တစ်နှစ်တာ ကာလအတွင်း အပြာရောင်တွေနဲ့ ရေစက်ဆုံခွင့်ရတဲ့ စတုတ္ထမြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်..။

သူအနေနဲ့ လာမယ့်နွေရာသီကာလအတွင်းမှာ ကစားသမားတွေ ဖောင်းပွနေတဲ့ ချယ်လ်ဆီးအသင်းကို ကျစ်လျစ်အောင် ဖွဲ့စည်းရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေ အများကြီး မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်ရဦးမှာပါ..။ အဲဒီလုပ်ငန်းတွေကို အောင်မြင်စေဖို့ အာဂျင်တီးနားနည်းပြဟာ နှစ်ပေါင်းများစွာကတည်းက လက်တွဲလာခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါလိမ့်မယ်..။

ဒါ့ကြောင့်အသက် (၅၁) နှစ်အရွယ် နည်းပြကြီးနဲ့အတူ လက်တွဲပြီး ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ ထိပ်တန်းအသင်းတွေကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြမယ့် နည်းပြအဖွဲ့ဝင်တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်..။



ဂျီးဆက်စ် ပီရက်ဇ် (Assistant Manager)

မော်ရစ်စ်စီယို ပိုချက်တီနို ကတော့ ဂျီးဆက်စ် ပီရက်ဇ် ကို သူ့ရဲ့ ’ပုံတူ၊ ကိုယ်ပွား’ တစ်ယောက်အဖြစ် အမြဲတမ်း ရည်ညွှန်းလေ့ ရှိပါတယ်..။ ဒါ့ကြောင့်စပိန်လူမျိုးနည်းပြဟာ သူ့ရဲ့ဇနီးဖြစ်သူ ကာရီနာ နဲ့အတူ ပိုချက်တီနို အတွက် အယုံကြည်ရဆုံး၊ အားအကိုးရဆုံး ညာလက်ရုံး ဖြစ်ပါတယ်..။ ပိုချက်တီနို ကလည်း သူ့ရဲ့ဇနီးသည် ကာရီနာ နဲ့ ဂျီးဆက်စ် တို့နှစ်ယောက်ဟာ ‘သူ့ရဲ့ဘဝ နေ့စဥ်ကိစ္စရပ်တွေကို စီစဥ်နေပါတယ်..’ လို့ ပြောခဲ့ပါတယ်…။

၂၀၁၃ ခုနှစ်တုန်းက ဆောက်ပ်သမ်တန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ဆုံးဖြတ်ချက်မှာလည်း သူတို့နှစ်ယောက်ရဲ့ တွန်းအား၊ အားပေးမှုဟာ အဓိကကျခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ပိုချက်တီနို ဟာ အင်္ဂလိပ်စကားမပြောတတ်တာကြောင့် ပရီးမီးယားလိဂ်မှာ ခြေချဖို့ တွန့်ဆုတ်ခဲ့ပါတယ်..။

စပိန်းနည်းပြဟာ အက်စ်ပန်ညိုအသင်းကို လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနည်းပြတစ်ယောက်အဖြစ် ၂၀၁၀ ခုနှစ်မှာ ရောက်လာခဲ့ပါတယ်..။ ဒါပေမယ့် ပီရက်ဇ် ဟာ အဲဒီအချိန်တုန်းက ပွဲတစ်ပွဲရဲ့ နည်းစနစ်ပိုင်း သုံးသပ်မှုတွေ ပြုလုပ်တဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲလ်ကို အသုံးပြုတတ်တဲ့ တစ်ယောက်ထဲသောပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပိုချက်တီနို နဲ့ လုပ်ငန်းသဘောအရ နီးစပ်လာခဲ့ရာကနေ အားအကိုးရဆုံး ညာလက်ရုံးအဖြစ် တဖြည်းဖြည်းနဲ့  ရောက်ရှိသွားခဲ့ပါတယ်..။



အထူးသဖြင့် ပီရက်ဇ် ဟာ သူ့ရဲ့ပြင်းထန်တဲ့ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကြောင့် လူသိများပါတယ်..။ မော်ရစ်စ်စီယို ပိုချက်တီနို ရဲ့ ဆောက်ပ်သမ်တန်နဲ့ တော့တင်ဟမ်အသင်းတွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်အားနှုန်း အကောင်းဆုံးနဲ့ ကြံ့ခိုင်မှုအကောင်းဆုံး အသင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်…။ ဂျီးဆက်စ် ပီရက်ဇ် ရဲ့ တစ်ဦးချင်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဥ်တွေအောက်မှာ လုခ် ရှော နဲ့ ဟာရီ ကိန်း တို့ရဲ့ ကြံ့ခိုင်မှုအပိုင်းတွေ တိုးတက်မှု ရရှိလာခဲ့တာ အထင်ရှားဆုံး သာဓကတွေပါပဲ…။

သူဟာမော်ရစ်စ်စီယို ပိုချက်တီနို နဲ့အတူ အက်စ်ပါညို၊ ဆောက်ပ်သမ်တန်၊ တော့တင်ဟမ် နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာ ထပ်ချပ်မကွာ လိုက်ပါခဲ့ပြီး အခုတစ်ကြိမ်မှာလည်း အာဂျင်တီးနား နည်းပြနဲ့အတူ လန်ဒန်မြို့ကို နောက်ထပ်တစ်ကြိမ် ခြေချဦးမှာပါ..။ သူဟာအင်္ဂလိပ်စကားပြော ကျွမ်းကျင်တဲ့သူလည်း ဖြစ်တာကြောင့် မော်ရစ်စ်စီယို ပိုချက်တီနို ရဲ့ သတင်းစာရှင်းလင်းပွဲတွေကို နည်းပြနဲ့အတူ တက်ရောက်ပြီး အဖြေကျပ်တဲ့ မေးခွန်းတွေကို အကူအညီပေးလေ့ ရှိပါတယ်..။

ဒါ့အပြင် COVID-19 ရောဂါကြောင့် နည်းပြပိုချက်တီနို အသင်းကို လာရောက်ခွင့်မရခဲ့တဲ့ ၂၀၂၁ ခုနှစ်အစောပိုင်းကာလတွေမှာ နည်းပြပီရက်ဇ် ဟာ ပီအက်စ်ဂျီအသင်းရဲ့ပွဲစဥ်တစ်ချို့ကို ကိုင်တွယ်ခဲ့ရပါသေးတယ်..။



မင်ဂွယ် ဒီ အာဂိုစတီနို (First team Coach)

‘မီကီ’ လို့ နာမည်ပြောင်ပေးခံရတဲ့ မင်ဂွယ် ဒီ အာဂိုစတီနို နဲ့ ပိုချက်တီနို တို့ဟာ ၁၉၉၀ ခုနှစ်လွန်ကာလတွေကတည်းက အာဂျင်တီးနားနိုင်ငံ၊ နီဝဲလ် အိုဘွိုင်း အသင်းမှာ အသင်းဖော်တွေအဖြစ် စတင်ဆုံစည်းခဲ့ကြပါတယ်..။ သူတို့နှစ်ယောက်ဟာ နည်းပြ မာဆယ်လို ဘီယယ်လ်ဆာ ရဲ့ အသင်းမှာ အဓိက ဗဟိုနောက်ခံလူ ခံစစ်အတွဲအဖြစ် တာဝန်ယူခဲ့ကြပါတယ်..။

ဒီ အာဂိုစတီနို ဟာ နောက်ပိုင်းမှာ ချီလီ၊ အီကွေဒေါ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံက အသင်းတွေမှာ ကျင်လည်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်..။ နည်းပြဘဝကို လျှောက်လှမ်းချိန်မှာ ပြင်သစ်နိုင်ငံက Canet-en-Rousillon အသင်း၊ ဘရက်စ် နဲ့ ယူအေအီးနိုင်ငံက ဒူဘိုင်း CSC အသင်းတွေကို ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပိုချက်တီနို ရဲ့ အက်စ်ပါညို အသင်းကို ကင်းထောက် (scout) တစ်ယောက်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်..။

အဲဒီနောက်ပိုင်းမှာတော့ သူဟာနည်းပြအဖွဲ့ဝင် တစ်ယောက်အဖြစ် အာဂျင်တီးနား နည်းပြရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို ဗွီဒီယိုမှတ်တမ်းရယူပြီး သုံးသပ်ချက်တွေ ပြုလုပ်ပေးတဲ့ တာဝန်ယူရပါတယ်..။



တိုနီ ဂျီမီးနက်ဇ် (Goalkeeping Coach)

ဂိုးနည်းပြတစ်ဦးဖြစ်တဲ့ တိုနီ ဂျီမီးနက်ဇ် ရဲ့ ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုဟာ စပိန်အိုလံပစ် လက်ရွေးစင်အသင်းနဲ့ ၁၉၉၂ ခုနှစ်၊ ဘာစီလိုနာ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူဟာ စပိန်အမှတ်ပေးပြိုင်ပွဲ (ယခုလာလီဂါပြိုင်ပွဲ) တွေမှာ ပါဝင်ကစားရခွင့် မရသေးပါဘူး…။ ဂိုးသမား ဂျီမီးနက်ဇ် ဟာ နောင်တစ်ချိန်မှာ ကမ္ဘာကျော် ဂိုးသမား တစ်ဦးဖြစ်လာမည့် ဆန်တီယာဂို ကာနီဇားရက်ဇ် ကိုကျော်လွန်ပြီး စပိန်အသင်း၏ ပထမပွဲထွက် ဂိုးသမားအဖြစ် နေရာရခဲ့ပါတယ်..။

အဲဒီအိုလံပစ်ချန်ပီယံ ရွှေတံဆိပ်ဆုရ စပိန်အိုလံပစ် မှာ နာမည်ကျော်နည်းပြတွေ ဖြစ်နေကြတဲ့ လူးဝစ်စ် အင်းနရစ်ခ် နဲ့ ပက်ပ် ဂွာဒီယိုးလား တို့လည်း ပါဝင်ခဲ့ပါတယ်..။ ဂိုးသမား ဂျီမီးနက်ဇ် ဟာ နောက်ပိုင်းမှာ ရာယို ဗလာကာနို၊ အက်တလက်တီကို မက်ဒရစ် နဲ့ အက်စ်ပါညိုအသင်းတွေမှာ ကျင်လည်ခဲ့ပြီး စပိန်လက်ရွေးစင် အသင်းကြီးအတွက် သုံးပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်..။

အဲဒီနောက် အက်စ်ပါညိုအသင်းကို ဒုတိယအကြိမ် ရောက်ရှိချိန်မှာ မော်ရစ်စ်စီယို ပိုချက်တီနို နဲ့ အသင်းဖော်တစ်ဦးအဖြစ် ဆုံစည်းခဲ့ပါတယ်..။ သူဟာ ၂၀၀၄ ခုနှစ်မှာ ကစားသမားဘဝမှ အနားယူခဲ့ပြီး အစောပိုင်းမှာ အက်စ်ပါညိုအသင်း ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်..။ နောက်ပိုင်းမှာ နည်းပြမော်ရစ်စ်စီယို ပိုချက်တီနို ရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သလို နည်းပြလိုင်စင်ကိုလည်း အတူတကွ ရယူခဲ့ပါတယ်..။



တော့တင်ဟမ်အသင်းခေါင်းဆောင်နဲ့ ပြင်သစ်လက်ရွေးစင်အသင်း ဂိုးသမားဟောင်း ဟူဂို လိုရစ် ကတော့ ဂျီမီးနက်ဇ် နဲ့ ပိုချက်တီနို တို့ဟာ သူ့ရဲ့ကစားပုံနဲ့ နည်းစနစ်ပိုင်းမှာ ပိုမိုတိုးတက်လာအောင် ဘယ်လိုပုံစံနဲ့ ကူညီပေးခဲ့လဲ.. ဆိုတဲ့အကြောင်းကို အခုလိုပြောပြပါတယ်..။

“တိုနီ နဲ့ မော်ရစ်စ်စီယို တို့နဲ့ စတင်ဆုံစည်းခဲ့ချိန်မှာ ကျွန်တော်ဟာ gym လေ့ကျင့်ခန်းတွေ များများပြုလုပ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ် ပိုမိုတောင့်တင်း၊ ကြံ့ခိုင်လာအောင် လေ့ကျင့်ခဲ့ရပါတယ်..။ တစ်ဘက်ကလည်း နည်းစနစ်ပိုင်း လေကျင့်ခန်းတွေလည်း ပါတာပေါ့..။ ကျွန်တော်ဟာ တိုနီ နဲ့ပိုပြီး အနီးကပ်နေရသလို သူက ဗွီဒီယိုသုံးသပ်မှုတွေ အများကြီးပြသပေးပါတယ်..။ သူတို့ဟာ အဲဒီဗွီဒီယို သင်ခန်းစာတွေကနေ ဘယ်လိုပုံစံ လိုချင်တဲ့အကြောင်း အသေးစိတ် ပြောပြပါတယ်..။

အစောပိုင်းမှာတော့ သူတို့တွေရဲ့ လေ့ကျင့်ခန်း၊ နည်းစနစ်တွေဟာ အလုပ်မှဖြစ်ပါ့မလား..? ဆိုပြီး သံသယရှိခဲ့ပါတယ်..။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လေ့ကျင့်ခန်းတွေမှာ အဆင်ပြေလာခဲ့ပြီး ပွဲကစားရာမှာပါ လက်တွေ့အကျိုးရှိလာတဲ့အခါ ‘okay.. သူတို့တွေပြောတာ ဟုတ်ပါလိမ့်မယ်..’ ဆိုပြီး တွေးမိလာခဲ့ပါတယ်..။”



ဆီဘက်စ်တီယန် ပိုချက်တီနို (sport scientist and fitness coach)

မော်ရစ်စ်စီယို ပိုချက်တီနို ရဲ့ သားအကြီးဖြစ်သူ ဆီဘက်စ်တီယန် ကတော့ သူ့ရဲ့နည်းပြအဖွဲ့မှာ လူသစ်တစ်ယောက်အနေနဲ့ ပါဝင်လာပါတယ်..။ သူဟာတော့တင်ဟမ် အသင်းရဲ့ အားကစားသိပ္ပံဆိုင်ရာ လက်ထောက်တစ်ဦးအဖြစ် ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်..။ အဲဒီကနေ ပိုချက်တီနို ရဲ့ နည်းပြအဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်ခွင့် ရလာခဲ့တာပါ..။ အဲဒီအချိန်က ဆီဘက်စ်တီယန် ဟာ အသက် (၂၂) နှစ်သာ ရှိသေးတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး အားကစားဆိုင်ရာ သိပ္ပံပညာရှင် (sport scientist) တစ်ယောက် ဖြစ်လာခဲ့ပါတယ်…။

ပီအက်စ်ဂျီအသင်းမှာလည်း အဲဒီရာထူးအတိုင်း ဆက်လက်ထမ်းဆောင်ခဲ့သလို ချယ်လ်ဆီးအသင်းကိုလည်း ဖခင်ဖြစ်သူနဲ့အတူ လိုက်ပါခဲ့ပါတယ်..။ ဆီဘက်စ်တီယန် ဟာ ဆောက်ပ်သမ်တန်မှာရှိတဲ့ Solent တက္ကသိုလ်ကနေ ‘လက်တွေ့အသုံးချ အားကစားသိပ္ပံ ဘာသာရပ် (Applied Sports Science)’ ကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာကြောင့်လည်း တော့တင်ဟမ် အသင်းက သူ့ကိုနည်းပြအဖွဲ့မှာ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်..။

အဲဒီနောက်ပိုင်း ပဲရစ်စ်မြို့ကိုရောက်ချိန်မှာ အားကစားသိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်တစ်ခုနဲ့ Paris-Saclay တက္ကသိုလ်ကနေ မာစတာဘွဲ့ ရယူနိုင်ခဲ့ပါတယ်…။ အင်္ဂလိပ်၊ ပြင်သစ်နဲ့ စပိန်ဘာသာစကားတွေမှာ ထူးချွန်တဲ့ ဆီဘက်စ်တီယန် ဟာ ကစားသမားတွေ မကြာခဏ ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်ခြင်းနဲ့ တစ်ဦးချင်း ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ စီစဥ်ရာမှာ ထူးချွန်တယ်လို့ သိထားပါတယ်..။

မော်ရစ်စ်စီယို ပိုချက်တီနို ကတော့ ဆီဘက်စ်တီယန် ကို သူ့ရဲ့သားဖြစ်နေတာကြောင့် နည်းပြအဖွဲ့ထဲကို မျက်နှာသာပေးပြီး ထည့်သွင်းခဲ့တာ (nepotism) မဟုတ်ပဲ ကစားသမားတွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိလို့သာ နည်းပြအဖွဲ့ထဲ ပါဝင်ခွင့်ရခဲ့တာ ဖြစ်တဲ့အကြောင်း၊ သူဟာနောင်တစ်ချိန်မှာ တခြားနည်းပြ တစ်ယောက်ယောက်နဲ့ လက်တွဲသွားဖို့လည်း ဖြစ်နိုင်တဲ့အကြောင်း ၂၀၁၇ ခုနှစ်တုန်းက ပြောကြားခဲ့ဖူးပါတယ်..။

(The Daily Mail မှ ဆောင်းပါးရှင် Sami Mokbel ၏ ‘The hard work starts NOW for Mauricio Pochettino as he tries to keep Mason Mount, seeks talks with Romelu Lukaku and targets three new signings… but was he even Chelsea’s first-choice after they flirted with Julian Nagelsmann?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)