feature-image

‘မော်ရစ်စ်စီယို ပိုချက်တီနို’ နဲ့ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်အပေါ် ချိန်ဆ၊ ခန့်မှန်းကြည့်ခြင်း….

ယခုခေတ်သစ်ဘောလုံးလောကတွင် အားကစားဒါရိုက်တာများနှင့် အသင်းဘုတ်အဖွဲ့တို့၏ အစီအမံတို့မှာ အသင်း၏အနိမ့်အမြင့်၊ အတက်အကျပေါ်တွင် လွှမ်းမိုးမှုပိုမိုများပြားလာခဲ့သည်..။ သို့သော်လည်း မည်သည့်အသင်းမှာမဆို မန်နေဂျာအသစ် ရောက်လာတိုင်း မျှော်လင့်ချက်အသစ် ရောင်နီများ ပေါ်ထွန်းလာစမြဲဖြစ်သည်..။ ထို့ကြောင့် မော်ရစ်စ်စီယို ပိုချက်တီနို မှာ ချယ်လ်ဆီးအသင်းကို ခပ်ကြမ်းကြမ်းဖြင့် အစွမ်းကုန် မောင်းနှင်မည့်သူ ဖြစ်သလို လူငယ်ကစားသမားများအတွက် အသင့်တော်ဆုံးနည်းပြ ဖြစ်နိုင်မည်..၊ အသင်းတွင်မပျော်ရွှင်သည့် ကစားသမားများနှင့် ပြည့်နှက်နေသည့် ချယ်လ်ဆီးအသင်းကို ယုံကြည်ချက်အသစ်များဖြင့် ပြန်လည်မွေးဖွားပေးမည့်သူအဖြစ် မျှော်လင့်ချက်တွေ ကြီးမားနေပြီး တော့ဒ် ဘိုလေး တို့၏ အပြာရောင် တော်လှန်ရေးသစ်ကို အသက်ဆက်ပေးနိုင်မည့်သူအဖြစ် ရှုမြင်နေခဲ့ကြပါသည်..။

သို့သော်တခြားတစ်ဖက်ကလည်း အသက် (၅၁) နှစ်အရွယ် အာဂျင်တီးနားနည်းပြမှာ နာမည်ကျော်ကြယ်ပွင့် ကစားသမားများနှင့် ပြည့်နှက်နေသည့် ပီအက်စ်ဂျီအသင်း အဝတ်လဲခန်းကို နိုင်နင်းအောင် ကိုင်တွယ်နိုင်စွမ်း မရှိခဲ့သလို စူပါစတား ကစားသမားများကို သူလိုချင်သည့် ကစားနည်းစနစ်အတိုင်း လိုက်ပါနိုင်အောင် စွမ်းဆောင်နိုင်စွမ်းမရှိခဲ့သည့် ပဲရစ်စ်မြို့က အမှောင်နေ့ရက်များကို ထောက်ပြခဲ့ကြပါသည်..။

ဝေဖန်သူတစ်ချို့ကတော့ အသင်းပိုင်ရှင်များ၊ အားကစား ဒါရိုက်တာများ၊ ဘုတ်အဖွဲ့ဝင်များကြားမှ ခက်ခဲသည့်ဆက်ဆံရေးအခြေအနေများကို အကောင်းဆုံး ကိုင်တွယ်နိုင်သူဖြစ်ပြီး သူ့ကိုပေးအပ်လာသည့် ကစားသမားများကို အသင်းနှင့်အသင့်တော်ဆုံးဖြစ်မည့် နည်းစနစ်ပုံစံထဲတွင် အံဝင်အောင် ပုံဖော်နိုင်သူအဖြစ် ရှုမြင်ခဲ့ကြပြီး တခြားတစ်ဘက် လေ့လာသူတွေကတော့ ပိုချက်တီနို မှာ ဂရေဟမ် ပေါ်တာ ကဲ့သို့ ဆုဖလား၊ အောင်မြင်မှုများကို အလေးဂရုမပြုပဲ ‘စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန်အတိုင်း’ လျှောက်လှမ်းဖို့ရန်သာ စိတ်အားထက်သန့်သည့် Project manager တစ်ယောက်အဖြစ် ကင်ပွန်းတပ်ကြသည်..။

ထို့ကြောင့်မော်ရစ်စ်စီယို ပိုချက်တီနို နှင့် ခရီးဆက်မည့် ချယ်လ်ဆီးအသင်း၏ အနာဂတ်မှာ မည်သို့၊ မည်ပုံ အဓိပ္ပါယ်ဆောင်မည်နည်း..? နည်းပြသစ်အဖြစ် သူ့ကိုခန့်အပ်ခြင်း၏ အကောင်းနှင့်အဆိုး၊ အကြောင်းအကျိုး.. အချက်အလက်များကို ချိန်ထိုးကြည့်ကြပါမည်…။


လူငယ်ကစားသမားများအား ပြုစု၊ ပျိုးထောင်၊ မြေတောင်မြှောက်ပေးနိုင်ခြင်း..

တော့တင်ဟမ်အသင်းဥက္ကဌ ဒယ်နီ လီဗိုင်း က နည်းပြပိုချက်တီနို အား ဆောက်ပ်သမ်တန် အသင်းကနေ ခေါ်ဆောင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ အသင်းရှိလူငယ် ကစားသမားလေးများအား မြေတောင်မြှောက်ပေးရာတွင် ထူးချွန်ခဲ့ခြင်းကြောင့်ဖြစ်သည်..။ အာဂျင်တီးနားနည်းပြကြီးမှာ ၂၀၁၃/၁၄ ဘောလုံးရာသီတွင် ဆောက်ပ်သမ်တန်အသင်းအား ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၈) နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အဒမ် လာလားနား၊ မော်ဂန် ရှနိုက်ဒါလင်၊ ဒီဂျန် လော့ဗ်ဗရန်၊ လုခ် ရှော၊ ဂျိမ်းစ် ဝါ့ဒ် ပရောက်စ် တို့လို လူငယ်ကစားသမားတွေကို ပျိုးထောင်ပေးနိုင်ခဲ့သည်..။

တော့တင်ဟမ် အသင်းသို့ ရောက်ရှိလာရာတွင် ၂၀၁၄/၁၅ ဘောလုံးရာသီတွင် စတာလင်ပေါင် (၂၈) သန်းသာ သုံးစွဲခဲ့ပြီး အဲရစ်ခ် ဒိုင်ယာ (ပြောင်းရွှေ့ကြေး- စတာလင်ပေါင် (၄) သန်း) နှင့် ဒယ်လီ အားလီ (ပြောင်းရွှေ့ကြေး- စတာလင်ပေါင် (၅) သန်း) တို့လို အသင်း၏အနာဂတ်တွင် အရေးပါလာမည့် ကစားသမားများကို အမျှော်အမြင်ကြီးမားစွာဖြင့် ခေါ်ယူနိုင်ခဲ့သည်..။

ထို့အပြင် အဆိုပါဘောလုံးရာသီအတွင်း ကိုင်လီ ဝေါ့ကာ၊ ဒယ်နီ ရို့စ်၊ ဘင် ဒေးဗစ်စ်၊ အဲရစ်ခ် လာမယ်လား၊ အင်းဒရို့စ် တောင်ဆန်၊ ခရစ်စ်တီယန် အဲရစ်ဆင်၊ ရိုင်ယန် မေဆန် နှင့် နာဘီးလ် ဘင်တာလက်ဘ် တို့လို လူငယ်ကစားသမားများကို ပရီးမီးယားလိဂ်အဆင့်မှီ ကစားသမားကောင်းများအဖြစ် မြေတောင်မြှောက်ပေး နိုင်ခဲ့သလို အသက် (၂၁) နှစ်သာ ရှိသေးသည့် တိုက်စစ်မှူး ဟာရီ ကိန်း မှာ တော့တင်ဟမ် အသင်းအား အမှတ်ပေးဇယားတွင် အဆင့် (၅) နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်အောင် တွန်းတင်ပေးနိုင်ခဲ့သည်..။

မော်ရစ်စ်စီယို မှာ တစ်ရာသီထဲ ဟုန်းကနဲ ထတောက်တတ်သည့် နည်းပြမျိုးမဟုတ်ပဲ အသင်း၏အနာဂတ်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို အကောင်းဆုံး ချမှတ်နိုင်သည့်သူ ဖြစ်ကြောင်းကို အသင်းနှင့် ဒုတိယရာသီဖြစ်သည့် ၂၀၁၅/၁၆ ဘောလုံးရာသီတွင် ဆက်လက်ပြသနိုင်ခဲ့သည်..။ အာဂျင်တီးနားနည်းပြကြီးနှင့် တော့တင်ဟမ် အသင်းတို့မှာ ယခင်နှစ်ဘောလုံးရာသီတွင် သွင်းဂိုး (၂၁) ဂိုးအထိ ရယူနိုင်ခဲ့သည့် တိုက်စစ်မှူး ဟာရီ ကိန်း ကိုအခြေခံ၍ အသင်းကိုတည်ဆောက်ခဲ့ပြီး ခရစ်စ်တီယန် အဲရစ်ဆင်၊ အဲရစ်ခ် လာမယ်လား တို့ဖြင့် တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့သည်..။



ထို့အပြင် တောင်ကိုရီးယား တိုက်စစ်မှူး ဆွန် ဟောင်မင်း ကို ခေါ်ယူခဲ့ပြီး MK Dons အသင်းသို့ အဌားချထားသည့် ဒယ်လီ အားလီ ကို ပြန်လည်ခေါ်ယူကာ အသင်း၏ တိုက်စစ်ပိုင်းကို နောက်ထပ်တစ်ဆင့် ထပ်မံမြှင့်တင်ခဲ့သည်..။

တော့တင်ဟမ် အသင်းရှိ လူငယ်သွေးသစ်အများအပြားကို မြေတောင်မြှောက်ပေးနိုင်ခဲ့သည့် အရည်အချင်းမှာ လက်ရှိချယ်လ်ဆီးအသင်း၏ အနေအထားနှင့်အသင့်တော်ဆုံး အရည်အသွေးတစ်ခု ဖြစ်လာနိုင်ပေသည်..။ မိုင်ဟေးလ်လို မူဒရပ်ခ်၊ နိုနီ မာဒူအီကေး၊ ကာနေး ချူကွီမီးကား၊ အင်ဒရေ ဆန်းတို့စ်၊ ဆီဇာရီ ကာဆာဒီ၊ လီဗိုင်း ကော်ဝေးလ် နှင့် မာလို ဂတ်စ်တို တို့လို လူငယ်ကစားသမားများမှာ သူတို့တွင် ရှိနေပြီသား ပင်ကိုယ်အရည်အသွေးများကို နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးနိုင်မည့် နည်းပြတစ်ယောက်ထံမှ သင်ယူရင်း နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်မည်ဖြစ်သလို အင်ဇို ဖာနန်ဒက်စ် နှင့် ဝက်စ်လေ ဖိုဖားနား တို့မှာလည်း အသင်းရှိ ကစားသမားများ၏ ခြေစွမ်း၊ ပံ့ပိုးမှုကြောင့် အကျိုးဖြစ်ထွန်းမှု ရှိလာပေလိမ့်မည်..။

ပိုချက်တီနို ၏ နည်းစနစ်ပိုင်း အယူအဆများ..

မော်ရစ်စ်စီယို ပိုချက်တီနို မှာ တော့တင်ဟမ်အသင်းကို ကိုင်တွယ်စဉ်က ၄- ၂- ၃- ၁ ကစားကွက်ကို အများဆုံး သုံးစွဲပြီး ကွင်းလယ်အထိုင် double pivot နှစ်ယောက်ကို နောက်တန်းလေးယောက်၏ရှေ့မှ ပြိုင်ဘက်အသင်း၏ တိုက်စစ်ကို ဖျက်တောက်၊ တားဆီးသည့်တာဝန်ယူခိုင်းလေ့ရှိသည်..။ ထို့အပြင် အဲရစ်ခ် ဒိုင်ယာ ကို ကွင်းလယ်အဖျက် (half back position) နေရာတွင် ကစားစေပြီး ဗဟိုခံစစ်မှူးနှစ်ယောက်ကို အကာအကွယ်ပေးစေသလို နောက်တန်းခံစစ်ကြောင်းမှ ကစားကွက် စတင်ရာတွင် (play from the back) ဘောလုံးလမ်းကြောင်း ဖြန့်ဝေ၊ ဖန်တီးပေးသူအဖြစ် လှုပ်ရှားစေလေ့ရှိခဲ့သည်..။

သူ၏အသင်းတွင် ခရစ်စ်တီယန် အဲရစ်ဆင် မှာ တိုက်စစ်၏အဓိကသော့ချက်ဖြစ်ပြီး ဒယ်လီ အားလီ ကို နောက်ချန်တိုက်စစ်မှူး (second striker) အဖြစ် ခြေစွမ်းထက်စေခဲ့သည့်အပြင် လျှင်မြန်မှုကောင်းမွန်သော တောင်ပံကစားသမား ဆွန် ဟောင်မင် အား ဘယ်တောင်ပံမှ အတွင်းသို့ပြေးဝင်ပြီး ဂိုးရနိုင်မည့် အခွင့်အရေးများကို အဆုံးသတ် ဂိုးသွင်းပေးသူအဖြစ် ပြောင်းလဲပေးခဲ့သည်..။

အာဂျင်တီးနား နည်းပြကြီးမှာ နောက်ခံအစွန်လူ (full backs) များကို တိုက်စစ်ပိုင်း၌ အစွမ်းကုန် လိုက်ပါစေလေ့ရှိသောကြောင့် ဒယ်နီ ရို့စ်၊ ကိုင်လီ ဝေါ့ကာ တို့မှာ သူတို့၏အမြန်နှုန်း၊ တောင်ပံတစ်လျှောက် မနားတမ်း အတက်အဆင်း ပြုလုပ်နိုင်စွမ်းတို့ဖြင့် ပြိုင်ဘက်အသင်းများကို ဘယ်၊ ညာတောင်ပံများမှ ဒုက္ခပေးနိုင်ခဲ့သည်..။ full backs များက တိုက်စစ်ကို လိုက်ပါနေချိန်တွင် ခရစ်စ်တီယန် အဲရစ်ဆင် က ညာတောင်ပံ ကွင်းလယ်ကြောမှ နောက်ကိုဆင်းပြီး ဘောလုံးကို လက်ခံယူလေ့ရှိသလို ဘယ်တောင်ပံမှ ဒယ်နီ ရို့စ် တိုက်စစ်လိုက်ပါနေချိန်တွင် ဆွန် ဟောင်မင် က ဂိုးဧရိယာအတွင်းသို့ ပြေးဝင်၊ နေရာယူပြီး ဂိုးရနိုင်မည့် အခွင့်အရေးများကို ရှာဖွေနေလေ့ရှိပါသည်..။



လက်ရှိချယ်လ်ဆီးအသင်းမှ ရိစ် ဂျိမ်းစ် နှင့် ဘင် ချီးဝဲလ် တို့မှာ တိုက်စစ်ကိုလိုက်ပါရာတွင် ထူးချွန်သူများ ဖြစ်သောကြောင့် full backs များ၏ တိုက်စစ်ပိုင်း လိုက်ပါနိုင်စွမ်းကို အပြည့်အဝ အသုံးချခဲ့သည့် သူ၏နည်းစနစ်များနှင့် အံဝင်ဂွင်ကျ သင့်တော်မည့် ကစားသမားများ ဖြစ်လာပေလိမ့်မည်..။ ထို့အပြင် လာမည့် ၂၀၂၃/၂၄ ဘောလုံးရာသီတွင် အသင်းသို့ ပြောင်းရွှေ့လာမည့် ပြင်သစ်တိုက်စစ်မှူး ခရစ်စ်တို‌ဖာ အန်ကန်ကူ မှာ ဂိုးဧရိယာထဲတွင် နေရာယူ၊ အဆုံးသတ်ကောင်းမွန်သလို အသင်းဖော်များအတွက် အခွင့်အရေးများ ဖန်တီးပေးတတ်သူ ဖြစ်သောကြောင့် ဒယ်လီ အားလီ ၏ second striker နေရာတွင် အကောင်းဆုံး ကစားပေးနိုင်သူဖြစ်လာပေမည်..။

သို့သော်လည်း အဲရစ်ခ် ဒိုင်ယာ ကဲ့သို့ half back နေရာတွင် ကစားပေးနိုင်မည့် ကွင်းလယ်အဖျက် ကစားသမားစစ်စစ် (number six) တစ်ယောက် လိုအပ်နေသလို သူ၏ကစားဟန်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် အထောင်တိုက်စစ်မှူးစစ်စစ် (number 9) တစ်ယောက် လိုအပ်နိုင်ပေသည်..။ ထို့အပြင် ပရီးမီးယားလိဂ်အတွက် ကျောက်ရိုင်းတစ်ပွင့်လို ဖြစ်နေသည့် မိုင်ဟေးလ်လို မူဒရပ်ခ် မှာ ဆွန် ဟောင်မင်း နှင့် ကွဲပြား၊ ခြားနားသည့် ကစားဟန် ရှိနေသော်လည်း ပိုချက်တီနို မှာ ယူကရိန်းလူငယ် ကစားသမားလေးအား တောင်ကိုရီးယား တိုက်စစ်မှူး၏ပုံစံ ဘယ်တောင်ပံမှ ဂိုးဧရိယာအတွင်း တိုက်ရိုက်ထိုးဖောက်လေ့ရှိသည့် တိုက်စစ်ကစားသမားအဖြစ် ပုံသွင်းသွားနိုင်ဖွယ် ရှိပါသည်..။  

စဉ်းစားရမည့်တစ်ချက်မှာ ပိုချက်တီနို အနေဖြင့် ကွင်းလယ်တွင် စွယ်စုံရ ကွင်းလယ်ကစားသမား အင်ဇို ဖာနန်ဒက်စ် အပေါ်တွင် မူတည်ပြီး အသင်းမှာရှိနေသည့် ကစားသမားနှင့် လိုက်လျောညီထွေရှိနိုင်မည့် နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်သွားဖွယ် ရှိနိုင်ပါသည်…။ အင်ဇို မှာ အဲရစ်ဆင် ၏ တိုက်စစ်ပိုင်း ဖန်တီးပေးမှုမျိုးကို တိုက်စစ်ဇုန်အထိ မလိုက်ပါပဲ ကွင်းလယ်ကြောမှ တိုက်ရိုက်ပေးပို့၊ ဖန်တီးပေးနိုင်စွမ်းရှိသူ ဖြစ်ပါသည်..။ ထို့အပြင် တောင်ပံတစ်လျှောက် တိုက်ရိုက်ထိုးဖောက်တတ်သည့် မြန်နှုန်းမြင့် တောင်ပံ ကစားသမား နိုနီ မာဒူအီကေး ကိုလည်း မည်သို့မည်ပုံ ပုံစံသွင်း၊ ကစားစေမည်ကိုလည်း စောင့်ကြည့်ရပေလိမ့်မည်..။



လက်ရှိချယ်လ်ဆီးအသင်းတွင် ခရစ်စ်တီယန် ပူလီဆစ်၊ ဟာကင် ဇီးယက်ချ် တို့အပါအဝင် အခြားအတွေ့အကြုံရင့် ကစားသမားများလည်း အများအပြား ရှိနေသောကြောင့် သူ၏အသင်းကို မည်သို့မည်ပုံ ကျစ်ကျစ်လျစ်လျစ် ပြန်လည်ဖွဲ့စည်းမည်နည်း..? ဆိုသည့် မေးခွန်းကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်..။

သူ၏ခံယူချက်၊ စိတ်ဓါတ်ပိုင်းနှင့် ချယ်လ်ဆီးပရိသတ်များနှင့် ဆက်ဆံရေး..

မော်ရစ်စ်စီယို ပိုချက်တီနို မှာ သူ၏နည်းပြဘဝ အအောင်မြင်ဆုံး နေ့ရက်များတွင် ချယ်လ်ဆီးအသင်း၏ ခါးသီးသော အဓိကပြိုင်ဘက် ဖြစ်နေခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကျင်လည်ခဲ့သည့် ကာလတစ်လျှောက် ကြီးမားသည့် အောင်မြင်မှုများ၊ ဆုဖလားကြီးများ မရခဲ့ဖူးသည့်အချက်ကလည်း သူ၏ချယ်လ်ဆီးအသင်း အစောပိုင်းနေ့ရက်များတွင် ကြီးမားသည့်ဖိအားများ ရှိလာနိုင်ပေသည်..။

ချယ်လ်ဆီးအသင်း ပရိသတ်များမှာ အောင်မြင်မှု၊ ဆုဖလားများ ဆွတ်ခူးနိုင်ဖို့ (သို့မဟုတ်) အပါတ်စဉ်အနိုင်ပွဲများ ပုံမှန်ရရှိနေဖို့ကိုသာ တသွင်သွင် တောင်းဆိုနေကြသူများ ဖြစ်သည့်အတွက် ပိုချက်တီနို အနေဖြင့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပရိသတ်များ၏ တခဲနက် အားပေး၊ ထောက်ခံမှုကို ရရှိဖို့ဆိုလျှင် ဆုဖလားကြီးများကို အမြန်ဆုံးဆွတ်ခူးနိုင်ဖို့ လိုအပ်ပေလိမ့်မည်..။ ထို့အပြင် ချယ်လ်ဆီးပရိသတ်များ၏လိုအင်၊ အသင်း၏ အစဉ်အလာ ယဉ်ကျေးမှုများနှင့်လည်း အမြန်ဆုံးအသားကျနိုင်ရန် လိုအပ်ပါသည်..။

“ဆုဖလားတွေ၊ အောင်မြင်မှုတွေ.. ဆိုတာ ကြီးမားတဲ့အတ္တတွေ၊ လိုအင်မပြည့်တဲ့ လောဘ၊ မောဟတွေကိုသာ ဆောင်ယူလာစေပါတယ်..။ ဒါ့ကြောင့်ဆုဖလားတွေ ဆွတ်ခူးဖို့ထက်စာရင် တော့တင်ဟမ်အသင်းဟာ ထိပ်ဆုံးလေးသင်းမှာ အမြဲတမ်းရှိနေဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်..”


၂၀၀၉ ခုနှစ်၊ FA ဖလားပြိုင်ပွဲတွင် ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ရှုံးနိမ့်အပြီးတွင် ပြောကြားခဲ့သော သူ၏ခံယူချက်နှင့် မှတ်ချက်စကားမှာ ဆုဖလား၊ အောင်မြင်မှုကိုသာ တောင်းဆိုတတ်သည့် ချယ်လ်ဆီးပရိသတ်များအတွက် သတိပေး၊ ခေါင်းလောင်းသံတစ်ခု ဖြစ်လာနိုင်ပါသည်..။ အပြာရောင်ပရိသတ်များမှာ ထိပ်ဆုံးလေးသင်းအဆင့်နှင့် ကျေနပ်နေမည်မဟုတ်ပဲ အမြင့်ဆုံးအဆင့်၊ ထိပ်ဆုံးအဆင့်ကို အမြန်ဆုံးရောက်ရှိဖို့နှင့် ပြည်တွင်းချန်ပီယံဆုများ၊ ဥရောပ ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ဖို့ ဆန္ဒ၊ အာသီသ ရှိပေလိမ့်မည်..။

ထို့အပြင် ချယ်လ်ဆီးပရိသတ်မှာ ‘ပိုချက်တီနို’ ဆိုသည့်နှင့် တော့တင်ဟမ်အသင်း နည်းပြအဖြစ်မြင်နေခဲ့ပြီး ဖြစ်သည့်အတွက် သူ့အနေဖြင့် အပြာရောင်ပရိသတ်များ၏ ချစ်ခြင်းတရားကို တမဟုတ်ချင်းရရှိဖို့ ခက်ခဲနိုင်သလို ရလဒ်မကောင်းသည့် ပွဲအနည်းငယ် ကြုံတွေ့လိုက်သည်နှင့် ပရိသတ်များ၏ ဆန့်ကျင်မှုကို လွယ်လွယ်ကူကူ ရရှိသွားနိုင်သည့် အန္တရာယ်လည်း ရှိနေပါသည်..။

ထို့အပြင် အာဂျင်တီးနားနည်းပြမှာ ပီအက်စ်ဂျီအသင်းတွင်လည်း ပရိသတ်များ၏ တခဲနက်ထောက်ခံမှုကို ရရှိနိုင်ရန် ရုန်းကန်ခဲ့ရသလို သူ၏ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆု အောင်ပွဲခံအခမ်းအနားကို ပရိသတ်အနည်းငယ်သာ တက်ရောက်၊ အားပေးခဲ့သည့် သာဓကလည်း ရှိနေခဲ့သည်..။ ပီအက်စ်ဂျီအသင်း ပရိသတ်များမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စောစောစီးစီး ထွက်ခွာခဲ့ရသည့် မော်ရစ်စ်စီယို ပိုချက်တီနို နှင့် သူ၏အသင်းအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ယခုလိုဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြခဲ့ဖူးသည်..။

၁၉၉၆ ခုနှစ်နောက်ပိုင်း အသင်း၏ အဆိုးရွားဆုံး ရမှတ်နှင့် အမှတ်ပေးဇယား ရပ်တည်မှုအပေါ် စိတ်ပျက်နေကြသည့် ချယ်လ်ဆီးပရိသတ်များကို ကျေနပ်စေဖို့ဆိုလျှင် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာသည့် နည်းပြသစ်အနေဖြင့် အသင်းပရိသတ်များ၏တစ်သားတည်း ဖြစ်နေပြီး အသင်း၏ယဉ်ကျေးမှု၊ အစဉ်အလာကို နားလည်ပေးသူ ဖြစ်ဖို့ကလည်း အရေးကြီးသည့်အချက်တစ်ခု ဖြစ်နေပါသည်..။



ပီအက်စ်ဂျီအသင်းမှ ခက်ခဲခဲ့သော နေ့ရက်များ..

မော်ရစ်စ်စီယို အား နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် စိုးရိမ်စိတ်ရှိခဲ့ကြသည့် ပရိသတ်များက ပီအက်စ်ဂျီအသင်းတွင် အောင်မြင်မှုမရရှိခဲ့သည့် သူ၏နေ့ရက်များနှင့် ချိန်ထိုး၊ အကြောင်းပြခဲ့ကြသည်..။ သို့သော် ‘မည်သည့်နည်းပြမဆို ပီအက်စ်ဂျီအသင်းတွင် အဆင်မပြေဖြစ်ခဲ့ကြသည်’ ဆိုသည့် အခြားတစ်ဘက်မှ ပြန်လည်ဖြေရှင်းချက်ကလည်း ရှိနေသေးသည်..။ ပိုချက်တီနို တွင် လိုအပ်ချက်တစ်ချို့ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် နည်းပြသောမတ်စ် တူခယ်လ် ၏ နေရာကို အစားထိုးခဲ့ချိန်တွင် တော့တင်ဟမ် နည်းပြဟောင်းမှာ ပြင်သစ်ချန်ပီယံအသင်းနှင့် တာထွက်ကောင်းခဲ့သည်…။

ပီအက်စ်ဂျီအသင်းမှာ သူကိုင်တွယ်ခဲ့သည့် ဒုတိယရာသီဝက်တွင် အမှတ်ပေးပြိုင်ပွဲ၊ ပျမ်းမျှရမှတ်နှုန်းမှာ တစ်ပွဲလျှင် (၂.၀၅) မှတ်မှ (၂.၂) မှတ်အထိ တိုးတက်ခဲ့သည်..။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဘာစီလိုနာ၊ ဘေယန် မြူးနစ်အသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းကို အကြိုဗိုလ်လုပွဲအဆင့်တွင် အရေးနိမ့်ခဲ့သည်..။ ပိုချက်တီနို မှာ ကိုင်လီယန် အမ်ဘတ်ပေး ၏ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းနောက်ကို မြန်နှုန်းမြင့် ကျော်ဖြတ်ပြေးဝင်၊ နေရာယူနိုင်စွမ်းကို အသုံးချပြီး ပြင်သစ်ချန်ပီယံအသင်းကို တန်ပြန်တိုက်စစ် ကောင်းမွန်သော၊ ခံစစ်မှ တိုက်စစ်ကို အလျှင်မြန်ဆုံး ပြောင်းလဲနိုင်စွမ်းရှိသော အသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်..။

သို့သော် သူ၏လက်ထက်တွင် ဂိုးဧရိယာထဲတွင် တစ်သင်းလုံးပိတ်ဆို့၊ ခံစစ်ဆင်ကစားသော အသင်းများနှင့် တွေ့ဆုံရာတွင် ရုန်းကန်ခဲ့ရသည့် အခက်အခဲ ရှိလာခဲ့သည်..။ ထို့အပြင် အသင်းမှအားကစား ဒါရိုက်တာ လီယိုနာဒို နှင့် အဆင်မပြေခဲ့သလို ပဲရစ်စ်အသင်း၏ ကစားသမား ခေါ်ယူ၊ ဖြည့်ဆည်းမှုများမှာ သူ၏နည်းစနစ်ပိုင်း ပုံဖော်မှုများကို အခက်တွေ့စေခဲ့သည်..။

မော်ရစ်စ်စီယို မှာ ဒုတိယရာသီအစပိုင်းတွင် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျော်ဂျီနီယို ဝိုင်နယ်လ်ဒန် အား တိုက်စစ်အားသန်သည့် ကွင်းလယ်ကစားသမားအဖြစ် ဒီ မာရီယာ၊ နေမာ၊ အမ်ဘတ်ပေး တို့ကို ပံ့ပိုးစေခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်..။ သို့သော် ပီအက်စ်ဂျီအသင်းက ‘လီယွန်နယ် မက်ဆီ’ အား ခေါ်ယူခဲ့ရာတွင် အာဂျင်တီးနား စူပါစတားအား ပုံမှန်ပွဲထွက်တစ်နေရာ ပေးရမည် ဖြစ်သောကြောင့် ဒယ်နီလို ပါရဲရား၊ အိုင်ဒရစ်စ်ဆာ ဂူရေး နှင့် မာကို ဗာရက်တီ တို့နှင့် ကွင်းလယ်ကို ပြန်လည်ပြင်ဆင်ပြီး ကမ္ဘာကျော် စူပါးစတား တိုက်စစ်မှူး သုံးယောက်အတွက် ခံစစ်တာဝန်များကို ပခုံးထမ်းခဲ့ရသည်…။



ထို့ကြောင့်အသင်းမှာ ခံစစ်ပိုင်းတွင် အားနည်းခဲ့သလို မက်ဆီ မှာ သူ၏ပထမဆုံးရာသီတွင် ပြင်သစ်လိဂ်ပြိုင်ပွဲ၌ အဆင်မပြေခဲ့ပဲ အသင်းဖော်များနှင့် သဟဇာတ မဖြစ်ခဲ့ပေ..။ ပိုချက်တီနို မှာ အသင်းရှိ စူပါစတား ကစားသမားများကြောင့် သူလိုချင်သည့် ကစားဟန်နှင့် နည်းစနစ် အပြောင်းအလဲ ပြုလုပ်နိုင်စွမ်းအပေါ် အကန့်အသတ် ရှိခဲ့သည်..။ အခြားတစ်ဘက်က သုံးသပ်ပါက ပဲရစ်စ်မြို့မှ (၁၈) လတာ ကာလအတွင်း နည်းစနစ်ပိုင်း ပြောင်းလွယ်၊ ပြင်လွယ်ရှိမှုကို ပြသနိုင်ခြင်းမရှိခဲ့.. ဟူ၍ ကောက်ချက်ချနိုင်ပေသည်..။

သို့သော် ပိုချက်တီနို အနေဖြင့် အသင်းကြီးကစားသမားတစ်ချို့အပေါ် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်လိုခဲ့သော်လည်း အသင်းရှိတာဝန်ရှိပုဂ္ဂိုလ်များက ခွင့်ပြုခဲ့ခြင်းမရှိသည့်အပေါ် စိတ်ပျက်ခဲ့ရကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ဖူးသည်..။ ထို့ကြောင့်အာဂျင်တီးနားနည်းပြမှာ ထိပ်တန်းအဆင့် စူပါစတား ကစားသမားများအပေါ် တစ်ဉီးချင်း ကိုင်တွယ်မှုအပိုင်းတွင် ကျရှုံးခဲ့ရသည်..။

ထို့အပြင်ပီအက်စ်ဂျီအသင်းမှလူငယ်အကယ်ဒမီ ငယ်မွေးခြံပေါက် ကစားသမား ဇာဗီ ဆီမွန်စ် မှာ ပိုချက်တီနို ၏ လက်အောက်တွင် စုစုပေါင်း (၁၃၂) မိနစ်သာ ကစားခွင့်ရခဲ့ပြီး အခွင့်အရေးမရခဲ့သောကြောင့် ဟော်လန်လိဂ်ပြိုင်ပွဲဝင် ပီအက်စ်ဗွီအသင်းသို့ ပြောင်းရွှေ့သွားချိန်တွင် အထူးခြေစွမ်းပြနိုင်ခဲ့သည်..။ ပြင်သစ်ချန်ပီယံ အသင်းအတွက် ပါရမီရှင် ကစားသမားတစ်ယောက် ဆုံးရှုံးခဲ့ရခြင်းမှာ လူငယ် ကစားသမားများ မွေးထုတ်ပေးရာတွင် နာမည်ကျော်ခဲ့သည့် အာဂျင်တီးနား နည်းပြအတွက် လစ်ကွက်၊ ဟာကွက်တစ်ခု ဖြစ်ခဲ့ရသည်..။

သို့သော်ချယ်လ်ဆီးအသင်းတွင် ကမ္ဘာကျော် စူပါစတား ကစားသမားများ နည်းပါးခြင်းကြောင့် မော်ရစ်စ်စီယို အနေဖြင့် နာမည်ကျော် ကစားသမားကြောင့် လူငယ်ကစားသမားများကို အခွင့်အရေးမပေးနိုင်သည့် အခက်အခဲ နည်းပါးသွားနိုင်မည်ဟု ယူဆရပါသည်…။



နိဂုံးချုပ် သုံးသပ်ချက်…

လက်ရှိချယ်လ်ဆီးအသင်းတွင် အရည်အသွေးမြင့် လူငယ်ကစားသမား အများအပြား‌ ရောက်ရှိနေသည့် အနေအထားကြောင့် မော်ရစ်စ်စီယို ပိုချက်တီနို အား နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းမှာ သင့်တော်၊ မှန်ကန်သည့် ရွေးချယ်မှုဟု ပြောနိုင်သည့်အပြင် အာဂျင်တီးနားနည်းပြမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံ များပြားပြီး ရေရှည်စီမံချက်များ၊ ဘတ်ဂျက် အကန့်အသတ်ကြားမှ အသင်းကိုအောင်မြင်အောင် ဆောင်ရွက်နိုင်သည့် သက်သေ၊ သာဓကများလည်း ရှိနှင့်ပြီးဖြစ်ပါသည်..။

သို့သော်ပီအက်စ်ဂျီအသင်းတွင် နာမည်ကျော် တိုက်စစ်ကစားသမား အများအပြား ရှိနေခဲ့သော်လည်း ခံစစ်ပိတ်ဆို့ ကစားသည့် (deep block) အသင်းများကို ထိုးဖောက်ရာတွင် ရုန်းကန်ခဲ့ရသည့် အခက်အခဲများ ရှိခဲ့သလို သူထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အများကြီး တိုးတက်၊ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်..။ ထို့အပြင် ချယ်လ်ဆီးပရိသတ်များနှင့် ဆက်ဆံရေး၊ အနိုင်ပွဲဆာလောင်စိတ်နှင့် အနိုင်ပွဲအတွက် ပြင်းပြသည့်စိတ်ဆန္ဒ အားနည်းချက်များက သူ့ရဲ့အားနည်းချက်များ ဖြစ်လာနိုင်ပေသည်..။

ထို့ကြောင့်မော်ရစ်စ်စီယို ပိုချက်တီနို ၏ ချယ်လ်ဆီးအသင်း အနာဂတ်ကို ချိန်ဆကြည့်ရာတွင် အကောင်းနှင့်အဆိုး၊ အားသာချက်၊ အားနည်းချက်များရှိနေပြီး အပြာရောင်တို့နှင့် မည်သို့မည်ပုံ အစပ်အဟပ် တည့်လိမ့်မည်ဟု အတိအကျ အဖြေပေးနိုင်ဖို့ ခက်ခဲနေပါသည်..။ သို့သော်နည်းပြသစ်နှင့် နောက်ထပ်တစ်ကြိမ် ကျရှုံးခဲ့ရပါက အသင်းပိုင်ရှင် တော့ဒ် ဘိုလေး နှင့် Clearlake Capital တို့အတွက်ကတော့ အသင်း၏မျက်နှာကို အိုးမည်းသုတ်သည့် အရှက်တကွဲ အကျိုးနည်းမည့် ကျရှုံးမှုတစ်ခုအဖြစ် အားလုံးကရှုမြင်ကြပါလိမ့်မည်..။

Reference
=======
- Mauricio Pochettino at Chelsea – What would it mean for the future of the club?, by Alex Barker, London First
- Pochettino to Chelsea – How Would It Work?, by Alex Keble, The Analyst