feature-image

ကြည်နူးပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခုကို ဖန်တီးပေးမယ့် ‘မော်ရစ်စ်စီယို ပိုချက်တီနို’ နဲ့ တွေ့ဆုံခြင်း

ယနေ့တွင် ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ရောက်ရှိလာခဲ့သည့် နည်းပြသစ် မော်ရစ်စ်စီယို ပိုချက်တီနို ချယ်လ်ဆီးအသင်း၏ စီမံချက်ကို ပူးပေါင်းလာရခြင်း အကြောင်း၊ အသင်း၏ အနိုင်ပွဲဆာလောင်စိတ် ပြန်လည်တည်ဆောက်ရန် အစီအမံများနှင့် နည်းပြအဖွဲ့ဝန်ထမ်းများ၊ ကစားသမားများ၏ အရေးပါသည့် အခန်းကဏ္ဏများအပေါ် ယခုလိုပြောပြခဲ့ပါသည်..။

မေး - မော်ရစ်စ်စီယို ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ..။ ဒီအသင်းကို ကိုင်တွယ်ဖို့အတွက် ဘယ်အရာတွေက ခင်ဗျားနဲ့ ခင်‌ဗျားရဲ့နည်းပြအဖွဲ့ကို ဆွဲဆောင်နိုင်ခဲ့တာလဲ..?

အခုလိုနွေးထွေးမှုအပြည့်နဲ့ ကြိုဆိုကြတဲ့အပေါ် အထူးကျေးဇူးတင်ရှိပါတယ်..။ ချယ်လ်ဆီး လိုအသင်းကြီးမှာ တတပ်တအားနဲ့ ပါဝင်ခွင့်ရခဲ့တာဟာ သိပ်ကိုဂုဏ်ယူ၊ ဝမ်းမြောက်ဖို့ ကောင်းပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့အကြောင်း ကောင်းကောင်းသိထားပါတယ်..။ ဒါ့ကြောင့်အခုလိုကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းကို ရောက်ရှိလာခွင့်ရခဲ့တဲ့အပေါ် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်..။ ဒါ့ကြောင့်လည်း ဒီအသင်းကို လက်ခံဖို့အတွက် ကျွန်တော်တို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်နိုင်ခဲ့ပါတယ်..။

ဒီနေ့မှာဆိုရင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ အသင်းကတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ အရမ်းကိုကျေနပ်၊ အားရခဲ့ပါတယ်..။ ကျွန်တော်တို့လည်း အရမ်းကိုစိတ်လှုပ်ရှားရသလို ဒီလိုကြီးကျယ် ခမ်းနားတဲ့ အသင်းကြီးမှာ ပျော်ရွှင်မှုတွေနဲ့ ပြန်လည်ဝေဆာနေဖို့ လုပ်ဆောင်ပေးချင်တဲ့ဆန္ဒတွေ ပြင်းပြနေပါတယ်..။

ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား၊ အားထုတ်သွားမှာ ဖြစ်သလို ပရိသတ်တွေ ကျေနပ်စေမယ့် ကစားဟန်မျိုးကို ဖန်တီးပေးသွားပါမယ်..။ ဒီအသင်းရဲ့ သမိုင်းကြောင်း၊ အစဉ်အလာကို ပြန်ပြီးကြည့်မယ်ဆိုရင် ‘အနိုင်ရဖို့’ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီလို အနိုင်ပွဲတွေကို ‘ဘယ်လိုတည်ဆောက်သွားမလဲ..?’ ဆိုတာကလည်း အရေးကြီးပါတယ်..။

ကျွန်တော်တို့ အရမ်းကိုစိတ်လှုပ်ရှားနေရသလို အရမ်းပျော်ရွှင်တယ်..၊ ကျွန်တော်တို့ကို အခုလို အခွင့်အရေးပေးခဲ့တဲ့သူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်..။ အသင်းဥက္ကဌ တော့ဒ် ဘိုလေး ကနေ စရမှာပေါ့ဗျာ..၊ ဘာဒက် အက်ဂ်ဘာလေ၊ ဟိုဆေး ဖီလာစီယာနို နဲ့ တာဝန်ရှိသူတွေကလည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ကြပါတယ်..။



မေး - ခင်ဗျားဟာ အသင်းရဲ့ သမိုင်းကြောင်း၊ အစဉ်အလာအကြောင်း ပြောသွားပါတယ်..။ အသင်းတစ်သင်းမှာ အသင်းရဲ့ယဉ်ကျေးမှုနဲ့ အစဉ်အလာ၊ ယုံကြည်မှုတွေဟာ ဘယ်လောက်အရေးပါနိုင်လဲ..?

‘အနိုင်ပွဲတွေ ဆာလောင်တဲ့ ယဉ်ကျေးမှု’ တစ်ခုကို တည်ဆောက်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်..။ ပြီးခဲ့တဲ့ (၁၀) နှစ်၊ (၁၂) နှစ်၊ (၁၅) နှစ်တာ ကာလတွေကို ဖြတ်ပိုင်းကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်..။ ပရီးမီးယားလိဂ် အကြောင်းကို ကျွန်တော်ကောင်းကောင်း သိထားသလို ချယ်လ်ဆီးအသင်းရဲ့ ယဉ်ကျေးမှု၊ တောင်းဆိုမှုတွေဟာ ဘာတွေလဲ..? ဆိုတာ ကျွန်တော်ကောင်းကောင်း နားလည်ထားပါတယ်..။ ဒါ့ကြောင့် ‘အနိုင်ပွဲတွေ ပြန်လည်ဆောင်ယူနိုင်ဖို့ ကြိုးစားကြမယ့် လမ်းကြောင်း’ ကို အပြာရောင်ပရိသတ်တွေ ကျေနပ်၊ နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်…။

ကျွန်တော်တို့ဘက်ကလည်း အခုလိုသိပ်ကိုငယ်ရွယ်ပြီး ကစားသမားကောင်းတွေ ပြည့်နေတဲ့ အသင်းတစ်သင်းနဲ့ လက်တွဲခွင့်ရခဲ့တဲ့အပေါ် အထူးစိတ်လှုပ်ရှားနေခဲ့ရသလို အတိတ်တုန်းကနဲ့ မတူတဲ့ ချဉ်းကပ်ပုံနဲ့ အသင်းကို ကိုင်တွယ်သွားပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အတူတကွ အထူးကြိုးစား၊ အားထုတ်မှုရမယ်ဆိုတာ နားလည်ထားရပါမယ်..။ ဒါ့အပြင် လာမယ့်နှစ်တွေအထိ အောင်မြင်တဲ့အသင်းတစ်သင်း ဖြစ်လာဖို့ဆိုရင် လေ့ကျင့်ကွင်းမှာလည်း ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်ရပါမယ်..။

မေး - ဒီတစ်နှစ်တာ ကာလအတွင်း ကျွန်တော်တို့အသင်းရဲ့ အသွင်အပြင်ဟာ အရမ်းကိုပြောင်းလဲ သွားပါတယ်..။ ဒါ့ကြောင့်အဲဒီအခွင့်အရေးဟာ ခင်ဗျားနဲ့ခင်ဗျားရဲ့ နည်းပြအဖွဲ့တွေအတွက် ဘယ်လောက်တောင် အရေးကြီးခဲ့လဲ..?

ကျွန်တော်တို့ဟာ ကစားသမားကောင်းတွေ၊ ပင်ကိုယ်အရည်အသွေးကောင်းတဲ့ ကစားသမားတွေ၊ ပါရမီရင့်သန်တဲ့ ကစားသမားတွေကို ချစ်မြတ်နိုးပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့ကို အမှန်တကယ် လိုချင်တဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မယ့်သူတွေ အသင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်..။

ကျွန်တော်တို့နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးစဉ်ကတည်းက အသင်းပိုင်ရှင်တွေနဲ့ အားကစား ဒါရိုက်တာတို့ဟာ အသင်းရဲ့စီမံချက်အပေါ် သူတို့ရဲ့အတွေး၊ အမြင်တွေ သိပ်ကိုရှင်းလင်း၊ ပြတ်သားလှပါတယ်..။ ဒါ့ကြောင့်လည်း အဲဒီစီမံချက်မှာ သူတို့တွေနဲ့အတူ ပါဝင်ခွင့်ရခဲ့တဲ့အပေါ် အရမ်းကိုစိတ်လှုပ်ရှားရပါတယ်..။ ကျွန်တော်တို့ဟာ အသင်းနဲ့ ပရိသတ်တွေကို ကူညီပေးနိုင်ဖို့ ဒီအသင်းကို ရောက်ရှိလာခဲ့တာပါ..။ နောက်ဆုံးမှာ အရေးအကြီးဆုံးက ပရိသတ်တွေ ပျော်ရွှင်မှုရဖို့၊ ပရိသတ်တွေ ဂုဏ်ယူ၊ ဝမ်းမြောက်ရမယ့် အသင်းတစ်သင်း ဖြစ်လာဖို့နဲ့ ပွဲတွေကို မှန်ကန်တဲ့ ချဉ်းကပ်မှုတွေနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။ ဒီအချက်တွေကို ကစားသမားတွေဘက်က နားလည်ထားဖို့ လိုအပ်ပါတယ်..။

ဘောလုံးသမိုင်းကြောင်းမှာ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ ရှိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အဲဒီလိုအတက်အကျတွေ၊ အနိမ့်အမြင့်တွေကို လက်ခံပေးမယ့်အသင်း မဟုတ်ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ ဒီအသင်းကို ထိပ်ဆုံးအဆင့်မှာ အမြဲတမ်း ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဒီအသင်းရဲ့ သမိုင်းကြောင်းကိုက ‘ထိပ်ဆုံးအဆင့်မှာ အမြဲတမ်း ရပ်တည်နိုင်ဖို့’ ဖြစ်ပါတယ်..။



မေး - ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ကစားသမားတွေ ရောက်လာတဲ့အခါ သူတို့ဆီက ဘယ်လိုအရာတွေ မျှော်မှန်းထားပါသလဲ..?

သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့၊ ကျွန်တော်တို့ရဲ့ ညွှန်ကြားမှု၊ စီမံခန့်ခွဲမှုတွေကို လိုက်နာဖို့ ဖြစ်ပါတယ်…။ ကျွန်တော်တို့အတွက်ကလည်း ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်သူတို့တွေအတွက် သက်တောင့်၊ သက်သာရှိနိုင်မယ့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးထားဖို့ လိုအပ်ပါတယ်..။ အဲဒီနေရာလေးဟာ သူတို့အတွက် လုံခြုံမှုရှိပြီး သူတို့တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ ခံစားနိုင်ရပါမယ်..။

ချယ်လ်ဆီးအသင်းအတွက် ကျွန်တော်တို့ ပေးဆပ်နိုင်မယ့်အရာက ‘ကစားသမားတွေ အောင်မြင်မှုရရှိဖို့ အကောင်းဆုံး လက်နက်ကိရိယာတွေ တပ်ဆင်ပေးနိုင်ဖို့’ ဖြစ်ပါတယ်..။ သူတို့တွေကို တစ်ဉီးချင်း၊ တစ်ယောက်ချင်းရော၊ အသင်းလိုက်မှာပါ တိုးတက်မှုတွေ ရရှိရပါမယ်..။ ကျွန်တော်တို့မှာ အဲဒီလိုလုပ်ဆောင်ပေးနိုင်တဲ့ အတွေ့အကြုံ ရှိပါတယ်..။ ဒါ့ကြောင့်ဒီခရီးကို ကျွန်တော်တို့အတူတူ လှမ်းလျှောက်ကြပါမယ်..။ ကျွန်တော်တို့အားလုံး စုစုစည်းစည်းရှိကြမယ်..၊ အတူတကွ ကြိုးစားကြရင်း ဒီအသင်းရဲ့ တစိတ်တပိုင်းအဖြစ် တာဝန်ကျေကျေနဲ့ ပါဝင်ကြပါမယ်..။

ကျွန်တော်တို့အားလုံး စည်းလုံး၊ ညီညွတ်မှုရှိရင် အရမ်းကိုခွန်အားကြီးမား၊ တောင့်တင်းလာပါမယ်..။ ဒီအသင်းမှာ သိပ်ကိုထူးချွန်တဲ့ ကစားသမားတွေ ရှိနေပါတယ်..။ ဒီအသင်းမှာဆက်ပြီးရှိချင်တဲ့ ကစားသမားတွေကို ခံယူချက်နဲ့ စိတ်ဓါတ်တွေ ပြန်လည်ကောင်းမွန်လာအောင်၊ ပိုပြီးသန်မာ ကြံ့ခိုင်တဲ့ ကစားသမားတွေ ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ရပါမယ်..။ ပရိသတ်တွေနဲ့ အသင်းကတစ်ဉီးတစ်ယောက်တိုင်းရဲ့ ပူးပေါင်း၊ ပါဝင်မှုတွေနဲ့ ကျွန်တော်တို့ဟာ ဒီအသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါမယ်..။

မေး - ကော်ဘ်ဟမ် လေ့ကျင့်ကွင်းကို ပထမဆုံးအကြိမ် ရောက်လာတဲ့အခါ ခင်ဗျားရဲ့အမြင်လေးတွေ ပြောပြပေးပါလား..?

သိပ်ကိုကောင်းမွန်တဲ့ လေ့ကျင့်ကွင်းတစ်ခု ဖြစ်ပါတယ်..။ လေ့ကျင့်ကွင်းတစ်ခုမှာ အရေးအကြီးဆုံးက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေအတွက် ကိုယ့်ရဲ့အိမ်တစ်ခုလို ခံစားနေရဖို့ ဖြစ်ပါတယ်..။ လေ့ကျင့်ကွင်းဆိုတာ အလုပ်လုပ်ဖို့ လာရတဲ့နေရာ မဟုတ်ပါဘူး..။ ကိုယ့်ရဲ့အိမ်ကို ပြန်လာရသလို ခံစားနေရပါမယ်..။ အဲဒီလိုရင်းနှီး၊ ကျွမ်းဝင်တဲ့ ခံစားမှုမျိုး ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်..။ ကစားသမားတွေ ပျော်ရွှင်ရတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား၊ အားထုတ်သွားပါမယ်..။

အားလုံးအတူတကွ၊ စုစည်းညီညွတ်မှုအပြည့်နဲ့ စွမ်းဆောင်နိုင်ရင် အရာရာကို အောင်နိုင်တယ်.. ဆိုတာ အပြည့်အဝ ယုံကြည်ထားပါတယ်..။ အောင်မြင်မှုတွေကို လှမ်းဆွတ်တဲ့နေရာမှာ ကန့်သတ်ထားလို့ မရပါဘူး..၊ တင်းတိမ် ရောင့်ရဲလို့ မရပါဘူး..။ အပြာရောင်တွေနဲ့အတူ အောင်မြင်တဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ဖို့ အားလုံးအတူတကွ အစွမ်းကုန် တိုက်ပွဲဝင်သွားရပါလိမ့်မယ်..။



မေး - ရာသီကြိုပြင်ဆင်မှုတွေနဲ့ အမေရိကန် ပြည်ထောင်စု ရာသီကြိုခရီးစဉ်ဟာ ဘယ်လောက်အရေးပါနိုင်လဲဗျ..?

ရာသီကြိုခရီးစဉ်တွေမှာ ကွဲပြားခြားနားတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်..။ ကျွန်တော်တို့ ပါဝင်၊ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ဆောင်ယူပေးနိုင်ရပါမယ်..။ ဒါ့အပြင် ရာသီကြိုခရီးစဉ်တွေမှာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ကစားသမားတွေကို အကောင်းဆုံး လက်နက်၊ ကိရိယာတွေ တပ်ဆင်ပေးနိုင်ရမယ်..။ ဒါမှလည်းသူတို့တွေဟာ အဖက်ဖက်ကနေ တိုးတက်မှုတွေ ရရှိပြီး ရာသီကြိုပြင်ဆင်မှုတွေကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်မှာ ဖြစ်ပါတယ်..။

အခုအချိန်မှာ အသင်းရဲ့လူစာရင်းကို မပိတ်သေးပါဘူး..။ အသင်းဘက်ကလည်း အကောင်းဆုံး လူစာရင်း ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးနေပါတယ်..။ ဒါ့ကြောင့်မကြာတော့မယ့် ကျွန်တော်တို့နဲ့အတူတူ လက်တွဲနိုင်မယ့် အကောင်းဆုံး ကစားသမားတွေကို အမြန်ဆုံးရရှိပါလိမ့်မယ်..။ ကျွန်တော်တို့အားလုံး အကောင်းဆုံး ကြိုးစား၊ လေ့ကျင့်နိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ပြီး ကွင်းထဲမှာ အကောင်းဆုံး ခြေစွမ်းနဲ့ စွမ်းဆောင်ပေးနိုင်မယ့် ရာသီကြို ပြင်ဆင်မှုတွေ ဖြစ်လာပါလိမ့်မယ်…။

မေး - ခင်ဗျားနဲ့ နည်းပြအဖွဲ့တွေရဲ့ကြားက ဆက်ဆံရေးကောင်းမွန်ဖို့ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ပြောပြပေးနိုင်မလား..?

ချယ်လ်ဆီးအသင်းအတွက် အသင့်တော်ဆုံးဖြစ်မယ့် အယူအဆတွေ၊ နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ နည်းပြအဖွဲ့ဝင်တွေအချင်းချင်း ဆက်ဆံရေးကောင်းဖို့ သိပ်ကိုအရေးကြီးပါတယ်…။ သူတို့တွေဟာ ကျွန်တော့်ရဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ကျွန်တော့်ဘက်က ခံစားနေဖို့ လိုအပ်သလို သူတို့ဘက်ကလည်း ကျွန်တော်ဟာ သူတို့ရဲ့ လက်တွဲဖော်ကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်အဖြစ် မြင်ထားဖို့ လိုအပ်ပါတယ်..။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘောလုံးကစားနည်းစနစ်တွေဟာ ပြောင်းလဲကုန်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့ နည်းပြအဖွဲ့ဝင်တိုင်းဟာ ဘောလုံးကစားခြင်းရဲ့ ဘက်စုံ၊ ထောင့်စုံ၊ နေရာစုံမှာ အကောင်းမွန်ဆုံး၊ အပြည့်စုံဆုံး အရည်အသွေးတွေ ရှိနေရပါမယ်..။ ဒါမှလည်းပိုပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိလာအောင် တွန်းအားပေး၊ စွမ်းဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်..။

ကျွန်တော်တို့ဟာ ခေါင်းဆောင်တွေပဲ လိုအပ်ပါတယ်..။ နောက်လိုက်တွေ မလိုချင်ပါဘူး..။ ကျွန်တော်တို့ဟာ ဘက်စုံထောင့်စုံမှာ အကောင်းဆုံး ပေးဆပ်နိုင်မယ့်သူတွေ၊ အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်တဲ့သူတွေ ဖြစ်လာအောင် အစွမ်းကုန် တွန်းအားပေး၊ ကြိုးစားသွားပါမယ်..။



မေး - ဒါဆိုရင်ခင်ဗျားဟာ နည်းပြတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ပြောင်းလဲလာခဲ့သလဲ..?

‘အရင်ကထက် ပိုပြီးကောင်းမွန်လာပါတယ်.’ လို့ ပြောရမှာလား..? ‘No..’ အရေးကြီးတာက အတွေ့အကြုံတွေကို ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ်နိုင်စွမ်းရှိဖို့ ဖြစ်ပါတယ်..။ အရာရာမှာ ပိုပြီးကောင်းမွန်၊ တိုးတက်လာဖို့ သုံးသပ်မယ့် အချိန်အလုံအလောက် ရခဲ့ပါတယ်..။ ‘ပြောင်းလဲမှုဖြစ်စဉ်’ ဆိုတာ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်နေတာပါပဲ..။ အတွေ့အကြုံတွေဆိုတာ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ ဒီလိုမှမဟုတ်ရင် ‘အတွေ့အကြုံ’ ဆိုတာ အလကားပါပဲ..။

ကျွန်တော်တို့ဟာ လိုအပ်နေတဲ့အရာတွေကို မှန်မှန်ကန်ကန် ဖြည့်ဆည်းနိုင်ဖို့၊ ဝမ်းစာဖြည့်နိုင်ဖို့ အချိန်ရခဲ့ပါတယ်..။ ဒါ့ကြောင့်ကစားသမားတွေကို ပိုပြီးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်..။ ဒါ့အပြင် ကျွန်တော်တို့ဟာ တီထွင်၊ ဖန်တီးမှုတွေ ပြုလုပ်နိုင်မှလည်း ပိုပြီးကောင်းမွန်၊ တိုးတက်လာတဲ့ နည်းပြတွေလို့ ပြောနိုင်မှာပါ..။ အရာရာတိုင်းမှာရှေ့ကနေ ပြေးနေရပါမယ်..။ ဒါ့အပြင် တစ်ဘက်ကလည်း အရင်တုန်းက အတွေ့အကြုံတွေကနေ သင်ယူနိုင်ရမယ်..၊ သင်ခန်းစာတွေ ယူနိုင်ရပါမယ်..။

ကျွန်တော်တို့ဟာ အတိတ်မှာရှိခဲ့တဲ့ တန်ဖိုးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ တာဝန်ရှိပါတယ်..။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဘောလုံးကစားနည်းကို ချစ်မြတ်နိုးရတာ ဖြစ်ပါတယ်..။ ဘောလုံးကစားနည်းမှာ ခံစားမှု (emotions) တွေ ပါဝင်၊ စီးမျောနေပါတယ်..။ အဲဒီစိတ်ခံစားမှုတွေဟာ ပရိသတ်တွေဆီကပဲ ဆင်းသက်လာတာ မဟုတ်ပါဘူး..။ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်..။

ကစားသမားတွေဘက်ကလည်း သူတို့ရဲ့ခံစားမှုတွေ၊ သတင်းစကားတွေကို မျှဝေရပါမယ်..။ အသင်းတစ်သင်းဟာ သူ့ရဲ့ခံစားမှုကို ပရိသတ်ဆီ ဝေမျှရမယ်..၊ ပရိသတ်ကလည်း သူတို့ခံစားရသမျှ အသင်းဆီကို ပေးပို့နေရပါမယ်..။ ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကြားမှာလည်း အဲဒီလိုအပြန်အလှန်တွေ ရှိနေရပါမယ်..။

ကျွန်တော်တို့ဟာ ခံစားမှုတွေနဲ့ အသက်ဆက်နေရတာ ဖြစ်ပါတယ်..။ အဲဒါကြောင့် အတွေးအမြင်၊ ယူဆချက်တွေဟာ ရှင်းရှင်းလင်းလင်း ရှိနေဖို့ လိုအပ်သလို နည်းပညာသစ်တွေရဲ့ အထောက်အကူနဲ့ ကစားသမားတွေကို ပိုပြီးတိုးတက်ကောင်းမွန်တဲ့ ကိရိယာကောင်းတွေ တပ်ဆင်ပေးနိုင်ရပါမယ်..။ ဒါ့အပြင် အခြားတစ်ဘက်ကလည်း ထိခြင်း၊ မြင်ခြင်း၊ ကြားခြင်းဆိုတဲ့ လူသားတစ်ယောက်ရဲ့ အာရုံငါးပါးတွေရဲ့ တုံ့ပြန်မှုတွေကို ပြန်လည်ကြားနာနိုင်ဖို့လည်း လိုအပ်ပါတယ်..။