ချယ်လ်ဆီးအသင်း Official website က ဖော်ပြခဲ့သည့် မော်ရစ်စ်စီယို ပိုချက်တီနို ၏ တွေ့ဆုံခန်းအစီအစဉ်၊ ဒုတိယပိုင်းတွင် အပြာရောင်နည်းပြသစ်က ချယ်လ်ဆီးပရိသတ်များအတွက် သူ၏ကတိစကား၊ ပရိသတ်များနှင့် ဆက်ဆံရေး၏ အရေးကြီးပုံနှင့် စတန်းဖို့ဒ် ဘရစ်ချ်သို့ လာရောက်ခဲ့သည့် ခရီးလမ်းမှ မျှော်လင့်ချက်များကို ယခုလိုဖြည့်စွက် ပြောကြားခဲ့ပါသည်..။
မေး - မော်ရစ်စ်စီယို ရေ.. ခင်ဗျားဟာ ပြိုင်ဘက်အသင်းတွေရဲ့ မန်နေဂျာအဖြစ်နဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းနဲ့ ရင်းနှီး၊ အကျွမ်းတဝင် ရှိပြီးသားပါ..။ အခုဆိုရင် လာမယ့်ရာသီအဖွင့်ပွဲစဉ် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရာမှာ အိမ်ကွင်းဘက်အခြမ်းကို ပထမဆုံးအကြိမ် ပြောင်းလဲပြီး ထိုင်ရတော့မယ်ပေါ့..။ အဲဒီအချိန်မှာ ခင်ဗျားရဲ့စိတ်ထဲ ဘယ်လိုခံစားမှုတွေ ရှိနိုင်မလဲ..?
ပွဲကန်ရမယ့်အချိန် နီးလာတဲ့အခါ ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းလာပါလိမ့်မယ်..။ အခုအချိန်မှာတော့ အဝေးကြီးလိုပါသေးတယ်..။ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေနဲ့ အရင်ဆုံးတွေ့ရဖို့ လိုပါတယ်..။ ပြီးရင် အလုပ်တွေအများကြီး လုပ်ရပါဉီးမယ်..။ နောက်ပြီးအမေရိကန် ခရီးစဉ်ပေါ့ဗျာ..။ ပရိသတ်တွေနဲ့ အမှန်တကယ် ထိတွေ့ခွင့်ရမယ့်အချိန်တွေဟာ တကယ့်ကို မယုံနိုင်စရာပါပဲ..။
ကျွန်တော်တို့ဟာ လီဗာပူးလ်အသင်းနဲ့ ပထမဆုံး ရာသီအဖွင့် ပွဲစဉ်အတွက် အသင့်ဖြစ်နေပါလိမ့်မယ်..။ အထူးသဖြင့် အိမ်ကွင်း.. စတန်းဖို့ဒ် ဘရစ်ချ်မှာ ရာသီအဖွင့်ကို စတင်ရတာ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းပါလိမ့်မယ်..။ ပြိုင်ဘက် လီဗာပူးလ်အသင်းကလည်း တကယ့်အသင်းကောင်း တစ်သင်းဖြစ်ပြီး သူတို့အကြောင်းကို ကောင်းကောင်းသိထားပါတယ်..။
အခုအချိန်မှာ အရေးအကြီးဆုံးက စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ကျွန်တော်တို့ဟာ အပြာရောင်အသင်းစစ်စစ်အဖြစ် ပီပီပြင်ပြင် ပေါ်ထွက်လာဖို့ပါပဲ..။ ကျွန်တော်တို့ဟာ ဒီကွင်းအကြောင်း ကောင်းကောင်းသိထားတယ်..၊ ပရိသတ်ဆီက သိပ်ကိုကောင်းမွန်တဲ့ အားပေးမှုကို ရရှိလိမ့်မယ်ဆိုတာ သိထားပါတယ်..။
မေး - ခံစားချက်တွေ (emotions) နဲ့ အနိုင်ပွဲဆာလောင်စိတ် (passion) တွေဟာ ခင်ဗျားရဲ့ပြင်ပဘဝ၊ နည်းပြဘဝတွေမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပုံရပါတယ်..။ အဲဒီစိတ်ဓါတ်အင်အားကို အခြေခံပြီး ပရိသတ်တွေနဲ့ ဆက်ဆံရေးဟာ ဘယ်လိုအရေးပါတဲ့နေရာကနေ ပါဝင်နေတယ်ဆိုတာ ပြောပြနိုင်မလား..?
ပရိသတ်တွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်း သိထားပါတယ်..။ ကျွန်တော်တို့ရဲ့ အတိတ်ကအကြောင်းတွေဟာ (တော့တင်ဟမ်အသင်းနှင့်) အတိတ်မှာပဲ ကျန်ရစ်ခဲ့ပါပြီ..။ ကျွန်တော်တို့ဟာ အတိတ်မှာတုန်းက ရရှိခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူ၊ ဝမ်းမြောက်နေခဲ့မှာ ဖြစ်ပေမယ့် အခုအချိန်ဟာ အသင်းသစ်ကို ခြားနားတဲ့ပရိသတ်တွေနဲ့ တည်ဆောက်ရမယ့်အချိန် ရောက်နေပါပြီ..။
ဒါ့ကြောင့်အဲဒီလို ကျွန်တော်တို့ရဲ့ ပရိသတ်အသစ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်..။ အခုအချိန်မှာ ရရှိနေတဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေကို ဆက်လက်သယ်ဆောင်ရင်း ဆက်ဆံရေးကောင်းတွေ အမြန်ဆုံးတည်ဆောက်လိုက်ရင် အကောင်းဆုံးပါပဲ..။ ဒါဟာလည်း အသင်းကနေ ပရိသတ်ဆီကို ပေးပို့လိုက်တဲ့ သတင်းစကားတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ နားလည်ထားပါတယ်..။
ကျွန်တော်တို့ရဲ့ အသင်းဟာ စုစည်းမှုကောင်းမွန်ရမယ်..၊ ညီညွတ်မှုရှိရမယ်..၊ အသင်းအတွက်..၊ ပရိသတ်အတွက် အမြဲတမ်း ဉီးထိပ်ထားတဲ့ အသင်းဖြစ်ရမယ်..။ ဒါ့အပြင်ကျွန်တော့်အသင်းသားတွေဟာ အပြာရောင် အမှတ်တံဆိပ်အတွက် ရေကုန်ရေခမ်း အဆုံးစွန်ထိ တိုက်ပွဲဝင်ရဲတဲ့သူတွေ ဖြစ်ရပါမယ်..။ အဲဒီအချက်ဟာ အရေးအကြီးဆုံးပါပဲ..။ အသင်းရဲ့ပွဲစဉ်မှာ ပါဝင်နေတဲ့ ကစားသမားတိုင်းဟာ ကိုယ့်ရဲ့အသင်းအတွက် အသက်ကိုတောင် စွန့်လွှတ်ရဲတဲ့သူတွေဆိုတာ ယုံကြည်နေဖို့ လိုပါတယ်…။ ပရိသတ်နဲ့အသင်းရဲ့ကြားမှာ ကောင်းမွန်တဲ့ ခံစားချက်တွေရှိနေဖို့၊ တစ်ဉီးအပေါ်တစ်ဉီး ဂုဏ်ယူရတဲ့ အခြေအနေတစ်ခု တည်ဆောက်နိုင်ဖို့ အဲဒီအချက်နဲ့ ပြည့်စုံနေဖို့ လိုအပ်ပါတယ်..။
မေး- လာမယ့်ဘောလုံးရာသီအတွက် ရည်မှန်းချက်က ဘာတွေလဲ..?
‘အနိုင်ရဖို့’ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဘောလုံးပွဲတွေ ယှဉ်ပြိုင်တယ်ဆိုတာ ‘အနိုင်ရဖို့’ ပါပဲ..။ ကျွန်တော်တို့အတူတူ ပျော်ရွှင်၊ ကြည်နူးရတဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ရမယ်..၊ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အသင်းနဲ့ဆက်စပ်နေသူ အားလုံးရကြားမှာ ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေရပါမယ်..။ ဒါပေမယ့် အရေးအကြီးဆုံး ‘အနိုင်ရဖို့’ ပါပဲ..။
အနိုင်ရလဒ်ရဲ့နောက်မှာ ကောင်းမွန်တဲ့အရာတွေ တွဲလျှက်လိုက်ပါ လာပါတယ်..။ ဘောလုံးပွဲတွေ ယှဉ်ပြိုင်တယ်ဆိုတာ ‘ရလဒ်’ အတွက် ဖြစ်ပါတယ်..။ အဲဒီရလဒ်တွေကို ‘ဘယ်လိုရရှိခဲ့လဲ..?’ ဆိုတာက သီးခြားအကြောင်းအရာကိစ္စ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေဟာ ရလဒ်ကောင်းတွေ ဘယ်လိုနည်းနဲ့ ဆောင်ယူခဲ့လဲ..? ဆိုတဲ့အပေါ် ဂရုစိုက်တဲ့သူတွေလည်း ဖြစ်ကြပါတယ်…။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်..။ ထိပ်တန်းအသင်းတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရမယ်..။ ပွဲစဉ်တိုင်း၊ ရက်သတ္တပါတ်တိုင်းမှာ သားရဲတိရိစ္ဆာန်တွေလို ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ရဲရပါမယ်..။ ဒါပေမယ့် အဲဒီအရာတွေ မဖြစ်လာခင် လေ့ကျင့်ကွင်းမှာ အဲဒီလိုစိတ်ဓါတ်၊ ခံယူချက်တွေ ရရှိလာအောင် ပုံသွင်း၊ ရယူရပါလိမ့်မယ်..။
အနိုင်ပွဲတွေကို ဆာလောင်တဲ့စိတ်ဓါတ်တွေ ပြန်လည် ပေါက်ဖွားလာဖို့ဆိုရင် ကျွန်တော်တို့ဟာ မာကျော၊ ကျစ်လျစ်နေရမယ်..၊ ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်.. ဆိုတဲ့ ယုံကြည်ချက်တွေ ရှိနေရပါမယ်…။
မေး - ချယ်လ်ဆီးအသင်းနည်းပြအနေနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်ကြီးကို နောက်ဆုံးအနေနဲ့ ဘာများပြောချင်သေးတာ ရှိလဲဗျ..?
ဘာစီလိုနာမြို့မှာ ကတည်းက ချယ်လ်ဆီးပရိသတ်တစ်ချို့နဲ့ တွေ့ဖြစ်ခဲ့သလို လန်ဒန်မြို့ကို ရောက်လာချိန်မှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့ ပိုပြီးထိတွေ့ဖြစ်ခဲ့ပါတယ်..။ ပရိသတ်တွေဟာ အသင်းရဲ့အနာဂတ်အတွက် အရမ်းကိုစိတ်လှုပ်ရှားနေကြသလို ကျွန်တော်တို့လည်း သူတို့နဲ့ထပ်တူပါပဲ..။
ကျွန်တော့်ဘက်ကတော့ အစွမ်းကုန် ကြိုးစား၊ ပေးဆပ်ပါ့မယ်..၊ ဒီအသင်းနဲ့ဒီအပြာရောင်အင်္ကျီကို အဆုံးစွန်ထိ ကာကွယ် စောင့်ရှောက်သွားဖို့ ကတိပြုပါတယ်..။ ကျွန်တော်တို့ဟာ အပြာရောင်ပရိသတ်ကြီးအတွက် ဂုဏ်ယူခွင့်ရမယ့် အသင်းတစ်သင်း တည်ဆောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်သလို သူတို့အတွက် အမြဲတမ်း အလေးဂရု ထားရှိတဲ့အကြောင်းကိုလည်း သိသာစေရမှာပါ…။ ဒါတွေကတော့ ကျွန်တော့်ဘက်က ပေးနိုင်တဲ့ ကတိတွေပဲ ဖြစ်ပါတယ်.။
ချယ်လ်ဆီးအသင်းနည်းပြသစ် မော်ရစ်စ်စီယို ပိုချက်တီနို နှင့် တွေ့ဆုံခန်း အပိုင်းသစ် ဖတ်ရှုရန် link: https://myanmarchelsea.com/blog/515