အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Kenan Memorial ကစားကွင်းအတွင်း ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက Wrexham အသင်းအား ၅ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီး အသင်းနှင့်ပထမဆုံး ပွဲဉီးထွက်ပွဲတွင် အဖွင့်ဂိုးရရှိခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်းကူ အား Chelsea အသင်း Official Website က တွေ့ဆုံ၊ မေးမြန်းခွင့်ရခဲ့သည်..။
မေး - ပွဲပြီးတဲ့အချိန်မှာ ရလဒ်နဲ့ခင်ဗျားရဲ့ခြေစွမ်းအပေါ် ကျေနပ်မှုရှိရဲ့လားဗျ..?
“Yes.. သေချာတာပေါ့..။ ကျေနပ်ပါတယ်..။ ကျွန်တော်တို့အသင်းက ငါးဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ပေးဂိုးလည်း မရှိခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံး ယုံကြည်မှုတွေ ပိုပြီးရရှိခဲ့သလို နောက်လာမယ့်ပွဲအတွက် အင်အားတွေ ပိုပြီးရှိလာပါတယ်..။”
မေး - အသင်းမှာ ခင်ဗျားအပါအဝင် ကစားသမား အသစ်တွေ အများကြီးရောက်နေပါတယ်..။ သူတို့တွေနဲ့ အဆင်ပြေအောင် ဘယ်လိုပုံစံပြုမူ နေထိုင်ရတယ်ဆိုတာ ပြောပြနိုင်မလား..?
“အခုထိတော့ ချယ်လ်ဆီးအသင်းမှာ အစစအရာရာ အဆင်ပြေ ချောမွေ့နေပါတယ်..။ ရေမြေသစ်၊ ပတ်ဝန်းကျင်သစ်ကို ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် အသားကျအောင် ပြင်ဆင်၊ ပြောင်းလဲခဲ့ရတဲ့အရာတွေ ရှိပါတယ်..။ အဲဒီလိုနေသားတကျဖြစ်အောင် ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို အကောင်းဆုံး ကြိုးစား၊ လေ့ကျင့်ရပါတယ်..။ နောက်လာမယ့်အပါတ်ဆိုရင် အခုထက်ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်..။”
မေး - အမေရိကန် ပြည်ထောင်စုရဲ့ ပူပြင်းတဲ့ရာသီဥတုအောက်မှာ ကစားရတာ ခက်ခဲမှုရှိရဲ့လားဗျ..။ ပွဲရဲ့အရှိန်ကို လိုက်မှီအောင် ကစားနိုင်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ..?
“Yes.. အရမ်း.. အရမ်းကိုပူပါတယ်..။ ဒါပေမယ့် ရာသီဥတုအနေအထားကတော့ ‘ကောင်းမွန်ပါတယ်..’ လို့ ယေဘူယျ ပြောရမှာပါပဲ..။ ကျွန်တော်တို့ဟာ ခြေစမ်းပွဲတွေ ကစားဖို့အတွက်ပဲ ဒီကိုရောက်နေတယ်ဆိုတာ သိထားပါတယ်..။ နောက်လာမယ့် ပွဲစဉ်တွေမှာ အခုထက်ပိုပြီး အပေးအယူတွေ တိကျအောင် ပြင်ဆင်သွားဖို့ လိုအပ်ပါလိမ့်မယ်..။”
မေး - မန်နေဂျာ မော်ရစ္စစီယို ပိုချက်တီနို အပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပါလား..?
“သူဟာသိပ်ကို ထူးချွန်တဲ့နည်းပြ ဖြစ်ပါတယ်..။ ကျွန်တော်တို့ကိုလည်း အများကြီးအကူအညီ ပေးခဲ့ပါတယ်..။ အခုမှသူနဲ့စတင်ပြီး ဒီအသင်းမှာ လက်တွဲအလုပ်လုပ်ခွင့်ရခဲ့တာပါ..။ အစောကပြောခဲ့သလိုပါပဲ… ကျွန်တော်တို့ဟာ နောက်တစ်ပါတ်လောက်ဆိုရင် အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်လာမှာပါ..။”
မေး - ဒီနေ့ပွဲစဉ်မှာ ခင်ဗျားရဲ့ခြေစွမ်းအပေါ် ကျေနပ်၊ အားရမှု ရှိရဲ့လားဗျ..? အထူးသဖြင့် ဒုတိယပိုင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာ စိတ်တိုင်းကျခဲ့လား..?
“Yeah..! အထောင်တိုက်စစ်မှူး.. ဆိုတာ ကျွန်တော်ကစားနေကျ နေရာပါပဲ…။ တိုက်စစ်မှူးအဖြစ် ကစားရတာကို နှစ်သက်ပါတယ်..။ ဒီနေ့ပွဲဆိုရင် တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ရွှေ့လျား၊ ကစားနိုင်ခဲ့တယ်..၊ နေရာလွတ်တွေကိုလည်း ရှာဖွေနိုင်စွမ်း ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ကစားခဲ့ရတဲ့ အနေအထားအပေါ် ကျေနပ်မှု ရှိခဲ့ပါတယ်..။”
မေး - ဒီနေ့ပွဲမှာဆိုရင် ခင်ဗျားဟာ ရာဟင်း စတာလင်း နဲ့ အတော်လေး နားလည်မှုကောင်းပြီး တွဲဖက်ညီခဲ့တာ တွေ့ခဲ့ရပါတယ်..။ ရက်တိုတိုလေး အတွင်းမှာ ခင်ဗျားတို့အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်သိလာအောင် အတော်လေး ကြိုးစားခဲ့ရလားဗျ..?
“သေချာတာပေါ့..။ ကျွန်တော်က အသင်းရဲ့ကစားသမား အသစ်လေဗျာ..။ ဒါ့ကြောင့်အသင်းမှာရှိနေတဲ့ လူတိုင်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံး ဖြစ်သလို အသင်းကလူတိုင်းအကြောင်း သိထားဖို့ လိုအပ်ပါတယ်..။ အခုလိုအသင်းဖော်တွေအချင်းချင်းကြားမှာ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး နားလည်မှုကောင်းဖို့ဆိုတာ နောက်လာမယ့်ပွဲတွေအတွက်လည်း အရေးကြီးပါတယ်..။”
မေး- ဟုတ်ကဲ့ပါ..။ အခုဆိုရင် ခင်ဗျားတို့ဟာ ဘရိုက်တန်အသင်းနဲ့ပွဲအတွက် ဖီလာဒဲလ်ဖီးယားမြို့ကို မကြာခင်မှာ ထွက်ခွာရပါတော့မယ်..။ အသင်းနဲ့ကျန်ရှိနေသေးတဲ့ ရာသီကြိုပွဲစဉ်တွေအပေါ် ခင်ဗျားရဲ့အမြင် ပြောပြနိုင်မလား..?
“အခုပွဲတွေအပေါ် ကျွန်တော့်ဘက်က အကောင်းမြင်ပါတယ်..။ တစ်ပွဲပြီးတစ်ပွဲ ကျော်ဖြတ်ရင်း ကျွန်တော်တို့ဟာ အခုထက်ပိုပြီး တိုးတက်လာပါလိမ့်မယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ လေ့ကျင့်ခန်း အစီအစဉ်တိုင်းမှာ အကောင်းဆုံး ကြိုးစား၊ လေ့ကျင့်ရင်း ပွဲမှာအခွင့်အရေး ရတဲ့အချိန် အကောင်းဆုံး ခြေစွမ်းပြနိုင်ရပါမယ်..။ ရာသီကြိုပွဲစဉ်တွေ ပြီးဆုံးသွားတဲ့အချိန်ကျရင် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် အသင့်ဖြစ်နေရပါမယ်…။”