feature-image

လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ နောက်ခံလူ ‘လီဗိုင်း ကော်ဝီးလ်’

“လီဗိုင်း ကော်ဝီးလ် နဲ့ ပတ်သက်ပြီး ကြေငြာချက်တွေ ထုတ်ပြန်စရာ မရှိသလို ဘာမှလည်း ပြောစရာမရှိပါဘူး..။ သူဟာကျွန်တော်တို့ရဲ့ ကစားသမားဖြစ်ပြီး အနာဂတ်မှာ ကျွန်တော်တို့နဲ့အတူ ရှေ့ဆက်ပါမယ်…”
- မော်ရစ္စစီယို ပိုချက်တီနို

ပရီးမီးယားလိဂ် Summer Series ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို ၄ဂိုး- ၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ္စစီယို ပိုချက်တီနို က ပူပူနွေးနွေး ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) ပြိုင်ပွဲ ချန်ပီယံ အင်္ဂလန်လက်ရွေးစင် နောက်ခံလူရဲ့ ကောလဟာလ သတင်းတွေကို ခပ်မြန်မြန်ပဲ အဆုံးသတ်ခဲ့ပါတယ်..။

ဥရောပလူငယ်ပြိုင်ပွဲတစ်လျှောက်မှာ လီဗိုင်း ကော်ဝီးလ် နဲ့ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်း ခံစစ်ကြောင်းဟာ အရမ်းကိုတောင့်တင်းခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် (၆) ပွဲကစား၊ ပေးဂိုးမရှိစံချိန်မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်..။ စပိန်အသင်းနဲ့ ဗိုလ်လုပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ လီဗိုင်း ကော်ဝီးလ် ဟာ စပိန်ကစားသမား အေဘယ်လ် ရူဇ် နဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးလုရင်း ထိခိုက်မိခဲ့တာကို ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပေမယ့် အင်္ဂလန်ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကာကွယ်နိုင်ခဲ့လို့လည်း လီဗိုင်း ကော်ဝီးလ် ဟာ အခုလိုထူးခြားတဲ့ စံချိန်မှတ်တမ်းကောင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

အဲဒီပြိုင်ပွဲတစ်လျှောက်မှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းနဲ့ မနှစ်ကအဌားသွားရောက်စဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့် ဘရိုက်တန်အသင်းက စတာလင်ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်..။ ဒါ့အပြင် ဂျာဂင် ကလော့ပ် ရဲ့ လီဗာပူးလ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်.. ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်..။

အခုဆိုရင် နည်းပြမော်ရစ္စတီယို ပိုချက်တီယို ဟာ လူငယ်တွေနဲ့တည်ဆောက်နေတဲ့ အပြာရောင်အနာဂတ်သစ်မှာ အရေးပါတဲ့ ကစားသမားအဖြစ် သူ့ကိုသတ်မှတ်ထားပြီး အသင်းဘက်ကလည်း စာချုပ်သစ်ကမ်းလှမ်းဖို့ ရှိနေပါတယ်..။



ဘာကြောင့် အားလုံးကသူ့ကို သဲကြီးမဲကြီး ဖြစ်နေကြတာလဲ..?

ချယ်လ်ဆီးကို အသက် (၉) နှစ်အရွယ်မှာ စတင်ရောက်ရှိလာခဲ့တဲ့ လူငယ်အကယ်ဒမီ နောက်ခံလူဟာ နည်းစနစ်ပိုင်း အထူးကောင်းမွန်ပြီး ကျဉ်းထဲကျပ်ထဲမှာ ဘောလုံးကို အကောင်းဆုံးကိုင်ထားနိုင်တဲ့သူ ဖြစ်ပါတယ်..။ သူဟာစိတ်ရှည်တယ်..၊ သွေးအေးပြီး ဘောလုံးပေးပို့ရမယ့် အသင့်တော်ဆုံးနေရာကို ခန့်မှန်းနိုင်စွမ်း ကောင်းမွန်မှုဟာ သူ့ရဲ့အားအသာဆုံး အချက်တွေ ဖြစ်ပါတယ်..။

ပြိုင်ဘက်ကစားသမားတွေရဲ့ ဖိအားပေးမှုတွေအောက်မှာ ဘောလုံးကို လက်ခံယူရဲတယ်..၊ ဘောလုံးပေးပို့မှုတွေကို ရဲရဲဝံ့ဝံ့ ပြုလုပ်ရဲတဲ့သူ ဖြစ်ပါတယ်..။ အချက်အလက်တွေအနေနဲ့ဆိုရင် မနှစ်ကဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးဖြန့်ဝေမှု၊ ဘောလုံးပေးပို့မှု အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။ ဘောလုံးပေးပို့မှု အောင်မြင်နှုန်း (pass completed rate) မှာ သူဟာပေးပို့မှုစုစုပေါင်း (total passes) ရဲ့ (၇၅.၀၂ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာရပါတယ်..။ အဲဒီအောင်မြင်ခဲ့တဲ့ ပေးပို့မှုတွေရဲ့ (၃၅.၄၁ %) ရာခိုင်နှုန်းဟာ အရှေ့ကိုပေးတဲ့ (forward passes) ပေးပို့မှုတွေဖြစ်ပြီး ပရီးမီးယားလိဂ်တစ်ခုလုံးမှာ forward passes အောင်မြင်မှု ရာခိုင်နှုန်း အများဆုံး ရရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။

အဲဒီအချက်အလက်တွေဟာ သူ့ရဲ့အနီး၊ အဝေး ဘောလုံးပေးပို့မှုစွမ်းရည်ကို ပြသနေတာဖြစ်သလို ကော်ဝီးလ် ဟာ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေနဲ့ အချိန်ကုန်နေမှာကို မလိုလားတဲ့ ကစားသမားဖြစ်တယ်ဆိုတာ ပြသနေပါတယ်..။ ဒါ့အပြင်သူဟာ ဘယ်ခြေအားသန်တဲ့ ကစားသမား ဖြစ်နေတဲ့အချက်ဟာ လက်ရှိဘောလုံးလောကရဲ့ ဗဟိုခံစစ်မှူးတွေအတွက် အဖိုးတန်ရတနာတစ်ပါးလိုပါပဲ..။ အဲဒါကြောင့်သူဟာ ခံစစ်ကြောင်းရဲ့ ဘယ်ဘက် ဗဟိုနောက်ခံလူ (left centerback) အဖြစ် အများဆုံး နေရာယူလေ့ ရှိတာကို ပူးတွဲပါ လှုပ်ရှားမှုပြမြေပုံ (heat map) မှာ တွေ့နိုင်မှာပါ..။



ဒါ့အပြင်သူဟာ အခွင့်အရေးရရင် ခံစစ်ဇုန်ထဲကနေ ဘောလုံးနဲ့အတူ ဆွဲထွက်ဖို့လည်း ဝန်မလေးတတ်တဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ နည်းပြ ရော်ဘတ်တို ဒီဇာဘီ ဟာ ကော်ဝီးလ် ကို ဘောလုံးနဲ့အတူ ဆွဲတက်လာခိုင်းပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းအထိုင်ကို အခက်တွေ့အောင် ပြုလုပ်ခဲ့ပါတယ်..။ တိုက်စစ်ကို လိုက်ပါတတ်တဲ့ သူ့ရဲ့ရွှေ့လျားမှုတွေကြောင့် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ ကိုယ့်အသင်းက ကစားသမားတွေအတွက် နေရာလွတ်တွေ ရရှိစေနိုင်ခဲ့ပါတယ်..။

အချက်အလက်တွေအရဆိုရင် ကော်ဝီးလ် ဟာ တစ်ပွဲကိုဘောလုံးနဲ့အတူ ဆွဲတက်လာမှု/ ဘောလုံးသယ်ယူမှု (carries/ 90 min) (၂၁.၄၇) ကြိမ် ပြုလုပ်ခဲ့ပြီး မနှစ်ကဘောလုံးရာသီ  ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ထိပ်ဆုံး (၉) ယောက်မြောက် ဘောလုံးသယ်ယူမှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။  ဒါ့အပြင် ခံစစ်မှာ နေရာစုံရွှေ့လျား ကစားနိုင်ခြင်း (versatility) ဟာလည်း သူ့ရဲ့အရေးပါတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်..။ သူဟာ 3 back system မှာရော back four system မှာပါ အဆင်ပြေပြေ ကစားနိုင်စွမ်းရှိသလို ကိုယ့်အသင်းဖော်တွေရဲ့  နေရာတွေကိုပါ ဖြည့်ပြီးကစားနိုင်စွမ်း ရှိပါတယ်..။ တခါတရံမှာ တိုက်စစ်ဇုန်အထိ လိုက်ပါပြီး တိုက်စစ်ကစားသမားတွေနဲ့ ပေါင်းစပ်ခါ အခွင့်အရေးတွေကိုပါ ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်..။



သူဟာအရပ်အမောင်း (၆) ပေ၊ (၂) လက်မရှိပြီး ခန္ဓာကိုယ်‌တည်ဆောက်ပုံ တောင့်တင်း၊ ကြံ့ခိုင်မှုရှိပါတယ်..။ ဒါပေမယ့် လျှင်မြန်မှုကောင်းမွန်သလို ခွန်အားသုံးပြီး ဖျက်ထုတ်တဲ့နေရာမှာလည်း ထူးချွန်ပါတယ်..။ သူ့ရဲ့လျှင်မြန်မှု၊ ဘောလုံးလမ်းကြောင်း မှန်းဆနိုင်မှု၊ ပွဲရဲ့အခြေအနေကို မှန်းဆနိုင်မှုတွေကြောင့် မနှစ်ကဘောလုံးရာသီမှာ ပြိုင်ဘက်အသင်းရဲ့ လျှင်မြန်တဲ့ တိုက်စစ်မှူးတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို တစ်ယောက်ချင်း ထိုးဖောက်မှု (1 vs 1) တွေကိုလည်း တားဆီးနိုင်ခဲ့တာ တွေ့မိပါတယ်..။

ကော်ဝီးလ် ဟာ ခံစစ်ကစားရာမှာ ရဲရင့်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေ ဘောလုံးမရခင် ကြိုတင်ဖျက်တောက် ကစားရတာကို နှစ်ခြိုက်ပါတယ်..။ အတွေ့အကြုံ ရင့်ကျက်မှုအပိုင်းမှာ လိုအပ်ချက်ရှိပေမယ့် ခံစစ်ကစားသမား တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ (decision making ) မှန်ကန်ပြီး ပြိုင်ဘက်ကစားသမားဆီက ချိန်သားကိုက် ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်တာကို တွေ့မိပါတယ်..။

အစောက ဖော်ပြခဲ့သလို သူ့ရဲ့အနိမ့်ဘော၊ အမြင့်ဘော တစ်ဉီးချင်းဖျက်ထုတ်မှုတွေဟာ ကောင်းမွန်၊ သပ်ရပ်ပြီး ပြစ်ဒဏ်ဘောတွေ ပေးရလေ့မရှိပါဘူး.။ ဒါ့အပြင်ဘောလုံးတွေ ရှင်းထုတ်ရာမှာ (clearances) ကောင်းမွန်ပြီး အမြင့်ဘောတွေ ဖျက်ထုတ်ရင်း မိမိအသင်းဖော်တွေ တိုက်စစ်လမ်းကြောင်း ပြန်လည်စတင်နိုင်အောင် ဖန်တီးပေးတတ်ပါတယ်..။ ဒါပေမယ့် တခါတလေမှာ ခွန်အားသုံးပြီး ဖျက်ထုတ်ရာမှာ စိတ်လောကြီးသလို ဖြစ်တတ်တာကြောင့် ပြီးခဲ့တဲ့ဥရောပလူငယ်တံခွန်စိုက်ပြိုင်ပွဲ၊ ဗိုလ်လုပွဲမှာ ပင်နယ်တီ ပေးခဲ့ရသလို ဘရိုက်တန်နဲ့ပွဲမှာလည်း အန္တရာယ်မရှိတဲ့ ဖျက်ထုတ်မှုကနေ ပင်နယ်တီ ပေးခဲ့ရတဲ့အမှားကို သတိပြု၊ ပြင်ဆင်ရမှာပါ..။



လီဗိုင်း ကော်ဝီးလ် ရဲ့ အနာဂတ်…

သူဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့စာချုပ်သစ် မချုပ်ဆိုခင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို နဲ့ အသေအချာ ဆွေးနွေးမှုတွေ ပြုလုပ်ဉီးမယ်.. ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်..။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အခုလိုပြောကြားခဲ့ပါတယ်..။

“လီဗိုင်း ကော်ဝီးလ် နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်..။ ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ပေမယ့် ဘာတွေဆွေးနွေးခဲ့လဲ.. ဆိုတာ သီးခြားလျှို့ဝှက်ထားပါမယ်..။ ဒါပေမယ့် အရေးကြီးတဲ့အချက်က အနာဂတ်အတွက် ကျွန်တော်တို့ဘာတွေ စဉ်းစားနေတယ်ဆိုတာ သူတို့ဘက်က ကောင်းကောင်းသိထားပါတယ်..။”

ချယ်လ်ဆီးအသင်းနဲ့ မော်ရစ္စစီယို ပိုချက်တီနို တို့ကတော့ အခုနှစ်ဘောလုံးရာသီမှာ သူ့ကိုရောင်းချဖို့ အစီအစဉ် လုံးဝမရှိတဲ့အကြောင်း ယတိပြတ်ပြောထားပေမယ့် ပုံမှန်ကစားခွင့်ရရှိချင်နေတဲ့ ကော်ဝီးလ် ကတော့ ပိုချက်တီနို ရဲ့ အစီအစဉ်ထဲမှာ သူ့အတွက် နေရာတစ်နေရာ အာမခံချက်ရှိ၊ မရှိ သိချင်နေပါတယ်..။ တခြားဘက်မှာ အသင်းဟောင်း ဘရိုက်တန်ကလည်း ဉရောပပြိုင်ပွဲတွေအတွက် အသင်းရဲ့အင်အားကို ပိုပြီးတိုးတက်အောင် ကြိုးစားနေချိန်မှာ သူ့ကိုခေါ်ယူနိုင်ဖို့.. ဆိုတဲ့ခြေလှမ်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်..။ အဲဒီနှစ်သင်းအပြင် သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေ အများကြီးရှိနေပါသေးတယ်..။



ဇွန်လအတွင်းက အင်္ဂလန်အသင်းဟာ မော်လ်တာ၊ မြောက် မက်ဆီဒိုးနီးယားအသင်းတွေနဲ့  ယှဉ်ပြိုင်ရမယ့် ၂၀၂၄ ခုနှစ်၊ ဥရောပဖလား ခြေစစ်ပွဲစဉ်တွေအတွက် ပြင်ဆင်နေချိန်မှာ နည်းပြဂါးရတ် ဆောက်ဂိတ် ဟာ ကော်ဝီးလ် ကို အသင်းနဲ့အတူ လေ့ကျင့်စေခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ပုံမှန်ကစားခွင့်ရရှိပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင် သူဟာ ၂၀၂၄ ခုနှစ်၊ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းမှာ ရွေးချယ်ရနိုင်တယ်ဆိုတာ သိထားပါတယ်..။

လက်ရှိအချိန်မှာတော့ လီဗိုင်း ကော်ဝီးလ် ဟာ ဘရိုက်တန်အသင်းကို ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိအောင် အဓိကနေရာကနေ ပါဝင်ပေးခဲ့သလို ပြီးခဲ့တဲ့ဇွန်လမှာလည်း အင်္ဂလန်လူငယ်အသင်းကို ၁၉၈၄ ခုနှစ်နောက်ပိုင်း ဥရောပလူငယ်ချန်ပီယံ ပြန်လည်ဆွတ်ခူးနိုင်အောင် အဓိကနေရာက ပါဝင်၊ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူဟာ အဲဒီအောင်မြင်မှု၊ မှတ်တမ်းကောင်းတွေနဲ့အတူ ကော့ဘ်ဟမ် အကယ်ဒမီထွက်.. ဆိုတဲ့ ရေခံမြေခံကောင်း၊ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ခြေစွမ်းနဲ့ အတွေ့အကြုံ၊ နည်းစနစ်ပိုင်း မြင့်မားမှုနဲ့ ထူးခြားတဲ့ ဘောလုံးဖြန့်ဝေမှု စွမ်းရည်တွေကြောင့် အသင်းတိုင်းက လိုချင်နေတဲ့ လူငယ်သွေးသစ် နောက်ခံလူတစ်ယောက်အဖြစ် ၂၀၂၃/၂၄ ဘောလုံးရာသီကို စတင်ဖို့ ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။    

(Sky Sports မှ ဆောင်းပါးရှင် Dam Sansom ၏ ‘Levi Colwill: Why Chelsea defender has potential to be special after starring for Brighton and England U21s’ ဆောင်းပါးကို မှီငြမ်း၊ ရေးသားပါသည်..။)