“ကျွန်တော်ဟာ အသက် (၁၇) နှစ်ပြည့်ပြီးတာနဲ့ ချယ်လ်ဆီးအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရလိမ့်ယ်လို့ ယုံကြည်၊ မျှော်လင့်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီ ‘မျှော်လင့်ချက်တွေ..’ အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးပေးမယ့်အရာတွေ ရှိရမယ်..၊ ဖြစ်ထွန်းလာနိုင်မယ့် အလားအလာတွေရှိနေဖို့လည်း လိုအပ်ပါလိမ့်မယ်..။ ဒါ့ကြောင့် ကျွန်တော်ဟာ အခွင့်အရေးရလာခဲ့မယ်ဆိုရင် အဲဒီပွဲထွက်ခွင့်ဟာ ခဏလေးနဲ့ ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ နေ့စဉ်နေတိုင်း ဆုတောင်းနေခဲ့ပါတယ်..။”
ဟော်လန်မြေက ရောက်လာခဲ့တဲ့ အသက် (၁၆) နှစ်အရွယ် လူငယ်လေးတစ်ယောက်ဟာ ချယ်လ်ဆီးမဂ္ဂဇင်းနဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့မျှော်လင့်ချက်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့ စကားတွေပဲ ဖြစ်ပါတယ်..။ အဲဒီလိုပြင်းပြတဲ့ယုံကြည်မှုတွေကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာတော့ သူ့ရဲ့မျှော်လင့်ချက်၊ ဆန္ဒတွေ ပြည့်မြောက်ခဲ့ပါတယ်..။
Carabao ဖလားပြိုင်ပွဲ၊ တတိယအဆင့်ပွဲစဉ်အဖြစ် ဂရင်စ်ဘီ တောင်းအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲစဉ်မှာ နည်းပြဖရန့် လမ်းပတ် ဟာ အီယန် မတ်ဆန် ကို လူးစားဝင် ကစားသမားအဖြစ် ဒုတိယပိုင်းမှာ စတင်ကစားခွင့် ပေးခဲ့ပါတယ်..။ အဲဒီအချိန်က သူဟာ အသက် (၁၈) နှစ်ပြည့်ဖို့ (၆) လလိုသေးတာဆိုတော့ ချယ်လ်ဆီးအသင်းကို ရောက်လာခါစမှာ ချမှတ်ထားခဲ့တဲ့ သူ့ရဲ့ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်ခဲ့တယ်လို့ ပြောရမှာပါပဲ..။
ချယ်လ်ဆီးအသင်းက ၇ဂိုး- ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အီယန် မတ်ဆန် ဟာ (၂၅) မိနစ် ကစားခွင့်ရခဲ့သလို ရိစ် ဂျိမ်းစ်၊ တီနို အန်ဂျိုရင် နဲ့ မာ့ခ် ဂူဟီ တို့တွေလည်း သူနဲ့အတူ အသင်းကြီးပွဲထွက်ခွင့် ရရှိခဲ့ကြပါတယ်..။ အခုဆိုရင် သူဟာအဌားထွက်ခွာခဲ့တဲ့ အသင်းတွေနဲ့ အပါအဝင် အသင်းကြီးအဆင့် ပွဲပေါင်း (၁၂၅) ပွဲ ကစားခဲ့ပြီးဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ကစားခွင့်ရတဲ့နေ့ကို အခုအချိန်ထိ ပြက်ပြက်ထင်ထင် မှတ်မိနေသေးတဲ့အကြောင်း ပြောပြပါတယ်..။
“အချိန်တွေကုန်သွားတာ သိပ်ကိုမြန်ဆန်လွန်းလှပါတယ်..။ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ဒီအသင်းအတွက် ကစားခွင့်ရချင်တဲ့ စိတ်ဆန္ဒတစ်ခုပဲ ရှိခဲ့ပါတယ်…။ အဲဒီအသက်အရွယ်၊ အနေအထားနဲ့ ကျွန်တော်ဟာ အသင်းကြီးအတွက် အသင့်မဖြစ်သေးဘူးဆိုတာ လက်သင့်ခံဖို့ ခက်ခဲခဲ့ပါတယ်..။ အများကြီးတိုးတက်အောင် ကြိုးစားဖို့ လိုအပ်နေသေးတယ်ဆိုတာကိုတော့ သိထားခဲ့ပါတယ်..။
အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဒီအသင်းအတွက် အမြင့်ဆုံးအဆင့်မှာ ကစားပေးဖို့ အသင့်ဖြစ်နေပြီဆိုတာ သက်သေပြချင်စိတ် ပြင်းပြခဲ့သလို အခုအချိန်မှာ ကျွန်တော်ဟာ အဲဒီရည်မှန်းချက်ကို ပြည့်ဝအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ..။”
လူငယ်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ကစားသမားဘဝမှာ မှန်ကန်တဲ့လမ်းကြောင်း (pathway) အတိုင်း လျှောက်လှမ်းနိုင်ပါမှ သူတို့မျှော်မှန်းထားတဲ့ အသင်းကြီးကစားသမားအဖြစ် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်..။ ကစားသမား တစ်ယောက်ချင်းစီဟာ ကိုယ်စီတိုးတက်မှုအတွက် မတူညီတဲ့ လမ်းကြောင်းတွေနဲ့ အသီးသီး လျှောက်လှမ်းခဲ့ကြသလို အီယန် မတ်ဆန် ဟာ Carabao ဖလားပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီးနောက်ပိုင်း လိဂ်ဝမ်းပြိုင်ပွဲဝင် ချာလ်တန် အက်တလက်တစ်အသင်း၊ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဘန်လေ အသင်းတို့နဲ့အတူ တစ်ဆင့်ချင်း တက်လှမ်းခဲ့ပါတယ်..။ သူပါဝင်ခဲ့တဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ခွင့်ရခဲ့သလို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ‘တစ်နှစ်တာ အကောင်းဆုံးအသင်း (Team of the Season)’ မှာပါ ရွေးချယ်ခံခဲ့ရပါတယ်..။
“အဲဒီအချိန်က ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကြီးမှာ ကစားရမယ့်အချိန် မရောက်သေးပါဘူး..။ ဒါ့ကြောင့်တခြား တစ်နေရာကို သွားရောက်ပြီး အမြဲတမ်းတိုးတက်နေဖို့၊ သင်ယူခွင့်ရပြီး ပတ်ဝန်းကျင် အခြေအနေတွေ၊ ပြိုင်ပွဲတွေရဲ့ အနေအထားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်အောင် ကြိုးစားခွင့်ရခဲ့ပါတယ်..။ အဌားသွားရောက်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်..။
အသင်းကိုစတင်ရောက်လာခါစ အချိန်ကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော့်ရဲ့ ကစားပုံဟာ တိုးတက်လာခဲ့သလို ကွင်းပြင်ပ လူနေမှုဘဝမှာလည်း ပိုမိုပြီးရင့်ကျက်တဲ့သူအဖြစ် ပြောင်းလဲခွင့်ရခဲ့ပါတယ်..။ ဒီလိုနည်းအားဖြင့် ကျွန်တော်ဟာ ကိုယ့်အတွက် ပိုမိုကောင်းမွန်နိုင်မယ့် ရွေးချယ်ခွင့်တွေကို စဉ်းစားနိုင်လာသလို ဘယ်လိုအရာတွေကို လက်ခံရမယ်..၊ ဘယ်လိုအဆင့်မျိုး ရှိနေရမယ်ဆိုတာတွေကို သတ်မှတ်နိုင်လာခဲ့ပါတယ်..။”
ဘန်လေအသင်းကို အီယန် မတ်ဆန် အဌားသွားရောက်စဉ်က သူ့ကိုအနီးကပ် ပြုစု၊ ပျိုးထောင်ပေးခဲ့တဲ့ နည်းပြတစ်ဉီးဖြစ်သူ အန်ဒီ မိုင်ယားစ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ယောက်ဖြစ်ခဲ့သလို ချယ်လ်ဆီးလူငယ် (အသက် ၂၁ နှစ်အောက်) အသင်းမှာတုန်းကလည်း သူ့ကိုနည်းပြအဖြစ် တာဝန်ယူခဲ့ရဖူးပါတယ်..။ ဒါ့ကြောင့်ဒတ်ချ်လူငယ် ကစားသမားရဲ့ တိုးတက်မှုကို သူ့လောက်အသေးစိတ် သိရှိမယ့်သူ ရှိနိုင်မှာ မဟုတ်ပါဘူး…။ နည်းပြမိုင်ယားစ် ဟာ အီယန် မတ်ဆန် ရဲ့ ကွင်းတွင်းခြေစွမ်းကိုသာမက သူ့ရဲ့ခံယူချက်၊ အပြာရောင်စိတ်ဓါတ်၊ အသင်းအတွက် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်ချင်စိတ်တွေကိုပါ ရိုက်သွင်း၊ မောင်းနှင်ပေးနိုင်ခဲ့ပါတယ်..။
“ကျွန်တော် (အန်ဒီ မိုင်ယားစ်) နဲ့ ဂျွန် ဟာလေ (ချယ်လ်ဆီး အကယ်ဒမီနည်းပြနှင့် ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူဟောင်း) တို့ဟာ အီယန် မတ်ဆန် နဲ့ အနီးကပ်အရှိဆုံး နည်းပြတွေလို့ ပြောရမှာပါပဲ..။ ကျွန်တော်တို့ဟာ သူနဲ့အရမ်းကို ချစ်ခင်၊ ရင်းနှီးကြပါတယ်..။ သူဟာအရမ်းကို လျှို့ဝှက်တတ်တဲ့သူ၊ တည်တည်ငြိမ်ငြိမ် နေတတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့မျက်နှာသွင်ပြင်ကိုကြည့်မယ်ဆိုရင် ပျော်ရွှင်နေလား? ဝမ်းနည်းနေလား? မှန်းဆလို့မရနိုင်ပါဘူး..။ သူ့ရဲ့မျက်နှာကိုကြည့်ပြီး အကဲဖမ်းရဖို့ ခက်ခဲပါတယ်..။
ဒါပေမယ့် သူဟာဘောလုံးကစားနည်းကို ချစ်မြတ်နိုးသလို လေ့ကျင့်ခန်းတိုင်းမှာ အားသွန်ခွန်စိုက်၊ မခိုမကပ် ကြိုးစားလေ့ကျင့်တယ်..၊ ပွဲကန်တဲ့အချိန်တွေမှာ လေ့ကျင့်ကွင်းက ခြေစွမ်းအတိုင်း တသွေမတမ်း ကစားပြနိုင်လေ့ ရှိပါတယ်..။ ဒါ့အပြင် ခံနိုင်ရည်အင်မတန် ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ လဲကျတာပဲဖြစ်ဖြစ်၊ အမှားအယွင်း ကျူးလွန်မိတာပဲဖြစ်ဖြစ် ခံယူချက်ကောင်းကောင်းနဲ့ ကြိုးစား၊ ပြင်ဆင်တတ်တဲ့သူလည်း ဖြစ်ပါတယ်..။”
အန်ဒီ မိုင်ယားစ် ဟာ မတ်ဆန် ရဲ့ နေရာစုံကစားနိုင်စွမ်းရည် (versality) ကိုလည်း အထူးဂရုပြု ရည်ညွှန်းခဲ့သလို ဒတ်ချ် လူငယ် ကစားသမားလေးဟာ နည်းပြတွေရဲ့ ခြားနားလှတဲ့ နည်းစနစ်တွေ၊ ချဉ်းကပ်ပုံတွေ၊ မတူညီတဲ့ အသင်းတွေမှာ နေရာအစုံ ပြောင်းလဲကစားနိုင်အောင် သင်ယူခဲ့ပုံတွေကို အခုလိုပြောပြခဲ့ပါတယ်..။
“ချယ်လ်ဆီးလူငယ် အကယ်ဒမီမှာ သူ့ကိုနည်းပြခဲ့ရတဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ နောက်ခံလူတွေကို အတွင်းကိုဝင်ပြီး ကစားရတဲ့ နည်းစနစ် (inverted full back) ကို အာရုံစိုက် လေ့ကျင့်ခဲ့ကြပါတယ်..။ ဘန်လေအသင်းနဲ့ မနှစ်ကဘောလုံးရာသီမှာလည်း အဲဒီပုံစံအတိုင်း ပွဲအတော်များများ ကစားခဲ့ရပါတယ်..။
မတ်ဆန် ဟာ အမြဲတမ်း ကြိုးကြိုးစားစား လေ့လာ၊ သင်ယူတတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ဘောလုံးအခြေခံ လေ့ကျင့်ခန်းတွေကိုလည်း ကျိုးကျိုးနွံနွံနဲ့ လေ့ကျင့်လေ့ရှိပါတယ်..။ တကယ်တော့ ကစားသမား တစ်ယောက်ဟာ အခြေခံပိုင်နိုင် ကျွမ်းကျင်နေမယ်ဆိုရင် နောက်တစ်ဆင့် တိုးတက်မှုတွေကို လွယ်လွယ်ကူကူ ရရှိနိုင်ပါတယ်..။
ကွန်ဗင်ထရီ အသင်းကို အဌားသွားရောက်စဉ်က သူဟာ wing back အဖြစ် ကစားခဲ့ရသလို ချာလ်တန်အသင်းမှာလည်း wing back အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီ၊ ဘန်လေအသင်းမှာတော့ သူအနှစ်သက်ဆုံးနေရာမှာ ကစားခွင့်ရခဲ့တယ်လို့ ထင်ပါတယ်..။ ဒါ့အပြင် ဘန်လေအသင်းရဲ့ ကစားပုံဟာ သေသပ်၊ ညက်ညောပြီး မတ်ဆန် ဟာ ဂိုးတွေသွင်းနိုင်၊ ဂိုးတွေဖန်တီးပေးနိုင်ခဲ့သလို သူ့ရဲ့တိုးတက်တဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ရပါတယ်..။”
ချယ်လ်ဆီးအသင်းရဲ့ လူငယ်ဖွံ့ဖြိုးရေးဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျင် ဖရေဇာ ကလည်း ဒတ်ချ်လူငယ် ကစားသမားလေးရဲ့ နေရာစုံကစားနိုင်တဲ့ စွမ်းရည်ကို လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ အချိန်ကတည်းက သတိပြုမိခဲ့ကြောင်း ပြောပြခဲ့ပါတယ်..။
“အီယန် ကို ဟော်လန်လူငယ်လက်ရွေးစင် (အသက် ၁၅ နှစ်အောက်) အသင်းနဲ့အတူ ကျွန်တော်တို့ ပထမဆုံး ရှာဖွေ၊ တွေ့ရှိတဲ့အချိန်တုန်းက သူဟာကွင်းလယ် ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်နောက်ခံလူနေရာကို ဉီးစားပေး ရှာဖွေနေတဲ့အချိန်လည်း ဖြစ်ပါတယ်..။ သူ့ရဲ့ခြေစွမ်းကို စိတ်ဝင်စားခဲ့တာကြောင့် ဂရုစိုက်ပြီး အသေးစိတ် လေ့လာချိန်မှာ သူဟာနိုင်ငံအသင်းမှာ ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူတွေအဖြစ်နဲ့လည်း ကစားခဲ့တာကို တွေ့ရှိခဲ့ပါတယ်..။
သူဟာစွယ်စုံရ ကစားသမားတစ်ယောက် ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပြီး ‘ကျွန်တော်တို့ဟာ ကွင်းလယ်၊ ဘယ်နောက်ခံလူ၊ left wing back နေရာတွေအပြင် ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားပေးနိုင်တဲ့ လူငယ်သွေးသစ် တစ်ယောက်ကို ရှာဖွေ၊ တွေ့ရှိခဲ့ပြီ..’ ဆိုပြီး အသင်းဘက်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ သတင်းပို့နိုင်ခဲ့ပါတယ်..။
အင်္ဂလိပ်ပွဲတွေရဲ့ ကစားပုံအရ သူ့ကိုဗဟိုခံစစ်မှူးအဖြစ် ကစားခိုင်းလို့ မရနိုင်လောက်ဘူးဆိုတာ မှန်းဆမိပါတယ်..။ ဒါပေမယ့် back three ခံစစ်အထိုင်ရဲ့ ဘယ်နောက်ခံလူ (left center back) အဖြစ် ကစားပေးနိုင်မယ်ဆိုတာက သူ့ရဲ့အားသာချက်တစ်ခု ဖြစ်လာခဲ့ပါတယ်..။
အီယန် ဟာ အခုဆိုရင် အဌားချကစားသမားအဖြစ် ဘောလုံးရာသီ သုံးရာသီဖြတ်သန်းပြီး ဖြစ်သလို တကယ့်ပွဲကြီး အတွေ့အကြုံ ပွဲပေါင်း (၁၂၀) ကျော် ရရှိခဲ့ပြီးဖြစ်ပါတယ်..။ ကျွန်တော်တို့ သူ့ကိုစတင် သတိပြုမိခဲ့တဲ့ အသက် (၁၄) အရွယ်ကနေ အခုထိသူဟာ နေရာစုံ ကစားပေးနိုင်၊ အသင်းအတွက် လိုအပ်တဲ့ နေရာမှာ အသုံးတော်ခံပေးနိုင်ခဲ့ပြီး အခုဆိုရင် အသင်းကြီးမှာ ‘No.10’ နေရာ၊ တောင်ပံကစားသမား (winger) တစ်ယောက်အဖြစ် ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ပေးခဲ့ပါတယ်..။ အဲဒါဟာ သူ့ရဲ့ပင်ကိုယ် အရည်အသွေးနဲ့ ပါရမီထူးချွန်မှုကို ပြသနေတာပါပဲ..။”
အီယန် မတ်ဆန် ဟာ အဌားချကစားသမားအဖြစ် စတင်ထွက်ခွာရတော့မယ့်အချိန်မှာ ဘယ်လိုကစားနည်းစနစ်မဆို အံဝင်အောင် ကစားပေးနိုင်တဲ့ အရည်အသွေး ရှိနေပေမယ့် အသက် (၁၇) နှစ်အရွယ် လူငယ်လေး တစ်ယောက်အနေနဲ့ လိဂ်ဝမ်းပြိုင်ပွဲဝင် ချာလ်တန်အသင်းက ဝါရင့်ကစားသမားတွေ ရှိနေတဲ့ အဝတ်လဲခန်းထဲကို စတင်ဝင်ရောက်ရတာ မလွယ်ကူခဲ့ပါဘူး..။ ဒါ့အပြင် အဲဒီအချိန်က သူဟာအင်္ဂလန်မြေကို အခြေချခဲ့တာ (၁၈) လပဲ ရှိနေပါသေးတယ်..။
“ချာလ်တန်အသင်းရဲ့ အဝတ်လဲခန်းထဲကို ရောက်တဲ့အချိန်မှာ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီနဲ့ မတူပဲ တကယ့်ကို ခြားနားတဲ့ လူကြီးတွေနဲ့ စတင်၊ တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်..။ နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ..။ ချယ်လ်ဆီးအသင်းမှာက အထောက်အကူ ကိရိယာတွေအစ အားလုံးဟာ အကောင်းဆုံး၊ အဆင့်အမြင့်ဆုံး ပစ္စည်းတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့အတွက် သက်တောင့်သက်သာ ရှိခဲ့ပါတယ်..။ အဲဒီလိုအနေအထားကနေ အပြင်ကိုထွက်ပြီး အတွေ့အကြုံသစ် ရှာမှီးတဲ့အခါ ကိုယ်တစ်ယောက်ထဲနဲ့ အစစအရာရာကို ရင်ဆိုင်၊ ဖြေရှင်းခဲ့ရပါတယ်..။
ကျွန်တော်ဟာ ငယ်စဉ်တုန်းက တခြားသူတွေနဲ့ စကားသိပ်ပြီး ပြောလေ့မရှိသလို အခြားသူတွေရဲ့ ကိစ္စရပ်တွေကိုလည်း စိတ်မဝင်စားခဲ့ပါဘူး..။ ဒါပေမယ့် အပြင်ကိုရောက်သွားတဲ့အခါ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျော၊ ညီထွေရှိဖို့ ပြင်ဆင်ခဲ့ရပါတယ်..။ ဒါဟာကျွန်တော့်ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပြီး အဲဒီအတွေ့အကြုံအတွက် အထူးကျေးဇူးတင်မိပါတယ်..။”
လူငယ်ကစားသမား အီယန် မတ်ဆန် အနေနဲ့ နွေရာသီကာလကို ရောက်လာတိုင်း သူ့ရဲ့တိုးတက်မှုအတွက် ခြေလှမ်းသစ်တွေကို ရှာဖွေရပါတယ်..။ ချာလ်တန်အသင်းနဲ့ လိဂ်ဝမ်းပြိုင်ပွဲမှာ အတွေ့အကြုံ ရှာမှီးခဲ့ပြီးနောက် သူဟာနောက်ထပ်တစ်ဆင့်တက်ပြီး ကွန်ဗင်ထရီ အသင်းကို အဌားသွားရောက်ဖို့ ရွေးချယ်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့နွေရာသီမှာတော့ ကမ်းလှမ်းမှုတွေ အများအပြား ရရှိခဲ့တဲ့အထဲက ပရီးမီးယားလိဂ်ကနေ ပူပူနွေးနွေး တန်းဆင်းလာခဲ့တဲ့ ဘန်လေအသင်းကို ရွေးချယ်ခဲ့ပါတယ်..။
“တခြားအသင်းတွေကို သွားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အရည်အသွေးကောင်းပြီး မြင့်မားတဲ့ ရည်မှန်းချက်ရှိတဲ့ အသင်းတစ်သင်းနဲ့ နောက်ထပ်တစ်နှစ်လောက် ဆက်ပြီးနေချင်တဲ့ဆန္ဒ ဖြစ်ပေါ်ခဲ့ပါတယ်..။ ဘန်လေအသင်းရဲ့ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ချက်ချင်းပြန်လည် တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်..။ ဒါဟာကျွန်တော့်အတွက် ခြားနားတဲ့ ဖိအားတစ်ခု ဖြစ်လာခဲ့ပါတယ်..။
ဒါ့အပြင် ကျွန်တော်ဟာ ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုတွေ၊ မီဒီယာတွေရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေကို ရင်ဆိုင်ချင်တဲ့အတွက် ဘန်လေအသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။”
သူဟာ Turf Moor ကွင်းမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယမ် အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီ နဲ့ ဆုံစည်းခဲ့ရပါတယ်..။ ဘယ်လ်ဂျီယမ် နည်းပြကြီးဟာ ပွဲတွေကို အရှိန်အဟုန်အပြည့်နဲ့ ချဉ်းကပ်ဖို့ ကစားသမားတွေကို ညွှန်ကြား၊ တွန်းအားပေးလေ့ရှိပြီး လူငယ်ကစားသမားလေးအတွက် ထိရောက်တဲ့ တိုးတက်မှုကို ရရှိစေခဲ့တဲ့အကြောင်း ယခုလိုပြန်ပြောင်း ပြောပြခဲ့ပါတယ်..။
“ဗင်းဆင့် ဟာ ကျွန်တော့်ကို သီးခြားအချိန်ပေးပြီး ဆွေးနွေးတယ်..၊ video clips တွေပြပြီး အပြန်အလှန် ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်..။ သူဟာကျွန်တော့်ကို အစွမ်းကုန် တွန်းအားပေး၊ မောင်းနှင်ပေးတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ဘောလုံးအကြောင်းအပြင် ပြင်ပလူနေမှုအကြောင်းတွေ၊ ဘယ်လိုအရာတွေ ရရှိချင်တဲ့အကြောင်းတွေပါ ဆွေးနွေး၊ တိုင်ပင်ဖြစ်ပြီး သူနဲ့ဆွေးနွေးမှုတွေဟာ ကျွန်တော့်အတွက် အထောက်အကူ အများကြီးဖြစ်ခဲ့ပါတယ်..။
‘မင်းဟာဒီနှစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောက်နှစ်ကျရင် ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့် ရောက်သွားနိုင်ပါတယ်..။ ဒါပေမယ့် ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် တစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းမွန်၊ တိုးတက်နေရပါမယ်..။ ရာသီကုန်ချိန်ကျရင် ကိုယ့်ရဲ့တိုးတက်မှုကို ဂရပ်ဖ်ဆွဲပြီး နှိုင်းယှဉ်ကြည့်လိုက်ပါ..။ နောက်ပြီးကိုယ့်ကိုယ်ကို ဘာတွေတိုးတက်လာခဲ့လဲ..? မညှာမတာ သုံးသပ်၊ ပိုင်းခြားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..’ ဆိုပြီး သူကကျွန်တော့်ကို အမြဲတမ်း အကြံပေးခဲ့ပါတယ်..။”
အီယန် မတ်ဆန် ဟာ အဲဒီအကြံဥာဏ်အတိုင်း လိုက်နာ၊ ကျင့်ကြံခဲ့ပြီး အရာရာကို အလေးအနက်ထားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဒီနှစ်ရာသီကြိုခရီးစဉ်၊ ပထမဆုံးပွဲအဖြစ် Wrexham အသင်းနဲ့ပွဲစဉ်မှာ သူဟာနှစ်ဂိုးသွင်းနိုင်ခဲ့သလို ပထမအဖွင့်ဂိုး ရရှိချိန်မှာ သူ့ရဲ့အားပါးတရ အောင်ပွဲခံခဲ့တဲ့ ဓါတ်ပုံဟာ ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ အကောင်းဆုံးဓါတ်ပုံ ဖြစ်ခဲ့ပါတယ်..။ ရာသီအကြိုခြေစမ်းပွဲစဉ် ဖြစ်ပေမယ့် သူ့ရဲ့အားပါတရ အောင်ပွဲခံခဲ့တဲ့ဟန်ပန်ကို ကြည့်မယ်ဆိုရင် အဲဒီပွဲစဉ်အပေါ် သူဟာဘယ်လောက်တောင် အလေးထား အာရုံစိုက်ထားခဲ့လဲ..? ဆိုတာ ပေါ်လွင်နေခဲ့ပါတယ်..။
“အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အချိန်မှာ ရာသီကြိုပွဲစဉ်၊ ခြေစမ်းပွဲစဉ်.. ဆိုပေမယ့် ကျွန်တော့်အတွက် အများကြီးစိတ်သက်သာရာ ရခဲ့ပါတယ်..။ အသက် (၁၆) နှစ်အရွယ်နဲ့ ဒီကိုစတင် ရောက်ရှိလာခဲ့တဲ့အချိန်ကနေစပြီး ကြိုးစားပေးဆပ်ခဲ့သမျှတွေအတွက် ပြန်လည်ရရှိခဲ့တဲ့ ဆုလာဘ်အဖြစ် ခံစားခဲ့ရပါတယ်..။ အဲဒီအခိုက်အတန့်မှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့မဆုံးခဲ့ပါဘူး..။
ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းဟာ လူသစ်၊ စိတ်သစ်တွေနဲ့ အားလုံးအသစ်ကနေ ပြန်လည်စတင်နေပါတယ်..။ ဒါဟာအသင်းအတွက် စိန်ခေါ်မှုအသစ် ဖြစ်သလို ကျွန်တော်တို့ လူငယ် ကစားသမားလေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးရင်း ချယ်လ်ဆီးအသင်းကို အမြင့်ဆုံးအဆင့်ကို ပြန်လည်ရောက်ရှိဖို့၊ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိဖို့ အကောင်းဆုံး ကြိုးစား၊ မောင်းနှင်နေကြပါတယ်..။
ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် လူငယ်သွေးသစ် ကစားသမားတွေ အများကြီးရှိနေပါတယ်..။ လက်ရှိအသင်းဟာ ကျွန်တော်သိဖူးသမျှထဲမှာ ပျမ်းမျှအသက်အငယ်ဆုံး ချယ်လ်ဆီးအသင်း ဖြစ်နိုင်သလို ကျွန်တော်တို့အချင်းချင်းကြားမှာ ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်နေပါတယ်..။
ကစားသမားတိုင်းဟာ အကောင်းဆုံး ပေးဆပ်၊ လေ့ကျင့်နေကြပြီး လူတိုင်းဟာ စိန်ခေါ်မှုတိုင်းအတွက် အသင့်ရှိနေပါတယ်..။ ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့စိတ်ကို မှန်မှန်ကန်ကန်ထားရှိပြီး တစ်ရက်ထက်တစ်ရက် ပိုမိုတိုးတက်အောင်၊ ရှိရင်းစွဲ အဆင့်အတန်းထက် လျော့ကျမသွားအောင် အထူးအာရုံစိုက် ကြိုးစားသွားရမှာပါ..။
ကျွန်တော်တို့အားလုံးဟာ ပြီးပြည့်စုံနေတဲ့သူတွေ မဟုတ်တာကြောင့် ခက်ခဲတဲ့နေ့တွေကို ရင်ဆိုင်ကြရပါဉီးမယ်..။ ဒါပေမယ့် အဲဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်၊ ကြုံတွေ့ခဲ့ရင်လည်း အရင်ကတည်းက ကျော်ဖြတ်ခဲ့ရတဲ့ ပုံစံအတိုင်း မလျော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရီယ၊ အားထုတ်မှုတွေနဲ့ ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ဖို့ သန္နိဌာန် ချထားပါတယ်..။”
(Chelsea အသင်း၏ AFC ဝင်ဘယ်လ်ဒန် အသင်းနှင့် Carabao ဖလားပွဲစဉ်တွင် ဖြန့်ချီခဲ့သော matchday programme တွင် ဖော်ပြခဲ့သော ‘The making of Maatsen’ ဆောင်းပါးကို ပြန်ဆို ရေးသားပါသည်..။)