feature-image

‘ဝင်စတန်လေ & စတီးဝပ်’- ချယ်လ်ဆီးအသင်း အားကစား ဒါရိုက်တာများနှင့် တွေ့ဆုံခြင်း

တနင်္ဂနွေနေ့ ညနေခင်းတစ်ခုရဲ့ နေရောင်ပြပြဟာ ဝင်စတန်လေ နဲ့ စတီးဝပ် တို့ရဲ့ အလုပ်စားပွဲပေါ်ကို နွေးထွေးစွာ ကျရောက်နေပါတယ်..။ သူတို့နှစ်ယောက်ကို အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ရှိနေတဲ့ပုံ မြင်တွေ့ နေရပေမယ့် ရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ ကြီးမားခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ကာလ ဖိအားတွေရဲ့ အရိပ်အရောင်တွေတော့ ကျန်နေရစ်ခဲ့ပုံရပါတယ်..။

ပေါလ် ဝင်စတန်လေ ဟာ ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးအသင်းကို မနှစ်ဒီဇင်ဘာလက ရောက်ရှိလာခဲ့ပြီး လောရင့်စ် စတီးဝပ် ကတော့ ဖေဖော်ဝါရီလမှာ မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ယောက် တာဝန်ယူရမယ့် ကွင်းတွင်း၊ ကွင်းပြင်ပ အခန်းကဏ္ဍတွေဟာ ကြီးမား၊ များပြားလိမ့်မယ်ဆိုတာ ကြိုတင်၊ သိထားခဲ့ကြပါတယ်..။

ပေါလ် ဝင်စတန်လေ - “တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲ..၊ အရွှေ့တစ်ခု ရောက်ရှိလာလိမ့်မယ်.. ဆိုတာ ကျွန်တော်တို့ ကြိုတင်သိထားခဲ့ပါတယ်..။ ဒါ့ကြောင့်နည်းနည်းလေးမှ စိတ်လျော့လိုက်ဖို့ အချိန်မရှိပါဘူး..။ အသင်းကို ရောက်ရောက်ချင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်အပြောင်းအရွှေ့တစ်ခုကို ကိုင်တွယ်ရလိမ့်မယ်.. ဆိုတာ ဘယ်သူကကြိုတင် တွေးမိခဲ့ကြမှာလဲ..?

ဒါပေမယ့် ကျွန်တော်တို့ ရောက်လာတဲ့အချိန်က အသင်းမှာ အသက်ကြီးတဲ့ ကစားသမားတွေ များပြားနေပါတယ်..။ အသင်းပိုင်ရှင် အပြောင်းအလဲကြောင့် စာချုပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနေကြတဲ့ ကစားသမားတွေ ရှိနေခဲ့ပါတယ်..။ ဒါ့အပြင်အသင်းကနေ ထွက်ခွာဖို့ဆန္ဒပြင်းပြနေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်..။ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့လိုအပ်နေခဲ့ပါတယ်…။”


အခက်အခဲတွေ၊ ပြဿနာတွေ ရှိနေခဲ့ပေမယ့် အရာရာအားလုံးကို ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်ဖို့ ခက်ခဲခဲ့ပါတယ်..။ အဲဒီပြဿနာတွေကို ခဏဖယ်ထုတ်ထားပြီး မော်ရစ္စစီယို ပိုချက်တီနို ကို နည်းပြအဖြစ် ရွေးချယ်ခြင်းနဲ့ ကစားသမားသစ်တွေ ခေါ်ယူခြင်း... အဲဒီလုပ်ငန်းနှစ်ခုမှာ ဘယ်အရာကို ဉီးစားပေးအဖြစ် ဆောင်ရွက်ခဲ့လဲ..? လို့ မေးမြန်းရာမှာတော့…

လောရင့်စ် စတီးဝပ် - “အသင်းကထွက်ခွာမယ့် ကစားသမား အုပ်စုကြီးက ကြီးမားခဲ့သလို အသင်းကိုရောက်လာမယ့် ကစားသမား အရေအတွက်ကလည်း အများကြီးပါပဲ..။ ဒါ့ကြောင့်အပြောင်းအလဲ ပမာဏဟာ ကြီးမားပါတယ်..။ ဒါပေမယ့် နွေရာသီကာလမှာ အသင်းဟာ တိုးတက်တဲ့ အရွှေ့တစ်ခုကို တူရှုနေတယ်ဆိုတာ ပြသနိုင်ဖို့ လိုအပ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းရဲ့ရလဒ်တွေဟာ အားရဖို့မကောင်းခဲ့ဘူး၊ အလုပ်မဖြစ်ခဲ့ပါဘူး..။ ဒါ့ကြောင့်အသင်းကို ပိုပြီးတိုးတက်တဲ့နေရာဆီ ပို့ဆောင်နိုင်ဖို့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်..။ ရည်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်..။”

၂၀၂၃/၂၄ ဘောလုံးရာသီ မစတင်ခင် ဝင်စတန်လေ နဲ့ စတီးဝပ် တို့အတွက် အရေးအကြီးဆုံးအလုပ်က ချယ်လ်ဆီးအသင်းကြီးကို ဉီးဆောင်၊ မောင်းနှင်ပေးမယ့်သူကို ရွေးချယ်ဖို့ ဖြစ်ခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ သူတို့တွေဟာ အာဂျင်တီးနား နည်းပြကြီးနဲ့ ကျစ်လျစ်တဲ့ သူ့ရဲ့နည်းပြအဖွဲ့ကိုပဲ ရွေးချယ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

ပေါလ် ဝင်စတန်လေ - “ချယ်လ်ဆီးအသင်းကို အောင်မြင်မှုတွေ ပြန်လည်ဆောင်ယူပေးနိုင်မယ့် နည်းပြဆီမှာ ဘယ်လိုပုံစံ ကိုယ်ရည်ကိုယ်သွေးတွေ ရှိရမယ်..၊ အရည်အချင်းတွေ ရှိသင့်တယ်.. ဆိုတဲ့ သတ်မှတ်ချက်ကို ရရှိနိုင်ဖို့ ကျွန်တော် နဲ့ လောရင့်စ် တို့ဟာ အသင်းပိုင်ရှင်တွေနဲ့ အကြိတ်အနယ်..၊ အကြေအလည် ဆွေးနွေးခဲ့ရပါတယ်..။ အဲဒီအဆင့်ပြီးတဲ့အခါ ကျွန်တော်တို့ဟာ ဖြစ်နိုင်မယ့် နည်းပြအလောင်းအလျာ အများအပြားကို လူတွေ့မေးမြန်းမှုတွေ၊ အဆင့်ဆင့် စိစစ်မှု‌တွေ အချိန်အကြာကြီး ပြုလုပ်ခဲ့ရပါတယ်..။”

လောရင့်စ် စတီးဝပ် - “လူပုဂ္ဂိုလ်အနေနဲ့ကလည်း အသင်းရဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့သူ ဖြစ်ရမယ်..၊ ကျွန်တော်တို့လိုချင်တဲ့ ခေါင်းဆောင်မှုစွမ်းရည်.. အရည်အသွေး ရှိရပါမယ်..။ ဒါ့အပြင် ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်စွမ်းရှိတယ်.. ဆိုတဲ့ မှတ်တမ်းကောင်းတွေ၊ ပရီးမီးယားလိဂ်မှာ အဆင့်မှီမှီ ယှဉ်ပြိုင်နိုင်မယ့် အသင်းတစ်သင်းကို တည်ဆောက်ပေးနိုင်မယ့်သူ ဖြစ်တယ်ဆိုတဲ့ မှတ်တမ်းကောင်းတွေ ရှိနေရပါမယ်..။ အဲဒီအရည်အသွေး၊ သတ်မှတ်ချက်တွေဟာ ကျွန်တော်တို့ ဉီးစားပေး ရှာဖွေခဲ့ရတဲ့ အချက်တွေပဲ ဖြစ်ခဲ့ပါတယ်..။”


မေလအကုန်မှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် အတည်ပြု၊ ခန့်အပ်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာဇွန်လအကုန်ထိ အသင်းရဲ့နည်းပြရာထူးကို တရားဝင်ရယူနိုင်ခြင်း မရှိခဲ့ပါဘူး..။ အခုဆိုရင် အာဂျင်တီးနား နည်းပြကြီးနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဟာ သုံးလတာ ကာလအတွင်းမှာ ကျေနပ်ဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်..။

ပေါလ် ဝင်စတန်လေ - “အသင်းနဲ့ ကော့ဘ်ဟမ်က လူတိုင်းအတွက် မော်ရစ္စစီယို ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဟာ တကယ့်ကို ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ သူဟာအသင်းရဲ့ အနာဂတ်ကို သယ်ဆောင်၊ မောင်းနှင်ဖို့ အသင့်တော်ဆုံးသူ ဖြစ်နိုင်တယ်.. လို့ ကျွန်တော်တို့ ခံစားခဲ့ရသလို သူနဲ့စတင်လက်တွဲခဲ့တဲ့ နည်းပြကာလ အစောပိုင်းလတွေဟာ ကျေနပ်၊ အားရဖို့ ကောင်းခဲ့ပါတယ်..။ နေ့စဉ်နေ့တိုင်းမှာ သူ့ရဲ့ဆောင်ရွက်ချက်တွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ လောရင့်စ်.. ကျွန်တော်နဲ့ အသင်းပိုင်ရှင်တွေအပေါ် သူ့ရဲ့အကျိုးသက်ရောက်မှုတွေကို ထင်ထင်ရှားရှား မြင်တွေ့ခွင့်ရခဲ့ပါတယ်..။”

ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့မှာ ပိတ်သိမ်းသွားခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ဝင်စတန်လေ၊ စတီးဝပ် နဲ့ ပိုချက်တီနို တို့ရဲ့ကြားမှာ ဆက်သွယ်မှုတွေ အမြဲတမ်းရှိနေခဲ့ပါတယ်..။ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ၊ အမေရိကန် ပြည်ထောင်စု ရာသီကြိုခရီးစဉ်တစ်လျှောက်မှာ အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြသလို အခုလက်ရှိအသင်းရဲ့ ဖြစ်တည်မှုဟာ သူတို့သုံးဉီးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်လို့ ပြောရမှာပါ..။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ (၂၂) နှစ်ကျော်ပဲ ရှိသေးပြီး တကယ့်ကို ငယ်ရွယ်၊ နုပျိုတဲ့ အသင်းသစ်တစ်သင်းဖြစ်ပါတယ်..။ ဒီလူငယ်အသင်းသစ်ဟာ နည်းပြပိုချက်တီနို နဲ့အတူ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ရည်ရွယ်ခဲ့တာဖြစ်သလို လာမယ့်အနာဂတ် နှစ်တွေအတွက် တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ခဲ့ပါတယ်..။

လောရင့် စတီးဝပ် - “လက်ရှိကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အသင်းပိုင်ရှင်တွေဘက်က အပြည့်အဝ အားပေး၊ ကူညီခဲ့ကြပါတယ်..။ ဒီကစားသမားလေးတွေရဲ့ ပင်ကိုယ်ပါရမီ.. အရည်အသွေး မြင့်မားမှုတွေဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းလှသလို သူတို့တွေရဲ့ နေ့စဉ်တိုးတက်မှု.. အရွေ့တွေဟာ အားရစရာပါပဲ..။ အခုလက်ရှိ အသင်းရဲ့ အသွင်အပြင်ဟာ မနှစ်ကရာသီအပြီး ကျွန်တော်တို့ ရရှိချင်ခဲ့တဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်..။

အခုပင်ကိုယ်အရည်အသွေး၊ မြင့်မားတဲ့ လူငယ်သွေးသစ် ကစားသမား အင်အားစုနဲ့ လူငယ်တွေကို ပြုစု၊ ပျိုးထောင်ရာမှာ ထူးချွန်၊ ပြောင်မြောက်ခဲ့တဲ့ နည်းပြတွေရဲ့ ပေါင်းစည်းမှု.. အစုအဖွဲ့ အင်အားအပေါ် ကျွန်တော်တို့ အထူးကျေနပ်မိပါတယ်..။ ကျွန်တော်တို့ဆီမှာ ပင်ကိုယ်အရည်အချင်း အပြည့်ရှိနေပါတယ်..။ အဲဒီအရည်အချင်းတွေဟာ အချိန်နဲ့အမျှ ပိုပြီးတိုးတက်၊ ရင့်ကျက်လာဖို့ လိုအပ်ပါတယ်..။”


ပေါလ် ဝင်စတန်လေ - “ကစားသမားတွေ ခေါ်ယူတဲ့နေရာမှာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကစားသမားတဲ့နေရာ၊ အသက်အရွယ်.. စတဲ့ သတ်မှတ်ချက်တွေကို တရားသေ မကန့်သတ်ထားပါဘူး..။ ဒါ့ကြောင့်ဒီနှစ်နွေရာသီမှာ ကျွန်တော်တို့ဟာ အသက် (၂၃) နှစ်ထက် ငယ်ရွယ်တဲ့ ကစားသမား အများအပြား ခေါ်ယူခဲ့တယ်.. ဆိုပေမယ့် သူတို့ထဲက အများစုဟာ တကယ့်ထိပ်တန်းအဆင့် ပြိုင်ပွဲအတွေ့အကြုံ အများအပြား ရှိခဲ့ပြီးဖြစ်ပါတယ်..။

ဒီလိုကစားသမား အစုအဖွဲ့ကြောင့် ကျွန်တော်တို့တွေရဲ့ကြားမှာ မျှော်လင့်ချက်တွေ အရမ်းကိုကြီးမားနေကြပါတယ်..။ ဒါပေမယ့် အခက်အခဲဆိုတာ မလွဲမသွေ ရင်ဆိုင်ကြရမှာပါပဲ..။ အဲဒီအခက်အခဲတွေကို အချိန်နဲ့ရင်းပြီး ဖြတ်ကျော်ရပါမယ်..။ ကစားသမားအသစ်၊ နည်းပြအသစ်..၊ ကစားနည်းစနစ် အယူအဆသစ်တွေအပြင် ကစားသမားအများစုဟာ တစ်ရာသီထက်ပိုပြီး အတွေ့အကြုံရှိတဲ့ သူတွေမဟုတ်ကြပါဘူး..။

ဒါ့ကြောင့်ကျွန်တော်တို့ လိုချင်နေတဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေဟာ နေ့ချင်းညချင်း ရောက်လာမှာ မဟုတ်ပါဘူး..။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါပဲ…။ ဒါပေမယ့် ရေတိုကာလမှာရော၊ မနီးမဝေး ကာလမှာရော၊ ရေရှည်အတွက်ပါ လှမ်းမျှော်ကြည့်မယ်ဆိုရင် မော်ရစ္စစီယို ဉီးဆောင်၊ လမ်းပြနေတဲ့ သူ့ရဲ့လူငယ်သွေးသစ်လေးတွေရဲ့ အားမာန်နဲ့ ကြိုးစားအားထုတ်မှုတွေဟာ သိပ်ကိုအားရဖို့ ကောင်းပါတယ်..။

ကျွန်တော်တို့ရဲ့ ကစားသမားတွေဟာ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ရဲတဲ့သူတွေ ဖြစ်ရပါမယ်..။ ဒါ့အပြင် အသင်းသားအချင်းချင်းကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေရပါမယ်..။ ကိုယ့်ရဲ့ပွဲထွက်နေရာ၊ အသင်းအတွက်၊ ပရိသတ်တွေအတွက်၊ နည်းပြနဲ့ဝန်ထမ်းတွေအတွက် အစွမ်းကုန်တိုက်ပွဲဝင်စိတ် အမြဲတမ်းရှိနေရပါမယ်..။ ဒီအသင်းဟာ နိုင်လိုစိတ် အရမ်းကြီးမားသလို အောင်မြင်မှုကို ဘယ်လိုနည်းနဲ့ ရရှိအောင် ကျားကုတ်ကျားခဲ ဆောင်ယူရမယ်ဆိုတာ နားလည်ပြီးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်.။

ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ အဲဒီကစားသမား အစုအဖွဲ့ကို ကျစ်လျစ်တဲ့ တိုက်ပွဲဝင်အင်အားစုအဖြစ် ပြောင်းလဲပေးနိုင်ရပါမယ်..။ ဒီလိုနည်းအားဖြင့် ဘောလုံးရာသီကို ဖြတ်သန်းချိန် ကြာမြင့်လာတဲ့အမျှ ကျွန်တော်တို့ဟာ ပိုပြီးတောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် တိုးတက်လာမှာ ဖြစ်ပါတယ်..။”


အခုဆိုရင် အပြောင်းအရွှေ့ရာသီ ပြီးဆုံးသွားပြီဖြစ်ပေမယ့် ဝင်စတန်လေ နဲ့ စတီးဝပ် တို့ရဲ့ တာဝန်တွေဟာ မကုန်ဆုံးသေးပါဘူး..။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေအပေါ် ပြန်လည်သုံးသပ်၊ ဝေဖန်ပိုင်းခြားရပါတယ်..။ ပြီးရင်လာမယ့် အပြောင်းအရွှေ့ရာသီအတွက် ကြိုတင်စီမံမှုတွေ ပြုလုပ်ရပါတယ်..။ အသင်းတစ်သင်း တည်ဆောက်ခြင်း ဆိုတာဟာ ပန်းပုဆရာတစ်ယောက်ရဲ့ အကြမ်းထည် ထုဆစ်ခြင်း အနုပညာတစ်ရပ်လို ဘယ်တော့မှ မပြီးဆုံးတဲ့ဖြစ်စဉ်ပါပဲ..။

ပေါလ် ဝင်စတန်လေ - “ကျွန်တော်တို့ဟာ လာမယ့်အပြောင်းအရွှေ့ရာသီနှစ်ခုအတွက် ကြိုတင်၊ ပြင်ဆင်ရပါတယ်…။ တစ်ခုခုဖြစ်ပြီးမှ နောက်ကနေ လိုက်ပြီးဖာထေးလို့ မရပါဘူး..။ အသင်းတစ်သင်းလုံးရဲ့ အနေအထား၊ အဌားချကစားသမားတွေ အပါအဝင် အကယ်ဒမီ ကစားသမားလေးတွေကို ဘယ်လိုပုံစံနဲ့ အခွင့်အရေး ပေးနိုင်မယ်.. စသဖြင့် ခြုံငုံ၊ သုံးသပ်ရပါတယ်..။ ကစားသမားတွေဆိုတာ ပြန့်ကျဲနေတဲ့ ပဟေဠိအပိုင်းအစလေးတွေလိုပါပဲ..။ ကျွန်တော်တွေက ပြန်လည်ချိတ်ဆက်၊ စုစည်းပေးရပါတယ်..။”

လောရင့်စ် စတီးဝပ် - “ကျွန်တော်တို့ရဲ့ အစီအစဉ်တွေအတိုင်း ရှေ့ဆက်ရင်း တစ်ဘက်ကလည်း ကျော်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် ပြန်လည်သုံးသပ်၊ စဉ်းစားဆင်ခြင်ရပါတယ်..။ ဇန်နဝါရီ နီးလာခဲ့ရင် အရေးတကြီး ပြုလုပ်စရာတွေ ရှိနေသေးလား..? အသင်းအတွက် အခက်တွေ့စေတဲ့အရာတွေ ရှိနေသေးလား..? တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အရေးတွေ ရှိနေသေးလား..? စသဖြင့် သုံးသပ်မှုတွေ ပြုလုပ်ရပါဉီးမယ်..။”


အားကစား ဒါရိုက်တာ နှစ်ယောက်နဲ့ တွေ့ဆုံချိန်မှာ အပြောင်းအရွှေ့ရာသီ ပြီးဆုံးခါစပဲ ရှိသေးတာကြောင့် အပြောင်းအရွှေ့တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပဲ အဓိကဆွေးနွေးဖြစ်ကြပါတယ်..။ ဒါပေမယ့် ဝင်စတန်လေ နဲ့ စတီးဝပ် တို့ဟာ တာဝန်တွေဟာ ကစားသမားခေါ်ယူမှု၊ ကစားသမား အပြောင်းအရွှေ့တွေထက် ပိုခဲ့ပါတယ်..။ သူတို့တွေဟာ ချယ်လ်ဆီးအသင်း အမျိုးသမီးအသင်း၊ အကယ်ဒမီ အသင်းတွေ အပါအဝင် အားကစားကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို ကြီးကြပ်ရတယ်..၊ ဝန်ထမ်းတိုင်းဟာ လုံလောက်တဲ့ ပံ့ပိုးမှု၊ ထောက်ခံအားပေးမှုတွေ ရရှိနေလား..? ဆိုတာကို စိစစ်ရပါတယ်..။

လောရင့်စ် စတီးဝပ် - “ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်း၊ တာဝန်တွေထဲမှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက လူငယ်ပျိုးထောင်ရေး အစုအဖွဲ့ကို ထူးချွန်ပြီး ကျွမ်းကျင်မှု အပြည့်ရှိတဲ့ ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်တစ်ခု ပါရှိပါတယ်..။ အသင်းတစ်သင်းဟာ ကြီးထွားလာတာနဲ့ ထောက်ပံ့မှုတွေ ပိုပြီးလိုတာတယ်..၊ သူတို့တွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အမြဲတမ်း ပံ့ပိုးပေးနိုင်နေရပါမယ်..။ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအမျိုးသမီးအသင်း၊ ကော့ဘ်ဟမ် လူငယ် အကယ်ဒမီ အသင်းတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ပြီး မှန်ကန်တဲ့လမ်းစဉ်အတိုင်း အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်..။

အသင်းနဲ့ပတ်သက်ရင် အပြောင်းအရွှေ့ သတင်းတွေကပဲ ခေါင်းကြီးသတင်းမှာ နေရာယူနေတာကြောင့် လူတွေသတိမထားမိခဲ့တဲ့ အခြားကဏ္ဍတွေ အများကြီးခဲ့ပါတယ်..။ ဒါပေမယ့် လက်ရှိအချိန်မှာ အသင်းဟာ ကဏ္ဍစုံကနေ တိုးတက်နေတဲ့အတွက် ကျွန်တော်တို့ အထူးကျေနပ်မိပါတယ်..။ အခုကျွန်တော်တို့ ရောက်ရှိနေတဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းဟာဆိုရင် အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ လေ့ကျင့်ကွင်းတွေထဲမှာ ရှေ့ကနေ ပြေးနေအောင် ကျွန်တော်တို့ဘက်က အစွမ်းကုန် ပံ့ပိုးပေးနေပါတယ်..။ အသင်းပိုင်ရှင်တွေဘက်ကလည်း ချယ်လ်ဆီးအသင်းရဲ့ ကဏ္ဍစုံ ဖွံ့ဖြိုး၊ တိုးတက်လာဖို့ အထူးအာရုံစိုက်၊ ပံ့ပိုးပေးနေပါတယ်..။”


လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် အကယ်ဒမီက အမျိုးသမီးအသင်းရဲ့ လေ့ကျင့်ကွင်း မွမ်းမံ၊ ပြင်ဆင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီဟာ အသင်းရဲ့လက်ရှိပစ္စုပ္ပန်အပြင် အနာဂတ်အတွက်ပါ အထူးအရေးပါပါတယ်..။ အခုနှစ်ဘောလုံးရာသီမှာ ရိစ် ဂျိမ်းစ် ဟာ အသင်းခေါင်းဆောင် ဖြစ်လာတဲ့အပြင် လူငယ်အကယ်ဒမီ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ လီဗိုင်း ကော်ဝီးလ် ကို အသင်းနဲ့နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အခုဆိုရင် အသင်းကြီးမှာ အကယ်ဒမီထွက် ကစားသမား လေးယောက်ရှိနေခဲ့ပါတယ်..။

လောရင့်စ် စတီးဝပ် - “ရိစ် ဂျိမ်းစ် ဟာ ချယ်လ်ဆီးအသင်းကို စွဲစွဲမြဲမြဲ ချစ်မြတ်နိုးတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာ၊ ယဉ်ကျေးမှုတွေကို ကောင်းကောင်းနားလည်ထားသလို အသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိဖူးတယ်..၊ အဲဒီလို အောင်မြင်မှုတွေ ထပ်မံဆွတ်ခူးချင်တဲ့ဆန္ဒ ပြင်းပြနေပါတယ်..။ ဒါ့ကြောင့်သူဟာ ကစားသမားတွေ၊ အသင်းပရိသတ်တွေနဲ့ ဘောလုံးချစ် ပရိသတ်ကြီးအတွက် ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုနိုင်မယ့် စံနမူနာပြ ကစားသမားတစ်ယောက်လို့ ပြောနိုင်ပါတယ်..။

ရိစ် ဂျိမ်းစ် ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ကို မော်ရစ္စစီယို ကလည်း သဘောတူခဲ့ပါတယ်..။ သူနဲ့ရိစ် နဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့တာဟာ သိပ်ကိုကောင်းပါတယ်..။

ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းမှာ ပေါက်ဖွား၊ ကြီးပြင်းလာခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြတဲ့ ကစားသမားတွေကို အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုအဖြစ် သေသေချာချာ အလေးထား၊ လေ့လာခဲ့ကြပါတယ်…။”


ပေါလ် ဝင်စတန်လေ - “အသင်းရဲ့ ကစားသမားတွေကို စီမံ၊ ခန့်ခွဲရာမှာ နီးလ် ဘတ်၊ ဂျင် ဖရေဇာ နဲ့ တခြားအကယ်ဒမီ ဝန်ထမ်းတွေနဲ့ ပူးပေါင်းမှုနဲ့အတူ ကစားသမား တစ်ယောက်ချင်းစီအတွက် အသင့်တော်ဆုံးဖြစ်မယ့် အနာဂတ်လမ်းကြောင်းကို ချမှတ်ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့ရပါတယ်..။”


အခုလက်ရှိ ချယ်လ်ဆီးအသင်းက အားကစားဆိုင်ရာ လုပ်ငန်းအရပ်ရပ်ကို ကြီးကြပ်၊ တာဝန်ယူနေကြတဲ့ ပေါလ် ဝင်စတန်လေ နဲ့ လောရင့်စ် စတီးဝပ် တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုပြီး ဟန်ချက်ညီတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ခဲ့တယ်ဆိုတာ အခုတွေ့ဆုံခန်း ပြောကြားချက်တွေအရ သိရှိနိုင်ခဲ့ပါတယ်..။

သူတို့နှစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မြင်တွေ့ခဲ့ရသလို သူတို့နှစ်ယောက် အတူတကွ လက်တွဲပြီး အသင်းရဲ့ ကြီးမား၊ ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေ ဆွတ်ခူးနိုင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောက်ရွက်သွားမှာ ဖြစ်ပါကြောင်း လောရင့်စ် စတီးဝပ် က အခုလိုပြောကြားသွားခဲ့ပါတယ်..။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အသင်းကိုရောက်လာတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းဟာ အပြောင်းအလဲတွေ အရမ်းကိုများပြားခဲ့ပါတယ်..။ အဲဒီလိုမြန်ဆန်၊ ကြီးမားလှတဲ့ အပြောင်းအလဲတွေကြောင့် အသင်းရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲ..? ဆိုတဲ့ စိုးရိမ်စိတ်တွေ လူတိုင်းမှာ ရှိခဲ့ကြပါတယ်..။

အခုဆိုရင် ကျွန်တော်တို့အသင်းဟာ အဲဒီလိုအပြောင်းအလဲကာလကို ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်..။ ကျွမ်းကျင်ပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ နည်းပြအဖွဲ့တွေ၊ ဝန်ထမ်းတွေ၊ အရည်အသွေးမြင့် ကစားသမားတွေနဲ့ အသင်းရဲ့အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်..။ အခုဆိုရင် ရှိပြီးသား အခြေခံကောင်းတွေအပေါ် မူတည်ပြီး အပြာရောင်တွေကို ဒီထက်ပို တိုးတက်၊ မြင့်မားတဲ့ အနာဂတ် အောင်မြင်မှုတွေဆီ ခေါ်ဆောင်သွားနိုင်တော့မယ်ဆိုတာကို တွေးတောရင်း အရမ်းကို စိတ်လှုပ်ရှားမိနေခဲ့ပါတယ်..။”
   

(ချယ်လ်ဆီးအသင်း official website မှ တင်ဆက်တဲ့ ‘Paul Winstanley and Laurence Stewart interview: 'We had to make changes to put the club in a better position.’ တွေ့ဆုံခန်း ဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်..။)