feature-image

‘သီယာဂို ဆေးလ်ဗား’ ရဲ့ ဂိုးစည်းပေါ်မှကာကွယ်ခြင်း အနုပညာ

ဘရာဇီးလ် နောက်ခံလူ သီယာဂို ဆေးလ်ဗား မှာ ပရီးမီးယားလိဂ် official website မှ တင်ဆက်သော ‘Uncut’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များအတွင်း ပြုလုပ်ခဲ့သောဂိုးစည်းပေါ်မှ ရှင်းထုတ်ခဲ့ရသော ဖျက်ထုတ်မှုများအနက် သူအနှစ်သက်ဆုံး ဖျက်ထုတ်မှုများနှင့် နောက်ခံလူတစ်ဉီးအနေဖြင့် ဂိုးစည်းပေါ်မှ ဘောလုံးများကို ကိုယ့်ဂိုးကိုယ် မသွင်းမိပဲ ကာကွယ်၊ ဖျက်ထုတ်နိုင်ရန် လိုအပ်သည့်အချက်များကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။

ဘင် ဘလက်ခ် - သီယာဂို ရေ.. ဒီနေ့အစီအစဉ်မှာတော့ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ခင်ဗျားရဲ့ဂိုးစည်းပေါ်က ဘောလုံးတွေကို ရှင်းထုတ်ခဲ့ရတဲ့ အခိုက်အတန့်တွေကို စုစည်း၊ တင်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်..။ ဒါ့အပြင် အဲဒီဖျက်ထုတ်မှုတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးဖြစ်တယ်..၊ ဘယ်ဖျက်ထုတ်မှုကတော့ အကောင်းဆုံးဖြစ်တယ်.. စသဖြင့် ခင်ဗျားရဲ့အမြင်တွေကို ပြောပြပေးဖို့ ဖြစ်ပါတယ်..။

ပထမဆုံးတင်ဆက်ပေးမယ့် ဖျက်ထုတ်မှုကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာပါ..။ ပထမပိုင်း (၂၈) မိနစ်လောက်မှာ ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ခင်ဗျားတို့နောက်တန်းလူတွေ ဖျက်ထုတ်လိုက်တယ်..၊ ပြန်ကျလာတဲ့ ဘောလုံးကို ဂိုးဧရိယာထိပ်မှာ အသင့်စောင့်နေတဲ့ ဗလာဒီမီယာ ကော်ဖယ်လ် က မြေမကျပတ်ပြီး ကန်သွင်းခဲ့ပါတယ်..။ အဲဒီဘောလုံးဟာ ဂိုးရှေ့မှာရှိနေတဲ့ ကစားသမားတွေကိုဖြတ်ပြီး ဂိုးသမား မန်ဒီ ရဲ့ ညာဘက်ကနေ ဂိုးဝင်သွားဖို့ ဖြစ်လာပါတယ်..။ အဲဒီအချိန်မှာ ဂိုးစည်းပေါ်မှာ အသင့်ရှိနေတဲ့ ခင်ဗျားက မနားတမ်း ရှင်းထုတ်ခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်လေးမှာ ခင်ဗျားရဲ့တုံ့ပြန်မှုဟာ အလိုအလျောက် (instinct) ဖြစ်ခဲ့တာလား..? ဒါမှမဟုတ် ကြိုတင်လေ့ကျင့်ခဲတာတွေ (practice) ရှိခဲ့သေးလား..?



သီယာဂို ဆေးလ်ဗား - အဓိကအချက်က တဒင်္ဂအတွင်းမှာ ဖြစ်နေတဲ့ ‘ပွဲရဲ့အခြေအနေကို ချက်ချင်းဖတ်နိုင်ဖို့ (reading the game)’ ဖြစ်ပါတယ်..။ အဲဒီလိုအနေအထားမျိုးမှာ ဂိုးဧရိယာထိပ်မှာရှိနေတဲ့ ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရှေ့ကို ကျလာတဲ့ဘောလုံးကို တခြားတစ်ယောက်ကို ပေးမယ့်အစား ကန်သွင်းလိမ့်မယ်.. ဆိုတာ ကြိုတင်မှန်းဆလို့ရပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ကန်ချက်ကို တားဆီးနိုင်ဖို့အတွက် ကျွန်တော်ဟာ ဂိုးပေါက်ကို ပြန်ပြီးပြေးရပါတယ်..။

ဘယ်လိုနေရာယူရမလဲ..? ဒါကတော့ ဘောလုံးလမ်းကြောင်းကို ကြည့်ရမှာပေါ့ဗျာ..။ ဒါမှလည်း ကိုယ့်ရဲ့ဂိုးသမားကို အကူအညီ ပေးနိုင်မှာပါ..။ ကြားထဲမှာ တစ်ယောက်ယောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့နိုင်တာကြောင့် ကိုယ့်ဂိုးကိုယ် သွင်းမိနိုင်တဲ့ အန္တရာယ်ရှိပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အဲဒီလိုဘောလုံးအများစုကို ကိုယ့်ဂိုးကိုယ် မသွင်းမိအောင် ပိတ်ဆို့နိုင်ခဲ့ရှိပါတယ်..။



ဘင် ဘလက်ခ် -အဲဒီအလုံးမှာဆိုရင် ခင်ဗျားက ဂိုးစည်းပေါ်မှာ ကြိုတင်ပြီး ရောက်ရှိနေတာ မဟုတ်ပါဘူး..။ ကော်ဖယ်လ် ကန်သွင်းခါနီးတော့မှ ခင်ဗျားဟာ နောက်ကိုပြန်ပြီး ဆင်းပြေးသွားခဲ့တာပါ..။ ဒါ့ကြောင့်ကော်ဖယ်လ် ဟာ အဲဒီနေရာကို ကန်သွင်းလိမ့်မယ်..၊ ခင်ဗျားအတွက် ဂိုးသမားရဲ့ ညာဘက်ဟာ နေရာယူဖို့ အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး ကြိုတင်မှန်းဆခဲ့တာလဲဗျ..?

သီယာဂို ဆေးလ်ဗား - သူ့ရဲ့ခန္ဓာကိုယ်အနေအထားကို ကြည့်ရတာပေါ့..။ ကော်ဖယ်လ် ဟာ သူ့ရဲ့ရှေ့ကို အနေတော်ကျလာတဲ့ဘောလုံးကို မနားတမ်းကန်သွင်းနိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ဂိုးပေါက်နဲ့ခပ်စောင်းစောင်းလေး နေရာယူထားပါတယ်..။ ဒါ့ကြောင့် ခြေထောက်ကိုပတ်ပြီး ကန်လိမ့်မယ်..။ ဒါဆိုရင်ဘောလုံးဟာ တည့်တည့်လာမှာမဟုတ်ပဲ ဂိုးသမားရဲ့ညာဘက်ကို ဝင်လာဖို့များပါတယ်..။ အဲဒါနဲ့ ကျွန်တော်ဟာ သူ့ဘက်ကကြည့်ရင် အဝေးဂိုးတိုင်ဘက်ဖြစ်မယ့် ညာဘက်ဂိုးပေါက်ဆီကို ပြေးသွားတာပါ..။

ဘင် ဘလက်ခ် -ခင်ဗျားဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၀ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး အခုအချိန်ထိ ဂိုးစည်းပေါ်ကနေ လက်မတင်လေး ရှင်းထုတ်ခဲ့မှု (goalline clearance) (၈) ကြိမ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုလုံးမှာ အဲဒီလိုရှင်းထုတ်မှုအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်..။
သီယာဂို ဆေးလ်ဗား - အဲဒါဆိုရင်လည်း EA Sports ရဲ့ FIFA 24 ဘောလုံးဂိမ်းထဲမှာ ကျွန်တော့်ရဲ့ ခံစစ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ဒီထက်ပိုပြီး တိုးပေးဖို့ ပြောပေးပါလားဗျ.. အခုအတိုင်းက သိပ်ပြီးအဆင်ပြေမနေပါဘူး.. ဟားဟား..


ဘင် ဘလက်ခ် -ဒုတိယတစ်ခုကတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ လီယန်ဒရို ထရော့ဆာ့ဒ် က ဂိုးသမားကက်ပါ ရဲ့အပေါ်ကနေကျော်ပြီး သွင်းယူလိုက်တဲ့ ဘောလုံးကို ဂိုးစည်းပေါ်က ခေါင်းတိုက် ရှင်းထုတ်လိုက်တဲ့ ဖျက်ထုတ်မှုပေါ့ဗျာ..။ အဲဒီဘောလုံးက ခင်ဗျားရဲ့ ဘောလုံးပေးပို့မှုအမှားကနေ ဖြစ်သွားခဲ့တာပါ…။ ဒါ့ကြောင့် အမှားအယွင်းတွေ ကျူးလွန်မိတဲ့အခါ ဘယ်လိုနည်းနဲ့ အကောင်းဆုံး ပြန်လည်တုံ့ပြန်သင့်လဲ? ဆိုတဲ့ နည်းလမ်းကို လူငယ်ကစားသမားတွေအတွက် လမ်းညွှန်တစ်ခုအနေနဲ့ ပြောပြပေးနိုင်မလား..?

သီယာဂို ဆေးလ်ဗား - အကောင်းဆုံးက ကိုယ်ကျူးလွန်ခဲ့တဲ့အမှားကို ပြန်ကြည့်မယ်..၊ လေ့လာမယ်..၊ နောက်ထပ်တစ်ကြိမ် အဲဒီလိုထပ်မဖြစ်အောင် ဂရုစိုက်ရပါမယ်..။ အဲဒီပွဲကဖြစ်သွားတာကို ပြန်ပြောရမယ်ဆိုရင် ဂိုးဧရိယာထဲကနေ တစ်ဖက်အသင်းက pressing တက်လုပ်တဲ့ ကစားသမားတွေကိုကျော်ပြီး ခုတ်တင်တဲ့ ပေးပို့မှုတွေကို ကျွန်တော်တို့ဟာ လေ့ကျင့်ကွင်းမှာ အကြိမ်ကြိမ်အခါခါ လေ့ကျင့်ခဲ့ပြီးသားပါ..။ ဒါပေမယ့် တကယ့်ပွဲထဲမှာ ကျွန်တော့်ရဲ့ ပေးပို့မှုဟာ ချိန်သားကိုက် လွဲသွားတာကြောင့် လိုရာကိုမရောက်ခဲ့ပါဘူး..။ နည်းစနစ်ပိုင်း အမှားပေါ့ဗျာ..။

အဲဒီလိုမျှော်လင့်မထားတဲ့ဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ မပါဝင်ပါဘူး..။ ဒါပေမယ့် အမှားကျူးလွန်မိသွားခဲ့ပြီ.. ကွင်းလယ်က ခေါင်းတိုက်ပြီး ချက်ချင်းပြန်ပြီး ချပေးလိုက်တဲ့အချိန် ဘောလုံးရသွားခဲ့တဲ့ လီယန်ဒရို ထရော့ဆာ့ဒ် ဟာ ဂိုးသမား ကက်ပါ နဲ့ အရမ်းကိုနီးနေပါတယ်..။ ဒါ့ကြောင့်သူဟာ ဂိုးသမားရဲ့အပေါ်ကိုကျော်ပြီး ကန်သွင်းရပါလိမ့်မယ်..။ အဲဒါနဲ့ကျွန်တော်ဟာ ဂိုးပေါက်ဆီကို အမြန်ပြေးဆင်း ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒါကလည်း ပွဲရဲ့အခြေအနေကို ချက်ချင်းဖတ်ပြီး အလျှင်အမြန်ဆုံးဖြတ်နိုင်ဖို့ (reading the game) အဓိကပါပဲ..။



ဘင် ဘလက်ခ် -ကျွန်တော်တို့ ရွေးချယ်ထားတဲ့ တတိယမြောက် ဖျက်ထုတ်မှုကတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဆောက်ပ်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ကဖြစ်ရပ်ပါ..။ အဲဒီပွဲရဲ့ဒုတိယပိုင်းမှာ ဆောက်ပ်သမ်တန်အသင်းက မိုဟာမက် ဆာလီဆူး ရဲ့  ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ချက်ကို ခင်ဗျားက နောက်ပေါက်နဲ့ခပ်ပြီး ရှင်းထုတ်လိုက်ပါတယ်..။ အဲဒီတုံ့ပြန်မှုဟာ တကယ့်ကို မယုံနိုင်စရာပါပဲဗျ..။

သီယာဂို ဆေးလ်ဗား - ဒါကတော့ အတော်ခက်ပါတယ်..။ ဒီမှာလည်း ပွဲရဲ့အခြေအနေကို ချက်ချင်းဖတ်နိုင်ဖို့ပါပဲ..။ ဆောက်ပ်သမ်တန်အသင်းက ထောင့်ကန်ဘော ကန်တင်လိုက်ချိန် ဘောလုံးဟာ အနီးဂိုးတိုင်ကို ကျော်လာတာနဲ့ ကျွန်တော်ဟာ ဂိုးသမားကို ကူညီပေးနိုင်ဖို့ နောက်ကိုဆုတ်ပြီး ဂိုးစည်းပေါ်ကနေ စောင့်နေလိုက်ပါတယ်..။ အမှန်တော့ ကျွန်တော့်ရဲ့ရှေ့မှာ သူ့လူ၊ ကိုယ့်လူတွေ အများကြီးပါပဲ..။ အက်ဒ်ဒွပ် မန်ဒီ က ဘေးမှာရှိနေပါတယ်..။ ဆာလီဆူး ခေါင်းတိုက်တာကို မြင်လိုက်တာနဲ့ ကျွန်တော်လည်း ချက်ချင်းတုံ့ပြန်လိုက်တာပါပဲ..။ ဒါပေမယ့် ပုံမှန်ကန်နေကျ အရှေ့ကိုကန်ထုတ်နိုင်ဖို့ မဖြစ်နိုင်တာနဲ့ နောက်ပေါက်နဲ့ပဲ ရှင်းထုတ်လိုက်ရပါတယ်..။ ဘောလုံးဟာ ဂိုးထဲကိုဝင်တော့မှာပါ..။ တကယ့်ကိုခက်ခဲခဲ့တဲ့ ဖျက်ထုတ်မှုတစ်ခုလို့ ပြောရမှာပါပဲ..။

ဘင် ဘလက်ခ် -ကိုယ်ရောက်နေတဲ့နေရာနဲ့ အနီးဝန်းကျင်ရဲ့ အခြေအနေနဲ့အညီ တုံ့ပြန်နိုင်စွမ်း (positional awareness) ရှိဖို့ ဘယ်လောက်တောင် အရေးကြီးတယ်.. ဆိုတာ ပြသခဲ့တဲ့ ဖျက်ထုတ်မှု ဖြစ်ပါတယ်..။ နောက်ခံလူကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အများကြီးရှိပါတယ်..။ အဲဒီထဲက ဘယ်လိုအရည်အချင်းနဲ့ပြည့်စုံဖို့ အရေးအကြီးဆုံးဖြစ်မယ်လို့ ခင်ဗျားယူဆထားလဲဗျ..?

သီယာဂို ဆေးလ်ဗား - နောက်ခံလူတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေဟာ တိုက်စစ်ကစားကောင်းတစ်ယောက် ရှိသင့်တဲ့အရည်အချင်းတွေနဲ့ ဘယ်တူနိုင်မှာလဲ..။ ကျွန်တော်ကတော့ ခုနက တောက်လျှောက်ပြောခဲ့တဲ့ ‘ပွဲရဲ့အခြေအနေကို ချက်ချင်းဖတ်နိုင်ဖို့ (reading the game)’ က အရေးအကြီးဆုံးဖြစ်မယ်လို့ ထင်ပါတယ်..။ နောက်ခံလူတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကစားသမားရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး သူဘာတွေဆက်လုပ်မလဲ..? ခန့်မှန်းနိုင်ရပါမယ်..။ ဒါ့အပြင် ဘောလုံးဟာ ဘယ်နေရာကိုကျလာမလဲ..? မှန်းဆနိုင်ရပါမယ်..။ ကျွန်တော်ဟာ အခုအသက်အရွယ်မှာတော့ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြိုတင်မှန်းဆနိုင်ပြီပေါ့ဗျာ..။ ဒါပေမယ့် အသက် (၁၉) နှစ်သားတုန်းကတော့ ပွဲတွေကစားနေရင်းနဲ့ ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ပုံဖော်နေလို့ မရခဲ့ပါဘူး..။



ဘင် ဘလက်ခ် -ကျွန်တော်တို့ ရွေးချယ်ထားတဲ့ စတုတ္ထမြောက် ဂိုးစည်းပေါ်က ဖျက်ထုတ်မှုကတော့ မနှစ်ကဘောလုံးရာသီ၊ အာဆင်နယ်အသင်းနဲ့ပွဲမှာ နောက်ခံလူ ဂါဘရီယယ် မာဂယ်လ်ဟက်စ် ရဲ့ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ဂိုးသွင်းချက်ကို ကာကွယ်ပေးခဲ့တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်..။ ခင်ဗျားဟာ ဘောလုံးကို ချက်ချင်းရှင်းမထုတ်ပဲ ပေါင်နဲ့တစ်ချက် ထိန်းလိုက်ပါသေးတယ်..။ ဒါမျိုးကို ခင်ဗျားတို့ ဘရာဇီးလ်သားတွေပဲ လုပ်နိုင်လိမ့်မယ်.. ဟုတ်တယ်မလားဗျ..?

သီယာဂို ဆေးလ်ဗား - သူ့ရဲ့ခေါင်းတိုက်ချက်က သိပ်ပြီးအားမပါခဲ့ပါဘူး..။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ပထမတစ်ချက်ထိန်း၊ နောက်တစ်ချက်နဲ့ ရှင်းထုတ်နိုင်ခဲ့တာပါ..။ ကံကောင်းတာက ကျွန်တော့်ရဲ့အနားမှာ သူတို့ကစားသမား တစ်ယောက်မှ ရှိမနေပါဘူး..။ အဲဒါ့ကြောင့်လည်း ဘောလုံးကိုထိန်းလိုက်တဲ့ ညာခြေထောက်နဲ့ ကန်ထုတ်လိုက်ဖို့ အချိန်ရခဲ့ပါတယ်…။

တကယ်လို့ ကျွန်တော်သာ ညာခြေနဲ့ထိန်း၊ ဘယ်ခြေနဲ့ကန်ထုတ်ဖို့သာ ကြိုးစားခဲ့မယ်ဆိုရင် အဲဒီနားမှာ အနီးဆုံးရှိနေတဲ့ ကီဝီယား က ကျွန်တော့်ဆီကနေ လာပြီးလုနိုင်ဖို့ အချိန်ရသွားနိုင်ပါတယ်..။ ဒါ့အပြင် ဂါဘရီယယ် ရဲ့ ခေါင်းတိုက်ချက်ဟာ ကျွန်တော့်ရဲ့ခါးအမြင့်လောက်ကိုဖြတ်ပြီး ဂိုးပေါက်ထဲကို ဝင်လာခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ တစ်ချက်ထဲနဲ့ ရှင်းထုတ်လိုက်နိုင်ဖို့ မလွယ်ပါဘူး..။ ဒါ့ကြောင့်ကိုယ့်ရဲ့ဂိုးပေါက်ထဲ ဝင်မသွားရအောင် ပထမတစ်ချက်နဲ့ထိန်းပြီး ဒုတိယတစ်ချက်နဲ့ ကန်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်..။



ဘင် ဘလက်ခ် - တကယ့်အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အဲဒီလိုသွေးအေးအေးနဲ့ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ဖျက်ထုတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှကို တွေးကြည့်လို့မရနိုင်ပါဘူး..။ တစ်ခုမေးချင်တာက ခင်ဗျားဟာ ငယ်ငယ်ကတည်းက အဲဒီလိုသွေးအေးအေးနဲ့ ဆုံးဖြတ်နိုင်ခဲ့တာလား..? အသက်အရွယ်နဲ့ အတွေ့အကြုံ ရင့်ကျက်လာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေ မှန်ကန်လာခဲ့တာလား..?

သီယာဂို ဆေးလ်ဗား - အမြဲတမ်းတော့ သွေးအေးမနေပါဘူးဗျ..။ ဒါပေမယ့် အဲဒီလိုအခြေအနေမျိုးမှာ ပျာယာခပ်နေလို့ မရပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ပြာယာခပ်သွားပြီး ဘာဆက်လုပ်ရမလဲ..? မဆုံးဖြတ်နိုင်ခဲ့ရင် အာရုံကြောတွေ တုံ့ဆိုင်း၊ ကြက်သေသေသွားပါလိမ့်မယ်..။ ဒါ့ကြောင့်ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် ထိန်းနိုင်လေလေ၊ ဆုံးဖြတ်ချက်တွေ ပိုပြီးမှန်ကန်လေလေပါပဲ..။

အဲဒီအယူအဆဟာ ကျွန်တော့်ရဲ့ လက်စွဲအယူအဆလည်း ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ကိုယ့်အသင်း အခက်အခဲတွေ့ပြီး ရုန်းကန်နေရချိန်တွေမှာတောင် ကိုယ့်ရဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း ဆုံးဖြတ်ချက်တွေ မှန်ကန်ပါလိမ့်မယ်..။



ဘင် ဘလက်ခ် - ဟုတ်ကဲ့ပါ..။ ခုနကကျွန်တော်တို့ ကြည့်ရှုခဲ့တဲ့ ဂိုးစည်းပေါ်က ဖျက်ထုတ်မှုတွေထဲက ခင်ဗျားရဲ့အကြိုက်ဆုံး ဖျက်ထုတ်မှုက ဘယ်ဟာဖြစ်မလဲ..? ဒါမှမဟုတ် ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲ..?

သီယာဂို ဆေးလ်ဗား - ဆောက်ပ်သမ်တန် အသင်းနဲ့ပွဲမှာ နောက်ပေါက်နဲ့ပြန်ပြီး ‘ခပ်’ ထုတ်လိုက်တဲ့ ဖျက်ထုတ်မှုရယ်..၊ ဘရိုက်တန်နဲ့ပွဲက ခေါင်းတိုက်ပြီး ရှင်းထုတ်ခဲ့တဲ့ ဖျက်ထုတ်မှုတွေကို နှစ်သက်ပါတယ်..။ အာဆင်နယ်အသင်းနဲ့ပွဲက ဖျက်ထုတ်မှုကတော့ ဘောလုံးက ကျွန်တော့်ဆီကို ဉီးတည်လာတာပါ..။ အဲဒီ (၃) ခုထဲက အကြိုက်ဆုံးကို ရွေးရတာ အတော်ခက်ပါတယ်..။

ဘင် ဘလက်ခ် - ကျွန်တော်ကတော့ နောက်ပေါက်နဲ့ ဖျက်ထုတ်လိုက်တဲ့အလုံးကို အကြိုက်ဆုံးပဲဗျ..။ ဒါ့အပြင်အဲဒီဖျက်ထုတ်မှုမျိုးဆိုတာ ခင်ဗျားရဲ့အလိုအလျောက် တုံ့ပြန်စိတ် (instinct) ကိုပါ အသုံးချနိုင်ဖို့လ လိုအပ်တာကြောင့် အခက်ခဲဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။

သီယာဂို ဆေးလ်ဗား - အင်းဗျ.. ဘောလုံးဟာ ဂိုးထဲကို ဝင်သွားပြီလို့ပဲ ထင်လိုက်ပါတယ်..။ ဒါ့ကြောင့်မှီလိုမှီငြား နောက်ပေါက်နဲ့ကြိုးစားကြည့်ဉီးမယ်.. လို့ပဲ စိတ်ကူးခဲ့တာဗျ..။ မှန်ပါတယ်.. အဲဒီဖျက်ထုတ်မှုကိုပဲ နံပါတ်တစ် အနေနဲ့ ရွေးချယ်လိုက်ပါမယ်..။ အခက်အခဲဆုံး ဖျက်ထုတ်မှုလို့လည်း ပြောလို့ရပါတယ်..။