feature-image

အပြာရောင်တွေရဲ့ တစ်ခေတ်မှာ တစ်ယောက် - ‘အီဒင် ဟာဇက်’

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲက ကွင်းလုံးပြည့်ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ ‘ဟေး..’ ကနဲ့ အသံကျယ်ကြီးဟာ မတိုင်ပင်ထားပဲ ပြိုင်တူထွက်ပေါ်လာခဲ့ပါတယ်..။ ဘာတွေဖြစ်လာဆက်ပြီး ဖြစ်လာမလဲ..? သိချင်တဲ့ ဆန္ဒဇောအဟုန်နဲ့ အသက်ကိုအောင့်ပြီး ကိုယ့်ရဲ့ထိုင်ခုံတွေကနေ ယောင်ရမ်း ‘ထ’ ရပ်မိကြပါတယ်..။ အဲဒီအပြုအမူတွေဟာ ‘အီဒင် ဟာဇက်’.. ဆိုတဲ့ အပြာရောင် မှော်ဆရာလေးရဲ့ ခြေထောက်ထဲ ဘောလုံးရောက်သွားတဲ့ အခိုက်အတန့်တိုင်းမှာ အပြာရောင်ပရိသတ်အားလုံးရဲ့ တူညီတဲ့တုံ့ပြန်မှုတွေပါပဲ..။

သူ့ရဲ့ခြေစွမ်းနဲ့ ပေးဆပ်မှုတွေကလည်း သူ့အပေါ် ထားရှိခဲ့ရတဲ့ အံ့ဩမှုတွေ၊ တန်ဖိုးထား၊ လေးစားမှုတွေနဲ့ ထိုက်တန်ခဲ့ပါတယ်..။ သူဟာစတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းစိမ်းပေါ်က အပြာရောင်ဇာတ်ထုပ်တွေရဲ့ ‘ရွှေရောင်မင်းသားလေး’ ဖြစ်သလို အဖြူရောင်ဘောလုံးလေးတွေကို လိုရာစေခိုင်းနိုင်တဲ့ ‘စေတလုံးပိုင်ရှင်’ တစ်ဉီးလည်း ဖြစ်ခဲ့ပါတယ်..။
အခြားသူတွေ စိတ်တောင်မကူးနိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခဲ့တယ်..
တခြားကစားသမားတွေရဲ့ အိပ်မက်ထဲက သွင်းဂိုးတွေကို ကိုယ်တိုင်ကိုယ်ကျ သွင်းယူပြနိုင်ခဲ့ပါတယ်..။

စတုတ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်က ဘယ်ခြေနဲ့တရှိန်ထိုးကန်ချက် သွင်းဂိုး..၊ တော့တင်ဟမ်အသင်းရဲ့ အသည်းကိုခွဲပေးခဲ့တဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျက သွင်းဂိုး၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ဝက်ဟမ်းအသင်းမှာ တစ်ကိုယ်တော် အစွမ်းနဲ့သွင်းယူပေးခဲ့တဲ့ဂိုး၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ပွဲက သွင်းဂိုး..၊ အာဆင်နယ် တစ်သင်းလုံးကို ကျော်ဖြတ်ပြီး သွင်းယူပြခဲ့တဲ့ဂိုး၊ ဟော.. အန်ဖီးလ်ကွင်းမှာ သွင်းယူပေးခဲ့တဲ့ နောက်ထပ်တစ်ဂိုး.... သူ့ရဲ့အကောင်းဆုံး.. ဆိုတဲ့ သွင်းဂိုးတွေကို စိတ်နဲ့မှန်းကြည့်လိုက်တာနဲ့… လက်ဆယ်ချောင်း ကျော်လောက်ပါတယ်…၊ အများကြီးပါပဲ..။



အဲဒီသွင်းဂိုးစီတိုင်းဟာ အပြာရောင်ပရိသတ်တွေအတွက် အမှတ်တရကိုယ်စီတွေပေါ့….
ဒါပေမယ့် ‘အီဒင် ဟာဇက်’ ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက အရှိန်အဝါတွေ၊ အမှတ်တရတွေဟာ ‘သွင်းဂိုးတွေ’ တစ်ခုထဲ မဟုတ်ပါဘူး..။ အသင်းနဲ့အတူ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု နှစ်ကြိမ်၊ FA ဖလား၊ Carabao ဖလား၊ ယူရိုဖလား.. ဆိုတဲ့ အောင်မြင်မှုတွေတင် မကခဲ့ပါဘူး..။

အီဒင် ဟာဇက် ဟာ အပြာရောင်တွေနဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ‘ဘယ်တော့မှ မပြီးဆုံနိုင်မယ့် ဟိမဝန္တာ ချီးမွန်းခန်း… ဋီကာ’ တွေကို ဖန်တီးပေးခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်..။ သူဟာအပြာရောင်ပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ ကြည်နူးနှစ်သိမ့်စေမှုများစွာကို ဆောင်ယူပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ပြိုင်ဘက်ပရိသတ်တွေကလည်း အနည်းဆုံး တစ်ပါတ်ကို တစ်ခါလောက် သူ့ရဲ့မှော်ဝင်ခြေစွမ်းတွေအပေါ် ကျေနပ်အားရခဲ့ကြတာပါပဲ..။

မြင်တွေ့နေကျမဟုတ်တဲ့ အတို့အဆိပ်တွေ၊ ပေးပို့မှုတွေ၊ ဘယ်လိုမှ ရပ်တန့်လို့မရနိုင်တဲ့ ဘောလုံးဆွဲထွက်မှုတွေအပြင် သူ့ရဲ့လျှင်မြန်လှတဲ့ အယိမ်းအနွဲ့၊ အတိုးအလှုပ်တွေအောက်မှာ ပြိုင်ဘက်အသင်း နောက်ခံလူတွေ အကြိမ်ကြိမ် ပြိုကျခဲ့ပါတယ်..။ လှုပ်ချိန်တောင်မရလိုက်ပဲ ငုတ်တုတ်မေ့ခဲ့တဲ့ ဂိုးသမားတွေ အများကြီးရှိခဲ့ပါတယ်..။ သူဟာစတန်းဖို့ဒ် ဘရစ်ချ်ကွင်းက အဆင့်အမြင့်ဆုံး ပွဲစဉ်တွေကို ကျောင်းပွဲ၊ ပန်းခြံထဲက ဂိုးကျဉ်းပွဲတွေ ကြည့်ရှုနေရတဲ့အလား လွတ်လပ်၊ ပေါ့ပါးတဲ့ ခံစားမှုတွေ မျှဝေပေးနိုင်ခဲ့ပါတယ်..။ ဘောလုံးပွဲတစ်ပွဲရဲ့ အနှစ်သာရတွေကို ခံစား၊ ရရှိစေခဲ့ပါတယ်..။

အဲဒီလိုပေးဆပ်ခဲ့မှုတွေအတွက် သူဟာ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ လေးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့အထိ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခံခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် သူ့လိုမျိုး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု လေးကြိမ်ရရှိဖူးခဲ့တဲ့ ကစားသမား မရှိဖူးပါဘူး..။ အဲဒီလို အသိအမှတ်ပြု၊ ဂုဏ်ပြုမှုဟာ ဘောလုံးရာသီတစ်ခုလုံးကို သူ့ရဲ့ပခုံးထက်မှာ ထမ်းရွက်ပြီး ချယ်လ်ဆီးအသင်းကို တွန်းတင်၊ သယ်ဆောင်ပေးခဲ့တဲ့ ရာသီပေါင်းများစွာအတွက် အသင်းနဲ့ပရိသတ်က ပြန်လည်ချီးမြှင့်ပေးခဲ့တဲ့ ဂုဏ်ပြုမှုလည်း ဖြစ်ခဲ့ပါတယ်..။



ဟာဇက် ဟာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် သရဖူကို ၂၀၁၅ ခုနှစ်မှာ ဆွတ်ခူးရရှိခဲ့ပြီး အဲဒီဘောလုံးရာသီမှာ သူဟာ (၁၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်…။ သူ့ကိုကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် ဟိုဆေး မော်ရင်ဟို က ချီးမွမ်းခဲ့ဖူးပါတယ်..။ ဘယ်လ်ဂျီယမ် မှော်ဆရာအတွက် The Special One က ပေးအပ်ထားတဲ့ ဝိသေသက ‘သိမ်မွေ့တဲ့ ကြယ်တစ်ပွင့် (သို့မဟုတ်) The humble star’…

အီဒင် နဲ့ ပတ်သက်ပြီး အသင်းဖော်တွေ၊ နည်းပြဝန်ထမ်းတွေရဲ့ ပြန်ပြောပြချက်တွေအရ အဲဒီအမည်နာမဟာ သူ့ရဲ့အကျင့်စရိုက်ကို ကိုယ်စားအပြုနိုင်ဆုံးလို့ ပြောလို့ရပါတယ်..။ သူဟာမြက်ခင်းစိမ်းပေါ်မှာ  အရှိန်အဝါတွေ တောက်ပသလောက် ကွင်းပြင်ပရောက်ချိန်မှာ ဝင့်ကြွားမှုမရှိ၊ ပလွှားမှုမရှိ၊ ကြွားဝါမှုမရှိ၊ ငါဆိုမှငါ.. ဆိုတဲ့ မာန်မာနတွေ မရှိပါဘူး..။ မိသားစုကို အလေးထားပြီး လူတိုင်းကို လေးလေးစားစား ဆက်ဆံတတ်တဲ့ သာမာန်လူတစ်ယောက်လိုပဲ ကျင့်ကြံ၊ နေထိုင်လေ့ ရှိပါတယ်..။

ဟာဇက် ဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ဖြတ်သန်းခဲ့တဲ့ (၇) နှစ်တာ ကာလအတွင်း အသင်းအတွက် (၃၅၂) ပွဲ ကစားပေးခဲ့သလို ရာသီတိုင်းမှာ အနည်းဆုံး ပွဲပေါင်း (၄၀) လောက် ကစားပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ ပြိုင်ဘက်နောက်ခံလူတွေရဲ့ ပစ်မှတ်ထားခံရပြီး သဲကြီးမဲကြီး ဖျက်ထုတ်ခံခဲ့ရတဲ့ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ စွမ်းရည်ဟာ အံ့အားသင့်လောက်ပါတယ်..။ နောက်ကနေပိုင်းပြီး အတင်းဝင် ဖျက်ထုတ်မှုတွေ၊ ခြေစုံထိုးပြီး ဖျက်ထုတ်မှုတွေ၊ မရမကဆွဲလှဲမှုတွေ၊ မသိမသာနဲ့ တစ်ချိန်လုံး ကန်ကျောက်နေမှုတွေအပေါ် ဟာဇက် ဟာ စောဒကတက်ခဲ့တာလည်း မရှိခဲ့ပါဘူး..။ ဘောလုံးကိုပဲ တစိုက်မတ်မတ် ကြိုးစား၊ အာရုံစိုက်ရင်း ချယ်လ်ဆီးအသင်းရဲ့ ခြင်္သေ့တံဆိပ်ကိုပဲ တန်ဖိုးထား ကာကွယ်ခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။

အဲဒီလို ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်အဖြစ် သူဟာ ၂၀၁၇ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရခဲ့တဲ့ အသင်းရဲ့ အဓိကသော့ချက် ကစားသမား ဖြစ်ခဲ့ပါတယ်..။ ၂၀၁၈ ခုနှစ်၊ FA ဖလားဗိုလ်လုပွဲမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ကိုယ်တိုင်ကန်သွင်းပြီး ချန်ပီယံဆုကို ဆွတ်ခူးစေခဲ့ပါတယ်..။



၂၀၁၉ ခုနှစ်၊ ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲမှာ အီဒင် ဟာ မှော်ဝင်ခြေစွမ်းနဲ့အတူ အသင်းကို ချန်ပီယံဆု နောက်ထပ်တစ်ကြိမ် ရရှိစေခဲ့ပါတယ်..။ အဲဒီပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းအတွက် အပြာရောင်ဝတ်စုံကို နောက်ဆုံးဆင်မြန်းခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး အာဆင်နယ်အသင်းကို နှစ်ဂိုးသွင်း၊ ပီဒရို သွင်းယူပေးခဲ့တဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ကာ အကောင်းဆုံး နှုတ်ဆက်လက်ဆောင်ကို ပေးအပ်ခဲ့ပါတယ်..။

ဘာကူမြို့က ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲညဟာ ရီးရဲလ် မက်ဒရစ် အသင်းနဲ့အတူ နောက်ထပ်ခရီး အသစ်တစ်ခုကို စတင်တော့မယ့် ဟာဇက် အတွက် အပြာရောင်တို့ကို အကောင်းဆုံး နှုတ်ဆက်နိုင်ခဲ့တဲ့ ညချမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ဘယ်လ်ဂျီယမ် မှော်ဆရာနဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ကြားက သံယောဇဉ်၊ ဆက်ဆံရေးဟာ အမြဲတမ်း နွေးထွေး၊ တည်မြဲခဲ့ပါတယ်..။

ဒါ့ကြောင့်အီဒင် ဟာဇက် ရဲ့ ကစားသမားဘဝကို ကျောခိုင်း၊ နှုတ်ဆက်ခဲ့တဲ့ သတင်းအပေါ် အပြာရောင်ပရိသတ်တိုင်းဟာ အနွေးထွေးဆုံး တုံ့ပြန်ခဲ့ကြတယ်..၊ ဆုတောင်းမေတ္တာတွေ ပို့သခဲ့ကြတယ်..၊ ကြည်နူးစရာ အတိတ်က အခိုက်အတန့်တွေကို ဝေမျှခဲ့ကြပါတယ်..။

အမှတ်တရတွေ၊ ကြည်နူးမှုတွေ..၊ ပေးဆပ်ခဲ့မှုတွေ…၊ အခိုက်အတန့်တွေ..၊ ယူဆောင်ပေးခဲ့တဲ့ အောင်မြင်မှုတွေအတွက် ကျေးဇူးပါ…အီဒင်…

ခင်ဗျားဟာ အပြာရောင်တွေအတွက် တကယ့်ကို အစစ်အမှန်.. ‘တစ်‌ခေတ်မှာတစ်ယောက်’ ထွန်းပေါက်ခဲ့တဲ့ ဂန္တဝင် တစ်ယောက်ပါပဲ..

(ချယ်လ်ဆီးအသင်း Official website မှ ဘောလုံးလောကမှ အနားယူသွားခဲ့တဲ့ ဘယ်လ်ဂျီယမ် ဂန္တဝင်တိုက်စစ်မှူး အီဒင် ဟာဇက် အတွက် နှုတ်ဆက်ရေးသားခဲ့သည့် ‘Eden Hazard: A true one-off’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)