စနေနေ့က Stamford Bridge ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် ပွဲစဉ်အတွင်းမှ ထူးခြားခဲ့သည့် ဖြစ်ရပ်များကို ချယ်လ်ဆီးအသင်း မန်နေဂျာ နှင့် ကစားသမားဟောင်း ရုဒ် ဂူးလစ် နှင့် အာဆင်နယ်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက် တို့က Premier League Production ၏ ‘Matchday Live’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
စတိဗ် ဘိုးဝါး - ပွဲပြီးတဲ့အချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစား ဒက်ကလန် ရိုက်စ် ကတော့ သူတို့အသင်းဟာ ကစားပုံ ဆိုးရွားခဲ့ပေမယ့် အရှုံးရလဒ် မကြုံတွေ့ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့ ပြောကြားသွားခဲ့ပါတယ်..။ အဲဒီအကြောင်းကိုမဆွေးနွေးခင် အာဆင်နယ်အသင်းဘက်ကို ဒုတိယဂိုး သွင်းယူပေးခဲ့တဲ့ မိုင်ဟေးလ်လို မူဒရပ်ခ် ဟာ ဖြတ်တင်ဘော ပေးပို့လိုက်တာလား..? ရည်ရွယ်ချက်ရှိရှိ ကန်သွင်းခဲ့တာလားဗျ..?
ရုဒ် ဂူးလစ် - ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ဒီလိုဂိုးမျိုးသွင်းယူနိုင်ဖို့ ကံကောင်းဖို့ လိုပါတယ်..။ အာဆင်နယ်အသင်းက ဘောလုံးဖျက်ထုတ်လိုက်ချိန်မှာ ကော်နာ ဂါလက်ချာ ဆီ ဘောလုံးရောက်သွားခဲ့တာဟာလည်း ကံကောင်းလို့ပါပဲ..။ ချယ်လ်ဆီးဘက်က အဲဒီဂိုးရသွားတဲ့အချိန်ဟာ ဒုတိယပိုင်း အစလေးမှာပဲ ရှိသေးတာဆိုတော့ အာဆင်နယ်အသင်းရဲ့ ကြိုးစားချင်စိတ်ကို အနည်းနဲ့အများတော့ ထိခိုက်ခဲ့ပါတယ်…။ မူဒရပ်ခ် ဟာ ဖြတ်တင်ဘော ပေးပို့လိုက်တာပါ..။ ဒါပေမယ့် ရှေ့မှာရောက်နေတဲ့ ဂိုးသမား ဒေးဗစ် ရာယာ ရဲ့အပေါ်က ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်..။
အီယန် ရိုက် - ကံကောင်းပြီး ဂိုးဝင်သွားတာလား..? ရည်ရွယ်ချက်ရှိရှိနဲ့ ကန်သွင်းခဲ့တာလား..? ဆိုတာ တစ်ယောက်ယောက်က သူ့ကိုသွားပြီး မေးကြည့်သင့်ပါတယ်..။
စတိဗ် ဘိုးဝါး - ဂိုးသမား ရာယာ ရဲ့ နေရာယူပုံ မှားယွင်းနေတာကို မြင်မိတာကြောင့် ကန်သွင်းလိုက်တာလည်း ဖြစ်နိုင်တာပါပဲ..
အီယန် ရိုက် - ကျွန်တော်ကတော့ အဲဒီလိုမထင်မိဘူးဗျ..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် သူဟာဖြတ်တင်ဘောကို ဘယ်သူ့ဆီ ကန်တင်ရမလဲလို့ ကြည့်နေတာကို မြင်ရပါလိမ့်မယ်..။ ပြီးမှဘောလုံးကို တစ်ချက်ပြန် ခေါင်းငုံ့ကြည့်လိုက်ပြီးမှ ကန်တင်လိုက်တာပါ..။ ဒါ့အပြင် သူ့ရဲ့ရှေ့မှာ ကာထားတဲ့ ဆာလီဘား နဲ့ လွတ်အောင် ခပ်စောင်းစောင်းလေး ကန်တင်ဖို့ ဆုံးဖြတ်လိုက်ကြောင့် ဘောလုံးဟာ ဂိုးသမားကိုကျော်ပြီး ဂိုးဝင်သွားခဲ့တာပါ..။
အနှေးပြကွက်တွေ သေသေချာချာ ပြန်ကြည့်တဲ့အခါ မူဒရပ်ခ် ဟာ ဂိုးသမား ရာယာ ရဲ့ နေရာယူပုံကို ကြည့်လိုက်တာ မတွေ့မိခဲ့ပါဘူး.။ ဒါ့အပြင်သူဟာ ဂိုးဝင်သွားလိမ့်မယ်လို့ မျှော်လင့်ထားပုံ မရပါဘူး..။ ဒါပေမယ့် ဘာပဲပြောပြော ဘောလုံးဟာ ဂိုးထဲဝင်သွားခဲ့တာကြောင့် ဂိုးသွင်းတယ်ပဲ ဖြစ်သွားတာပေါ့..။
ရုဒ် ဂူးလစ် - မှန်ပါတယ်..။ ဖြတ်တင်ဘောဟာ လမ်းကြောင်းပြောင်းပြီး ဝင်သွားတယ်လို့ပဲ ပြောချင်ပါတယ်..။ ဒါပေမယ့် အဲဒီဂိုးဝင်သွားတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ အတော်ကောင်းနေပါတယ်..။ ဒါ့ကြောင့်အာဆင်နယ်အသင်းဟာ ကစားကွက်ပြန်ပြီး တည်ဆောက်လို့ရအောင် ခံစစ်ကိုပိုပြီး အားပြုနေခဲ့ပါတယ်..။ ပွဲကြည့်နေရင်းနဲ့ (၇၇) မိနစ်လောက်လည်းရောက်ရော.. ကျွန်တော့်ရဲ့စိတ်ထဲမှာ.. ‘Wow..! ချယ်လ်ဆီးကတော့ လွယ်လွယ်ကူကူနဲ့ အနိုင်ရတော့မယ်..’ လို့ပဲ ထင်လိုက်ပါတယ်..။
စတိဗ် ဘိုးဝါး - အင်းဗျ.. ခဏလေး စကားဖြတ်ပြီး မေးကြည့်ချင်ပါတယ်..။ အခုဆိုရင် အသင်းရဲ့ကစားကွက်ကို စတင်တဲ့နေရာမှာ ဂိုးသမားတွေရဲ့ အခန်းကဏ္ဍ အတော့်ကို ကြီးမားလာပါတယ်..။ အသင်းတိုင်းလိုလို playing out from the back ဆိုတဲ့ နည်းစနစ်ပိုင်းအယူအဆကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာခဲ့ပြီး တစ်ဖက်အသင်းရဲ့ ဖိအားပေး ကစားလာမှုကို ဖိတ်ခေါ်ခဲ့တဲ့ စွန့်စားမှုကို ရယူလာခဲ့ကြပါတယ်..။ အဲဒီမှာ ဂိုးသမား ဆန်းချက်ဇ် ရဲ့ အမှားကနေ ပွဲရဲ့ချိန်ခွင်လျှာ ချက်ချင်းပြောင်းလဲသွားခဲ့တာပဲ..
ရုဒ် ဂူးလစ် - ကျွန်တော်တို့ ဘောလုံးလောကမှာတော့ ဒတ်ချ်တွေ ယူလာတဲ့ရောဂါ.. ‘Dutch Disease’.. လို့ ခေါ်တယ်ဗျ.. ဟားဟား..။ ကျွန်တော်တို့ဒတ်ချ် အသင်းတွေဟာ ကစားကွက်ကို ခံစစ်ကြောင်းကနေ စတင်ပြီး တည်ဆောက်၊ ကစားလေ့ရှိခဲ့ကြပါတယ်..။ အဲဒီမှာ မှားတော့တာပါပဲ..။ တခါတလေကျရင် ကစားသမားတွေဟာ ဘယ်အချိန်မှာ ကန်တင်ရမယ်..၊ ဘယ်လိုအချိန်ကျရင် အသင်းဖော်တွေနဲ့ တွဲလုံးတွေ တည်ဆောက်ရမယ်.. နားလည်ထားဖို့ လိုအပ်ပါတယ်..။ အဲဒီဒက်ကလန် ရိုက်စ် ရဲ့ သွင်းဂိုးမှာတော့ ဂိုးသမား ဆန်းချက်ဇ် ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ပဲ ယူဆပါတယ်..။ တကယ်တမ်းဆိုရင် ချယ်လ်ဆီးဘက်က သာသာယာယာနဲ့ ပွဲကိုထိန်းပြီး ကစားနေရမယ့်အချိန်ပဲဗျ..
အီယန် ရိုက် - ဒက်ကလန် ရိုက်စ် ရဲ့ ကန်သွင်းချက် နည်းစနစ်ဟာလည်း အတော်ကောင်းပါတယ်..။ ဂိုးသမား လက်လှမ်းမမှီနိုင်တဲ့နေရာကို ဘောလုံးကိုဝှေ့ပြီး ဂိုးပေါက်တည့်အောင် မနားတမ်းကန်သွင်းရတာ သိပ်တော့လွယ်ကူလှတာ မဟုတ်ဘူးဗျ..။ ဒါ့အပြင်သူဟာ တဒင်္ဂအတွင်းမှာပဲ ကန်သွင်းဖို့ကို ဆုံးဖြတ်ချက်ချရတာပါ..။ ဆုဖလားတွေ၊ အောင်မြင်မှုတွေ စိန်ခေါ်ချင်တဲ့ အသင်းတစ်သင်းအနေနဲ့ အခုလိုမျိုး မထင်မှတ်ပဲ ရရှိလာတဲ့ အခွင့်အရေး သေးသေးလေးတွေကို အမိအရ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။
စတိဗ် ဘိုးဝါး - မန်နေဂျာတိုင်းဟာ လူစားလဲတယ်ဆိုတာ ပွဲရဲ့အခြေအနေကို ပြောင်းလဲစေဖို့၊ ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးစေချင်လို့ ဖြစ်ပါတယ်..။ လီယန်ဒရို ထရော့ဆာ့ဒ် ဟာ ဒီနေ့ပွဲက သွင်းဂိုးအပါအဝင် သူ့ရဲ့ပရီးမီးယားလိဂ် သွင်းဂိုး (၃) ဂိုးစလုံးကို လူစားဝင် ကစားသမားအဖြစ်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်..။ သူဟာပွဲရဲ့အဖြေကို အမှန်တကယ် ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်ပြီလား..? အီယန် ရေ..
အီယန် ရိုက် - သေချာတာပေါ့ဗျာ..။ အဲဒီဒုတိယချေပဂိုးမှာဆိုရင် ညာတောင်ပံက ဘူကာရို ဆာကာ ရဲ့ ဖြတ်တင်ဘောဟာ သိပ်ကိုကောင်းတယ်ဗျ..။ ဒါပေမယ့် တခြားရှုထောင့်ဘက်ကနေ သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်း ညာနောက်ခံလူ မာလို ဂတ်စ်တို ဟာ ခဏတာလေး အာရုံပျံ့လွှင့်သွားခဲ့ပုံ ရပါတယ်..။ ပထမဆုံးအနေနဲ့ ကွင်းလယ်ကနေ ပြန်ပြီးချပေးလိုက်တဲ့အချိန် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်မှာ အဆင်သင့်နေရာယူထားတဲ့ ကိုင် ဟာဗာ့ဇ် ရဲ့ နေရာယူပုံ ကောင်းမွန်ခဲ့ပါတယ်…(ပုံ - ၂)။
သူကနေတဆင့် ညာတောင်ပံမှာ အသင့်နေရာယူထားတဲ့ ဘူကာရို ဆာကာ ဆီကို ချပေးလိုက်ပါတယ်..။ ဆာကာ ဟာ အတွင်းဘက်ကို တစ်ချက်ပြန်ချိုးတယ်..၊ ပြီးမှဂတ်စ်တို ရဲ့ နေရာယူထားပုံကို သေသေချာချာ ကြည့်ပြီးမှ သူ့ရဲ့နောက်ထဲက နေရာလွတ်ဆီကို အတိအကျ ဖြတ်တင်ပေးလိုက်တာဗျ.. (ပုံ- ၃)
အီယန် ရိုက် - တကယ်တော့ ချယ်လ်ဆီးအသင်း နောက်ခံလူတွေအနေနဲ့ ဆာကာ ကို အဲဒီလိုအတွင်းဘက် ပြန်ချိုးပြီး ဖြတ်တင်ဘောကို သေသေချာချာကန်တင်ခွင့် မပေးသင့်ပါဘူး..။ ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ သရေရလဒ်မှာ ဒက်ကလန် ရိုက်စ် ရဲ့ အဆင့်မြင့်တဲ့ကန်ချက်နဲ့ ထရော့ဆာ့ဒ် ကန်သွင်းခွင့်ရရှိအောင် အတိအကျ ပေးပို့နိုင်ခဲ့တဲ့ ဘူကာရို ဆာကာ ရဲ့ ဖြတ်တင်ဘော.. အဲဒီအခိုက်အတန့်နှစ်ခုဟာ အဓိကကျခဲ့ပါတယ်..။
ရုဒ် ဂူးလစ် - ဂတ်စ်တို ဟာ သူကပ်ရမယ့် အနီးဆုံးကလူကိုမကြည့်ပဲ ဘောလုံးပွဲကြည့်နေတာဗျ..။ သူဟာအဝေးဂိုးတိုင်မှာ ရှိနေတဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အနီးဆုံး အန္တရာယ်ဟာ ဟိုး.. အဝေးကြီးက ဘောလုံးကိုင်ထားတဲ့သူ မဟုတ်ပါဘူး..။ သူ့ရဲ့နောက်မှာရှိနေတဲ့ အနီးဆုံးလူ ဖြစ်ပါတယ်..။ သူဟာကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ တိုက်စစ်မှူးရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေရပါမယ်..။ ဒါ့ကြောင့်နောက်ခံလူတွေဟာ ကိုယ်လူကပ်ရမယ့် တိုက်စစ်မှူး ဘယ်မှလွတ်ထွက်မသွားရအောင် အင်္ကျီကိုလက်နဲ့ ဆွဲထားရတာတို့..၊ ဘာတို့.. စသဖြင့် နည်းမျိုးစုံနဲ့ ကြိုးခုန်နေကြတာပဲ မဟုတ်လားဗျ..။
အဲဒီပေးလိုက်ရတဲ့ ဂိုးမှာတော့ သူဟာ ထရော့ဆာ့ဒ် နဲ့ အရမ်းကိုဝေးနေတာကြောင့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူးရဲ့ လှုပ်ရှားမှုကို သူဟာဘယ်လိုနည်းနဲ့မှ သတိပြုမိမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဆာကာ ရဲ့ ဖြတ်တင်ဘောဟာ တကယ့်ကိုကောင်းပါတယ်..။ အဲဒီသွင်းဂိုးဟာ အာဆင်နယ်အသင်းကို ယုံကြည်မှုအပြည့်အဝ ပြန်လည်ရရှိသွားစေပါတယ်..။ အဲဒီဂိုးဝင်သွားခဲ့တဲ့အချိန် ကျွန်တော်တို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ စိတ်ထဲမှာတော့ ကိုယ့်ရဲ့လက်ထဲကို ရောက်နေတဲ့ အရာတစ်ခုခုကို အလဟသ လွင့်ပစ်လိုက်တဲ့ ခံစားမှုကို ရရှိခဲ့တာ အမှန်ပဲဗျ..။ ဒါ့ကြောင့်နည်းပြ ပိုချက်တီနို အနေနဲ့ ဒီနေ့ပွဲရလဒ်ကို အတော်လေး စိတ်ပျက်မိပါလိမ့်မယ်..။
စတိဗ် ဘိုးဝါး - ဒုတိယချေပဂိုးရပြီးနောက်ပိုင်းမှာ အာဆင်နယ်အသင်းက ကစားပုံပိုပြီး ကောင်းလာခဲ့သလို အက်ဒီ အန်ကတ်တီးယား က အနိုင်ဂိုးရမလိုတောင် ဖြစ်ခဲ့သေးတယ်နော…
အီယန် ရိုက် - မထင်မှတ်ထားတဲ့ အလှည့်အပြောင်း၊ အခွင့်အရေးတွေကြောင့် သူတို့တွေဟာ စိတ်ဓါတ်တက်ကြွ သွားခဲ့ပါတယ်..။ ဒါ့ကြောင့်ရလာမယ့် အခွင့်အရေးတွေကို အသုံးချနိုင်ရမယ်.. ဆိုတဲ့ ဆန္ဒတွေ ဖြစ်လာခဲ့ပုံရပါတယ်..။ အဲဒီအခွင့်အရေးမှာဆိုရင် ဘင် ဝှိုက် ရဲ့ ပေးပို့မှုဟာ အတော်လေးကောင်းသလို အန်ကတ်တီးယား ဟာ ချယ်လ်ဆီးနောက်ခံလူနှစ်ယောက်ကြားက ပြေးထွက်သွားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာသေသေချာချာ ကန်သွင်းနိုင်မယ့် အနေအထားမှာ ရှိမနေတာကြောင့် ခြေဉီးနဲ့လှမ်းထိုးလိုက်ပြီး ကံစမ်းလိုက်တဲ့ သဘောပါပဲ..။ ဒါတောင်ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်..။ သူ့ရဲ့ကြိုးစားအားထုတ်မှု ကောင်းမွန်ခဲ့ပေမယ့် ကံကောင်းဖို့ နည်းနည်းလေး လိုသွားခဲ့ပါတယ်..။
စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းရဲ့အဖွင့်ဂိုး… ပင်နယ်တီပြစ်ဒဏ်ဘောအပေါ်မှာ ထင်မြင်ချက်တွေအမျိုးမျိုး ပြောနေခဲ့ကြပါတယ်..။ ခင်ဗျားတို့ရော လက်ထိဘောအဖြစ် သတ်မှတ်ပေးသင့်တယ်လို့ ယူဆရဲ့လား..? ဒိုင်လူကြီးခရစ်စ် ကာဗာနာ့ဂျ် ဟာ VAR ဒိုင်အဖွဲ့နဲ့ မတိုင်ပင်ခင် ကွင်းထဲမှာ ပင်နယ်တီချက်ချင်း မပေးခဲ့ဘူးဗျ..
ရုဒ် ဂူးလစ် - ပင်နယ်တီပေးရမှာ ရှင်းနေတာကို ဘာဖြစ်လို့ အဲဒီလောက်အကြာကြီး ပြန်ကြည့်နေရတာလဲ..? လို့ ကျွန်တော်က အံ့ဩခဲ့တာပါ..။ ရှင်းရှင်းလင်းလင်း လက်ထိသွားတာပဲဗျ..။ ပင်နယ်တီပေးရမှာပါ..။ ဒါ့ကြောင့်ဒိုင်လူကြီးဟာ ဘာတွေကိုပြန်ပြီး ကြည့်နေရတာလဲ.. ကျွန်တော်တော့ နားမလည်မိပါဘူး..။ စိတ်ထဲက ရည်ရွယ်သည်ဖြစ်စေ.. (intentional)၊ စိတ်ထဲက မရည်ရွယ်သည်ဖြစ်စေ.. (unintentionally) လက်ကိုဆန့်ထုတ်လိုက်တယ်..၊ ဂိုးပေါက်ကိုလာတဲ့ ဘောလုံးက သူ့ရဲ့လက်ကိုလာပြီး ထိသွားပါတယ်..။ မူဒရပ်ခ် ရဲ့ ခေါင်းတိုက်ချက်ဟာ ဂိုးပေါက်ဆီကို ဉီးတည်နေပါတယ်..။ ဂိုးဝင်မလား..၊ ဂိုးမဝင်ဘူးလားတော့ မသိဘူးပေါ့..၊ ဒါပေမယ့် ဂိုးပေါက်ကို ဉီးတည်နေတာ အမှန်ပါပဲ..။
စတိဗ် ဘိုးဝါး - ပင်နယ်တီ ဟုတ်လား..၊ မဟုတ်လား.. ကျွန်တော်တော့ မပြောတတ်ဘူး..၊ ဒါပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ နည်းနည်းတော့ ပြင်းထန်တယ်လို့ ထင်တာပဲ..။
အီယန် ရိုက် - လက်ရှိစည်းမျဉ်းတွေအရ ပင်နယ်တီပေးရမှာပဲ..။ ဒါပေမယ့် မူဒရပ်ခ် ရဲ့ ခေါင်းတိုက်ချက်ဟာ ဂိုးပေါက်တည့်မှာ မဟုတ်ဘူးဗျ..၊ ကျွန်တော်ပြောရဲပါတယ်..။ အခုလက်ရှိကျင့်သုံးနေတဲ့ လက်ထိဘော ဥပဒေ (hand ball law) က ရှုပ်ထွေးပါတယ်..။
ရုဒ် ဂူးလစ် - ဒါဆိုရင် ခင်ဗျားက ဘယ်လိုဖြစ်စေချင်တာလဲ..?
အီယန် ရိုက် - တကယ်လို့ မူဒရပ်ခ် ရဲ့ ခေါင်းတိုက်ချက်က ဂိုးပေါက်ကိုတည့်ခဲ့ရက်နဲ့ လက်ထိခဲ့တယ်ဆိုရင် ဂိုးရနိုင်မယ့် အခွင့်အရေးကို (goal scoring opportunities) တားဆီးတဲ့ ပြစ်ချက်နဲ့ ပင်နယ်တီပေးသင့်ပါတယ်..။ ဒါပေမယ့် ဂိုးပေါက်တည့်မယ့် ဘောလုံးမဟုတ်ရင် ဘာဖြစ်လို့ ပေးသင့်မှာလဲ..?
ရုဒ် ဂူးလစ် - ဟာ့… လက်ထိတာပဲလေ..၊ ဂိုးပေါက်တည့်မှ လက်ထိတယ်လို့ ပြောရမှာလား..? မဆိုင်ဘူးထင်တာပဲ..
အီယန် ရိုက် - ကျွန်တော့်အတွက်တော့ ဆိုင်တယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ဂိုးပေါက်တည့်မှာ မဟုတ်တဲ့ ဘောလုံးကို နောက်ခံလူတစ်ယောက်က ဘာဖြစ်လို့လက်နဲ့သွားပြီး ပုတ်နေဖို့ အကြောင်းရှိနေမှာလဲ..? ဒီအလုံးမှာဆိုရင် ဝီလီယံ ဆာလီဘား ဟာ ခေါင်းတိုက်ဖို့ လက်ကိုဆန့်ပြီး အားယူရင်းနဲ့ ထိမိတာလေ..၊ ဒါဟာ လက်နဲ့ပုတ်ဖို့ ရည်ရွယ်ချက် (un-intentionally) မပါခဲ့ပါဘူး..။ ဒါ့ကြောင့်ဆုံးဖြတ်ချက်ဟာ ပြင်းထန်တယ်လို့ ပြောတာပါ..။
ရုဒ် ဂူးလစ် - မှန်ပါတယ်..။ အခုကျင့်သုံးနေတဲ့ လက်ထိဘော ဥပဒေဟာ လိုက်နာဖို့ အတော်ခက်ခဲပါတယ်..။
စတိဗ် ဘိုးဝါး - အင်းဗျ…၊ အဲဒီပင်နယ်တီကို ရာဟင်း စတာလင်း က ကန်ချင်ပုံရပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား က အလှည့်မပေးပဲ သူ့ဟာသူ ဂိုးဝင်အောင် ကန်သွင်းခဲ့ပါတယ်..။ ရုဒ် ရေ… ဒါနဲ့ အာဆင်နယ်အသင်းရဲ့ ပြစ်ဒဏ်ဘောကို ဂိုးသမား ဆန်းချက်ဇ် ပုတ်ထုတ်ဖို့ ကြိုးစားရာမှာ လွဲချော်ပြီး အာဆင်နယ် နောက်ခံလူ တိုမီယားဆု ကို ဖျက်ထုတ်မိသလို ဖြစ်ခဲ့တဲ့အခိုက်အတန့်ကိုရော..
ရုဒ် ဂူးလစ် - ပင်နယ်တီပေးရမှာပါ..။ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် အဲဒီလိုတွေ လွဲချော်နေတာ တစ်ကြိမ်မကပါဘူး..။ ဒါပေမယ့် VAR အဖွဲ့ဟာ အဲဒီဖြစ်ရပ်ကို ဘာကြောင့် ဗွီဒီယို ပြန်ပြီးကြည့်ဖို့ မစဉ်းစားခဲ့တာကို နားမလည်နိုင်ခဲ့ပါဘူး..။ တကယ့်ကို ပြစ်ဒဏ်ဘောစစ်စစ်ပါဗျာ..။
အီယန် ရိုက် - ရောဘတ် ဆန်းချက်ဇ် ရှေ့တက်ပြီး ဖျက်ထုတ်လိုက်တာ ဘောလုံးနဲ့ တခြားစီပဲဗျ..။ ပင်နယ်တီ ပေးရမှာပါ..။ ဒါ့အပြင်အဲဒီလို ဖျက်ထုတ်မှုဟာ တစ်ဘက်ကစားသမားတွေအတွက် အန္တရာယ်ရှိပါတယ်..။ ကျွန်တော်မှတ်မိသလောက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဝုလ်ဖ်နဲ့ပွဲတုန်းကလည်း ဂိုးသမား အင်ဒရေ အိုနားနား အဲဒီလိုဖျက်ထုတ်မှုမျိုးတစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်..။ အခုလိုတစ်ပုံစံထဲပါပဲ..။
ရုဒ် ဂူးလစ် - အဲဒါကြောင့်ပြောတာပါ..။ တကယ့်ပြစ်ဒဏ်ဘောစစ်စစ်ကြီးကို ဘာဖြစ်လို့ ပင်နယ်တီ မပေးခဲ့တာလဲ..? ဆိုတာကို လုံးဝနားမလည်ခဲ့ပါဘူး..။ ရောဘတ် ဆန်းချက်ဇ် ဟာ ပြေးထွက်လာခဲ့ရာမှာ နောက်ကျခဲ့တာကြောင့် သူ့ရဲ့ဖျက်ထုတ်မှုဟာ ပြိုင်ဘက်ကစားသမားအတွက် အန္တရာယ်ရှိနိုင်ပါတယ်..။ တကယ်တော့ ကွင်းလယ်ဒိုင်က ဘာမှအရေးမယူဘူးဆိုရင်လည်း ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ VAR အဖွဲ့တွေက ပြန်ပြီးကြည့်ဖို့ ကောင်းပါတယ်..။
အီယန် ရိုက် - ကံကောင်းသွားတာက ဂိုးသမားဆန်းချက်ဇ် ဟာ ဘောလုံးတင်မကပဲ လူတွေအကုန်လုံးကိုပါ လွဲသွားပြီး ဘယ်သူနဲ့မှ မထိခဲ့ဘူးဗျ..။ ဂျေဇူး ကတော့ နောက်ခံလူတွေကြားထဲ ညှပ်သွားခဲ့တာပါ..။ တကယ်လို့ သူ့ရဲ့ထိုးထုတ်လိုက်တဲ့ လက်သီးဟာ တိုမီယာဆု ကို ထိမိသွားရင် တစ်မျိုးဖြစ်သွားမလား.. မပြောတတ်ဘူးဗျ..။
ရုဒ် ဂူးလစ် - ဘယ်လိုပဲဖြစ်ဖြစ်.. ပြစ်ဒဏ်ဘောဆိုတာ အရှင်းကြီးပါဗျာ..။ ဘောလုံးစည်းမျဉ်းတွေ ဘာတွေဖြစ်ကုန်ပြီလဲဗျ..? စည်းမျဉ်းတွေကို ဘယ်လိုကျင့်သုံးပြီး ဆုံးဖြတ်နေတယ်ဆိုတာ နားမလည်တော့ပါဘူး..။
အီယန် ရိုက် - No.. ကျွန်တော်လည်း နားမလည်တော့ဘူး..။ တကယ်ပြောတာပါ..။
စတိဗ် ဘိုးဝါး - အင်းပါ..။ အီယန် ရေ.. ခင်ဗျားသိတာက အာဆင်နယ်အသင်းဟာ ရှုံးတော့မယ့်အခြေအနေကနေ တစ်မှတ်ရသွားပါတယ်..။ အရှုံးပွဲနဲ့မတွေ့ဖို့က အရေးကြီးဆုံးဖြစ်တယ်.. လို့ ခင်ဗျားပြောခဲ့တယ်နော်..။ အခုဆိုရင် အခုနှစ်ရာသီမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ ရမှတ်တူ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်ခဲ့ပြီနော်..။ ဟုတ်တယ်မလားဗျ..
အီယန် ရိုက် - မီခေးလ် အာတီးတာ ရဲ့ ပွဲပြီးပြောကြားချက်တွေ မကြားရသေးဘူးဆိုတော့ သူဘာပြောမလဲ မသိသေးပါဘူး..။ ဒါပေမယ့် ဒက်ကလန် ရိုက်စ် ပြောသွားခဲ့သလို အရေးအကြီးဆုံးက ရှုံးပွဲနဲ့မတွေ့ဖို့ဆိုတာ ကျွန်တော်သဘောတူပါတယ်..။ မန်ချက်စတာ စီးတီးအသင်းကို လိုက်မှီဖို့ဆိုတဲ့ အချက်ကြောင့် မဟုတ်ပါဘူး..။ အထူးသဖြင့် ဒီနေ့ပွဲလို ကစားပုံ ဆိုးရွားနေခဲ့တဲ့ အချိန်မှာတောင် အမှတ်ကိုရအောင် ယူနိုင်ခဲ့တဲ့အပေါ် ကျေနပ်ရမှာပါပဲ..။
မှန်ပါတယ်.. ချယ်လ်ဆီးဂိုးသမား ဆန်းချက်ဇ် က ကျွန်တော်တို့ကို အခွင့်အရေး ပေးခဲ့ပါတယ်..။ ကျွန်တော်တို့ကလည်း ရလာတဲ့အခွင့်အရေးတွေကို အမိအရ ဖမ်းဆုတ်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းလို အဝေးကွင်းမှာ ဒီလိုရလဒ်မျိုးဆိုတာ ကျေနပ်စရာပါပဲ..။ ဘယ်အသင်းမဆို စည်းမျဉ်းနံပါတ်တစ်က ကိုယ့်ရဲ့အိမ်ကွင်းမှာ အနိုင်ရအောင် ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်..။ အထူးသဖြင့် ဆုဖလားတွေ ဆွတ်ခူးချင်တယ်ဆိုရင် ကိုယ့်ရဲ့အိမ်ကွင်းမှာ ဒီလိုပွဲမျိုးတွေကို အနိုင်ကန်နိုင်ရမှာပါပဲ..။
စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ အစောကယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်နဲ့ အဲဗာတန် တို့ရဲ့ မာဆီဆိုက်ဒ် ဒါဘီပွဲစဉ်အပြီး ဒီနေ့မှာယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက် ဒါဘီပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ တစ်ဘက်နှစ်ဂိုးစီ သရေပွဲနဲ့ ကျေနပ်ခဲ့ရပါကြောင်း ပြောကြားရင်း အခုလိုဆွေးနွေးပေးခဲ့ကြတဲ့ အီယန် နဲ့ ရုဒ် တို့ကို အထူးကျေးဇူးတင်ရှိပါတယ်..။ နောက်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့…