feature-image

‘ဂျိုး ကိုးလ်’ ရဲ့ ‘ကော်နာ ဂါလက်ချာ’ နှင့် စကားစမြည်…

ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် မှာ TNT Sports ရုပ်သံဌာနမှ တင်ဆက်သော ‘Around the block’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်း လူငယ်ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ နှင့် တွေ့ဆုံခဲ့ပြီး သူ၏အနာဂတ်အပေါ် အဆုံးအဖြတ် ပေးခဲ့တဲ့ နည်းပြမော်ရစ္စစီယို ပိုချက်တီနို..၊ ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရသည့်အပေါ် ခံစားချက်နှင့် ယခုနှစ်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်‌မျှော်လင့်ချက်များအကြောင်းကို မေးမြန်း၊ ဆွေးနွေးခဲ့ကြပါသည်..။

ဂျိုး ကိုးလ် - ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို စွဲစွဲမြဲမြဲ အားပေးနေတဲ့ ပရိသတ်တစ်ယောက် ဖြစ်တာနဲ့အညီ အခုနှစ်ကာလပိုင်းတွေက အသင်းရဲ့ရလဒ်တွေကို အတော်လေးခံစားရခက်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဆိုတာ ပြီးခဲ့တဲ့နှစ်နှစ်ဆယ်လုံးလုံး ထိပ်ဆုံးနေရာအတွက်ပဲ တိုက်ပွဲဝင်နေခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ရဲ့အသင်းဟာ မကြာခင်အချိန်ကျရင် ကိုယ်တွေနဲ့ထိုက်တန်တဲ့ အမြင့်ဆုံးအဆင့်ကို ပြန်လည်ရောက်ရှိလိမ့်မယ်ဆိုတာ မလွဲမသွေ ယုံကြည်ပါတယ်..။

နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရောက်ရှိလာတဲ့အချိန်မှာ ရာသီကြိုပြင်ဆင်မှု ကောင်းမွန်ခဲ့မှုတွေနဲ့ အဲဒီပွဲတွေက ခြေစွမ်းတွေကြောင့် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်..။ ဒါပေမယ့် ဒဏ်ရာပြဿနာက အသင်းကိုတဖန်ပြန်ပြီး ဒုက္ခပေးခဲ့ပြန်ပါတယ်..။ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လေးပွဲလောက်မှာတော့ အသင်းရဲ့ကစားပုံရော၊ ရလဒ်ပိုင်းအရပါ ကျေနပ်စရာ ကောင်းခဲ့ပါတယ်..။ အထူးသဖြင့် အသင်းကွင်းလယ်က အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်ဆီဒို နဲ့ ကော်နာ ဂါလက်ချာ တို့ရဲ့ လုပ်အားနှုန်း၊ ပေးဆပ်မှုနဲ့ ဟန်ချက်ကောင်းမွန်မှုတွေဟာ အနာဂတ် အောင်မြင်မှုတွေအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်လာနိုင်မယ်.. ဆိုတဲ့ မျှော်လင့်ချက်တွေ မြင်နေရပါပြီ..။

ဒီနေ့မှာတော့ ကျွန်တော်ဟာ ကွင်းလယ်က ကော်နာ ဂါလက်ချာ နဲ့ တွေ့ဆုံပြီး အခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့အနေအထားအပေါ် သူ့ရဲ့သဘောထားအမြင်တွေ၊ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရတဲ့အပေါ် သူ့ရဲ့ခံစားချက်တွေကိုလည်း မေးမြန်းသွားဖို့ရှိပါတယ်..။



ဟေး… ကော်နာ ရေ.. လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ မအားမလပ်တဲ့ကြားကနေ အခုလိုတွေ့ဆုံခွင့်ပေးခဲ့တဲ့အပေါ် အထူးကျေးဇူးတင်မိပါတယ်..။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့အာဆင်နယ်အသင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ မင်းရဲ့ခြေစွမ်းကို ချီးမွမ်းချင်ပါတယ်..။ ကိုယ့်ကိုယ်ကိုရော အဲဒီပွဲကခြေစွမ်းအပေါ် ကျေနပ်မှုရှိခဲ့လား..?

ကော်နာ ဂါလက်ချာ - yeah!.. မှန်ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအများအပြား မြင်တွေ့ခဲ့ရတယ်လို့ ခံစားမိခဲ့ပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့တွေကလည်း တိုးတက်မှုတွေ အမြန်ဆုံးရရှိဖို့ လိုအပ်နေတဲ့ အနေအထား ဖြစ်နေခဲ့တာကိုးဗျ..။ တကယ်တော့ အဲဒီပွဲကို အနိုင်ရခဲ့သင့်ပါတယ်..။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ခြေစွမ်းနဲ့ တိုးတက်မှု၊ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ မြင်ခဲ့ရတဲ့အပေါ် ကျေနပ်ရမှာပါပဲ..။

ဂျိုး ကိုးလ် - အဲဒီပွဲမှာ နည်းပြမော်ရစ္စစီယို က မင်းနဲ့ ကိုးလ် ပါးမား တို့နှစ်ယောက်ကို အလယ်မှာထိုင်ခဲ့ပြီး မိုင်ဟေးလ်လို မူဒရပ်ခ် နဲ့ ရာဟင်း စတာလင်း တို့နှစ်ယောက်က ဘယ်၊ ညာတောင်ပံမှာ ကစားစေခဲ့တဲ့ အပြောင်းအလဲကို ပြုလုပ်ခဲ့တာ သတိပြုမိပါတယ်..။

ကော်နာ ဂါလက်ချာ - မှန်ပါတယ်..။ အထောင်တိုက်စစ်မှူး မပါဝင်ပဲ ကစားခဲ့တာဟာ ပုံမှန်ကစားနေကျ အခင်းအကျင်း မဟုတ်ပါဘူး..။ နည်းပြကြီးရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲကြောင့် ကျွန်တော်နဲ့ ကိုးလ် တို့နှစ်ယောက်ကပဲ တိုက်စစ်မှူးလို ဖြစ်နေခဲ့ပါတယ်..။ တကယ်တမ်းကျ ကျွန်တော်လည်း တိုက်စစ်မှူး မဟုတ်ပါဘူး..။ ရာဟင်း နဲ့ မီရှာ (မူဒရပ်ခ်) တို့ရဲ့ အမြန်နှုန်းကို အသုံးချပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်..။ နည်းပြကြီးရဲ့ နည်းစနစ် အခင်းအကျင်းဟာ အလုပ်ဖြစ်ခဲ့သလို ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်..။



ဂျိုး ကိုးလ် - အိုကေ… မင်းဟာ ချယ်လ်ဆီးအသင်းကို ချာတိတ်အရွယ်ထဲက ရောက်လာခဲ့တာပါ..။ ဒါ့ကြောင့်ဒီအသင်းမှာ ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ တောင်းဆိုမှု များပြားမှုတွေကို နားလည်ပြီးသား ဖြစ်မှာပါ..။ အဲဒါအပြင် အသင်းခေါင်းဆောင် လက်ပတ် အပ်နှင်းခံရတဲ့ တာဝန်ကြီးရဲ့ ကြီးမားတဲ့ ဖိအားကိုလည်း ကောင်းကောင်းသိရှိခဲ့မှာပေါ့..။ ချယ်လ်ဆီးအသင်းကို ရောက်လာပြီဆိုကတည်းက ငါတို့တွေဟာ နေ့စဉ်နေ့တိုင်း အကောင်းဆုံး၊ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်နေဖို့ လိုအပ်နေတာ မဟုတ်ဘူးလားကွ...။

ကော်နာ ဂါလက်ချာ - သိပ်မှန်တာပေါ့ဗျာ..။ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်သလို ခင်ဗျားတို့၊ ဖရန့် လမ်းပတ် တို့ ကစားနေတဲ့ ချယ်လ်ဆီးအသင်းတွေကို ကြည့်ရှုရင်း၊ ငေးမောအားကျရင်းနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့် အပြာရောင်ပရိသတ်တွေ လိုချင်တဲ့ ချယ်လ်ဆီးအသင်းဟာ ဘယ်လိုအသင်းမျိုးလည်းဆိုတာ ကျွန်တော်ကောင်းကောင်း သိထားပါတယ်..။ တကယ်တော့ ကျွန်တော်တို့ရဲ့အသင်းဟာ ဆုဖလားတွေကို အမြဲတမ်းစိန်ခေါ်နေနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ရမှာပါ..။

ဒါ့ကြောင့်လည်း ပရိသတ်တွေက ကျွန်တော်တို့အပေါ်မှာ ထားရှိခဲ့တဲ့မျှော်လင့်ချက်တွေဟာ အရမ်းကိုကြီးမားပါတယ်..။ ဒါပေမယ့် လက်ရှိကျွန်တော်တို့အသင်းမှာ ပရိသတ်တွေကို ကြီးမားတဲ့မျှော်လင့်ချက်၊ ပြင်းပြတဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် အရည်အသွေးမြင့် လူငယ်ကစားသမားတွေ အများကြီးရှိနေတယ်လို့ ယုံကြည်ထားပါတယ်..။



ဂျိုး ကိုးလ် - ပြီးခဲ့တဲ့ (၆) လ၊ (၇) လအတွင်းမှာ မင်းတို့ရဲ့ကွင်းလယ်အထိုင် သိပ်ပြီးမတည်ငြိမ်ခဲ့ပါဘူး..။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ မင်းရယ်၊ အင်ဇို ရယ်..၊ ကိုင်ဆီဒို ရယ်.. သုံးယောက်အထိုင် အတွဲအစပ်ဟာ ဟန်ချက် (balance) အတော်ကောင်းနေတယ်လို့ မြင်မိတာပဲ..

ကော်နာ ဂါလက်ချာ - အင်ဇို နဲ့ မွိုက်စ် တို့ဟာ ထိပ်တန်းကစားသမားတွေ ဖြစ်တယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး..။ သူတို့နှစ်ယောက်ကို ကွင်းထဲမှာ တွေ့လိုက်ပြီဆိုရင် ကျွန်တော့်ထက် အသက်ငယ်ကြတယ်.. ဆိုတဲ့အချက်ကိုပါ မေ့သွားပါတယ်..။ အဲဒီလောက်ကို ခြေစွမ်းကောင်းကြတာပါ..။ လာမယ့်အနာဂတ်မှာလည်း ဒီထက်ပိုပြီး‌ ခြေစွမ်းတွေကောင်းမွန်လာကြမယ်..၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုပြီးကောင်းမွန်လာကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။

ဂျိုး ကိုးလ် - မင်းကဒီအသင်းကို ရောက်နေတာ အတော့်ကို ကြာခဲ့ပါပြီ..။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ ကစားသမား အဝင်အထွက်၊ အပြောင်းအလဲ (players turnovers) အရမ်းကိုများပြားခဲ့တာကို သတိထားမိမှာပဲ..။ ဒါနဲ့ ချယ်လ်ဆီးနဲ့ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာ ဘယ်တုန်းကလဲ…?

ကော်နာ ဂါလက်ချာ - မနှစ်ကဘောလုံးရာသီ.. (အဲဗာတန်အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်) မှာ အသင်းကြီးနဲ့ တကယ့်ပြိုင်ပွဲကြီးမှာ စပြီးကစားခွင့်ရခဲ့ပါတယ်..။ အဲဒီမတိုင်ခင် တစ်ရာသီမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို အဌားသွားရောက်ခဲ့ပြီး နောက်ရာသီမှာ အသင်းကြီးနဲ့ ပါဝင်ခွင့်ရခဲ့တာပါပဲ..။ ခုနကခင်ဗျားပြောခဲ့တဲ့အချက်ကို ဆက်ပြီးပြောရမယ်ဆိုရင် ဆုဖလားတွေကို ဆွတ်ခူးနိုင်မယ့် အသင်းတစ်သင်းမှာ တကယ့်ကို အထိုင်ကျနေတဲ့ ကစားသမား (၁၁) ယောက် အခင်းအကျင်းရှိနေဖို့ အရေးကြီးပါလိမ့်မယ်..။



ဥပမာဗျာ.. မနှစ်ကအာဆင်နယ်အသင်းဆိုရင် ပွဲတိုင်းလိုလိုမှာ ပုံမှန်ပါဝင်နေကျ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာများခဲ့ပြီး အသင်းဟာ ကျစ်ကျစ်လျစ်လျစ် ရှိတာကို တွေ့မိတယ်ဗျ..။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာတော့ ကစားသမားတွေ အရမ်းကိုများလွန်းတာကြောင့် လူတိုင်းကို အခွင့်အရေးပေးနိုင်ဖို့ ခက်ခဲခဲ့သလို ကစားသမားတွေဟာလည်း ပျော်ပျော်ရွှင်ရွှင်ကစားနေနိုင်ဖို့ အတော်လေးခက်ခဲခဲ့တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်..။ မဟုတ်ဘူးလားဗျ..?

ဂျိုး ကိုးလ် - မင်းရဲ့အဌားထွက်တဲ့ အချိန်ကအကြောင်းတွေကို မေးချင်ပါတယ်..။ မင်းဟာ ဝက်စ်ဘရွန်းအသင်းမှာ ခြေစွမ်းပြခဲ့သလို အဲဒီနောက်ပိုင်း ချာလ်တန်၊ ပဲလေ့စ်အသင်းတွေကိုလည်း ရောက်ရှိခဲ့ပါတယ်..။ အဲ.. ပဲလေ့စ်အသင်းမှာ မင်းခြေစွမ်းပြနေတဲ့ အချိန်တုန်းက ‘မင်းဟာပဲလေ့စ်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားဖို့ ရှိနေလား..? မေးပေးပါဉီး..’ ဆိုပြီး ပရိသတ်တစ်ယောက်က ငါ့ကိုလာပြီး တောင်းဆိုဖူးပါတယ်..။

ဒါပေမယ့် မင်းက ချက်ချင်းကိုငြင်းပစ်တာပါပဲ..။ ‘No.. No.. ကျွန်တော်ဟာ ချယ်လ်ဆီးကစားသမားပါ..။ ကျွန်တော့်ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ချယ်လ်ဆီးအသင်းမှာ ကစားဖို့ တစ်ခုတည်းပဲ ရှိပါတယ်..’ ဆိုပြီး ပြန်ဖြေခဲ့ပါတယ်..။



ကော်နာ ဂါလက်ချာ - မှန်တာပေါ့ဗျ..။ ကျွန်တော့်အတွက်က အမြဲတမ်း ချယ်လ်ဆီး ပါပဲ…။ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းကိုပဲ တစိုက်မတ်မတ် အားပေးလာခဲ့သလို ကျွန်တော့်ရဲ့အဖေဆိုလည်း ချယ်လ်ဆီး အမာခံပရိသတ်တစ်ယောက်၊ မိသားတစ်ခုလုံး ချယ်လ်ဆီးပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရဖို့ဆိုတာ ကျွန်တော့်ရဲ့အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်..။

ဒါပေမယ့် ပဲလေ့စ်အသင်းမှာ ကစားခဲ့ရတဲ့ ကာလတွေမှာ ကျွန်တော့်အတွက် အရမ်းကိုအဆင်ပြေခဲ့တယ်ဆိုတာ ဝန်ခံပါတယ်..။ အဲဒီဘောလုံးရာသီဟာ သိပ်ကိုကောင်းမွန်ခဲ့တဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်.။ ဒါပေမယ့် ရာသီကုန်သွားတဲ့အချိန်.. နောက်ရာသီမှာ ဘာလုပ်မလဲ..? အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ… ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမား တစ်ယောက်ဖြစ်ရမယ်.. ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက်ဟာ ဘယ်တုန်းကမှ ပြောင်းလဲမသွားပါဘူး..။

ဂျိုး ကိုးလ် - အဌားထွက်ခဲ့ရတဲ့ ကာလတွေဟာ မင်းရဲ့ကစားသမားဘဝမှာ အရေးပါခဲ့ပါတယ်..။ အခုဒီကိုပြန်ရောက်လာခဲ့ပြီး အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ မသေချာမှုတွေ အရမ်းများခဲ့သလို မင်းနဲ့ပတ်သက်တဲ့ ကောလဟာလ သတင်းတွေလည်း အများကြီးထွက်ခဲ့သေး…

ကော်နာ ဂါလက်ချာ - ရိုးရိုးသားသား ဝန်ခံရရင် မော်ရစ္စစီယို ပိုချက်တီနို နဲ့ မတွေ့ခင်အချိန်အထိ ကျွန်တော်ဟာ ဒီမှာဆက်ပြီးရှိနေဖို့ မသေချာခဲ့ပါဘူး..။ အသင်းကိုရောက်လာမယ့် မန်နေဂျာရဲ့အကြောင်း ဘာမှမသိထားသလို အသင်းကထွက်သွားတဲ့ ကစားသမားတွေ အများကြီး၊ အသင်းကိုရောက်လာတဲ့ ကစားသမားတွေကလည်း အများကြီးပါပဲ..။ အဲဒီလိုနဲ့ ရာသီကြို ပြင်ဆင်မှုတွေ စတင်ပါတယ်..။ နည်းပြကြီးဟာ ကျွန်တော့်ကို နှစ်သက်ပုံရသလို သူနဲ့ဆက်ဆံရေးကလည်း အဆင်ပြေပါတယ်..။

ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ အဆင်ပြေ၊ ချောမွေ့ခဲ့သလို ရာသီစတင်ချိန်မှာလည်း ကျွန်တော်ဟာ ပုံမှန်ကစားခွင့်ရခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီတုန်းက ကျွန်တော်ဟာ ကစားခွင့်သိပ်မရခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ နည်းပြမော်ရစ္စစီယို နဲ့လက်တွဲပြီး ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေဖို့၊ အသင်းနဲ့ပရိသတ်ကို ကျွန်တော့်ရဲ့အရည်အချင်းကို သက်သေပြနိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်..။



ဂျိုး ကိုးလ် - အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူရတဲ့အချိန် မင်းရဲ့ခံစားချက်ကို ပြောပြပါလား..?

ကော်နာ ဂါလက်ချာ - သိပ်ကိုကျေနပ်၊ အားရဖို့ ကောင်းခဲ့တာပေါ့ဗျာ..။ အဲဒီလိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရလိမ့်မယ်လို့လည်း မမျှော်လင့်ထားပါဘူး..။ ဒါပေမယ့် အသင်းကထွက်သွားတဲ့ ကစားသမားတွေထဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနိုင်မယ့် ကစားသမားတွေ အများကြီးပါသွားတာလည်း ပါတာပေါ့ဗျာ..။ ဒါ့ကြောင့်ဒီနှစ်ဘောလုံးရာသီမှာ ရိစ် ဂျိမ်းစ် ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်..။ သူဟာတကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံး ချယ်လ်ဆီးမှာပဲ ဖြတ်သန်းလာခဲ့တဲ့သူ ဖြစ်တာကြောင့် အခုလိုချီးမြှင့်မှုဟာ သူနဲ့ထိုက်တန်ခဲ့ပါတယ်..။

အခြေအနေတွေအရ အသင်းခေါင်းဆောင်နဲ့ လက်ထောက်အသင်းခေါင်းဆောင်တွေ မပါဝင်နိုင်တဲ့အခါ ကျွန်တော့်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးလာပါတယ်..။ အဲဒီအခွင့်အရေးအတွက် အရမ်းကိုဂုဏ်ယူမိ၊ အထူးကျေနပ် ပျော်ရွှင်မိပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး..။



ဂျိုး ကိုးလ် - ပရိသတ်တွေရဲ့အသံကို နားထောင်ကြည့်တဲ့အခါမှာ အသင်းကိုဉီးဆောင်ဖို့ တာဝန်ယူနေရတဲ့ အသင်းခေါင်းဆောင်ဟာ အသင်းရဲ့အစဉ်အလာ ဖြတ်သန်းမှုတွေကို ထဲထဲဝင်ဝင်နားလည်ထားဖို့ လိုအပ်တယ်လို့ သူတို့တွေက ခံယူထားပါတယ်..။ ဒါ့ကြောင့်အခုလို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့အတွက် သီးခြားပိုပြီး ရရှိလာတဲ့ ဖိအားတွေ ခံစားခဲ့ရတာ ရှိခဲ့သေးလား..? ပရိသတ်တွေကတော့ မင်းဟာအပြာရောင်သွေး အပြည့်ရှိတဲ့ စတန်းဖို့ဒ် ဘရစ်ချ်မျိုးဆက်တစ်ယောက်လို့ မှတ်ယူထားတဲ့အတွက် မင်းကိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာကို မှန်ကန်တယ်လို့ လက်ခံကြပါတယ်..။

ကော်နာ ဂါလက်ချာ - အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာကို အရမ်းဂုဏ်ယူခဲ့ပါတယ်..။ အမှန်ပြောတာပါ..။ ကျွန်တော်ဟာ ချယ်လ်ဆီးအကယ်ဒမီ ကစားသမားအဖြစ် လူငယ်အသင်း အဆင့်ဆင့်ကို ဖြတ်သန်းလာခဲ့ရတာ ဖြစ်သလို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနဲ့ (၁၀) မိနစ်လောက်ပဲ ကားမောင်းရတဲ့ ဒေသမှာ ကြီးပြင်းခဲ့ရတဲ့ ချာတိတ်တစ်ယောက်လည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့် ‘ချယ်လ်ဆီး’ ဆိုတာ ကျွန်တော့်ရဲ့ ဒုတိယအိမ် ဆိုလည်း မမှားပါဘူး..။  အခုလိုပရိသတ်တွေက ‘အပြာရောင်သွေးစစ်စစ် တစ်ယောက်အဖြစ် ’ကျေနပ်လက်ခံထားဆယ်ဆိုတာ ပြန်လည်ကြားသိရတဲ့အတွက်လည်း ထပ်ပြီးပျော်ရွှင် ရပြန်ပါတယ်..။

ဂျိုး ကိုးလ် - စတန်းဖို့ဒ် ဘရစ်ချ်ပရိသတ်တွေက မင်းကိုအရမ်းနှစ်သက်၊ ချစ်ခင်ကြပါတယ်..။ ဒါ့ကြောင့်တစ်ချို့ပွဲတွေမှာ အကြောင်းတစ်ခုခုနဲ့ ကိုယ့်ရဲ့အသင်းက အလုပ်မဖြစ်ဘူးဆိုရင် ပရိသတ်တွေရဲ့ တွန်းအားနဲ့ အသင်းကို ပြန်လည်မြှင့်တင်၊ မောင်းနှင်ပေးရတာတွေ ရှိတတ်ပါတယ်..။ မင်းဟာပရိသတ်ကို ပွဲအပေါ်မှာ ပိုပြီးအရှိန်အဟုန်ပြည့် အားပေးဖို့၊ တွန်းအားပေးဖို့ မောင်းနှင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။ အင်္ဂလန်အသင်းနဲ့ပွဲမှာ ဂျုဒ် ဘယ်လင်ဂမ် ဂိုးသွင်းအပြီး မောင်းနှင်ပေးခဲ့တဲ့ ပုံစံမျိုးပေါ့ကွာ..

ကော်နာ ဂါလက်ချာ - ဟုတ်ပါတယ်..။ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာဆိုရင် ကျွန်တော်ဟာ သူတို့နောက်တန်းက ဂါဘရီယယ် ဆီမှာ ဘောလုံးရောက်သွားတဲ့အချိန် အတင်းလိုက်ဖိအားပေးပြီး ဘောလုံးကို ဖျက်ထုတ်နိုင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာ သူနဲ့တွန်းလိုက်ဆွဲလိုက် ဖြစ်သွားပြီး ကျွန်တော်တို့ဘက်က ပြစ်ဒဏ်ဘော ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီလိုပြိုင်ဘက် ကစားသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဘောလုံးပြန်လည်အရယူနိုင်တာ၊ သူတင်ကိုယ်တင် ရင်ဆိုင်ခဲ့နိုင်တာတွေကို ပရိသတ်တွေက အရမ်းနှစ်ခြိုက်ကြတာ သတိထားမိလိုက်ပါတယ်..။



ပရိသတ်တွေဟာ အဲဒီလိုအခိုက်အတန့်တွေမှာ ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်သွားပြီး ကွင်းဘေးကနေ သူတို့တွေရဲ့ အားပေးမှုဟာ ကျွန်တော်တို့အတွက် စိတ်ဓါတ်ခွန်အား နောက်ထပ်တစ်ဆ ပိုပြီးရရှိစေခဲ့ပါတယ်..။ ဘာမှအားစိုက်ခြင်းမရှိပဲ အသာလေး ပြေးနေတဲ့အချိန်မှာတောင် ကွင်းဘေးကနေ ပရိသတ်တွေက အားပေးနေမယ်ဆိုရင် အထူးကျေနပ်အားရမှုတွေ ဖြစ်ရတာပါပဲ..။

ဂျိုး ကိုးလ် - ကော်နာ ရေ.. ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်သေးတယ်လို့ ယုံကြည်နေဆဲပဲလား..? အခုလက်ရှိအသင်းနဲ့ အမှတ်ပေးဇယား ရည်တည်မှု အနေအထားကိုလည်း ကျွန်တော်သိပါတယ်…။ ဒါပေမယ့် ကျွန်တော်ကတော့ ဖြစ်နိုင်ခြေ ရှိနေသေးလား..? လို့ ခံစားမိလို့ပါ..

ကော်နာ ဂါလက်ချာ - အရမ်းတော့ ခက်ခဲလိမ့်မယ် ထင်ပါတယ်..။ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းကြီးတွေကို မှီနိုင်ဖို့ လိုအပ်ချက်တွေ များပြားနေတုန်းပါပဲ..။ ကျွန်တော်တို့အချင်းချင်း တွဲကစားရင်း အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတိုးတက်လာမှာပါ..။ ဒါ့ကြောင့် အခုနှစ်ဘောလုံးရာသီမှာ ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်သင့်ပါတယ်..။

ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီလိုထိပ်တန်းလေးသင်း အဆင့်ဝင်နိုင်မယ့်ခြေစွမ်း ရှိနေတယ်လို့ ခံစားမိပါတယ်..။ ဒါ့ကြောင့်အဲဒီခံစားချက်ဟာ မှန်ကန်တယ်ဆိုတာ သက်သေပြနိုင်ဖို့ ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားပေးရမှာပဲ ဖြစ်ပါတယ်..။

ဂျိုး ကိုးလ် - အိုကေပါ.. မေးမြန်းချက်တွေကို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့အတွက် အထူးကျေးဇူးပါပဲ..။ ဒါ့အပြင်မင်းရဲ့ လက်ရှိခြေစွမ်းနဲ့ အပြာရောင်တွေအတွက် အစွမ်းကုန်ပေးဆပ်နေမှုတွေကိုလည်း ချီးကျူးပါတယ်လို့ ပြောကြားရင်း ပြန်ဆုံကြတာပေါ့ကွာ…