တနင်္လာနေ့ မနက်က Tottenham Hotspurs ကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းက တော့တင်ဟမ်အသင်းကို ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများ၊ အရေးပါခဲ့သော အဖြစ်အပျက်များနှင့် ပွဲစဉ်သုံးသပ်ချက်ကို ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဒယ်နီရယ် စတားရစ်ချ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်သံမှတင်ဆက်သော ‘Monday Night Football’ စကားဝိုင်းမှတဆင့် ယခုလိုပြောကြားခဲ့သည်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲကတော့ တကယ့်ကို ကြည့်လို့ကောင်းခဲ့တဲ့ပွဲပဲဗျ..။ အခုလိုပွဲစပွဲဆုံး သူတင်၊ ကိုယ်တင် အပြန်အလှန် ဖြစ်လှတဲ့ပွဲစဉ်တွေ များများစားစား ရှိခဲ့လိမ့်မယ်တော့ မထင်မိဘူးဗျ..။
ဒယ်နီရယ် စတားရစ်ချ် - မှန်တာပေါ့…။ တကယ့်ကို ကြည့်ရတာ အင်မတန်မှ စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ပွဲစဉ်တစ်ပွဲပါပဲ..။ တစ်ဘက်နဲ့တစ်ဘက် အကြိတ်အနယ်ရှိတယ်..၊ အပြန်အလှန် ထိုးဖောက်ခဲ့ကြပြီး ပွဲကောင်းတစ်ပွဲရဲ့ အင်္ဂါရပ်တွေ အပြည့်အဝရှိခဲ့တဲ့ ပွဲတစ်ပွဲလို့ ပြောရမှာပါ..။
ဂျေမီ ကာရေဂါ - ကျွန်တော်ဟာ ဘောလုံးပွဲတွေကြည့်လာခဲ့ရတာ နှစ်ပေါင်းလေးဆယ် ရှိလာခဲ့ပါပြီ..။ ဘယ်အသင်းဘက်မှမပါခဲ့ပဲ ကြားနေ (neutral) ပရိသတ်တစ်ယောက် အနေနဲ့ဆိုရင် ဒီနေ့ပွဲဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲထဲ ပါဝင်နိုင်ပါတယ်..။ တကယ့်ကို ဟောလီးဝုဒ်က box office ရုပ်ရှင်ကားကြီး ကြည့်နေရတဲ့အတိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်ပါပဲ..။ အဲဒါ့ကြောင့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ပွဲအဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ပွဲပြီးတဲ့အချိန်မှာ ချယ်လ်ဆီးအသင်း အနိုင်ရရှိသွားခဲ့တယ်ပေါ့ဗျာ..။ ဒါပေမယ့် ဒီနေ့ပွဲဟာ စပါးအသင်းအတွက် သင်ယူစရာတွေ ပိုပြီးရရှိခဲ့လိမ့်မယ်လို့ ထင်မိတာပဲ ဂျေမီ ရေ..
ဂျေမီ ကာရေဂါ - မှန်ပါတယ်..။ ပွဲပြီးရလဒ်အနေနဲ့သာ ဂိုးပြတ်ခဲ့ပေမယ့် ချယ်လ်ဆီးဘက်က ၂ဂိုး- ၁ဂိုးနဲ့ ဉီးဆောင်နေချိန်အထိ သူတို့တွေ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်..။ မှန်ပါတယ်.. ဒီနေ့ပွဲမှာဆိုရင် ပိုချက်တီနို တက်စာရင် တော့တင်ဟမ်နည်းပြ အင်ဂယ် ပိုစတယ်ကိုဂလူး ဟာ သင်ယူစရာတွေ ပိုပြီးရရှိခဲ့ပါလိမ့်မယ်..။ ပိုချက်တီနို အနေနဲ့ အဝတ်လဲခန်းထဲ ရောက်သွားတဲ့အချိန်မှာ ‘ကောင်လေးတွေ.. တစ်ဘက်အသင်းက (၂) ယောက်လျော့ ဖြစ်သွားခဲ့တာတောင် မိနစ် (၉၀) ကျော်အထိ ရင်တမမနဲ့ ကစားနေရတယ်နော..’ ဆိုပြီး နည်းနည်းတော့ စိတ်ပျက်မိမှာပါပဲ..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. သူတို့အတွက်တော့ ၄ဂိုး- ၁ဂိုး ဆိုတဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာ ရလဒ်ဖြစ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးတဲ့ဖြစ်ရပ်တွေအကြောင်း သုံးသပ်မှုတွေ မပြုလုပ်ခင် အခုအနိုင်ရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ဘယ်လောက်တောင် အရေးပါနိုင်မလဲ..? ပြောပြပေးပါလား..။
ဒယ်နီရယ် စတားရစ်ချ် - ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းကို မရရှိခဲ့ပေမယ့် အခုလိုပြတ်သားတဲ့ အနိုင်ရလဒ်ဟာ ပြန်လည်တည်ဆောက်နေတဲ့ အသင်းတစ်သင်းအတွက် ယုံကြည်မှု ပိုပြီးကောင်းမွန်လာစေမှာ အမှန်ပါပဲ..။ တကယ်တော့ ဒုတိယပိုင်းမှာ လူအင်အားအသာနဲ့၊ တော့တင်ဟမ်အသင်းရဲ့ highline ကြောင့် သွင်းဂိုးတွေ အခုထက်ပိုရပြီး အနိုင်ရလဒ်ဟာ ပိုပြီးပြတ်သားသင့်တာပေါ့..။
သေချာတာက ဝေဖန်ခံရမှုတွေကြောင့် ဖိအားတွေများနေတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် အတွက် အရေးကြီးတဲ့ ဒါဘီပြိုင်ဘက်အသင်းကို သုံးဂိုးသွင်းပေးခဲ့ပြီး hattrick ရရှိခဲ့တဲ့အပေါ် ယုံကြည်မှုတွေ ပြန်ပြီးတိုးပွားလာမှာ အမှန်ပါပဲ..။ ဒီနေ့လိုတကယ့် အကြိတ်အနယ်ပွဲကြီးတွေမှာ ဂိုးသွင်းနိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်..။ အထူးသဖြင့် သုံးဂိုးသွင်းပေးခဲ့ပြီး အဲဒီဂိုးတွေအားလုံး အသင်းရဲ့အနိုင်ဂိုး ဖြစ်နေဖို့ဆိုတာ ပိုပြီးခက်ခဲပါသေးတယ်..။ ဒါ့ကြောင့်အခုဆိုရင် သူဟာပခုံးပေါ်မှာပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို လျော့ချနိုင်လိုက်ပြီ ဖြစ်သလို ဒီနေ့ပွဲကခြေစွမ်းကို ဆက်လက်သယ်ဆောင်ရင်း လာမယ့်တနင်္ဂနွေနေ့ ပွဲကြီးကို အမြန်ဆုံးရောက်ရှိဖို့ ဆန္ဒစောနေတော့မှာ ဖြစ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ပထမဆုံးအနေနဲ့ အခုအပေါ်ကပုံမှာ ပြထားတဲ့ ဒီနေ့ပွဲစဉ်က ထူးခြားတဲ့ စွမ်းဆောင်ရည်အချက်အလက်တွေကို အရင်ဆုံး လေ့လာကြည့်ရအောင်..။ ချယ်လ်ဆီးအသင်းဟာ ဂိုးကန်ချက် (၁၇) ကြိမ် ရရှိခဲ့ပြီး ရသင့်တဲ့ဂိုး (expected goals- xG) (၄.၀၄) ဂိုးနဲ့ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ အမြင့်ဆုံး xG ရရှိခဲ့ပါတယ်..။ ဒါတောင်မှ သူတို့တွေဟာ စပါးအသင်းရဲ့ highline ကြောင့် လူကျွံဘော (၇) ကြိမ်တောင် ပေးလိုက်ရပါသေးတယ်..။ ဒါပေမယ့် အိမ်ရှင်အသင်းဟာ ပွဲချိန်တော်တော်များများကို (၂) ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ ‘အားမတန်လို့၊ မာန်လျော့လိုက်ရတယ်’ လို့ ပြောရမှာပါပဲ..။
ဂျေမီ ရေ… အရင်ဆုံးမေးချင်တာက နှစ်ယောက်လျော့သွားတဲ့အချိန်မှာ တော့တင်ဟမ်နည်းပြ ပိုစတယ်ကိုဂလူး အသုံးပြုခဲ့တဲ့ highline ခံစစ်ကြောင်းအပေါ် အားလုံးရဲ့အမြင်၊ ရှုထောင့်တွေဟာ အမျိုးမျိုးပါပဲ..။ ကျွန်တော်တို့တွေ ပွဲကြည့်နေရင်း ချယ်လ်ဆီးဘက်က အနှေးနဲ့အမြန် ဂိုးရသွားမှာပဲ.. ဆိုတဲ့ အတွေးတွေ ဖြစ်နေခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလို စွန့်စားမှုရယူဖို့ ဆုံးဖြတ်ခဲ့တာဟာ အရမ်းကို ရူးမိုက်တယ်.. (madness) လို့ ပြောရမလား..? သူများမစဉ်းစားမိတဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုအတွက် သိပ်ကိုထူးချွန်၊ ပြောင်မြောက်တယ် (genius) လို့ ပြောရမှာလားဗျ..?
ဂျေမီ ကာရေဂါ - ဘယ်သူမဆို ‘ဒီနည်းပြ ရူးများနေလား..’ လို့ပဲ အရင်ဆုံးတွေးမိမှာပါပဲ..။ အထူးသဖြင့် ပွဲရလဒ်က အနိုင်ပြတ်သားသွားခဲ့တာကိုးဗျ…။ ဒါပေမယ့် တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့စွန့်စားမှုကြောင့် သရေရလဒ်နဲ့တောင် အင်မတန်မှ နီးစပ်ခဲ့သေးတာပဲ..။ တကယ်လို့ ဒီနေ့ပွဲကနေ ရလဒ်တစ်ခုခုသာ စွမ်းဆောင်နိုင်ခဲ့ရင် သိပ်ကိုပြောင်မြောက်ခဲ့တဲ့ နည်းစနစ်ပိုင်း အခင်းအကျင်းဆိုပြီး ဝိုင်းဝန်း ချီးမွမ်းကြမှာ အမှန်ပါပဲ..။
တော့တင်ဟမ်အသင်းဟာ ပွဲချိန်မိနစ် (၉၀) ကျော်အထိ တစ်ခုခုပြန်ရနိုင်မယ့် အခွင့်အရေးတွေ ရရှိနေခဲ့သလို ဒီနေ့ပွဲမှာ Sweeper Keeper အဖြစ် ပီပီပြင်ပြင် ကစားသွားနိုင်ခဲ့တဲ့ ဂိုးသမား ဂူလီလားမို ဗီကာရီယို ကိုလည်း ချီးမွမ်းရမှာပါ..။ တော့တင်ဟမ်အသင်းဟာ ကျောက်ရိုင်းတစ်ပွင့်လို ဖြစ်နေတဲ့ သူ့ရဲ့အရည်အသွေးကို ဖော်ထုတ်နိုင်ခဲ့တာကို တစ်ဆက်တည်း ချီးကျူးလိုက်ပါတယ်..။ ဒါ့အပြင် (၉) ယောက်နဲ့တောင် ကိုယ့်ရဲ့ဂိုးဧရိယာထဲ ပိတ်ဆို့ကစားဖို့ မစဉ်းစားပဲ အခွင့်အရေးရရင်ရသလို တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တဲ့ သူတို့ရဲ့စိတ်ဓါတ်၊ ခံယူချက်ကို လေးစားရမှာပါ..။
ဒါ့ကြောင့်ကျွန်တော်တို့ဟာ ပွဲကိုကြည့်နေရင်း တော့တင်ဟမ်ဘက်က လုံးဝမထင်မှတ်ထားတာ တစ်ခုခုများ လုပ်ပြလိမ့်ဉီးမလား..? ဆိုပြီး သည်းတထိပ်ထိပ်၊ ရင်တဖိုဖို ဖြစ်ခဲ့ရတာပါပဲ..။ ဒါ့အပြင် ‘အင်း.. ငါတော့ အာရီဂို ဆက်ချီ တို့၊ ဖရန်ကို ဘာရက်စီ တို့ရဲ့ ၁၉၉၀ ခုနှစ်ကာလတွေက အေစီ မီလန်အသင်းကိုများ ပြန်ကြည့်နေရသလား..?’ ဆိုပြီးတောင် စဉ်းစားမိနေပါသေးတယ်..။ ဒါတောင် အဲဒီအေစီ မီလန်အသင်းဟာ (၁၁) ယောက်လုံးလုံး သူများကွင်းဘက်ကို တက်ဖိပြီး ကစားခဲ့တာ မမြင်ခဲ့ပါဘူး..။ အခုကျ (၉) ယောက်နဲ့ အတင်းကို တက်ဖိနေတာ အတော်လေးကို ထူးဆန်းတယ်လို့ ပြောရမှာပါပဲ..။
ဒေးဗစ် ဂျုံးစ် - စပါးအသင်းဟာ ပွဲအစမှာ တကယ်လည်း ကစားပုံကောင်းမွန်ခဲ့သလို ချယ်လ်ဆီးဘက်က ဘာမှကို လှုပ်လို့မရခဲ့ပါဘူး..။ ဒါ့ကြောင့်သူတို့ဟာ အဖွင့်ဂိုးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ မဟုတ်လားဗျ..
ဒယ်နီရယ် စတားရစ်ချ် - ပွဲအစ (၆) မိနစ်မှာ ရရှိခဲ့တဲ့ ဒီဂျန် ကူလူဆက်ဗ်စကီး ရဲ့ သွင်းဂိုးဟာ နောက်တန်းကနေစပြီး ကစားကွက်တည်ဆောက် (play from the back) ခဲ့ရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒီနေ့ပွဲအစပိုင်းမှာ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ စပါးအသင်းဘက်ကို အတင်းလိုက်ပြီး pressing ပေးနိုင်ဖို့ ခက်နေခဲ့ပါတယ်..။ ဂျိမ်းစ် မက်ဒီဆင် ဟာ သူ့ဆီရောက်လာတဲ့ ဘောလုံးကို ဘယ်တောင်ပံကနေတဆင့် ကွင်းလယ်နဲ့ နောက်တန်းကြားမှာ အသင့်နေရာယူထားတဲ့ ပါပေး ဆားရ် ဆီကို ထောင့်ဖြတ်ပေးပို့ရင်း တိုက်စစ်ကို စတင်လိုက်ပါတယ်..။
ကူလူဆက်ဗ်စကီး ဟာ ဆားရ် ခင်းပေးလိုက်တဲ့ ဘောလုံးကို အတွင်းဘက်ချိုးပြီး ကန်သွင်းရာမှာ လီဗိုင်း ကော်ဝီးလ် နဲ့ ထိပြီး လမ်းကြောင်းပြောင်း၊ ဂိုးဝင်သွားခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ဂျိမ်းစ် မက်ဒီဆင် ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားက (between the lines) နေရာလွတ်တွေဆီကို အကောင်းဆုံး ပေးပို့၊ ထိုးဖောက်နေတာကြောင့် ချယ်လ်ဆီးဘက်က ကစားကွက် တည်နိုင်ဖို့ကို ခက်ခဲနေခဲ့ပါတယ်..။ ဒါပေမယ့် မိနစ် (၂၀) နောက်ပိုင်း ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပွဲရဲ့အရှိန်ကို ချနိုင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်..၊ သူတို့ရဲ့ pressing ပိုပြီးကောင်းလာခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းကစပြီး ပွဲဟာတကယ့်ကို ရူးသွပ်ဖို့ကောင်းပြီး ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်တော့တာပါပဲ..
ဒေးဗစ် ဂျုံးစ် - ဟုတ်ပါတယ်..။ ကိုးလ် ပါးမား ကလည်း တော့တင်ဟမ် အသင်းရဲ့ လျှင်မြန်တဲ့ ကစားပုံကြောင့် သူတို့ဟာ second balls တွေကို ပြန်လုနိုင်ဖို့ ခက်ခဲခဲ့တယ်လို့ ပွဲပြီးတဲ့အချိန် တွေ့ဆုံခန်းမှာ ပြောသွားပါတယ်..။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာ ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေတဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်ကတော့ ပွဲချိန် (၁၈) မိနစ်မှာ အိုင်ယီနိုးမား အူဒိုကေး ရဲ့ ရာဟင်း စတာလင်း ကို ခြေစုံဝင်ပြီး ဖျက်ထုတ်ခဲ့မှုဟာ ဒီနေ့ပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့မယ်လို့ ထင်မိတာပါပဲ..။ အဲဒီနောက်ပိုင်းမှာ ပွဲအရှိန်ဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - တကယ့်ကို ရူးမိုက်တဲ့ ဖျက်ထုတ်မှုလို့ပဲ ပြောရမှာပါ..။ အဲဒီအချိန်တုန်းက တော့တင်ဟမ်ဘက်က ပွဲကိုတစ်ဖက်သတ် စိုးမိုးထားတာကြောင့် ၃ဂိုး၊ ၄ဂိုးများ ပြတ်သွားမလားလို့ ကျွန်တော်တောင် တွေးနေသေးတာ..။ ဒါ့ကြောင့်သူ့အနေနဲ့ အဲဒီလိုဖျက်ထုတ်မှု ပြုလုပ်ဖို့ မလိုအပ်ခဲ့ပါဘူး.။ ကောင်လေး ကံကောင်းသွားပါတယ်..။ ကျွန်တော်ကတော့ သူ့ရဲ့ခြေစုံဝင် ဖျက်ထုတ်မှုဟာ ရာဟင်း စတာလင်း ကို မထိခဲ့တာကြောင့် အဝါကတ်ဒ်ပြတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောချင်ပါတယ်..။
အဲဒီနောက်ပိုင်းမှာ ဖြစ်ရပ်တွေဟာ တစ်ခုခုပြီးတစ်ခုပါပဲ..။ သူတို့ဘက်ကလည်း ခပ်ကြမ်းကြမ်း ဖျက်ထုတ်တယ်..၊ ချယ်လ်ဆီးဘက်ကလည်း ပြန်ပြီးတုံ့ပြန်တယ်..၊ အပြန်အလှန်နဲ့ ဧည့်သည်အသင်းဘက်က အခွင့်အရေးတွေ ပိုပြီးရလာခဲ့ပါတယ်..။ စပါးအသင်းဟာ သူတို့အသာစီးရနေတဲ့ ချိန်ခွင်လျှာကို မထိန်းချုပ်နိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်တော့တင်ဟမ် အသင်းအနေနဲ့ ဒီပွဲအပြီးမှာ တစ်ဘက် (၁၁) ယောက်ချင်းမှာလည်း ပွဲရဲ့အရှိန် (tempo) ကို ဘယ်လိုအတင်အချလုပ်ပြီး ကစားရမလဲ..? စဉ်းစားသင့်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအကောင်းဆုံးအချိန်က အဲဒီမိနစ် (၂၀) နောက်ပိုင်းမှာ ဖြစ်ပါတယ်..။ ရာဟင်း စတာလင်း ရဲ့သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပေမယ့် တစ်ချိန်ချန်ကျရင် ဂိုးရမှာပဲ.. လို့တောင် တွေးနေမိပါသေးတယ်..။ အဲဒီအချိန်မှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်ဟာ ဂိုးဝင်သွားခဲ့ပေမယ့် ရှေ့မှာရှိနေတဲ့ ဂျက်ဆင် ကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့တာကနေ နောက်ထပ်အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။
ဒယ်နီရယ် စတားရစ်ချ် - မိနစ် (၂၀) နောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ pressing ပိုပြီး ကောင်းလာခဲ့သလို စုစည်းမှုကောင်းလာတယ်..၊ ပွဲကိုပြန်ပြီး ထိန်းနိုင်ခဲ့ပါတယ်..။ ကိုင်ဆီဒို ဟာ သူသိပ်ပြီးမသန်တဲ့ ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းခဲ့တာပါ..။
ဒေးဗစ် ဂျုံးစ် - ဒါပေမယ့် ဂျက်ဆင် ဟာ လူကျွံတဲ့အနေအထားမှာ ရှိနေခဲ့ပြီး ဘောလုံးလမ်းကြောင်းအပေါ် အနှောင့်အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်နဲ့ ပယ်ဖျက်ခဲ့တာမလားဗျ..? အဲ.. တစ်ဆက်ထဲမှာပဲ အဲဒီမတိုင်ခင်လေး ဂိုးဧရိယာထဲမှာဖြစ်ခဲ့တဲ့ ခရစ္စတီယန် ရိုမီယို ရဲ့ အင်ဇို အပေါ် ဖျက်ထုတ်မှုကို VAR အဖွဲ့က ပြန်ပြီးကြည့်ခဲ့ကြပါတယ်..။
ဂျေမီ ကာရေဂါ - နေပါဉီး..။ ရိုမီယို က ဘာဖြစ်လို့ အဲဒီလို ဖျက်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာလဲဗျ..။ ကျွန်တော်လုံးဝ နားမလည်နိုင်ပါဘူး.။ သူဟာအတွေ့အကြုံရင့် ကစားသမား တစ်ယောက်ဖြစ်နေသလို သူဖျက်ထုတ်လိုက်တဲ့ အင်ဇို ဖာနန်ဒက်စ် ဟာ သူနဲ့နိုင်ငံလက်ရွေးစင်အသင်းက အသင်းဖော်ပါဗျာ..။ သူ့ရဲ့မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် (၇၅) ပွဲမှာ အနီကတ်ဒ် (၄) ကြိမ် ပြထားခံရပြီး ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ်ကို သူရောက်လာပြီးနောက်ပိုင်း ပြိုင်ပွဲတစ်ခုလုံးရဲ့ အနီကတ်ဒ်အများဆုံး အပြခံထားရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ပေါ့ဗျာ..။
နောက်ခံလူတစ်ယောက်အနေနဲ့ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်နှစ်သက်ပါတယ်..။ ဒါပေမယ့် အခုဆိုရင် သူဟာအသင်းရဲ့ အားနည်းချက်တစ်ခု ဖြစ်လာနေတဲ့အတွက် ဒီအတိုင်းဆက်ပြီး ကစားနေလို့ မဖြစ်တော့ပါဘူး.။ သူ့အနေနဲ့ အခုထက်ပိုပြီး စည်းကမ်းပိုင်း ပိုပြီးကောင်းမွန်လာအောင်၊ သပ်သပ်ရပ်ရပ် ကစားနိုင်အောင် ပြင်ဆင်ရပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - အခုဟာက မွိုက်စ် ကိုင်ဆီဒို ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့လို့ကိုးဗျ..။ တကယ်လို့ အဲဒီဂိုးဟာ လူကျွံဘောမဖြစ်ခဲ့ဘူး..၊ ဘောလုံးလမ်းကြောင်းမှာ အနှောင့်အယှက် မဖြစ်ခဲ့ဘူးဆိုရင် ချယ်လ်ဆီးက ချေပဂိုးရမယ်..၊ တစ်ဂိုးစီပေါ့…။ ဒါဆိုရင် VAR အနေနဲ့ ခရစ္စတီယန် ရိုမီယို ရဲ့ ဖျက်ထုတ်မှုကို ပြန်မကြည့်တော့ဘူးလို့ ပြောနိုင်မလား..?
ဒယ်နီရယ် စတားရစ်ချ် - ကျွန်တော်ကတော့ မထင်ပါဘူး..။ သူ့ရဲ့ဖျက်ထုတ်ပုံဟာ သိပ်ကိုကြမ်းတမ်းလွန်းပါတယ်..။ တခါထဲကြည့်လိုက်တာနဲ့တင် ရှင်းနေတာပဲ..။ ကျွန်တော်လည်း ပြန်ပြီးမကြည့်ချင်အောင် စိတ်ပျက်မိတဲ့ ဖျက်ထုတ်မှုပါ..။ ဒါ့ကြောင့်ဂိုးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ.. VAR က ပြန်ပြီးကြည့်ဖြစ်ပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - ကိုးလ် ပါးမား ရဲ့ ပင်နယ်တီကန်ချက်ကလည်း သွေးအေးလွန်းတယ်ဗျ..။
ဒယ်နီရယ် စတားရစ်ချ် - ဟုတ်ပါ့.. တကယ့်ကို ‘Ice Ice Baby’ ပါပဲ..။ ကန်ဖို့ပြေးလာပုံ၊ ကန်ချက်၊ တိကျမှုတွေဟာ စင်းလုံးချောပါပဲ..။ အဲဒီပင်နယ်တီဂိုးဟာ သူ့ရဲ့ကန်ချက် အားပါမှု (pace of the shot) ကြောင့် ဂိုးသမား ဗီကာရီယို လက်ဖျားနဲ့ထိခဲ့ပေမယ့် ဘယ်လိုမှ ကာကွယ်လို့ မရခဲ့တာပါ..။
ဒေးဗစ် ဂျုံးစ် - ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ နည်းပြနှစ်ယောက်စလုံးဟာ ဒုတိယပိုင်းကျရင် ကိုယ့်ရဲ့အသင်းဘက်က ကစားသမားတွေ နောက်ထပ်ပြီး အနီကတ်ဒ်အပြမခံရအောင် သတိထားကြဖို့ မှာကြားခဲ့ကြမှာပါပဲ..။
ဂျေမီ ကာရေဂါ - Yeah..! ဒါ့ကြောင့်လည်း မော်ရစ္စစီယို ပိုချက်တီနို ဟာ ဒုတိယပိုင်းအစမှာ မာ့စ် ကူကူရယ်လား ကို ကော်ဝဲလ် ရဲ့အစား လူစားသွင်းခဲ့တာ ဖြစ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - စပါးကတော့ သူတို့ရဲ့ဘယ်နောက်ခံလူ အူဒိုကေး ကို ဆက်ပြီးထားခဲ့တယ်နော..။ အဲဒီမှာဒုက္ခတွေ့တာပဲ..။
ဂျေမီ ကာရေဂါ - အင်းဗျ..။ အူဒိုကေး ဟာ အဲဒီလိုအနေအထားမှာ စတာလင်း ကို ဘာဖြစ်လို့ လျောထိုးဖျက်ထုတ်ဖို ဆုံးဖြတ်လိုက်တာလဲ နားမလည်မိပါဘူး..။ သူလည်းဖျက်ထုတ်ပြီးပြီးချင်းမှာပဲ ‘သွားပြီ..’ ဆိုတာ သိလိုက်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - စပါးဘက်က (၉) ယောက်ပဲ ကျန်တော့တဲ့နောက်ပိုင်း သူတို့တွေရဲ့ high line ကစားသွားတဲ့အပေါ် ခုနကလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်..။ ပြိုင်ပွဲချိန်ခွင်လျှာကတော့ ‘ကြောင်နဲ့ကြွက် (cat and mouse)’ ကစားပွဲလို ဖြစ်သွားတာပေါ့ဗျာ..။
ဂျေမီ ကာရေဂါ - တော့တင်ဟမ် အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ကြောင်းကို ရှေ့တက်ပြီး ကစားတဲ့ (high line) နည်းဗျူဟာကို တောက်လျှောက်သုံးစွဲခဲ့ပါတယ်..။ တကယ်လို့ (၁၁) ယောက်ချင်းဆိုရင် သူတို့ဟာ အတင်းလိုက် ဖိအားပေးကစားရင်း ပြိုင်ဘက်အသင်း ကစားသမားတွေ ရှေ့ကိုအတင်းတက်မလာအောင် တားဆီးကောင်း၊ တားဆီးနိုင်ခဲ့ပါလိမ့်မယ်..။ ဒီနှစ်မှာဆိုရင် သူတို့လို high line ကစားတဲ့အသင်းတွေထဲမှာ လီဗာပူးလ်၊ အက်စ်တွန် ဗီလာ တို့ အပါအဝင် အသင်းတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် ဘယ်အသင်းမှတော့ ဒီနေ့ပွဲက သူတို့လို မကစားဖူးခဲ့ပါဘူး..။ အခုအောက်ကပုံမှာ ပြထားတဲ့ ‘၁- ဝ- ၇’ ဆိုတဲ့ နောက်တန်း (၇) ယောက်နဲ့ အခင်းအကျင်းဟာ ကျွန်တော့်အတွက် ဒီနှစ်ရဲ့အထူးခြားဆုံးပုံရိပ်တစ်ခု ဖြစ်လာပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - ကျွန်တော်ကတော့ အဲရစ်ခ် ဒိုင်ယာ ကိုပဲ သနားမိပါတယ်..။ အခုနှစ်ဘောလုံးရာသီမှာ ကောင်းကောင်း မကစားခဲ့ရသေးဘူးဆိုမှ နီကိုလပ်စ် ဂျက်ဆင် တို့ကို နောက်ကနေ တစ်ချိန်လုံးလိုက်ပြီး မှီအောင်လိုက်နေရတာ ဘယ်ချောင်လိမ့်မလဲ..? high line နဲ့ ပတ်သက်ပြီး ခံစစ်ပိုင်းရှုထောင့်က အယူအဆကို မေးပြီးတဲ့နောက်မှာ တိုက်စစ်ဆင်တဲ့ အသင်းဘက်ကနေ မေးကြည့်ချင်ပါတယ်..။ ဒယ်နီရယ် ရေ.. တိုက်စစ်မှူးတွေအနေနဲ့ အဲဒီလို high line နဲ့ လူကျွံဘောထောင်ချောက်ကို ကျော်ဖြတ်နိုင်ဖို့ အရေးအကြီးဆုံးအချက်က ဘာတွေဖြစ်မလဲ..?
ဒယ်နီရယ် စတားရစ်ချ် - မာ့စ် ကူကူရယ်လာ တို့လို အနောက်ကနေ အချိန်ကိုက် ပြေးထွက်မှုတွေ (deeper runs) ပြုလုပ်နိုင်ဖို့နဲ့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနိုင်ဖို့ (Patience) ဖြစ်ပါလိမ့်မယ်..။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အတွဲအစပ် (combination) ကလည်း အရေးကြီးပါလိမ့်မယ်..။ နောက်ပြီး ဘယ်လိုနည်းဗျူဟာနဲ့ ထိုးဖောက်မလဲ..? ပေါ့ဗျာ..။
တောင်ပံတွေကနေ ကျော်ဖြတ်ပြီး အလယ်မှာစုစည်းနေတဲ့ ပြိုင်ဘက်အသင်း နောက်ခံလူတွေကို ဆွဲထုတ်မလား..? ဒါမှမဟုတ် နောက်တန်းတွေကြားကနေ ချိန်သားကိုက် ပေးပို့မှုတွေ (defense splitting passes) ပြုလုပ်မလား..? စသဖြင့် နည်းလမ်းတွေ ရွေးချယ်ရပါမယ်..။ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ high line ခံစစ်ကြောင်းကို ဘယ်လိုထိုးဖောက်မလဲ..? နည်းလမ်းရှာရပါတယ်..။ အဲ.. ထိုးဖောက်လို့လည်းရရော သူတို့ဟာ ဂိုးရအောင် ဘယ်လိုအဆုံးသတ်မလဲ..? ဆိုတဲ့ နောက်ဆုံးဆုံးဖြတ်ချက် (decisiveness) အပိုင်းမှာ ပြတ်သားမှု မရှိခဲ့ပါဘူး..။
ဂျေမီ ကာရေဂါ - ကြည့်ရတာ လွယ်တယ်ထင်တာကိုးဗျ…။ ဒယ်နီရယ် ရေ.. ခင်ဗျားရော အခုလိုမျိုး high line အမြင့်ကြီးနဲ့ သူတို့ကိုကျော်ပြီး ပြေးထွက်သွားတာနဲ့ နေရာလွတ်အကျယ်ကြီးရခဲ့တဲ့ အခင်းအကျင်းမျိုး ကြုံခဲ့ရဖူးလား..? ပုံမှန်ကစားနေကျ ပုံစံမျိုးမဟုတ်ရင် အကုန်လုံးကြောင်တောင်တောင် ဖြစ်ကုန်ကြမှာပဲဗျ..။
ဒယ်နီရယ် စတားရစ်ချ် - ကစားသမားတွေဘက်က အခြေအနေကို နားလည်ပြီး စိတ်အေးတည်ငြိမ်မှုရှိဖို့ အရေးကြီးဆုံး.. ဆိုတာ အမြန်ဆုံးသဘောပေါက်ဖို့ လိုအပ်ပါတယ်..။ မူဒရပ်ခ် က တောင်ပံက ထိုးဖောက်ပြီး အလယ်မှာရှိနေတဲ့ ဂျက်ဆင် ကို ပေးပို့တဲ့ပုံစံ ထိုးဖောက်မလား.? ကိုယ့်ရဲ့ကွင်းဘက်ခြမ်းမှာပဲ အပေးအယူလုပ်ရင်း အကောင်းဆုံးပေးပို့မှု (perfect pass) နဲ့ ထိုးဖောက်မလား..? ရွေးချယ်ရပါမယ်..။ ချယ်လ်ဆီးအသင်းဟာ နောက်ပိုင်းမှာ စွန့်စားမှုယူတဲ့ ပေးပို့မှုတွေ မလုပ်ခဲ့ပါဘူး..။ အထူးသဖြင့် ကိုးလ် ပါးမား ဟာ သိပ်ကိုစိတ်ရှည်၊ သွေးအေးပြီး အကောင်းဆုံး ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ကိုပဲ စောင့်ဆိုင်းခဲ့တာ တွေ့မိပါတယ်..။
ဒေးဗစ် ဂျုံးစ် - အင်းဗျ..၊ သူတို့ဟာ (၉) ယောက်ကျန် ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ဖို့ မိနစ် (၂၀) လောက် အချိန်ယူခဲ့ရပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ရဲ့ သွင်းဂိုးတွေမှာ အရေးကြီးတဲ့အချက်တွေကို သုံးသပ်ပေးနိုင်မလား..? ပွဲချိန် (၇၅) မိနစ် မှာ သွင်းယူပေးခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင် သူဟာလူကျွံဘော ဖြစ်နေတဲ့ အနေအထားကို ကြိုပြီးယူထားတာကြောင့် ပြေးထွက်တဲ့နေရာမှာ နောက်ခံလူတွေထက် ခြေတစ်လှမ်းမက ဉီးပြီးသား ဖြစ်တာပေါ့..
ဒယ်နီရယ် စတားရစ်ချ် - ရှေ့တန်းတိုက်စစ်မှူး အတော်များများက အဲဒီလို ကြိုတင်ပြေးထွက်မှုတွေ ပြုလုပ်တတ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဆီဘောလုံးမလာရင်တောင် ရာဟင်း စတာလင် လို တောင်ပံက ပြေးထွက်လာတဲ့ ကစားသမားတွေ လူကျွံထောင်ချောက် လွတ်သွားတာနဲ့ ကိုယ်က တစ်ပန်းသာနေပြီဆိုတာ သိထားတဲ့အတွက်ပါပဲ..။ စတာလင်း ရဲ့ ပေးပို့ချက်ကလည်း အရှိန်ရော၊ တိကျတာရော သိပ်ကိုကောင်းမွန်တာကြောင့် ဂျက်ဆင် အနေနဲ့ လွယ်လွယ်ကူကူပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - အဲဒီဂိုးမတိုင်ခင် VAR နဲ့ ပယ်ဖျက်ခဲ့တဲ့ဂိုးတွေ ရှိနေခဲ့တာဆိုတော့ VAR ပြန်ကြည့်တဲ့အချိန် လူကျွံဘောများ ထပ်ပြီးပေးဉီးမလား.? စဉ်းစားမိခဲ့ပါသေးတယ်..။ အဲဒီဂိုးလည်း ရပြီးရော.. အိမ်ရှင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကြောင့် မထင်မှတ်တဲ့ အလှည့်အပြောင်းတွေများ ဖြစ်လာမလား..? ဆိုပြီး ကျွန်တော်တို့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ်ဗျ..။
ဂျေမီ ကာရေဂါ - ကျွန်တော်လည်း ကြည့်နေရင်းနဲ့ ပြစ်ဒဏ်ဘောကနေတဆင့် အဲရစ်ခ် ဒိုင်ယာ ရဲ့ဂိုးဟာ ဂိုးဝင်သွားပြီလို့ပဲ ထင်လိုက်ပါတယ်.။ ဒိုင်ယာ ရဲ့ ကန်သွင်းချက် အရမ်းကိုသပ်ရပ်ခဲ့သလို (၈၇) မိနစ်မှာ ဘင်တာကား ရဲ့ အနီးကပ် ပိတ်သွင်းချက်ဟာလည်း ကံဆိုးသွားခဲ့တာဗျာ..။
ဒယ်နီရယ် စတားရစ်ချ် - ဟုတ်ပါ့ဗျာ..။ ဘောလုံးဟာ သူ့ရဲ့ရှေ့မှာ ထောက်သွားခဲ့တာကြောင့် သေသေချာချာ ပိတ်သွင်းခွင့် မရခဲ့ဘူးဗျ..။
အဲဒါပြီးတော့တင်ဟမ်အသင်းရဲ့ နောက်ဆုံးအခွင့်အရေးပေါ့..။ တန်ပြန်တိုက်စစ်ကနေတဆင့် ဆွန် ဟောင်မင်း ဟာ ချယ်လ်ဆီးအသင်း နောက်ခံလူတွေကြားကနေ ဘယ်ခြေနဲ့ ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား ဆန်းချက်ဇ် ရဲ့ ကာကွယ်မှု ကောင်းမွန်ခဲ့ပါတယ်..။ ဆွန် ရဲ့ ဆွဲပြေးမှု၊ ကန်သွင်းမှု ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပါတယ်..။ သူ့ရဲ့ကန်ချက်မှာသာ ဒီထက်ပိုပြီး အားထည့်နိုင်ခဲ့ရင် ဂိုးရသွားနိုင်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာတော့ သည်းထိပ်ရင်ဖို အနိုင်ပွဲတစ်ပွဲ၊ အရေးကြီးတဲ့ အနိုင်ပွဲတစ်ပွဲ အရယူနိုင်ခဲ့ပြီးတဲ့နောက် လာမယ့်တနင်္ဂနွေနေ့ကျရင် အမှတ်ပေးဇယားထိပ်က မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်..။ အခုဆိုရင် သူတို့ဟာ အဲဒီပွဲမှာ သွင်းဂိုးတွေ ရရှိဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှု ရှိနေပြီလို့ ပြောနိုင်နေပြီပေါ့ဗျာ…
ဒယ်နီရယ် စတားရစ်ချ် - မှန်ပါတယ်..။ ဒီနေ့အနိုင်ပွဲက ရရှိလာတဲ့ ယုံကြည်မှုတွေဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေအတွက် တကယ့်ကို ကြီးမားတဲ့ အင်အားပါပဲ..။ အထူးသဖြင့် တိုက်စစ်မှူး ဂျက်ဆင် ဟာ ပြီးခဲ့တဲ့အပါတ်တွေမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီနေ့မှာတော့ တော့တင်ဟမ် အသင်းရဲ့ ဂိုးပေါက်ထဲကို သုံးကြိမ်တိတိ ကန်သွင်းပေးနိုင်ခဲ့ပါတယ်..။ hattrick ရသွားတဲ့ ဂိုးမှာဆိုရင် ဂိုးသမားပေါ်ကျော်ပြီး ကန်သွင်းမယ် (chipping) လို့ ထင်ခဲ့ပါသေးတယ်..။
ဒါ့အပြင် ဘေးမှာလည်း မူဒရပ်ခ် ပါလာတာကို ထိုးပေးဖို့လည်း စဉ်းစားခဲ့သေးတာဗျ..။ လူကျွံဘောမိမှာစိုးလို့ ခဏဆိုင်းနေတုန်း ဂိုးသမားက သူ့ရဲ့လှည့်စားချက်မှာ ပါသွားပြီး လှဲချလိုက်တာနဲ့ ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်..။