ကျွန်တော်ဟာ ၂၀၁၈ ခုနှစ်တုန်းက တော့တင်ဟမ်အသင်းရဲ့ ပွဲတစ်ပွဲမှာ မော်ရစ္စစီယို ပိုချက်တီနို နဲ့ ပထမဆုံး တွေ့ဆုံဖူးခဲ့ပါတယ်..။ သူဟာကျွန်တော့်သားလေးကို အချိန်ပေးပြီး စကားပြောခဲ့သလို အဝတ်လဲခန်းထဲအထိ ဖိတ်ခေါ်ပြီး တိုက်စစ်မှူး ဟာရီ ကိန်း၊ တခြားစပါးအသင်း ကစားသမားတွေနဲ့ ဓါတ်ပုံရိုက်ခွင့် ပေးခဲ့ပါတယ်..။ အဲဒီအချိန်ဟာ ပွဲမစခင် တစ်နာရီလောက်အလို ဖြစ်ပေမယ့် သူ့ရဲ့သွေးအေးမှုနဲ့ သက်တောင့်သက်သာရှိမှုဟာ တကယ့်ကို အံ့ဩစရာပါပဲ..။
နောက်ထပ်လေးနှစ်အကြာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူနဲ့အတူတူ ထပ်ပြီးဆုံဖူးခဲ့ပါတယ်..။ နေ့စဉ်နေ့တိုင်းလိုလို ရေကူးကန်ဘေးမှာ ဘောလုံးလောကနဲ့ ပတ်သက်တဲ့အကြောင်းတွေကို စကားပြောဖြစ်ရာမှာ သူ့ရဲ့နှံ့စပ်မှု၊ နည်းစနစ်ပိုင်း အယူအဆတွေနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် သိမြင်ထားမှု၊ ရိုးသားဖြောင့်မတ်မှုတွေကို ပိုပြီးနားလည်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို တာဝန်ယူခွင့်ရခဲ့တဲ့အချိန်မှာ သူဟာအသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်..။
အထူးသဖြင့် ပွဲတွေအပေါ် စိတ်ရော၊ ကိုယ်ရော အပြည့်နှစ်ပြီး အာရုံစူးစိုက်မှုအပြည့်၊ ခံစားမှုအပြည့်နဲ့ ပြင်ဆင်တတ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကို အထူးနှစ်သက်မိပါတယ်..။ အာဂျင်တီးနား နည်းပြကြီးရဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည့်ထားပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ တက်တက်ကြွကြွ ကစားခဲ့တဲ့ စပါးအသင်းနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ချီးကျူးဖို့ ကောင်းခဲ့ပါတယ်..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ အရည်အသွေး ပိုပြီးကောင်းတဲ့ ကစားသမားတွေနဲ့ သူ့ကိုပံ့ပိုးပေးထားတယ်လို့ ပြောလို့ရပါတယ်..။
ပီအက်စ်ဂျီ အသင်းမှာတော့ လီယွန်နယ် မက်ဆီ၊ နေမာ နဲ့ ကိုင်လီယန် အမ်ဘတ်ပေး တို့လို ကမ္ဘာ့အဆင့် နာမည်ကြီး ကစားသမားတွေရဲ့ အရှိန်အဝါတွေနဲ့ အတ္တကြီးမားခဲ့မှုတွေဟာ အခက်အခဲဖြစ်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကို စမ်းသပ်ခဲ့တဲ့ စာမေးပွဲကြီးတစ်ခု ဖြစ်ခဲ့ကြောင်းကို မော်ရစ္စစီယို က ဝန်ခံခဲ့ဖူးပါတယ်..။ ပိုချက်တီနို ဟာ ပြိုင်ဘက်အသင်းကို ကစားကွက်အသာစီး ရယူပြီး အမြဲတမ်း တိုက်စစ်ဆင် ကစားချင်တဲ့ နည်းပြတစ်ယောက်အဖြစ် ကျွန်တော်မြင်မိပါတယ်..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းကို သူ့ရဲ့ကစားနည်းစနစ်အတိုင်း ပုံသွင်းယူလို့ရရှိနိုင်အောင် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေကို တည်ဆောက်နေဆဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်အချိန်တစ်ခု ပေးရဉီးမှာဖြစ်ပေမယ့် အခုအချိန်မှာတင် အသင်းရဲ့အနာဂတ် အလားအလာကောင်းတွေကို စတင်မြင်တွေ့ခွင့်ရရှိနေပါပြီ..။
ပြီးခဲ့တဲ့တနင်္လာနေ့ညက တော့တင်ဟမ်အသင်းကို ၄ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်တုန်းက တစ်ဘက်တစ်ဂိုးစီ သရေကျနေတဲ့အချိန်မှာ နီကိုလပ်စ် ဂျက်ဆင်၊ ရာဟင်း စတာလင်း၊ ကော်နာ ဂါလက်ချာ တို့နဲ့ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်မှာတင် အတင်းလိုက်ဖိအားပေးနိုင်ခဲ့တဲ့ ကစားဟန်ကို ကြည့်မယ်ဆိုရင် နည်းပြပိုချက်တီနို နဲ့ သူ့ရဲ့လူငယ်သွေးသစ် အသင်းသစ်ဟာ အနာဂတ်ကာလမှာ အလာအလာကောင်းတွေ ရှိနေပြီဆိုတာ ပြသခဲ့တဲ့သက်သေ၊ သာဓကတွေပဲ ဖြစ်ပါတယ်..။
ဒီနေ့မှာယှဉ်ပြိုင်ရမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာလည်း သူတို့တွေဟာ အဲဒီပုံစံအတိုင်း ရဲရဲဝံ့ဝံ့ တိုက်စစ်ဖွင့် ကစားပါလိမ့်မယ်..။ လူငယ်ကစားသမားတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးတာကြောင့် စပါးအသင်းကို လေးဂိုးသွင်းနိုင်ခဲ့တဲ့ ခြေစွမ်းဟာ သူတို့လေးတွေအတွက် ကြီးမားတဲ့ ယုံကြည်မှုကို ရရှိစေပါလိမ့်မယ်..။
ပိုချက်တီနို ဟာ ကစားသမားတွေရဲ့ လုပ်အားနှုန်း၊ ပေးဆပ်မှုကောင်းမွန်မှုတွေကို အထူးအလေးပေးပါတယ်..။ သူ့ရဲ့တော့တင်ဟမ် အသင်းမှာဆိုရင် ဖန်တီးမှုကောင်းမွန်တဲ့ ကစားသမားတွေအတွက် လိုအပ်တဲ့ လုပ်အားနှုန်းကို ဗစ်တာ ဝမ်ယားမား နဲ့ မူဆာ ဒမ်ဘယ်လေ တို့လို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြည့်ဆည်းခဲ့ပါတယ်..။ အခုချယ်လ်ဆီးအသင်းမှာတော့ ‘ကော်နာ ဂါလက်ချာ’ ဖြစ်လာပါတယ်..။ ရာသီအစတုန်းက အသင်းက ထွက်ခွာလိမ့်မယ်.. ဆိုပြီး သတင်းပြေးနေခဲ့ပေမယ့် ချယ်လ်ဆီးလူငယ် အကယ်ဒမီထွက် ကွင်းလယ် ကစားသမားဟာ သူမတူအောင် ကောင်းမွန်တဲ့ သူ့ရဲ့လုပ်အားနှုန်းကြောင့် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါတယ်..။
ပီအက်စ်ဂျီအသင်းမှာ သူနဲ့ဆုံခဲ့ရတဲ့ ကမ္ဘာ့အဆင့် ကြယ်ပွင့် galacticos ကစားသမားတွေဟာ ဘောလုံးဆုံးရှုံးချိန် (off the ball) တွေမှာ သူလိုချင်တဲ့ ပေးဆပ်မှုနဲ့ လုပ်အားနှုန်း မရှိခဲ့ပါဘူး..။ အဲဒီအတွေ့အကြုံတွေအရ ချယ်လ်ဆီးအသင်းကို ရောက်လာချိန်မှာ ခိုကပ်ကစားတတ်တဲ့ ကစားသမားတွေအတွက် နေရာမရှိသလို ဟန်ချက်မျှတမှုမရှိတဲ့ (unbalance) အသင်းတစ်သင်းကို တည်ဆောက်ပေးမှာ မဟုတ်ပါဘူး..။
အင်ဇို ဖာနန်ဒက်စ် ဟာ အသက် (၂၂) နှစ်သာ ရှိနေသေးပေမယ့် ပင်ကိုယ်အရည်အသွေး အထူးကောင်းမွန်တဲ့ ကွင်းလယ် ကစားသမား ဖြစ်ပါတယ်..။ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၉) သန်းနဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုရ အာဂျင်တီးနား ကစားသမားလေးဟာ with the ball မှာရော၊ without the ball မှာပါ ကွင်းလယ်ကို ထိန်းချုပ်၊ မောင်းနှင်ပေးနိုင်မယ့် အစွမ်းအစ ရှိတဲ့သူဖြစ်ပြီး ကြံ့ခိုင်မှုကောင်းမွန်နေဖို့ပဲ လိုအပ်ပါတယ်..။ တကယ်လို့ သူ့အနေနဲ့ စံပြရမယ့် ပုဂ္ဂိုလ်တစ်ယောက်ရှိဖို့ လိုအပ်တယ်ဆိုရင် ဒီနေ့ပွဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် ဘာနာဒို ဆေးလ်ဗား ရဲ့ ကစားပုံနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို လေ့လာ၊ အတုယူနိုင်ဖို့ပဲ လိုအပ်ပါတယ်..။
ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗား ဟာ လျှင်မြန်မှုအကောင်းဆုံး၊ ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမားတစ်ယောက် မဟုတ်ပေမယ့် သူ့ရဲ့ပေးဆပ်မှု၊ လုပ်အားနှုန်းနဲ့ နေရာလွတ်တွေကို ရှာဖွေအသုံးချနိုင်စွမ်းတွေကို အသိအမှတ်ပြုရမှာဖြစ်သလို နည်းပြပက်ပ် ဂွာဒီယိုလာ ရဲ့ ညွှန်ကြားမှုအောက်မှာ ခံစစ်ပိုင်းကူညီမှုတွေမှာလည်း တိုးတက်လာခဲ့ပါတယ်..။ တကယ်လို့ ချယ်လ်ဆီးအသင်းမှာ မိုက်ကယ် အက်ဆီယန်၊ အန်ဂိုလို ကန်တေး တို့သာ ရှိနေဉီးမယ်ဆိုရင် အင်ဇို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်မှာ အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် အထိုင်ကျနိုင်ပါလိမ့်မယ်..။
ဒါပေမယ့် လက်ရှိချယ်လ်ဆီးအသင်းမှာ သီယာဂို ဆေးလ်ဗား နဲ့ ရာဟင်း စတာလင်း တို့နှစ်ယောက်ကလွဲရင် သမ္ဘာရင့်၊ အတွေ့အကြုံရင့် ကစားသမား တစ်ယောက်မှ ရှိမနေပါဘူး..။ ဒါ့ကြောင့်အင်ဇို ဟာ အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကိုသာ သင်ယူဖို့ပဲ ရှိပါတော့တယ်..။ အဲဒီလိုအတွေ့အကြုံပိုင်း အားနည်းချက်ရှိခဲ့တဲ့ လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ မေ့ထားလိုက်လို့ ရနေပါပြီ..။ ဒါပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင်တောင် ပိုချက်တီနို ရဲ့ ချယ်လ်ဆီးအသင်း အနာဂတ်စီမံချက်ကို စွန့်ပစ်လိုက်ဖို့၊ မျက်ကွယ်ပြုလိုက်ဖို့ မလိုသေးပါဘူး..။
သူတို့အသင်းဟာ လာမယ့်ဒုတိယရာသီဝက်ကျရင် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမယ့် ခရစ္စတိုဖာ အန်ကန်းကူ နဲ့အတူ အကောင်းဆုံးခြေစွမ်း ရရှိလာမယ့်အပြင် ရလဒ်ကောင်းတွေ ဆောင်ယူနိုင်ပါလိမ့်မယ်လို့ ကျွန်တော်ကြိုတင်ပြီး ခန့်မှန်းလိုက်ပါတယ်..။ အခုလက်ရှိ အရှိန်အဟုန်အတိုင်း ဆက်လက်ချီတက်နေမယ်ဆိုရင် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာပါလိမ့်မယ်..။
ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို စိတ်ဝင်တစား ကြည့်ဖြစ်သလို အသင်းဟာ ခိုင်မာတဲ့ ကစားဟန်တစ်ခု ရှိနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်..။ အထူးသဖြင့်အသင်းကောင်းတွေ၊ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရချိန်တွေမှာ သူတို့အသင်းရဲ့ ကစားပုံဟာ ပိုပြီးကောင်းမွန်လေ့ ရှိတာကိုလည်း သတိပြုမိပါတယ်..။ ဒါ့ကြောင့်လက်ရှိပုံစံအတိုင်းသာ ဆက်လက်ရှေ့ဆက်နိုင်မယ်ဆိုရင် သူတို့အသင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဒီနေ့ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းနဲ့ တုံ့ပြန်၊ ရင်ဆိုင်နိုင်ပါလိမ့်မယ်..။ ဒါပေမယ့် ပိုချက်တီနို ရဲ့ ချယ်လ်ဆီးအသင်းဟာ ဘရန့်တ်ဖို့ဒ်၊ နော့တင်ဟမ် ဖောရက်စ် တို့လို ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ပိတ်ဆို့ကစားတတ်တဲ့ (low block) အသင်းတွေနဲ့ဆိုရင် ရုန်းကန်ရတတ်ပါတယ်..။
အခုဆိုရင် သူတို့အသင်းဟာ ၄- ၃- ၃ ကစားကွက်အထိုင်ချပြီး ကစားနေသလို နေရာစုံ ဖြည့်ဆည်းကစားပေးနိုင်တဲ့ (versatility) ကိုးလ် ပါးမား လို ကစားသမားဟာ သူ့ရဲ့ကစားကွက် ဖန်တီးမှုအပိုင်းမှာ အရေးပါခဲ့တဲ့အခန်းကဏ္ဍပ ပါဝင်ခဲ့ပါတယ်..။ အထူးသဖြင့် လူငယ်တောင်ပံ ကစားသမားလေးရဲ့ ကစားကွက်အမြင်၊ ပွဲအပေါ် သုံးသပ်နိုင်စွမ်း (match intelligence) ဟာ အံ့မခန်းပါပဲ..။ ပါးမား ဟာ ပြိုင်ဘက်ကွင်းဘက်မှာ ဘောလုံးပြန်ပြီး အရယူနိုင်ဖို့ (regain possession) လိုအပ်လာတဲ့ အခါတွေမှာ နီကိုလပ်စ် ဂျက်ဆင်၊ ရာဟင်း စတာလင်း တို့နဲ့အတူ တိုက်စစ်ကစားသမားအဖြစ် လုပ်အားနှုန်းအပြည့်နဲ့ ကစားပေးနိုင်တဲ့သူ ဖြစ်သလို ကိုယ့်ထက်အားနည်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားပေးနိုင်ပါတယ်…။ ဒါဆိုရင် မိုင်ဟေးလ်လို မူဒရပ်ခ် အတွက် တောင်ပံတစ်နေရာ ရရှိပါလိမ့်မယ်..။
အရင်တုန်းက ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ မီဒီယာသမား ဖြစ်လာတဲ့အချိန်မှာ ဘောလုံးလောကရဲ့ အကောင်းဆုံး မန်နေဂျာတွေနဲ့ တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်တွေ ရလာခဲ့ပါတယ်..။ ပိုချက်တီနို နဲ့ တွေ့ဆုံခဲ့ရတဲ့အခါတိုင်း သူ့ဆီကနေ လေ့လာသင်ယူစရာ၊ မှတ်သားစရာတွေ အမြဲတမ်း နာခံခဲ့ရပါတယ်..။ ဒါ့ကြောင့်မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ အခုလက်ရှိ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုရင် အပြာရောင်ခြင်္သေ့တွေဟာ မှန်ကန်ပြီး အသိဉာဏ် ကြွယ်ဝတဲ့ လက်တစ်စုံနဲ့ အနာဂတ်သစ်မှာ အောင်မြင်တွေ ဆောင်ယူသွားနိုင်ဖို့ အသင့်ရှိနေပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်..။
(Daily Mail မှ ဆောင်းပါးရှင် Danny Murphy ၏ ‘DANNY MURPHY: Watch out, Pep Guardiola! Mauricio Pochettino's Chelsea play better against the big boys... his real passion is for attacking football and the club are in safe hands’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)