‘စီးတီးမှာတော့ ချာတိတ်ပဲ..၊ ချယ်လ်ဆီးရောက်တော့ နေ့ချင်းညချင်း လူကြီးဖြစ်သွားပြီ’
ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းပွဲစဉ်မှာ အသင်းဟောင်းကို နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို သွင်းယူအပြီး အဲဒီပွဲကို တိုက်ရိုက်တင်ဆက်နေတဲ့ Sky Sports သတင်းဌာနက ပွဲကြေငြာသူ ပီတာ ဒရူရီ က မှတ်ချက်စကား ဖြစ်ပါတယ်..။ အဲဒီလို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ တနင်္ဂနွေနေ့ည ပွဲစဉ်အပြီး နောက်ထပ်နှစ်ရက်လောက်အကြာမှာတော့ ကိုးလ် ပါးမား လေးဟာ အင်္ဂလန်လက်ရွေးစင် အသင်းကြီးရဲ့ စိန့် ဂျော့ချ်ပါ့ခ် လေ့ကျင့်ကွင်းက အခန်းကျယ်ကြီး တစ်ခုထဲကို ရောက်ရှိလို့နေပါပြီ..။
မန်ချက်စတာ စီးတီး.. ဆိုတဲ့ ဥခွံထဲကနေ ရုန်းထွက်လာခဲ့တဲ့ အသက် (၂၁) နှစ်အရွယ် လူငယ် ကစားသမားလေးရဲ့ တိုးတက်မှုအမြန်နှုန်းဟာ မီးရှုးတန်ဆောင်တစ်ခုကို လောက်လေးပေါ်တင်ပြီး ပစ်လွတ်လိုက်သလိုပါပဲ..။
“Yes.. အဖြစ်အပျက်တွေဟာ သိပ်ကိုမြန်ဆန်လွန်းခဲ့တာကြောင့် ရူးသွပ်စရာပါပဲ..။ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနဲ့ ဥရောပလူငယ် တံခွန်စိုက်ပြိုင်ပွဲ၊ ဆုဖလားကို အနိုင်ရခဲ့တယ်..၊ အဲဒီကနေ ချယ်လ်ဆီးအသင်း၊ အခုကျတော့ အင်္ဂလန်အသင်းကြီးအတွက် ဆင့်ခေါ်ခံခဲ့ရပါတယ်..။ အရာရာဟာ သိပ်ကိုမြန်ဆန်နေသလိုပါပဲ..။ ဒါ့ကြောင့်ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်..။
ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်ဟာ အိမ်နောက်ဖေးက ပန်းခြံထဲမှာ ကိုယ့်ကိုယ်ကို ဝိန်း ရူနီ၊ ရော်နယ်လ်ဒို၊ မက်ဆီ တို့လို သဘောထားပြီး ကစားလေ့ရှိတဲ့ ချာတိတ်လေး တစ်ယောက်ပါပဲ..။ အခုဆိုရင် အင်္ဂလန်အသင်းကြီးအတွက် ရောက်ရှိနေပေမယ့် အဲဒီပန်းခြံထဲက ချာတိတ်လေးဟာ မနေ့၊ တစ်နေ့ကလိုပါပဲ..။ တကယ်လို့ အင်္ဂလန်အသင်းအတွက်သာ ပွဲထွက်ခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစုအတွက် ဂုဏ်အယူရဆုံး အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့မှာ အသေအချာပါပဲ..။”
ကိုးလ် ပါးမား ဟာ မကြာတော့မယ့်အချိန်မှာ သူမျှော်လင့်၊ စောင့်စားနေခဲ့တဲ့ အဲဒီအခွင့်အရေးကို မလွဲမသွေ ရရှိပါလိမ့်မယ်..။ သူဟာမန်ချက်စတာ စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅) သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ခြေစွမ်းထက်မြက်မှုအပေါ် အားလုံးက ဂရုပြုမိနေပြီ ဖြစ်ခဲ့တာကြောင့် အခုလိုအင်္ဂလန်အသင်းအတွက် ဆင့်ခေါ်ခံရမှု၊ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရဖို့ဆိုတာ မလွဲမသွေ ရရှိတော့မယ့် အခွင့်အရေး ဖြစ်လာမှာပါပဲ..။
သူ့ရဲ့အသင်းဟောင်း မန်ချက်စတာ စီးတီးနဲ့ တစ်ဘက်လေးဂိုးစီ သရေကျစေခဲ့တဲ့ ပွဲချိန် (၉၅) မိနစ် ပင်နယ်တီကန်ချက်ကို သွေးအေးအေးနဲ့ အမှားအယွင်းမရှိ အဆုံးသတ်ပေးလိုက်ပြီးတဲ့နောက် ပွဲပြီးလို့ အဝတ်လဲခန်းထဲကို ပြန်ရောက်ရောက်ချင်းမှာပဲ သူဟာအင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းကနေ နည်းပြဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် တိုးမြှင့်ရွေးချယ်ခံလိုက်ရပြီဆိုတဲ့ သတင်းကိုသိလိုက်ရပါတယ်..။
တကယ်တော့ ကိုးလ် ပါးမား လေးဟာ မော်လ်တာ၊ မြောက် မက်ဆီဒိုးနီးယား အသင်းတွေနဲ့ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ သူ့ရဲ့ခြေစွမ်းကို အမြဲတမ်းကြည့်ဖြစ်နေတဲ့သူတွေ အတွက်ကတော့ အဲဒီအခွင့်အရေးဟာ အနှေးနဲ့အမြန် ရောက်ရှိလာလိမ့်မယ်ဆိုတာ ခန့်မှန်းပြီးသား ဖြစ်ပါလိမ့်မယ်..။ သူ့ရဲ့ပင်ကိုယ်ပါရမီ၊ သူ့ရဲ့ညက်ညောတဲ့ ကစားဟန်နဲ့ အရာရာကို အလွယ်လေးဖြစ်သွားအောင် သက်တောင့်သက်သာ ရှိနေမှုတွေဟာ ထပ်ဆင့်အောင်မြင်မှုတွေကို ဖိတ်ခေါ်နေတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ကြပါတယ်..။
ဒါ့အပြင်သူဟာ ရှေ့မှာဘာတွေဖြစ်လာမလဲ..? ကြိုတင်ခန့်မှန်းထားခဲ့သလို ဖြစ်လာနိုင်မယ့် အရာတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်ဆိုတာကို တနင်္ဂနွေနေ့က ပင်နယ်တီမကန်ခင် စဉ်းစားခဲ့တဲ့အရာတွေနဲ့ အခုလိုပြောပြခဲ့ပါတယ်…။
“ကွင်းလယ်ဒိုင် အန်တော်နီ တေလာ က ပင်နယ်တီအဖြစ် သတ်မှတ်ပေးလိုက်ချိန်မှာ ‘ငါ့ရဲ့အချိန်ရောက်ပြီ..’ လို့ ချက်ချင်းတွေးမိပါတယ်..။ ဒါ့ကြောင့် ‘အဲဒီပင်နယ်တီကို ကျွန်တော်ကန်ချင်တယ်..’ ဆိုပြီး Raz (ရာဟင်း စတာလင်း) ဆီ ခွင့်တောင်းပါတယ်..။ နောက်တော့ ဘောလုံးကို ပင်နယ်တီ အမှတ်အသားပေါ် တည်ပြီး ကန်သွင်းရမယ့်နေရာကို အသေအချာမှတ်ထားတယ်..၊ အတိအကျ ကန်သွင်းလိုက်ပါတယ်..။ ကျွန်တော်စိတ်လှုပ်ရှားနေလား..? No.. လုံးဝစိတ်မလှုပ်ရှားပါဘူး..။ ကိုယ့်ရဲ့အစွမ်းအစအပေါ်မှာပဲ အပြည့်အဝ ယုံကြည်ထားနိုင်အောင် ကြိုးစားခဲ့ပါတယ်..။”
နည်းပြကြီး ပက်ပ် ဂွာဒီယိုလာ ဆီမှာ ကိုးလ် ပါးမား ကို ချယ်လ်ဆီးအသင်းဆီ ရောင်းချလိုက်ရတဲ့ အကြောင်းတွေရှိပါလိမ့်မယ်..။ ဒါပေမယ့် မော်ရစ္စစီယို ပိုချက်တီနို ရဲ့ အသင်းမှာ ရောက်ရောက်ချင်းမှာပဲ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို ကြည့်မယ်ဆိုရင် မန်ချက်စတာ စီးတီးအသင်းမှာ ဆက်ပြီးရှိနေမယ်ဆိုရင်လည်း ပွဲထွက် (၁၁) ယောက်ထဲကို မရောက်နိုင်စရာ အကြောင်းမရှိဘူးလို့ တွေးမိပါလိမ့်မယ်..။ အခုနှစ်ဘောလုံးရာသီမှာ အတက်အကျတွေ များလှတဲ့ ချယ်လ်ဆီးအသင်းမှာ ကိုးလ် ပါးမား ဟာ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်..။
“ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့တာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ မန်ချက်စတာကလွဲပြီး ဘယ်ကိုမှ မထွက်ခဲ့ဖူးတဲ့အတွက်ပါပဲ..။ အဌားချ ကစားသမားအဖြစ်လည်း တစ်ခါမှမကစားခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်လန်ဒန်မြို့ကို လာရောက်ခဲ့တာဟာ ကျွန်တော့်အတွက် သိပ်ကိုကြီးမားတဲ့ အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်..။ ရောက်စမှာ အခက်အခဲတွေ အများကြီးပေါ့ဗျာ..။ ဟိုတယ်မှာ အကြာကြီးနေခဲ့ရတာဟာလည်း အခက်အခဲတစ်ခုပါပဲ..။ ဒါပေမယ့် အခုဆိုရင် လန်ဒန်မြို့နဲ့ပိုပြီး အသားကျလာသလို အသင်းမှာလည်း ပျော်ရွှင်လာပါပြီ..။
အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ပါတယ်..။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ပုံမှန်ကစားခွင့်ရဖို့ကိုပဲ အာရုံစိုက်ခဲ့တာပါ..။ မန်ချက်စတာ စီးတီးအသင်းမှာ ပွဲထွက်တစ်နေရာအတွက် ပြိုင်ဆိုင်မှုဟာ အရမ်းကိုပြင်းထန်ခဲ့ပါတယ်..။”
မန် စီးတီးအသင်း မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ နဲ့ ချယ်လ်ဆီးဘော့စ် ပိုချက်တီနို တို့ကို နှိုင်းယှဉ်ခိုင်းရာမှာတော့ ပါးမား က ပါးပါးနပ်နပ်နဲ့ပဲ ‘နောက်မေးခွန်းမေးပါဗျာ..’ လို့ ရှောင်လွှဲသွားပါတယ်..။ ဒါပေမယ့် ‘ပက်ပ် ဟာ ဘယ်လောက်တောင် ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးသားပါ..။ ဒါ့အပြင် ကျွန်တော့်ရဲ့ကစားသမား ဘဝအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်၊ ချမှတ်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ သူ့ကိုအမြဲတမ်း ကျေးဇူးတင်ရှိနေမှာပါ..။ တနင်္ဂနွေနေ့ပွဲအပြီး သူနဲ့တွေ့တဲ့အချိန်မှာ ပက်ပ် က ‘ကောင်လေး.. မင်းကစားတာ သိပ်ကောင်းတယ်..၊ well done..!’ ချီးမွမ်းသွားခဲ့ပါတယ်..။
"မန် စီးတီးအသင်းမှာဆက်ပြီး နေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ..? ဘယ်သူမှ မသိနိုင်ပါဘူး..။ ကစားခွင့်ပိုပြီး ရနိုင်မယ်..၊ ရချင်မှလည်း ရနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် ချယ်လ်ဆီးကိုပြောင်းခဲ့တဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ရဲ့ အကျိုးတွေကိုတော့ အခုအချိန်မှာ ခံစားရရှိနေပါပြီ”
အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံလိုက်ရတယ်ဆိုတာ သိသိချင်းမှာ ပါးမား ဟာ သူ့ရဲ့ဖခင် ဂျာမိန်း ဆီကို ချက်ချင်းဖုန်းဆက်ခဲ့ပါတယ်..။ မရှေးမနှောင်း.. ဆိုသလိုပဲ သူ့ရဲ့အသင်းဖော်ဟောင်း ရီကို လူးဝစ်စ် ဆီက မက်ဆေ့ချ် ရခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ အဝေးကွင်းအဝတ်လဲခန်း လျှောက်လှမ်းအတွင်းမှာ ရီကို လူးဝစ်စ် ကလည်း သူ့လိုပဲ အင်္ဂလန်အသင်းအတွက် ဆင့်ခေါ်စာကို ရရှိခဲ့ပါတယ်..။
“ကျွန်တော်တို့နှစ်ယောက်ဟာ ပထမဆုံး လေ့ကျင့်ခန်းမှာကတည်းက အတူတူကြီးပြင်းလာခဲ့ကြတဲ့သူတွေ ဖြစ်ကြတာကြောင့် အရမ်းကိုပျော်ရွှင်မိပါတယ်..။” လို့ ပါးမား က ပြောပြပါတယ်..။ “ဒါ့ကြောင့်အခုလို အသင်းကြီးဆီ ရောက်လာချိန်မှာလည်း ကိုယ်နဲ့ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် အတူတူရှိနေခဲ့တာ အရမ်းကိုကောင်းပါတယ်..။ ကျွန်တော်တို့နှစ်ယောက်စလုံး အထူးစိတ်လှုပ်ရှားနေကြပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင်လို့ အခုဆိုရင် အသင်းမှာရှိနေတဲ့ လူတိုင်းလိုလိုနဲ့ စကားပြောဖြစ်အောင် ကြိုးစားနေကြပါတယ်..။”
အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ခြေလှမ်းစတင်ခွင့်ရခဲ့တဲ့ ပါးမား နဲ့ လူးဝစ်စ် တို့အတွက် နည်းပြဂါးရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန်အသင်း ပတ်ဝန်းကျင်ဟာ သူတို့ရဲ့နောက်ထပ် တိုးတက်ခွင့်ကို အထောက်အကူပြုမယ့် အတွေ့အကြုံသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်..။ အခုလာမယ့်နှစ်ပွဲမှာ သူတို့တွေ ကစားခွင့်ရပါ့မလား..? အခုအချိန်မှာ မပြောနိုင်သေးပါဘူး..။ အင်္ဂလန်အသင်းဟာ နောက်နှစ်နွေရာသီ၊ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ခြေစစ်ပွဲ အောင်မြင်ပြီး ဖြစ်ပေမယ့် အုပ်စုခွဲတဲ့အချိန်မှာ အထောက်အကူ ဖြစ်စေဖို့ ခြေစစ်ပွဲမှာ အုပ်စုဗိုလ်ဖြစ်အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်နေပါသေးတယ်..။
ပါးမား ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းများဟာ ဒီနေ့ည၊ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ..။ ဒါပေမယ့် ပါးမား ဟာ ကစားခွင့်ရခဲ့မယ် ဆိုရင်တောင် ပင်နယ်တီ ကန်သွင်းခွင့်တာဝန်ကိုတော့ ယူရဖို့မရှိပါဘူး..။ ဒါ့ကြောင့်သူ့အနေနဲ့ ဟာရီ ကိန်း တို့လို နိုင်ငံလက်ရွေးစင် အသင်းရဲ့အရေးပါတဲ့ တာဝန်တွေကို ပခုံးထမ်းရွက်နိုင်ဖို့အတွက် နောက်ထပ်ခြေလှမ်းတွေ လှမ်းလျှောက်ရင်း စောင့်ဆိုင်းနေရဉီးမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Daily Mail မှ ဆောင်းပါးရှင် Ian Ladyman ၏ ‘Cole Palmer used to pretend to be Wayne Rooney in his garden - but after a whirlwind journey from Man City sub to main man at Chelsea, he's finally in the frame for Gareth Southgate's England side’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)