feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၆)

အခန်း (၉) - ဂျွန် တယ်ရီ ရဲ့ မော်စကိုည ခြောက်အိပ်မက်ဆိုး..       

ခရစ်စ် မက်ခ်ဟာဒီ - JT ရေ.. ခင်ဗျားရဲ့ ချယ်လ်ဆီးကစားသမား ဘဝတစ်လျှောက် အခက်အခဲဆုံးနေ့က ၂၀၀၈ ခုနှစ်၊ မော်စကိုမြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲညချမ်းလို့ သိရပါတယ်..။ အဲဒီညမှာ အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့ရတဲ့အတွက် အကြီးအကျယ် စိတ်ပျက်ခဲ့ရတဲ့ခင်ဗျားကို ရိုမန် အေဘရာမိုဗစ်ချ် က ဘယ်လိုနည်းနဲ့ နှစ်သိမ့်ခဲ့လဲ..? ဒါမှမဟုတ် သူဘာတွေ ပြောခဲ့သေးလဲ..? မှတ်မိခဲ့ရင် ပြန်ပြောပြပေးနိုင်မလား..?

ဂျွန် တယ်ရီ - ရိုမန် ဟာ ပွဲပြီးတဲ့အချိန်မှာ အဝတ်လဲခန်းထဲကို ရောက်လာပါတယ်..။ ကျွန်တော်ကတော့ ဆိုးဆိုးရွားရွား စိတ်ပျက်လက်ပျက်နဲ့ ငိုကြွေးနေပါတယ်..။ သူကကျွန်တော့်ရဲ့ပခုံးကို အသာအယာ လာဖက်ပြီး ‘ဒီနေ့အရှုံးပွဲဟာ ကိစ္စမရှိပါဘူး..။ ဒီနေ့အရှုံးရလဒ်ဟာ ကမ္ဘာကြီးတစ်ခုလုံး အဆုံးသတ်သွားတာ မဟုတ်ပါဘူး..။’ လို့ နှစ်သိမ့်ပါတယ်..။ မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ် အဲဒီလောက် စကားအရှည်ကြီးပြောတာ ကျွန်တော်တစ်ခါမှ မကြားခဲ့ဖူးပါဘူး..။ သူဟာအများကြီး သိထားတာပေမယ့် စကားအရှည်ကြီး ပြောတတ်တဲ့သူ မဟုတ်တာကြောင့်ပါ..။

နောက်ပြီးတကယ့်ကို အေးဆေး၊ တည်ငြိမ်တဲ့ လေသံလေးနဲ့ ‘ငါတို့ရဲ့နေ့တွေ ရောက်လာဉီးမှာပါ.. JT..’ လို့ ထပ်ပြောပါတယ်..။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ခန့်မှန်းချက်ဟာ မှန်ကန်သွားခဲ့ပါတယ်..။ တကယ်တော့ မော်စကိုမြို့ဆိုတာ သူ့ရဲ့ဇာတိလည်း ဖြစ်တာကြောင့် အဲဒီပွဲကို တစ်မြို့လုံးလိုလို ကျွန်တော်တို့ကို အားပေးခဲ့ကြတာပါ..။ အဲဒါကြောင့်လည်း ဆုဖလားကို လက်လွှတ်လိုက်တဲ့အချိန်မှာ အရမ်းကိုစိတ်ပျက်ခဲ့ရသလို ရိုမန် ကို မျက်နှာပျက်အောင် လုပ်မိလေခြင်း..၊ ငါးလုံးမြောက် ပင်နယ်တီ လွဲချော်ခဲ့ပြီး အသင်းဖော်တွေကို နစ်နာစေခဲ့ပြီ.. ဆိုပြီး ကျွန်တော်ဟာ အခုအချိန်ထိ ယူကျုံးမရ ဖြစ်ခဲ့ပါတယ်...။



ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ၂၀၀၈ ဘောလုံးရာသီအကုန်မှာ အသင်းဖော်တစ်ချို့ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်..။ ဒါ့ကြောင့်မော်စကိုညချမ်းက အခွင့်အရေးဟာ သူတို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ရရှိနိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေခဲ့တာကိုးဗျ..။ အခုခေတ်မှာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဘက်ကို ပိုပြီးအာရုံစိုက်လာတဲ့အပေါ် ကျေနပ်မိပါတယ်.. ဆိုပြီး အစောပိုင်းမှာ ပြောဖူးပါတယ်..။

ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အဲဒီပင်နယ်တီလွဲချော်ခဲ့ရတဲ့ စိတ်ဒဏ်ရာကို နှစ်ပေါင်းများစွာ မျိုသိပ်၊ ခံစားခဲ့ရတာကြောင့် ဖြစ်ပါတယ်..။ ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တာဟာ ကျွန်တော့်အတွက် စိတ်သက်သာရာ အများကြီးပြီး အဲဒီချန်ပီယံလိဂ် အိပ်မက်ဆိုးကြီးကို လွှင့်ပစ်ခွင့် ရရှိခဲ့ပါတယ်..။ တကယ်လို့ ကစားသမားဘဝ ကုန်ဆုံးသွားတဲ့အထိ ချန်ပီယံလိဂ်ဖလား မရရှိခဲ့ရင် ဘယ်လိုပုံစံ ဖြစ်နေမလဲ..? ကိုယ့်ကိုယ်ကို မခန့်မှန်းနိုင်ပါဘူး..။

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းသွားခဲ့ရတဲ့ အပြာရောင်ကစားသမား ဘဝတစ်လျှောက်ကို အရမ်းဂုဏ်ယူ၊ ဝံ့ကြွားခဲ့ပါတယ်..။ ဒါပေမယ့် ချန်ပီယံလိဂ်.. ဆိုတဲ့ ဆုဖလားကိုသာ မဆွတ်ခူးနိုင်ခဲ့ပဲ အနားယူခဲ့ရမယ်ဆိုရင် ကျွန်တော်ဟာ ဘယ်လောက်တောင်မှ နာကျင်၊ ခံစားခဲ့ရမလဲ..? မှန်းဆကြည့်လို့ မရပါဘူး..။

ခရစ်စ် မက်ခ်ဟာဒီ - ကျွန်တော်တို့ရဲ့ ‘Obi One Podcast’ အစီအစဉ်မှာ ခင်ဗျားပါဝင် ဆွေးနွေးမယ်.. ဆိုတာကို သိလိုက်တဲ့ ချယ်လ်ဆီးပရိသတ် တစ်ယောက်က ကျွန်တော့်ကို မေးခွန်းလေးတစ်ခုလောက် မေးပေးပါဆိုပြီး လက်ဆောင်ပါးလာပါတယ်..။ သူမေးချင်တဲ့ မေးခွန်းလေးကတော့ ‘JT ရေ..၊ အဲဒီမော်စကိုညက (၅) လုံးမြောက် ပင်နယ်တီကို ကန်သွင်းဖို့ နဂိုကတည်းက စီစဉ်ခဲ့တာလား..? (၅) လုံးမြောက်ဆိုတာ နောက်ဆုံးအလုံး ဖြစ်တာကြောင့် အသင်းခေါင်းဆောင်ကပဲ အဆုံးသတ်ကန်သွင်းပြီး အောင်ပွဲခံဖို့ စဉ်းစားခဲ့တာလား..? အဲဒီပင်နယ်တီ ကန်ခါနီးမှာ ဘာတွေစဉ်းစားဖြစ်ခဲ့လဲ..?’ ဆိုတာ ဖြစ်ပါတယ်..။

အဓိကသူ့ရဲ့ဆိုလိုရင်းကို ပြန်ချုပ်ရမယ်ဆိုရင် JT အနေနဲ့ အရေးအပါဆုံး အဆုံးအဖြတ် နံပါတ် (၅) လုံးမြောက် ပင်နယ်တီကို ယုံကြည်စိတ်ချမှုအပြည့် (ego အပြည့်) နဲ့ ကန်သွင်းခဲ့တယ်..၊ ပြီးခဲ့တဲ့ ရက်သတ္တပါတ် တစ်ပါတ်လုံးလုံး ပင်နယ်တီကန်သွင်းတာကိုအစွမ်းကုန်လေ့ကျင့်ခဲ့ပြီး နောက်ဆုံးအဆုံးအဖြတ်အလုံးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကန်သွင်းနိုင်တာလား..? ဆိုတဲ့အချက် ဖြစ်ပါလိမ့်မယ်..။

ဂျွန် တယ်ရီ - မေးခွန်းလေးက အတော်ကောင်းတယ်ဗျ..။ တကယ်‌တော့ ကျွန်တော်ဟာ အဲဒီအကြောင်းတွေကို ဘယ်ရုပ်/သံ ထုတ်လွှင့်ခန်းတွေမှာမှ မပြောခဲ့ဖူးပါဘူး..။ ဘယ်လိုဖြစ်ခဲ့တာလဲ..? ဆိုရင် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ပင်နယ်တီ (၅) လုံးစီကန်သွင်းပြီး အနိုင်အရှုံး ဆုံးဖြတ်တဲ့အထိ ရောက်သွားနိုင်တယ်ဆိုတာ သိထားကြပါတယ်..။ အဲဒီအခါမှာ ထုံးစံအတိုင်း ဘယ်သူတွေ ပင်နယ်တီ ကန်ကြမှာလဲ..? ဆိုပြီး စီစဉ်ကြပါတယ်..။ တကယ်တော့ ဒီဒီယာ ဒရော့ဘာ ဟာ မြူးနစ်ဗိုလ်လုပွဲတုန်းကလိုပဲ နံပါတ် (၅) လုံးမြောက်ကို အမြဲတမ်းကန်နေကျ ဖြစ်ပါတယ်..။ ဒါ့ကြောင့် မော်စကိုတုန်းကလည်း သူဟာ အဲဒီ (၅) လုံးမြောက်အလုံးကို ကန်ဖို့ပါပဲ..။



ဒါပေမယ့် ဒီဒီယာ ဟာ အချိန်ပိုမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ကားလို့စ် တီဗက်ဇ် ကို လက်နဲ့ရိုက်မိသလို ဖြစ်ခဲ့တာကြောင့် အနီကတ်ဒ်နဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်..။ ကျွန်တော်က နံပါတ် (၆) အလုံးကို ကန်ရမှာဖြစ်ပြီး ဆော်လမွန် ကာလူး က နံပါတ် (၇) လုံးမြောက် ကန်သွင်းဖို့ အသီးသီး တာဝန်ပေးထားပါတယ်..။ ဒီဒီယာ အထုတ်ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်က နံပါတ် (၅)၊ ကာလူး က နံပါတ် (၆) ပင်နယ်တီ ကန်ရမယ်.. ဆိုပြီး ရှေ့ကိုတိုးကုန်တာပေါ့..

တကယ်‌တော့ ကျွန်တော်ဟာ ပင်နယ်တီတွေကို ယုံကြည်မှုအပြည့်နဲ့ ကန်သွင်းနိုင်စွမ်း ရှိပြီးသား ဖြစ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပွဲထဲမှာ ပင်နယ်တီကန်ရမယ်ဆိုရင် ဘယ်သူတွေက ကန်သွင်းပေးပါမယ်.. ဆိုတဲ့ စာရင်းကို ဒိုင်လူကြီးတွေဆီကို ပေးထားပြီးပါ..။ ဒါ့ကြောင့်အဲဒီအချိန်ကျမှ ကျွန်တော်ဟာ မကန်ချင်တော့ဘူး.. ဆိုပြီး နောက်ထပ်ပြောင်းချင်ရင်တောင် ပြောင်းလို့မရပါဘူး..။ အဲဒီအတွက် နံပါတ် (၅) လုံးမြောက် ပင်နယ်တီဟာ အဆုံးအဖြတ်ပင်နယ်တီ ဖြစ်ချင်ဖြစ်မယ်..၊ နံပါတ် (၆) လုံးမြောက်အထိ ရောက်ချင်ရောက်သွားမယ်..၊ ဘယ်လိုပဲဖြစ်ဖြစ် ဒိုင်လူကြီးက ကျွန်တော့်ကို ကြည့်နေပြီဆိုရင် ကန်သွင်းပေးရမှာပါပဲ..။ ဒီဒီယာ သာ အနီကတ်ဒ် အပြမခံခဲ့ရပဲ အဲဒီနံပါတ် (၅) လုံးမြောက်ကို သူကန်သွင်းခဲ့ခွင့်ရမယ်ဆိုရင် ကျွန်တော်က ပိုပြီးကြိုက်တာပေါ့ဗျာ..။

ခရစ်စ် မက်ခ်ဟာဒီ - အဲဒီပင်နယ်တီကို ကန်သွင်းဖို့သွားနေတဲ့ အခိုက်အတန့်ကို ပြန်ပြီးပုံဖော်ကြည့်ပါမယ်..။ ကန်သွင်းရမယ့် ဂိုးပေါက်ကို လျှောက်သွားနေတဲ့အချိန်မှာ ခင်ဗျားရဲ့စိတ်ထဲမှာ အင်မတန်မှကို စိတ်လှုပ်ရှားနေပါလိမ့်မယ်..။ အခုဒီနေ့အထိ အဲဒီအကြောင်းတွေ ပြန်စဉ်းစားလိုက်တိုင်း ခင်ဗျားဟာ စိတ်လှုပ်ရှားနေဆဲပါပဲ.. ဟုတ်တယ်မလား…? JT ရေ..။ ပင်နယ်တီ ကန်သွင်းမယ့်နေရာမှာ ဘောလုံးမတည်သေးခင် ခင်ဗျားဟာ အသင်းခေါင်းဆောင် လက်ပတ်ကို အသာအယာဆွဲတင်တယ်..။ အစစအရာရာ သေသေသပ်သပ် ဖြစ်အောင်လုပ်ပါတယ်..။ ခင်ဗျားဟာ ချယ်လ်ဆီးအသင်း အနိုင်ရမယ့် ပင်နယ်တီကို အသပ်ရပ်ဆုံးအနေအထားနဲ့ အဆုံးသတ်ချင်စိတ် အပြည့်ရှိနေပုံ ရခဲ့ပါတယ်..။

အဲဒီအခိုက်အတန့်မှာ ခင်ဗျားကန်သွင်းမယ့် ပင်နယ်တီဟာ ချန်ပီယံဖလား ဆွတ်ခူးနိုင်မယ့် ကန်ချက်ဖြစ်လိမ့်မယ်.. ဆိုတဲ့ ယုံကြည်ချက်အပြည့် ရှိနေခဲ့ရဲ့လား.? ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေ့က ခင်ဗျားတို့ကန်သွင်းတဲ့ ပင်နယ်တီကန်ချက်တိုင်းဟာ မန် ယူနိုက်တက် ဂိုးသမား အက်ဒ်ဝင် ဗန်ဒါဆား ရဲ့ ဘယ်ဘက်တွေကိုပဲ ကန်သွင်းခဲ့တာပါ..။ ဒါ့ကြောင့်ခင်ဗျားဟာ ဘယ်နေရာကို ကန်သွင်းရမယ်ဆိုတာ သေသေချာချာ သိနေခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်..။



ဂျွန် တယ်ရီ - တကယ်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် နှစ်ပါတ်လောက်ကြိုတင်ပြီး ပင်နယ်တီကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်..။ အဲဒီလေ့ကျင့်ခန်းတွေမှာ ပင်နယ်တီတွေ အများကြီးကန်သွင်းခဲ့ပေမယ့် တစ်လုံးမှမလွဲခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပင်နယ်တီကန်သွင်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိခဲ့သလို ၂၀၀၄ ခုနှစ်၊ ၂၀၀၆ ခုနှစ်မတိုင်ခင်က အင်္ဂလန်အသင်းအတွက် ပင်နယ်တီတွေကို ကန်သွင်းခဲ့ပါသေးတယ်..။ ပင်နယ်တီကန်သွင်းတာဟာ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ နောက်ခံလူ ဖြစ်တာကြောင့် ပင်နယ်တီကန်သွင်းဖို့ အခွင့်အရေး ရလာပြီဆိုရင် တခြားတစ်ယောက်‌ယောက်ကို ပိုပြီးအခွင့်အရေးပေးဖို့ ဆန္ဒရှိခဲ့ပါတယ်..။  

ဘောလုံးကိုကန်ဖို့ တည်လိုက်တဲ့အချိန် ဘယ်လိုပုံစံ ကန်သွင်းရမလဲ..? စဉ်းစားလိုက်ပါတယ်..။ ကျွန်တော်ဟာ အင်္ဂလန်အသင်းအတွက် ကန်သွင်းတဲ့ ပင်နယ်တီတွေကို ထောင့်ဖြတ်ကန်သွင်းလေ့ ရှိပါတယ်..။ ကျွန်တော့်ရဲ့အကျင့်ကို သိထားတဲ့ ရီယို ဖာဒီနန်၊ ဝိန်း ရူနီ၊ ဂယ်ရီ နဗီးလ် တို့ ကျွန်တော့်ရဲ့နောက်မှာရှိနေမှန်း သိနေပါတယ်..။ သူတို့က ဗန်ဒါဆား ကို လှမ်းပြီးအချက်ပြပါလိမ့်မယ်..။

အဲဒီနေ့က ဂိုးသမား ဗန်ဒါဆား ဟာ ကျွန်တော်တို့ ကန်သွင်းသမျှ ပင်နယ်တီတိုင်းကို သူ့ရဲ့ညာဘက်ကိုပဲ လှဲချပြီး ကာကွယ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့စိတ်ထဲမှာ တွေးနေတာ နှစ်ချက်ပဲရှိခဲ့ပါတယ်..။ သူ့ရဲ့ဘယ်ဘက် ဂိုးပေါက်ဟာ ပွင့်နေတယ်..၊ နောက်ပြီးကျွန်တော်ဟာ ခါတိုင်းလိုပဲ ဂိုးပေါက်ကိုဖြတ်ပြီး ညာဘက်ကို ကန်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားပါလိမ့်မယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပြေးလာရင်းနဲ့ ဘောလုံးရဲ့အနား ရောက်လာချိန်မှာ ခန္ဓာကိုယ်အနေအထားကို ပြင်လိုက်ပြီး သူ့ရဲ့ဘယ်ဘက်ကို ကန်သွင်းခဲ့ပါတယ်..။



ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီနေ့က အချိန်ပိုပြီးခါနီး (၁၀) မိနစ်လောက်ကစပြီး မိုးဟာသဲသဲမဲမဲ ကျနေပါတယ်..။ ဆင်ခြေပေးတာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အဲဒီနေ့က ဘားအရှည်ဆုံး ဘောလုံးကန်ဖိနပ်ကို စီးထားတာ ဖြစ်တဲ့အတွက် ချော်လဲဖို့ အခွင့်အလမ်း သိပ်ကိုနည်းပါတယ်...။ ဒါပေမယ့် မထင်မှတ်ပဲ ဘောလုံးနား ရောက်ခါနီးမှာ ချော်လဲသွားပြီး ကန်မိသွားပါတယ်..။ ဘယ်လိုဖြစ်သွားတာလဲ.. သေသေချာချာ မသိခဲ့ပါဘူး..။ အချိန်ပိုအပြီး မိနစ် (၁၂၀) တိတိ ကစားခဲ့တာကြောင့် ကျွန်တော့်ရဲ့ခြေတွေ အားကုန်သွားလို့လား..? မသိပါဘူး..။

အဲဒီမော်စကိုညတုန်းက ချန်ပီယံလိဂ်ဖလားကို ကျွန်တော်တို့ ဆွတ်ခူးနိုင်ဖို့ ကံတရားကိုက မပါလာခဲ့တာ ဖြစ်မှာပါ..။ အဲဒါပေမယ့် အဲဒီကံကြမ္မာဆိုး တစ်ခုလုံးဟာ ကျွန်တော့်ရဲ့ခေါင်းပေါ်မှာပဲ ပုံကျလာပြီး ကျွန်တော်ဟာ ဘဝတစ်လျှောက်လုံး အဲဒီအရိပ်ဆိုးကြီးကို သယ်ဆောင်သွားရပါတော့မယ်..။ ဒါ့ကြောင့် ၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့အချိန် ကျွန်တော်ဟာ အရမ်းကိုပျော်ရွှင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအောင်မြင်မှုမှာ ကျွန်တော့်ရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို ပပျောက်သွားစေခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်..။

၂၀၁၂ ခုနှစ်၊ မြူးနစ်ညတုန်းက အဆုံးအဖြတ်ပင်နယ်တီတွေ ကန်သွင်းမယ့်အချိန်‌ ရောက်လာတဲ့အခါမှာ ကျွန်တော်ဟာ ကွင်းဘေးမှာရပ်နေရင်းနဲ့ ‘အင်း.. ဝင်မကစားခဲ့ရတာ တစ်မျိုးကောင်းတာပဲ..’ လို့ စဉ်းစားမိခဲ့ပါသေးတယ်..။ သူများကန်တာကို ကြည့်နေရင်း ကျွန်တော်ဟာ အကြောထဲထိစိမ့်ပြီး တုန်နေအောင် ကြောက်ရွှံ့မိပါတယ်..။ အဲဒီပွဲမှာကျတော့ ပင်နယ်တီ (၅) လုံးစီနဲ့ပဲ အနိုင်အရှုံးပေါ်သွားတာ ကံကောင်းပါတယ်..။ တကယ်လို့ နောက်ထပ် ပင်နယ်တီ နံပါတ် (၆)၊ နံပါတ် (၇)၊ နံပါတ် (၈) တွေအထိ ဆက်သွားခဲ့ရင် ကျွန်တော်ဆက်ပြီးတောင် ကြည့်နိုင်လိမ့်မယ် မထင်မိပါဘူး..။

၂၀၀၈ ခုနှစ်၊ မော်စကိုမြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲနောက်ပိုင်း ကျွန်တော်ဟာ ဖူးလ်ဟမ်းအသင်းနဲ့ ကားလင်းဖလားပွဲမှာပဲ ပင်နယ်တီတစ်ကြိမ် ထပ်ပြီးကန်သွင်းဖြစ်ခဲ့ပါတယ်..။ တကယ့်အရေးကြီးတဲ့ပွဲတွေမှာ ပင်နယ်တီကန်သွင်းဖို့ ကျွန်တော့်မှာ ယုံကြည်ချက်မရှိတော့ပါဘူး..။ ၂၀၁၂ ခုနှစ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ကျွန်တော်တို့မျိုးဆက်တွေအတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ နောက်ဆုံးအခွင့်အရေး ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိထားခဲ့ကြပါတယ်..။



ခရစ်စ် မက်ခ်ဟာဒီ - အဲဒီညက ပင်နယ်တီမဝင်တာက JT ရယ်..၊ နီကိုလပ်စ် အနယ်လ်ကာ ရယ်.. နှစ်ယောက်ဗျ..။ JT ဟာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းခဲ့ရတယ်ဆိုတော့ အနယ်လ်ကာ ကရော ဘယ်လိုပုံစံ ဖြစ်နေခဲ့လဲ..?

ဂျွန် အိုဘီ မီခေးလ် - ၂၀၀၈ ခုနှစ်၊ မော်စကိုမြို့က ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအကြောင်းကိုပြောရင် လူတိုင်းဟာ နီကိုလပ်စ် အနယ်လ်ကာ ကို မေ့နေသလို ဖြစ်နေပါပြီ..။ သူဟာရှက်ဗ်ချန်ကို လိုမျိုးပါပဲ..။ ရှက်တတ်ပြီး စကားသိပ်မပြောဘူး..၊ တခြားသူတွေနဲ့လည်း သီးသီးသန့်သန့် နေတတ်ပါတယ်..။ အဲဒီညက ပင်နယ်တီလွဲချော်သွားပြီးတဲ့နောက်ပိုင်း အဝတ်လဲခန်းထဲ ကျွန်တော်တို့ ဝင်သွားတဲ့အချိန် သူ့ရဲ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ.. ဘယ်လိုမှကို မသိနိုင်ခဲ့ပါဘူး..။ ဘာဖြစ်လို့လည်းဆို‌တော့ သူ့ကိုကြည့်လိုက်တာနဲ့ ခါတိုင်းလို မျက်နှာသေလေးနဲ့ ဘာတွေဖြစ်နေတာလဲ.. လို့ လူတိုင်းကိုလိုက်ပြီး ကြည့်နေတဲ့ပုံစံ ဖြစ်နေတာကိုးဗျ..။

ဂျွန် တယ်ရီ - ခင်ဗျားကပြန်ပြီး အစဖော်ပေးလိုက်သလို ဖြစ်သွားတာပေါ့..။ အခုအချိန်မှာ မော်စကိုမြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အဆုံးအဖြတ်ပင်နယ်တီလွဲချော်ခဲ့တာ ဘယ်သူလဲ..? လို့ ချယ်လ်ဆီးပရိသတ်တွေကို သွားပြီးမေးကြည့်ပါ..။ ‘ဂျွန် တယ်ရီ’ လို့ပဲ လူတိုင်းလိုလို ဖြေကြပါလိမ့်မယ်..။ ကျွန်တော်က (၅) လုံးမြောက် ပင်နယ်တီကန်ချက်ကိုလွဲတယ်..၊ အနယ်လ်ကာ က အဆုံးအဖြတ် ပင်နယ်တီကို လွဲသွားပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းခေါင်းဆောင် ဖြစ်နေခဲ့တာဆိုတော့ သူ့ဆီမှာကျရောက်မယ့် ဖိအား အတော်များများဟာ ကျွန်တော့်အပေါ်ပဲ အာရုံကျသွားခဲ့ပါတယ်..။

၂၀၁၂ ခုနှစ် ဗိုလ်လုပွဲမှာ ကျွန်တော်ဟာ ကွင်းဘေးကနေ ဝတ်စုံပြည့် ဝတ်ထားခဲ့တယ်ဆိုတာ အသင်းခေါင်းဆောင်အနေနဲ့ ကွင်းထဲမှာကန်သွင်းမယ့်သူတွေဆီ ကျရောက်မယ့် ဖိအားတွေကို တစိတ်တပိုင်းတော့ စုပ်ယူနိုင်လိမ့်မယ်လို့ ခံစားမိခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်..။

အပိုင်း (၇) ဆက်လက် တင်ဆက်ပါမည်..။