feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၈ - ဇာတ်သိမ်း)

အခန်း (၁၁) - မျှော်လင့်ခဲ့ဖူးတဲ့ phone call လေးတစ်ခု..  

ခရစ်စ် မက်ခ်ဟာဒီ - JT ရေ.. ခင်ဗျားနဲ့တွေ့ဖြစ်တဲ့အခါတိုင်း ‘ဘာဖြစ်လို့နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ မစဉ်းစားသေးတာလဲ..?’ ဆိုပြီး မေးဖြစ်ပါတယ်..။ ခင်ဗျားဆိုရင် ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီးရရှိခဲ့တဲ့ လျှမ်းလျှမ်းတောက် ကစားသမားတစ်ယောက် ဖြစ်ခဲ့သလို နည်းစနစ်ပိုင်းအကြောင်း၊ အသင်းတစ်သင်း စီမံခန့်ခွဲမှုပိုင်းတွေကို လေ့လာဆည်းပူးနေတဲ့သူတစ်ယောက် ဖြစ်နေပါတယ်..။ ဒါ့အပြင်နည်းပြဒင်း စမစ် ရဲ့ လက်ထောက်နည်းပြအဖြစ် အက်စ်တွန် ဗီလာအသင်းမှာ လုံလောက်တဲ့ အတွေ့အကြုံတွေ ရရှိထားခဲ့ပါပြီ..။

ဒါ့ကြောင့်ဒီနေ့မှာတော့ ခင်ဗျားကို ပွင့်ပွင့်လင်းလင်း မေးချင်တာတစ်ခုရှိပါတယ်..။ နည်းပြဂရေဟမ် ပေါ်တာ ထုတ်ပယ်ခံရတဲ့အချိန်မှာ ဖရန့် လမ်းပတ် ဟာ ယာယီနည်းပြအဖြစ်နဲ့ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့အချိန်တုန်းက ခင်ဗျားကိုသူ့ရဲ့နည်းပြအဖွဲ့ဝင် တစ်ယောက်အဖြစ် ကမ်းလှမ်းဖို့ ဖုန်းဆက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့သေးလား..? ဒါမှမဟုတ် သူ့ဆီကိုရော ဖုန်းဆက်ခဲ့သေးလား..?

ဂျွန် တယ်ရီ - ကျွန်တော်ဖုန်းမဆက်ခဲ့ပါဘူး..။ ဒါပေမယ့် ဖရန့် ဆီကနေ ဖုန်းဆက်လာမလား..? ဆိုပြီး မျှော်လင့်ခဲ့တာကိုတော့ ဝန်ခံပါတယ်..။ Yes.. မှန်ပါတယ်..။ သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ ပါဝင်ခွင့်ရနိုင်ဖို့ စိတ်လှုပ်ရှားခဲ့ရပါတယ်..။ အဲဒီအကြောင်းကို ဖရန့် နဲ့တခါမှ မဆွေးနွေးခဲ့ပါဘူး..။ ဖရန့် ဆီမှာလည်း သူ့ရဲ့နည်းပြအဖွဲ့ အရန်သင့်ရှိပြီးသား ဖြစ်တာကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်..။

ခင်ဗျားရဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် အက်စ်တွန် ဗီလာအသင်းကနေ ထွက်လာခဲ့ပြီးတဲ့နောက်ပိုင်း နည်းပြရာထူးတွေအတွက် အလုပ်နှစ်ခု၊ သုံးခုလောက် လျှောက်ခဲ့ဖူးပါတယ်..။ နယူးကာဆယ်အသင်းရဲ့ နည်းပြရာထူးအတွက် လူတွေ့အင်တာဗျူး ထိုင်ခဲ့ရသလို တခြားအသင်းတွေနဲ့လည်း လူတွေ့အင်တာဗျူးတွေ ရရှိခဲ့ပါတယ်..။ အဲဒီလိုအင်တာဗျူးတွေဟာ ကျွန်တော့်အတွက် အများကြီးအတွေ့အကြုံရရှိခဲ့သလို ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ ဖြည့်ဆည်းရဖို့ ရှိနေသေးတဲ့အရာတွေကိုလည်း ကောင်းကောင်းနားလည်ခဲ့ပါတယ်..။ ဒါ့ကြောင့်လျှောက်ထားခဲ့ပေမယ့် အလုပ်မရခဲ့တာကိုတောင် ကျေးဇူးတင်ရမလိုပါပဲ..။

အဲဒီလိုအင်တာဗျူးတွေမှာ ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ရမယ်..၊ တင်ပြချက်.. presentation တွေကို ဘယ်လိုပုံစံ ပြုလုပ်ရမယ်ဆိုတာ ပိုပြီးသိရှိလာခဲ့ရပါတယ်..။ အိုကေ… ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်ပြိုင်ပွဲအဆင့်တွေ  မရနိုင်ဘူးဆိုရင် နောက်ထပ်တစ်ဆင့် ထပ်ဆင်းပြီး League One ပြိုင်ပွဲတွေမှာ တာဝန်ယူမလား..? ကျွန်တော်ဟာ League One ပြိုင်ပွဲတွေမှာ မကန်ခဲ့ဖူးသလို သူတို့ပွဲတွေ တစ်ခါမှ မကြည့်ဖူးတာကြောင့် အဲဒီပြိုင်ပွဲအကြောင်း လုံးဝမသိဘူးလို့ ပြောရမှာပါပဲ ..။



ချန်ပီယံရှစ်ပြိုင်ပွဲကိုကျတော့ အက်စ်တွန် ဗီလာအသင်းမှာ လက်ထောက်နည်းပြအဖြစ်နဲ့ ဘောလုံးတစ်ရာသီ ဖြတ်သန်းခဲ့ဖူးတာကြောင့် အဲဒီပြိုင်ပွဲအကြောင်း ကောင်းကောင်းနားလည်ထားပါတယ်..။ အဲ.. ဒါနဲ့ပဲ League One ပြိုင်ပွဲဝင် အသင်းနည်းပြရာထူး နှစ်ခုလောက်ကို လျှောက်ထားကြည့်ပါတယ်..။ မရခဲ့ပါဘူး..။ စိတ်ဝင်စားဖို့ကောင်းတာ အဲဒီနှစ်သင်းစလုံးရဲ့ အသင်းပိုင်ရှင်နှစ်ယောက်စလုံးဟာ ‘သူတို့အသင်းကို မန်ချက်စတာ စီးတီးအသင်း ပုံစံအတိုင်း ကစားတာ မြင်ချင်တယ်..’ လို့ စပြီးပြောကြပါတယ်..။ ဟုတ်ကဲ့ပါ.. စိတ်ဝင်စားဖို့တော့ ကောင်းသားဗျ..။ ဒါပေမယ့် ချယ်လ်ဆီးအပါအဝင် ဘယ်အသင်းကမှ မန်ချက်စတာ စီးတီးအသင်းလို မကစားနိုင်ခဲ့တာ…။

ပထမအင်တာဗျူးက ‘စကတည်း ယဉ်သကို..’ အဆင်မပြေခဲ့ပါဘူး..။ နောက်ထပ်တစ်သင်းကတော့ သူတို့အသင်းဟာ လိဂ်ပြိုင်ပွဲမှာ အခြေအနေကောင်းနေရက်နဲ့ အသင်းမန်နေဂျာကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်..။ သူတို့အသင်းရဲ့ ကစားပုံဟာ လိုအပ်တာထက်ပိုပြီး အသေးစိတ်နေတယ်.. (over playing)၊ ကစားကွက်ကို နောက်တန်းကနေပဲ အတိုပေးလေးတွေနဲ့ (playing from the back) စတင်လေ့ ရှိပါတယ်..။ အခုခေတ်မှာ အသင်းတိုင်းလိုလိုဟာ playing from the back အယူအဆကို အလွန်နှစ်ခြိုက်နေကြပြီး ဗဟိုနောက်ခံလူတွေဟာ ကိုယ့်အသင်းရဲ့ ပင်နယ်တီဧရိယာ (၆) ကိုက်စည်းအတွင်း ဘောလုံးအပေးအယူတွေ လုပ်နေရပါတယ်..။

ကျွန်တော်ဟာ ဘောလုံးကိုင်ပြီး ကစားတဲ့နေရာမှာ ကောင်းမွန်ပါတယ်..။ ဒါပေမယ့် အသင်းပိုင်ရှင်တွေကို ကျွန်တော့်ရဲ့အယူအဆတွေကို တင်ပြတဲ့နေရာမှာ ဗဟိုနောက်ခံလူတွေ (၆) ကိုက်စည်းအတွင်း ဘောလုံးတွေ အပေးအယူလုပ်နေရတာကို အထူးအလေးပေး မဖော်ပြခဲ့ပါဘူး..။ ဒါ့အပြင်အဲဒီအသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အလုပ်အင်တာဗျူးဟာ ကျွန်တော့်ရဲ့  (၅) ခုမြောက်     ဖြစ်သလို ဘဝမှာ အဲဒီတစ်ကြိမ်လောက်နီးနီး ပြင်ဆင်မှုကောင်းကောင်းနဲ့ တင်ပြခဲ့တာ တစ်ခါမရှိခဲ့ဖူးပါဘူး..။ အဲဒီတင်ပြမှုတွေ ပြီးစီးသွားလို့ အသင်းပိုင်ရှင်နဲ့ ထပ်ပြီးစကားပြောဖြစ်ရာမှာ အရမ်းကိုအဆင်ပြေခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အဲဒီအလုပ်ကိုရပြီလို့ပဲ ထင်လိုက်ပါတယ်..။ အဲဒီအချိန်က သူတို့အသင်းဟာ League One ပြိုင်ပွဲ၊ အဆင့် (၃) နေရာမှာ ရှိနေတာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်ခွင့်ရမှာလည်း (၁၀၀%) ရာခိုင်နှုန်းပြည့်ပါပဲ..။

ဒါပေမယ့် အဲဒီအလုပ်ကို ကျွန်တော်မရခဲ့ပါဘူး..။ သူတို့ဆီကနေ ငြင်းပယ်တဲ့ ဖုန်းခေါ်ဆိုမှု ရရှိခဲ့တဲ့အချိန်မှာ အဓိကအကြောင်းပြခဲ့တာက ‘ကျွန်တော့်ရဲ့ နည်းပြဘဝ အတွေ့အကြုံ အားနည်းမှု’ ကြောင့်လို့ ပြောခဲ့ပါတယ်..။ အဲဒီတစ်ကြိမ် အငြင်းခံခဲ့ရတဲ့အပေါ် ကျွန်တော်အရမ်းကို စိတ်ထိခိုက်မိခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ အနေအထားနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ မန်နေဂျာအဖြစ် တာဝန်ယူနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်.. ဆိုရင်တောင် League One ပြိုင်ပွဲဝင် အသင်းတွေကိုတော့ ကိုင်တွယ်နိုင်ဖို့ အခွင့်အရေးရခဲ့သင့်တယ်လို့ ယူဆမိပါတယ်..။ ဒါဟာ League One ပြိုင်ပွဲအဆင့်အတန်းကို မလေးမစားလုပ်တာ မဟုတ်ပါဘူး..။

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ်က မန်နေဂျာတွေ တစ်ယောက်ပြီးတစ်ယောက် အပြောင်းအလဲတွေများခဲ့တဲ့အချိန်မှာ ကစားသမားတွေကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို နည်းနည်းတော့ အသိအမှတ်ပြုခံရသင့်ပါတယ်..။ ကစားသမားတွေအပြင် အသင်းမှာ မပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေ၊ သူတို့တွေရဲ့ အခက်အခဲတွေကိုလည်း အကျိုးရှိရှိနဲ့ ကူညီပေးခဲ့ရတဲ့ အတွေ့အကြုံ နှစ်ပေါင်း (၂၀) ကျော်ရှိခဲ့ပါတယ်..။



ကျွန်တော်ဟာ လူတစ်ဉီးချင်း အုပ်ချုပ်တဲ့နေရာမှာ ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်အဲဒီအခွင့်အရေးတွေကို အသုံးချခွင့်မရခဲ့ဘူး.. ဆိုတဲ့အသိဟာ ကျွန်တော့်ကို နာကျင်ခံစားစေခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေဟာ အခုလက်ရှိ ဘောလုံးလောကမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ အသုံးတည့်လိမ့်မယ်ဆိုတာကိုလည်း သိထားပါတယ်..။ ဒါပေမယ့် ကျွန်တော်မျှော်မှန်းထားခဲ့တဲ့အရာတွေ ဖြစ်လာနိုင်တော့ဘူးဆိုတာ ကံမကောင်းစွာနဲ့ပဲ အသိအမှတ်ပြုရပါလိမ့်မယ်..။

ချယ်လ်ဆီးအသင်းကနေ ကျွန်တော်ထွက်ခွာခဲ့စဉ်က ‘အသင်းမန်နေဂျာအဖြစ်နဲ့ ပြန်လာခဲ့ပါမယ်..’ ဆိုပြီး အသင်းပရိသတ်တွေကို ကတိပေးခဲ့ပါတယ်..။ အဲဒီကတိကို အကောင်အထည်ဖော်နိုင်ဖို့ဟာလည်း ကျွန်တော့်ရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီအခွင့်အရေးရရှိနိုင်ဖို့ လမ်းစမရှိသေးဘူး.. ဆိုတဲ့ အသိကလည်း ကျွန်တော့်ကို ထပ်မံနာကျင်စေပြန်ပါတယ်..။ အဲဒါကြောင့်ကျွန်တော်ဟာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီမှာ အလုပ်ပြန်လုပ်မယ်ဆိုပြီး မနှစ်ကဆုံးဖြတ်ခဲ့ပါတယ်..။

အခုဆိုရင် ကျွန်တော်ဟာ ကိုယ်ချစ်တဲ့အသင်းက လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်၊ မြေတောင်မြှောက်ပေးနေရတဲ့ အလုပ်အပေါ် အထူးကျေနပ်နေရပါတယ်..။ များသောအားဖြင့် တစ်ပါတ်ကို နှစ်ရက်လောက် အချိန်ပေးနေရတယ်..၊ တစ်ချို့အပါတ်တွေမှာ နှစ်ရက်ထက်ပိုပြီး အချိန်ပေးရတာလည်း ရှိပါတယ်..။ ကျွန်တော့်ရဲ့ တာဝန်တွေထဲမှာ ကစားသမားတွေကို စာချုပ်ချုပ်ဖို့၊ စာချုပ်သက်တမ်းတိုးဖို့ အကြံဥာဏ်တွေ ပေးရတာတွေ ပါဝင်ပါတယ်..။ လူငယ်အကယ်ဒမီ အလုပ်တွေပြီးရင် ဂေါက်သီးကစားတဲ့အပေါ် အချိန်နည်းနည်းပေးပါတယ်..။ (ဂျွန် အိုဘီ မီခေးလ် - နည်းနည်းပဲလား..? ဟားဟား..)

အခုဆိုရင် ကျွန်တော်ဟာ အိမ်ကကလေးတွေနဲ့ မိသားစုအပေါ် အချိန်ပိုပြီး ပေးနိုင်လာပါတယ်..။ ကလေးတွေကို ကျောင်းပို့ကျောင်းကြိုလုပ်ရင်း ကားပေါ်မှာသူတို့တွေနဲ့ ပိုပြီးစကားပြောဖြစ်လာခဲ့ပါတယ်..။ တစ်ဖက်ကလည်း ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ… ဥပမာ- မနှစ်ကကွယ်လွန်သွားခဲ့တဲ့ ဂီယန်လူကာ ဗီယာလီ တို့လိုပေါ့ဗျာ.. အဲဒီမိတ်တွေအပေါင်းအသင်းတစ်ချို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြပါတယ်..။ အဲဒီအကြောင်းတွေကို သိမြင်လာရတဲ့အခါ ကျွန်တော်တို့အတွက် အချိန်သိပ်မကျန်တော့ဘူး.. ဆိုတဲ့ အသိတရား ရရှိလာပြန်ပါတယ်..။

တကယ်တော့ အသင်းနည်းပြလမ်းကြောင်းဟာ ကျွန်တော်ရွေးချယ်ချင်တဲ့ ရည်မှန်းချက်လမ်းကြောင်း မဟုတ်ပေမယ့် အသင်းတစ်သင်းကို နည်းပြအဖြစ် တာဝန်ယူချင်တဲ့ဆန္ဒရှိပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော်ဟာ ကိုယ့်ရဲ့ဝမ်းစာတွေကို ဖြည့်ဆည်းဖို့ အချိန်ရတယ်..၊ မိသားစုကို အချိန်ပေးနိုင်တယ်..၊ တခြားသင်ယူစရာတွေအတွက် လေ့လာနိုင်ဖို့ အချိန်ရနေတယ်.. ဆိုပေမယ့် နည်းပြလောကနဲ့ ဝေးကွာနေတာ တစ်နှစ်ကျော်သွားပါပြီ..။ အဲဒီလိုကင်းကွာနေတဲ့ကာလ ကြာမြင့်လေလေ၊ ကျွန်တော့်အတွက် နောက်ထပ်အလုပ်သစ်တစ်ခု ထပ်ပြီးရရှိဖို့ ခက်ခဲလေလေ ဆိုတာ နားလည်ထားပါတယ်..။    

ဂျွန် အိုဘီ မီခေးလ် - မန်နေဂျာအဖြစ် တာဝန်ယူခွင့်ရတဲ့အချိန်ကျရင် ခင်ဗျားဟာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်..။ ခုနကခင်ဗျား ပြောသွားသလိုပါပဲ.. မန်နေဂျာတွေအနေနဲ့ ကျွန်တော်တို့ ကစားသမားတွေကို အုပ်ချုပ်တဲ့နေရာမှာ အခက်အခဲတွေ ကြုံရပြီဆိုရင်၊ ကစားသမားတွေနဲ့ အဖုအထစ်တွေ ရှိလာပြီဆိုရင် ခင်ဗျားကပဲ ကြားထဲကနေ ညှိနှိုင်းပေးခဲ့ရတာပါ..။ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ကွင်းတွင်း၊ ကွင်းပြင်ပ ပြဿနာတိုင်းကိုလည်း ခင်ဗျားနဲ့ တိုင်ပင်ခဲ့ရတာပါပဲ..။ ခင်ဗျားဟာ ကျွန်တော်တို့ ကစားသမားတွေအတွက် တံခါးတွေကို အမြဲတမ်းဖွင့်ထားပေးတယ်..၊ ဂရုတစိုက်နဲ့ နားထောင်ပေးပါတယ်..။ အထူးသဖြင့် လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ စောင့်ရှောက်မှုတွေ၊ နည်းပေးလမ်းပြတွေဟာ တကယ့်ကို အတုယူလေးစားဖို့ ကောင်းပါတယ်..။ ဒါ့ကြောင့်ခင်ဗျားဆီမှာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာဖို့ အရည်အသွေးကောင်းတွေ ရှိနေပြီးသားလို့ ပြောရတာ ဖြစ်ပါတယ်..။



ကျွန်တော်တို့ဆိုရင် ဖရန့် လမ်းပတ် ကို ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့် မန်နေဂျာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ခဲ့ပါဘူး..။ ဖရန့် ဟာ စကားသိပ်မပြောတတ်သလို အဝတ်လဲခန်းထဲမှာလည်း သူ့ဟာသူ တိတ်တိတ်လေးပဲ နေတတ်ပါတယ်..။ ခင်ဗျားကပဲ ကစားသမားတွေကို ဉီးဆောင်၊ မောင်းနှင်ပေးခဲ့တယ်..၊ ကျွန်တော်တို့ကို တွန်းအားပေးခဲ့ပါတယ်..။ အဲဒီလိုခေါင်းဆောင်မှုပေးနိုင်တဲ့ အကျင့်စရိုက်တွေကြောင့် ဖြစ်ချင်းဖြစ် JT ကပဲ မန်နေဂျာ အရင်ဖြစ်မယ်လို့ တွေးခဲ့ဖူးကြပါတယ်..။

ဒါပေမယ့် အခုဆိုရင် ထင်မှတ်ထားတဲ့အတိုင်း ဖြစ်မလာရတဲ့ အကြောင်းအရာတွေကိုလည်း သိရှိခွင့်ရခဲ့သလို ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့မိသားစုကို အချိန်ပေးနိုင်ဖို့တွေကိုပါ ထည့်သွင်းစဉ်းစားထားတယ် ဆိုတာကို နားလည်ခဲ့ရပါတယ်..။

ဂျွန် တယ်ရီ - ဟုတ်ကဲ့ပါ..။ အခုလိုအားပေးကြတာကို ကြားခဲ့ရတာကြောင့် အများကြီးအားတက်မိပါတယ်..။ တကယ်တော့ အခုလိုဖြစ်နေတာဟာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ တင်ပြချက် (presentations) တွေ၊ အင်တာဗျူးမှာ ဖြေကြားချက်တွေရဲ့ တုံ့ပြန်မှုတွေကို ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ကျွန်တော်ဟာ သူတို့တွေမျှော်မှန်းထားသလို ကြမ်းတမ်း၊ ပြတ်သားတဲ့သူ မဟုတ်ဘူးလို့ သိရပါတယ်..။

ဒါ့ကြောင့်သူတို့တွေရဲ့ မျှော်လင့်ချက်တွေကဘာလဲ..? ကျွန်တော့်ကို ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်လို့ မျှော်လင့်ထားကြတာလဲ..? ကျွန်တော့်ဘက်က ဘာတွေပြောင်းလဲ၊ ပြင်ဆင်ပေးရမှာလဲ..? စသဖြင့် စဉ်းစားစရာတွေ ဖြစ်လာရပါတယ်..။ ဒါ့အပြင်အခုဆိုရင် အရင်တုန်းက မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေကို ခင်ဗျားတို့နဲ့ ထဲထဲဝင်ဝင် ပြောဖြစ်တဲ့အခါမှာ ကျွန်တော့်ရဲ့ အားနည်းချက်တစ်ခုက မန်နေဂျာအဖြစ်နဲ့ အတွေ့အကြုံမရှိသေးတာ.. ဆိုတဲ့ အချက်တစ်ချက် အပါအဝင်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့လည်း သိလိုက်ရတာပေါ့..။

ဒါပေမယ့် လူငယ်မန်နေဂျာတစ်ယောက်အတွက် ‘အတွေ့အကြုံ’ ဆိုတာဟာ အခွင့်အရေး ပေးတဲ့သူရှိမှ ရမှာပါ..။ အခွင့်အရေးမပေးနိုင်ပဲနဲ့ မန်နေဂျာ အသစ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး အတွေ့အကြုံကောင်းတွေ ရရှိနိုင်မှာလဲ..? ကျွန်တော်အဓိက စိတ်ပျက်ခဲ့ရတဲ့ အကြောင်းတွေဟာ အဲဒီအချက်တွေ ဖြစ်ခဲ့ပါတယ်..။ ဒါမှမဟုတ် ကျွန်တော်ဟာ မန်နေဂျာ ရာထူးကိုရတာနဲ့တပြိုင်နက် အသင်းရဲ့ စီအီးအိုတွေ၊ ဥက္ကဌတွေ၊ အားကစား ဒါရိုက်တာတွေကို တမဟုတ်ချင်း စိန်ခေါ်မယ်..၊ တိုက်ခိုက်မယ်.. ဆိုတဲ့ သူအဖြစ် မြင်လိုကြတာလား..? မန်နေဂျာ တစ်ယောက်အနေနဲ့ အသင်းတစ်သင်းကို ရှေ့ဆက်ပြီး တိုးတက်အောင် မောင်းနှင်သွားနိုင်ဖို့ဆိုရင် အသင်းမှာရှိတဲ့သူတိုင်းဟာ အမြင်တူညီပြီး ‘တစ်လှေထဲစီး၊ တစ်ခရီးထဲ သွားနေမှ’ ရနိုင်မယ်လို့ ကျွန်တော်အမြဲတမ်း ပြောခဲ့ပါတယ်..။

အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာ၊ နည်းပြအဖွဲနဲ့ ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိပဲ ကိုယ့်ရဲ့လမ်းကိုယ်စီ လျှောက်နေကြမယ်ဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူနေသရွေ့ လုပ်ဆောင်မှုတွေကလည်း တူညီကြမှာ မဟုတ်ပါဘူး..။ အဲဒါဆိုရင် မန်နေဂျာအတွက် အတော်လေးအခက်အခဲ ရှိပါလိမ့်မယ်..။ တကယ်တော့ အသင်းတစ်သင်းမှာ မန်နေဂျာတွေ လုပ်ဆောင်ရတာ လွယ်ကူအောင် စီစဉ်ပေးနိုင်လေလေ၊ ကူညီပံ့ပိုးမှု ပေးနိုင်လေလေ အသင်းရဲ့စွမ်းဆောင်ရည် ပိုပြီးကောင်းမွန်လေလေ ဖြစ်ပါလိမ့်မယ်..။ ဒါဆိုရင်ပရိသတ်တွေရဲ့ အားပေးမှုကို ပိုပြီးတော့ ရရှိလာပါလိမ့်မယ်..။ တခါတလေကျတော့လည်း ကိုယ့်ရဲ့အိပ်မက်တွေ၊ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ခွင့် ရတောင်ရနိုင်ပါ့မလား..? ဆိုတဲ့ သံသယစိတ်တွေတောင် ဖြစ်လာခဲ့ပါတယ်..။



ခရစ်စ် မက်ခ်ဟာဒီ - အင်းဗျ..၊ တခါတလေကျတော့ အသင်းပိုင်ရှင်တွေရဲ့ အိပ်မက်တွေဆိုတာ အပြောရခက်သားဗျ..။ ကျွန်တော်ဟာ ဂရေဟမ် ပေါ်တာ ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်း ပိုင်ရှင်သစ်တွေဟာ သူ့ကိုဘရိုက်တန်အသင်းကနေ (၅) နှစ်သက်တမ်းစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျရဲ့ ရေရှည်အိပ်မက်သစ်၊ အနာသစ်ကို စတင်ဖွင့်လှစ်မယ့်သူအဖြစ် ယုံကြည်အားကိုးခဲ့ကြပါတယ်..။ တကယ်တော့ လက်ရှိဘရိုက်တန်အသင်းက နည်းပြရော်ဘတ်တို ဒီဇာဘီ ဟာ ဂရေဟမ် ပေါ်တာ ချမှတ်သွားခဲ့တဲ့ အခြေခံအုတ်မြစ်အပေါ်မှာ ဆက်လက်တည်ဆောက်သွားခဲ့တာ ဖြစ်ပါတယ်..။

ဒါ့ကြောင့်ခင်ဗျားပြောတာတွေ နားထောင်ပြီးတဲ့နောက် ချယ်လ်ဆီးအသင်း ပရိသတ်တွေကိုယ်စား မေးချင်တဲ့ မေးခွန်းတစ်ခု ရှိလာခဲ့ပါတယ်..။ ခင်ဗျားဟာ ကျွန်တော်တို့ထက်စာရင် လက်ရှိချယ်လ်ဆီးအသင်းနဲ့ ပိုပြီးထဲထဲဝင်ဝင် ရှိနေသူလည်း ဖြစ်ပါတယ်..။ အဲဒီတော့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ လက်ထက်၊ သူပြီးတော့ ယာယီနည်းပြ ဖရန့် လမ်းပတ် ခဏတာဝန်ယူတဲ့ ကာလ၊ အခုဆိုရင် နည်းပြသစ် မော်ရစ္စစီယို ပိုချက်တီနို ပေါ့..။ အဲဒီကာလတွေကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရသ် လက်ရှိချယ်လ်ဆီးအသင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ အသင်းရှိနေတဲ့သူတွေ တစ်ယောက်တစ်မျိုး၊ ထင်ရာစိုင်းနေခဲ့တာကြောင့် ဖြစ်လာခဲ့ရတာလား..?

ဂျွန် တယ်ရီ - No.. အဲဒီလိုတော့ မဟုတ်ဘူး ထင်တာပဲဗျ..။ ကျွန်တော်ဟာအသင်းကို ဉီးဆောင်၊ မောင်းနှင်နေတဲ့သူတွေရဲ့ အဝေးကြီးမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်ခင်ဗျားတို့ ချယ်လ်ဆီးအသင်း ဘာတွေဖြစ်နေတာလဲ..? ဆိုပြီး ခင်ဗျားလိုပဲ မကြာမကြာလာပြီး မေးနေကြပါတယ်..။ ကျွန်တော်လုံးဝ မသိပါဘူး.. ခရစ်စ် ရေ..။ အိုဘီ ရေ.. ခင်ဗျားလည်း သိပါတယ်..။ ကျွန်တော်ဟာ လူငယ်အကယ်ဒမီ လေ့ကျင့်ရေး အဆောက်အဉီးမှာပဲ ရှိနေခဲ့ပါတယ်..။

ဒါပေမယ့် မော်ရစ္စစီယို ပိုချက်တီနို ရောက်လာတော့ သူကကျွန်တော့်ကို လာနှုတ်ဆက်ပြီး ‘JT ရေ.. ခင်ဗျားစိတ်ထဲက အလိုရှိတဲ့အတိုင်း တံခါးမရှိ၊ ဓါးမရှိ ဒီဘက်အဆောက်အဉီးကို လာလို့ရပါတယ်..’ လို့ ပြောပါတယ်..။ ကစားသမားဘဝကနေ အနားဃူခဲ့ပြီးနောက်ပိုင်း ကျွန်တော့်ကို အဲဒီလိုလာပြောတဲ့ မန်နေဂျာဟာ သူတစ်ယောက်ပဲ ရှိပါတယ်..။ ဒါ့ကြောင့်အခုဆိုရင် ကျွန်တော်ဟာ သူတို့အသင်းကြီး အဆောက်အဉီး၊ လေ့ကျင့်ကွင်းတွေဆီကို လိပ်ပြာသန့်သန့်နဲ့ သွားနိုင်ပြီပေါ့..။

ကျွန်တော်အဲဒီလိုပြောလိုက်လို့ အရမ်းထူးဆန်းတယ်လို့ မြင်ကြပါမယ်..။ တကယ်တော့ ကစားသမားဘဝကနေ အနားယူပြီဆိုတာဟာ ‘အရင်အတိတ်က အရာအားလုံးကို ကန့်လန့်ကာချ.. အဆုံးသတ်လိုက်သလို’ ပါပဲ..။ မန်နေဂျာတွေက ကစားသမားဟောင်းတွေ ဝင်ပြီးအကြံပေးတာကို မနှစ်သက်ရင် ပိုပြီးဝေးကွာသွားပါမယ်..။ အဲ.. ဖရန့် ကတော့ ချွင်းချက်ပေါ့ဗျာ..။ သူ့ကိုကျတော့ ကျွန်တော်ဟာ အချိန်မရွေး ဆက်သွယ်လို့ရပါတယ်..။ ဒါပေမယ့် သူကလည်းအသင်းကိုယာယီနည်းပြအနေနဲ့ ခဏတာ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်..။ အဲ.. ရှင်းအောင် တခါထဲပြောခဲ့ပါမယ်..။ ကျွန်တော့်ကို လိုလိုလားလားမရှိလှဘူး.. ဆိုတဲ့ မန်နေဂျာတွေထဲမှာ ဖရန့် လမ်းပတ် မပါပါဘူး..။



ဒါ့ကြောင့်အသင်းထဲမှာ ဘာတွေဖြစ်နေခဲ့လဲ..? ဘာတွေဖြစ်ခဲ့လဲ..? ကျွန်တော်တို့မသိပါဘူး..။ ဒါပေမယ့် လက်ရှိအချိန်မှာ အသင်းဟာ ကြီးမားတဲ့ အပြောင်းအလဲကာလ (transition period) တစ်ခုပေါ်မှာ ရှိနေတယ်လို့ ယူဆပါတယ်..။ အရာရာဟာ သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး.။ အချိန်တွေအကြာကြီး စောင့်ရပါဉီးမယ်..။ ပရိသတ်တွေဘက်ကလည်း အများကြီးစိတ်ရှည်၊ သည်းခံပေးရပါဦးမယ်..။ ကျွန်တော်ဟာ ‘ပိုချက်တီနို’ ကို အရမ်းသဘောကျပါတယ်..။ အဲဒါ.. ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ဖိတ်ခေါ်ခဲ့လို့ မဟုတ်ဘူးနော်..။

ကျွန်တော်ဟာ အသင်းမှာရှိနေတယ်..၊ မြင်နေတယ်..၊ ကြားနေရတာတွေအပြင် ကစားသမားတွေရဲ့ ပြန်ပြောပြချက်တွေလည်း ပါတာပေါ့ဗျာ..။ သူဟာကစားသမားတွေကို အစွမ်းကုန် ပြင်းပြင်းထန်ထန် မောင်းနှင်ပါတယ်..။ ကစားသမားတိုင်းကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်ဆံလေ့ရှိပါတယ်..။ ထွေးပွေ့ပြီး နူးနူးညံ့ညံ့ပြောဖို့လိုရင် နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးမယ်..။ ကြမ်းကြမ်းတမ်းတမ်း၊ ပြတ်ပြတ်သားသားဖြစ်မှ ရမယ့်အချိန်တွေဆိုလည်း သူဟာနောက်မတွန့်ပါဘူး.။ ဒါပေမယ့် ကျွန်တော်သိမြင်ရသလောက်ဆိုရင် အသင်းရဲ့အတွင်းမှာ အနာဂတ်အတွင် ယုံကြည်မှုတွေ၊ စိတ်အားထက်သန်မှုတွေ ပြန်လည်မွေးဖွားလာပြီလို့ ခံစားမိနေပါတယ်..။

အသင်းပိုင်ရှင်တွေနဲ့တော့ သိပ်ပြီးစကားမပြောဖူးပါဘူး..။ သူတို့ကလည်း ကျွန်တော့်ကို ကစားသမားသစ်တွေ၊ အားကစား ဒါရိုက်တာတွေနဲ့လည်း နီးနီးကပ်ကပ် မရှိစေပါဘူး..။ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး.။ ကျွန်တော်ဟာ လက်ရှိအကယ်ဒမီမှာ တာဝန်ယူနေရတဲ့ အနေအထားအပေါ် အထူးကျေနပ်နေပါတယ်..။ အသင်းက လူငယ်ကစားသမားလေးတွေကို ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို ပြန်လည်ဝေမျှပေးနေရတာပေါ့ဗျာ..။ သူတို့ရဲ့ကွင်းအတွင်း လိုအပ်ချက်တွေ လမ်းညွှန်၊ ဖြည့်ဆည်းပေးရုံ မကပါဘူး.။ သူတို့ရဲ့မိဘတွေနဲ့ အမြဲတမ်းဆက်သွယ်ရင်း ကွင်းပြင်ပကိစ္စရပ်တွေမှာလည်း ကူညီပေးရပါတယ်..။

လူငယ်လေးတွေရဲ့ ပွဲတွေအများကြီးကြည့်ရတယ်..၊ သုံးသပ်ချက်တွေကို ပြန်လည်ပြောကြားပေးရတယ်..၊ စသဖြင့်ပေါ့ဗျာ..။ အလုပ်တွေက အများကြီးပါပဲ..။ ဒါပေမယ့် ဘဝမှာ ‘မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး..’ ဆိုတာ လက်ခံထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အခုအချိန်မှာ ဘယ်အရာကိုမှ ယတ္တိပြတ် မဆုံးဖြတ်ထားပါဘူး..။

ခရစ်စ် မက်ခ်ဟာဒီ - ဒါဆိုရင် လူငယ်အကယ်ဒမီမှာ ‘လက်ဘက်ရည်ဖျော်တာ အတော်ဆုံး အဖျော်ဆရာ’ အဖြစ်နဲ့ အသုံးတော်ခံဆဲပဲပေါ့.. ဟားဟား..

ဂျွန် တယ်ရီ - ခင်ဗျားက ဇာတ်လမ်းဟောင်းကို လာတူးဆွလို့ ပြန်ပြောရပါဉီးမယ်..။ လူငယ်ကစားသမားဘဝက ကျွန်တော်ဟာ ကစားသမားကြီးတွေအတွက် လက်ဘက်ရည်ဖျော်ပေးရတဲ့ တာဝန်ယူခဲ့ရဖူးပါတယ်..။ လူဟောင်းတွေက ဘာတွေသင်ပေးသွားခဲ့လဲ.. ဆိုရင် ‘မင်းကိုလက်ဘက်ရည်ဖျော်ခိုင်းရင် စုပ်ပြတ်သတ်နေအောင် ဖျော်ပေးလိုက်..၊ ဒါမှနောက်ကို မခိုင်းတော့မှာ…’။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ပါပဲ..။ သူများတွေအဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တာကို မနာခံပဲ အကောင်းဆုံး လက်ဘက်ရည်တွေ ဖျော်ပေးနေတော့ လူတိုင်းက ကျွန်တော့်ကိုပဲ ဖျော်ခိုင်းပါတော့တယ်..ဟားဟား..။

ဒါ့အပြင်ကျွန်တော်တိုခေတ်က လူငယ်ကစားသမားတွေဟာ ကစားသမားကြီးတွေအတွက် အင်္ကျီခေါက်ပေးတာတို့၊ အဝတ်လဲခန်း သန့်ရှင်းရေး လုပ်ပေးတာတို့ပါ ဆောင်ရွက်ပေးရပါတယ်..။ အင်္ကျီခေါက်တာ၊ kit ခေါက်တဲ့နေရာမှာလည်း အကောင်းဆုံးဖြစ်အောင် ကျွန်တော်ဟာ သပ်သပ်ရပ်ရပ်နဲ့ လုပ်ဆောင်ပေးပါတယ်..။ အဲဒီလိုအသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးတာကို ကစားသမားကြီးတွေ သတိထားမိတဲ့အခါ ကျွန်တော်ပဲ အဝတ်လဲခန်းရဲ့ သန့်ရှင်းရေး အလုပ်သမား ဖြစ်သွားခဲ့ပါတယ်..။ အိုဘီ ရေ.. ခင်ဗျားဟာ မကြာသေးခင်က ဆုံးပါးသွားတဲ့ အဲရစ်ခ် အက်ဆီဒူး (ချယ်လ်ဆီးအသင်း၏ သက်တော်ရှည် kitman) ကို မှတ်မိသေးတယ်မလား..?



သူဟာအင်္ကျီတွေ၊ kit တွေ ခေါက်တဲ့နေရာမှာ အကောင်းဆုံး၊ အထူးချွန်ဆုံး ဝန်ထမ်းတစ်ယောက် ဖြစ်ပေမယ့် ‘ခင်ဗျားအင်္ကျီခေါက်တာ အဆင်မပြေဘူး..’ လို့ ကျွန်တော်သူ့ကို နှစ်ခါလောက် ပြောဖူးပါတယ်..။ အဲဒီလိုပြောခံလိုက်ရတိုင်း သူဟာခါတိုင်းထက် ပိုပြီးစောစောလာတယ်..၊ အလုပ်ကိုနှစ်ဆတိုးကြီး ကြိုးစားပါတယ်..။ သူက ‘JT.. ရေ.. ခင်ဗျားဟာ ကျွန်တော့်ကို ပိုပြီးကောင်းမွန်တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်..’ ဆိုပြီး တခုတ်တရနဲ့ လာပြောသွားခဲ့ပါတယ်..။ သူဟာ ချယ်လ်ဆီးကစားသမားတွေရဲ့ အင်္ကျီတွေ၊ အဝတ်အစားတွေကို စီစဉ်ပေးရတဲ့ kitman အဖြစ် အထူးဂုဏ်ယူခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - ကဲ.. နောက်ဆုံးမေးခွန်းတစ်ခု မေးမယ်ဗျာ..။ ရယ်တော့မရယ်လိုက်ကြပါနဲ့..။ JT ရေ.. မှန်မှန်ဖြေပေးပါနော်…။ ခင်ဗျားနဲ့ အိုဘီ မီခေးလ် တို့ မီတာ (၁၀၀) တာတိုအပြေးပြိုင်ရင် ဘယ်သူနိုင်မလဲ..? ဟားဟား..။
ဂျွန် တယ်ရီ - သူနိုင်မှာပေါ့…။ ဟေး.. ဟေး… အဲဒီမေးခွန်းကို အိုဘီ က ခင်ဗျားကို တမင်သက်သက် မေးခိုင်းထားတာ ဖြစ်လိမ့်မယ်.. ဟားဟား..။

ဂျွန် အိုဘီ မီခေးလ် - ကျွန်တော်ကြိုပြီး မပြောထားပါဘူးဗျာ.. ဟားဟား..။ ကျွန်တော်တို့နှစ်ယောက် ပြိုင်ကြမယ်ဆိုရင် ကျွန်တော်နိုင်ဖို့ များပေမယ့် အသင်းမှာ ကျွန်တော်တို့ဟာ အမြန်ဆုံးကစားသမားတွေထဲမှာ မပါဝင်ပါဘူး…။ JT ဟာ လိပ်တစ်ကောင်လို နှေးကွေးပေမယ့် ‘နေရာယူမှု (positioning)’ မှာ အရမ်းကို ဆရာကျပါတယ်..။ ပြီးရင် ‘ချိန်သားကိုက် အတိအကျ ရောက်ရှိနိုင်မှု (timing)’ ပေါ့ဗျာ..။ လျှင်မြန်မှုတွေ၊ လုပ်အားနှုန်းတွေ.. ပြောချင်တာပြော.. ဂျွန် တယ်ရီ ဟာ နေရာယူမှုနဲ့ ချိန်သားကိုက် အတိအကျ ရောက်ရှိနိုင်မှုတွေမှာ (၁၀၀%) ရာနှုန်းပြည့်ပါပဲ..။ ဘောလုံးဟာ ဘယ်နေရာကလာမလဲ..? သူဟာအရင်ဆုံး ရောက်နေပါတယ်..။ ဘယ်နေရာမှာ ဘောလုံးထောက်မလဲ..? ဘယ်နေရာကနေ စောင့်သင့်လဲ..? အချိန်ကိုက်၊ နေရာကိုက် အမြဲတမ်း ရောက်ရှိနေတာကြောင့် လျှင်မြန်မှုအားနည်းတာဟာ JT အတွက် ဘယ်တုန်းကမှ ပြဿနာ မဟုတ်ခဲ့တာပါ..။



ခရစ်စ် မက်ခ်ဟာဒီ - JT ရေ.. အပြေးပြိုင်ရင် ခင်ဗျားဟာ အိုဘီ ကိုတောင် မနိုင်ဘူးဆိုရင် အသင်းမှာ ခင်ဗျားနိုင်တဲ့သူ ဘယ်သူရှိသေးလဲ..?
ဂျွန် တယ်ရီ - Billy the masseur (ချယ်လ်ဆီးအသင်း အကြောပြင် ပညာရှင် ဘီလီ မက်ခ်ကူးလော့)… ပေါ့ဗျာ.. ဟားဟား.. အမယ်.. တာဝေးအပြေးပြိုင်ကြေး.. ဆိုရင် ကျွန်တော့်ကိုနိုင်မယ့်သူ သိပ်ပြီးမရှိလောက်ဘူးဗျ..။ ဒါပေမယ့် အိမ်ကကျွန်တော့်ကလေးတွေ ယူလာတဲ့ FIFA ဂိမ်းကတ်ဒ်ထဲမှာ ကျွန်တော့်ရဲ့ ပြေးနှုန်း (pace) ကို (၄၅) ပဲ ပေးထားတာကိုတော့ အရမ်းစိတ်ဆိုးတယ်ဗျာ.. ဟားဟား… ရုပ်ပေါက်လွန်းသလိုပါပဲ..။  

ကျွန်တော်ဘာကြောင့် ပြေးတဲ့နေရာမှာ အရမ်းနှေးရတာလဲ..? သိရဲ့လားဗျ..? ဆုဖလားတွေကို ပခုံးမှာထမ်းပြီး ပြေးရလို့ အခုလိုနှေးနေရတာပါ.. ဟားဟား…

ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ပါပြီဗျာ… ဟုတ်ပါပြီဗျာ.. အခုဆိုရင် အချိန်လည်းတစ်နာရီခွဲလောက် ကြာသွားပြီဆိုတော့ အခုတကယ် နောက်ဆုံး… အမှန်တကယ် နောက်ဆုံးမေးချင်တာက သိပ်မကြာသေးခင်ကပဲ ခင်ဗျားနဲ့ ဆော်ဒီ အာရေဗျအသင်းတွေနဲ့  ကောလဟာလသတင်းအများကြီး ထွက်ခဲ့ပါတယ်..။ လက်ရှိဘောလုံးလောကမှာက ဘောလုံးကန်တဲ့သူတိုင်းလိုလို ဆော်ဒီ အာရေဗျ နဲ့ ပတ်သက်နေတာဆိုတော့ သူတို့နဲ့ပတ်သက်ပြီး ရေတို‌၊ ရေရှည် အစီအစဉ် ဘယ်လိုတွေရှိမလဲ.. ပြောပြနိုင်မလား..?

ဂျွန် တယ်ရီ - မှန်ပါတယ်..။ ကျွန်တော်ဟာ ဆော်ဒီ က အသင်းတစ်ချို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ လအတော်ကြာခဲ့ပါပြီ..။ သူတို့နဲ့သဘောတူညီမှု ရရှိနိုင်အောင် ကြိုးစားနေဆဲပါပဲ..။ အမြဲတမ်းရာထူး ဖြစ်မလား..၊ ယာယီရာထူးတစ်ခု ယူဖြစ်မလား..၊ အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ပဲ ဆောင်ရွက်မလား.. ဘာကိုမှ ယတိပြတ် မပြောနိုင်သေးပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ အခုအချိန်မှာ အဲဒီထက်ပိုပြီး အသေးစိတ်ကျတဲ့အရာတွေကို ပြောမပြနိုင်သေးပါဘူး…။ ဒါပေမယ့် သူတို့နဲ့သဘောတူညီမှု ရခဲ့တယ်.. ဆိုရင်တောင် မကြာတော့မယ့်အချိန် နေ့ချင်းညချင်း ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး..။ အဲဒီလောက်ပဲ ပြောပြနိုင်ဉီးမယ်.. ထင်ပါတယ်..။