နိုက်ဂျီးရီးယား ကွင်းလယ်ကစားသမားဟောင်း ဂျွန် အိုဘီ မီးခေးလ် ဟာ YouTube ကနေ ထုတ်လွှင်ပေးနေတဲ့ ‘The Obi One Podcast’ အစီအစဉ်မှာ အီတလီ စီးရီးအေပြိုင်ပွဲဝင် ရိုးမားနည်းပြကြီး ဟိုဆေး မော်ရင်ဟို နဲ့ တွေ့ဆုံပြီး ‘EXCLUSIVE: José Mourinho as you’ve never seen him before’ အစီအစဉ်ကို ထုတ်လွှင့်ပေးခဲ့ပါတယ်..။ အဆိုပါတွေ့ဆုံခန်းမှာ ပေါ်တူဂီနည်းပြကြီးဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြစဉ်ကနဲ့ မတူတော့ပဲ ပြောင်းလဲခဲ့ရတဲ့ သူ့ရဲ့ပုံစံ၊ ကီဗင် ဒီ ဘရိုင်း နဲ့ မိုဟာမက် ဆာလာ တို့အပေါ် သူ့ရဲ့ရှုထောင့်မှ ပြောကြားချက်၊ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို ပျက်စီးစေခဲ့တဲ့ အန်ဖီးလ်ကွင်းမှ အနိုင်ပွဲအမှတ်တရများအပြင် ယခုပရီးမီးယားလိဂ်ပြိုင်ပွဲမှ ချန်ပီယံအသင်း ခန့်မှန်းချက်များ.. စသဖြင့် ကဏ္ဍစုံ ပါဝင်မှာဖြစ်ပါတယ်..။
အခန်း (၁) - ကလေးတွေအတွက် ဟိုဆေး ရဲ့ exclusive လက်ဆောင်…
ခရစ်စ် မက်ခ်ဟာဒီ - ပထမဆုံးအနေနဲ့ အခုလိုတွေ့ဆုံခန်းတွေ၊ Podcast တွေကို လက်ခံ၊ ပြုလုပ်လေ့မရှိတဲ့ ဟိုဆေး ဟာ ကျွန်တော်နဲ့ ဂျွန် အိုဘီ မီခေးလ် တို့ရဲ့ ကမ်းလှမ်းချက်ကို လှိုက်လှိုက်လှဲလှဲ လက်ခံပေးတာကြောင့် ကျေးဇူးတင်လို့ မဆုံးနိုင်အောင်ပါပဲဗျာ..။
ဟိုဆေး မော်ရင်ဟို - အိုဘီ ကတော့ ငါ့ကိုကျေးဇူးတင်စရာ မလိုပါဘူး.. ဟားဟား..။
ဂျွန် အိုဘီ မီခေးလ် - အာဟားး.. အထူးကျေးဇူးတင်ရတာပေါ့.. ဘော့စ် ရာ..
ခရစ်စ် မက်ခ်ဟာဒီ - မဟုတ်ဘူးလေဗျာ..။ ကျွန်တော်ကတော့ ကျေးဇူးတင်ရတာပေါ့..
ဟိုဆေး မော်ရင်ဟို - အင်းပါ.. ဒါဆိုရင်လည်း ကျွန်တော့်ကိုပဲ ကျေးဇူးတင်ပေါ့..။ သူမပါစေနဲ့.. ဟားဟား..။
ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ… ဘော့စ် ရေ.. ဟားဟား..။ ပထမဆုံးမေးချင်တာက ခင်ဗျားဟာ အခုလိုတွေ့ဆုံခန်း ကမ်းလှမ်းချက်တွေကို လက်ခံလေ့မရှိပေမယ့် အိုဘီ မီခေးလ် နဲ့ကျမှ ဘာကြောင့်လက်ခံလိုက်တာလဲ..?
ဟိုဆေး မော်ရင်ဟို - ဘာဖြစ်လို့လည်းဆိုတော့ မီခေးလ် ဟာ ‘ကျွန်တော့်ရဲ့ ကလေးတွေ (my boys)’ ထဲမှာ အခုလို podcast ပြောပေးဖို့ ပထမဆုံးကမ်းလှမ်းတဲ့သူ ဖြစ်နေခဲ့လို့ပါပဲ..။ သူဟာကျွန်တော့်ရဲ့ ကလေးတွေထဲက တစ်ယောက်ပါ..။ လူတိုင်းကို ဒီလိုပဲပြောပါတယ်..။ အခုရိုးမားအသင်းမှာဆိုရင် ကျွန်တော့်ရဲ့ ကလေးတွေ အများကြီးရှိနေပါပြီ..။ ‘ကျွန်တော့်ရဲ့ ကလေးတွေ’ ဆိုတာက အသက် (၁၈) နှစ်အရွယ်မှာ ကျွန်တော်နဲ့အတူ အသင်းကြီးမှာ ပါဝင်ခွင့်ရလာတယ်..၊ သူတို့ရဲ့ပထမဆုံးပွဲတွေကို ကျွန်တော်နဲ့စပြီး ကစားခွင့်ရခဲ့တဲ့သူတွေကို ရည်ညွှန်းပါတယ်..။
အခုရိုးမားအသင်းက ကျွန်တော့်ရဲ့ ကလေးတွေဆိုရင် အသက် (၁၈) နှစ်ပဲ ရှိပါသေးတယ်..။ သူတို့လေးတွေ အပါအဝင် (၁၈) နှစ်သားအရွယ်မှာ ကျွန်တော်နဲ့ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ကလေးတွေ. အိုဘီ အပါအဝင်ပေါ့ဗျာ.. စုစုပေါင်း အယောက် (၄၀) ရှိပါတယ်..။ သူတို့ဟာ အခုအချိန်ထိ ‘ကျွန်တော့်ရဲ့ ကလေးတွေ’ အဖြစ် ရှိနေဆဲပါပဲ..။ (ဂျွန် အိုဘီ မီခေးလ် - မှန်တာပေါ့… ဘော့စ်..) အမြဲတမ်းလည်း ကျွန်တော့်ရဲ့ ကလေးတွေ ဖြစ်နေဉီးမှာပါ..။ ဒါ့ကြောင့်ကလေးတွေက တောင်းဆိုလာရင် ကျွန်တော်လုပ်ပေးရမှာ၊ လိုက်လျောပေးရမှာပေါ့ဗျာ…
ခရစ်စ် မက်ခ်ဟာဒီ - Wow..!! သိပ်ကိုကြည်နူးဖို့ ကောင်းတာပဲ..။ သားအဖတွေရဲ့ ချစ်ခြင်း မေတ္တာတရားတွေပေါ့ဗျာ..။ အိုဘီ ရေ.. ခင်ဗျားဟာ အခုအချိန်ထိ ဟိုဆေး ရဲ့ သားတစ်ယောက်အဖြစ် ခံယူဆဲပဲမလား..?
ဂျွန် အိုဘီ မီခေးလ် - Yes.. ဟုတ်ပါတယ်..။ ကျွန်တော်ဟာ အခုအချိန်ထိ ဟိုဆေး ရဲ့ ကလေးတစ်ယောက်ပါပဲ..။ ဟိုးဆေး ဟာ ကျွန်တော့်အတွက် ထာဝရနည်းပြ.. ထာဝရ ဘော့စ် တစ်ယောက်ဖြစ်သလို အဖေတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး..။ ဟိုဆေး… ခင်ဗျားခေါ်ခဲ့လို့ ချယ်လ်ဆီးအသင်းကို ကျွန်တော် ရောက်လာခဲ့ရတာပါ..။ အပြာရောင်တွေနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ခင်ဗျားအပေါ် ကျေးဇူးကြွေးတွေ ဆပ်လို့မကုန်နိုင်၊ မခမ်းနိုင်အောင်ပါပဲ..။ ဒါ့အပြင် ခင်ဗျားရဲ့ သွန်သင်၊ ဆုံးမမှုတိုင်းကို ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံး၊ ကစားသမားဘဝ တစ်လျှောက်လုံး အမြဲတမ်း လေးစား၊ လိုက်နာကျင့်ကြံခဲ့ပါတယ်..။ ဟိုဆေး ရေ.. ခင်ဗျားရဲ့ပျော့ကွက်ဟာ ‘အာဖရိနွယ်ဖွား ကစားသမားတွေ (African players) ဖြစ်တယ်..’ ဆိုတာကိုလည်း ကျွန်တော်သိထားပါတယ်..။ ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ..။ ဟိုဆေး ရေ.. အခုကျွန်တော့်ရဲ့ ညာဘက်မှာထိုင်နေတဲ့ ဂျွန် အိုဘီ မီခေးလ် က ချယ်လ်ဆီးမှာ ကစားရတဲ့ ‘No.4’ နေရာ (ကွင်းလယ်အဖျက် ကစားသမား) ထက် ‘No.10’ နေရာမှာ ကစားတာ ပိုပြီးကောင်းတယ်.. လို့ တွေ့ဆုံခန်းတစ်ခုမှာ ပြောခဲ့ဖူးပါတယ်..။ ဒါပေမယ့် ခင်ဗျားက အဲဒီလိုမစဉ်းစားခဲ့ပါဘူး..။ သူ့ဆီမှာ ‘No.4’ ကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်မယ့် ဘယ်လိုအင်္ဂါရပ်တွေ ခင်ဗျားမြင်မိခဲ့တာလဲဗျ..?
ဟိုဆေး မော်ရင်ဟို - နိုက်ဂျီးရီးယား လက်ရွေးစင်အသင်းမှာတော့ သူ့ရဲ့စိတ်ကြိုက် ကစားခွင့်ရမှာပေါ့..။ ဒါပေမယ့် ချယ်လ်ဆီးမှာ အဲဒီလိုလာလုပ်လို့ ဘယ်ရမလဲ..
ခရစ်စ် မက်ခ်ဟာဒီ - ဟားဟား.. ဟုတ်ပါပြီဗျ..။ သူ့ရဲ့ဘယ်လို အရည်အသွေးတွေကို နှစ်ခြိုက်မိလို့ ‘No.4’ နေရာ ကစားခိုင်းခဲ့တာလဲဗျ..
ဟိုဆေး မော်ရင်ဟို - Everything.. သူ့ရဲ့အရည်အသွေးအားလုံးကို ကြိုက်ပါတယ်..။ ကျွန်တော်ကတော့ သူတို့လိုနေရာမှာ ကစားတဲ့ ကွင်းလယ် ကစားသမားတွေကို ‘positional midfield player’ လို့ ခေါ်ပါတယ်..။ ကျွန်တော့်ရဲ့နည်းပြ သက်တမ်းတစ်လျှောက် အသုံးပြုခဲ့တဲ့ ကွင်းလယ်အဖျက် ကစားသမား… ဒါမှမဟုတ် positional midfield ကစားသမားတွေမှာ တူညီတဲ့အရည်အသွေးတွေ ရှိကြပါတယ်..။
မက်ခလီလီ ဟာ လူကောင်သေးတယ်..၊ အရပ်ပုပါတယ်..။ သူကလွဲရင် ကျန်တဲ့ကွင်းလယ်အဖျက် ကစားသမားတွေဟာ အရပ်ရှည်တယ်..၊ ခန္ဓာကိုယ် တောင့်တင်းမှု ရှိပါတယ်..။ နောက်ပြီးနေရာလွတ်တွေ (spaces) အကြောင်း ကောင်းကောင်းနားလည်ရပါတယ်..။ အထူးသဖြင့် အဲဒီနေရာမှာ ကစားရတဲ့ ကစားသမားတိုင်းဟာ ‘ကစားပုံရိုးရှင်းမှု (simplicity)’ ရှိရပါမယ်..။ အဲဒီအချက်ဟာ positional midfield ကစားသမားအဖြစ် ကစားနိုင်ဖို့ အခြေခံအကျဆုံးအချက် ဖြစ်ပါတယ်..။
ကွင်းလယ်ကစားသမား.. ဆိုတာနဲ့ လူတွေက ‘ဖန်တီးမှုကောင်းတဲ့’ ကစားသမားတွေကိုပဲ လိုချင်ကြပါတယ်..။ တစ်ချို့နေရာတွေမှာ အဲဒီလို ဖန်တီးမှုကောင်းမွန်တာဟာ ကောင်းပေမယ့် တခြားတစ်ဘက်မှာ ‘ရိုးရိုးရှင်းရှင်း ကစားနိုင်တဲ့’ ကစားသမားတွေရှိနေဖို့ လိုအပ်ပါတယ်..။ အသင်းတစ်သင်းရဲ့ ဟန်ချက် (balance) ကောင်းဖို့ဆိုရင် ဘောလုံးခြေထဲရှိတဲ့အချိန် (with the ball) ကစားပုံနဲ့ ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိတဲ့အချိန် (without the ball) ကစားပုံဟာ မျှတမှုရှိဖို့ လိုအပ်ပါတယ်..။
ကွင်းလယ် အဖျက်ကစားသမားတွေဟာ အသင်းရဲ့စည်းကမ်းပိုင်း သေဝပ်ကောင်းမွန်ဖို့ ထိန်းကျောင်းပေးနေသလို အသင်းရဲ့အောင်မြင်မှုရရှိဖို့ဟာ သူတို့ရဲ့တစ်ဉီးချင်း အောင်မြင်မှုထက် ပိုပြီးအရေးပါတယ်.. ဆိုတာ လက်ခံထားကြတဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါ့အပြင် အသင်းအတွက် သူတို့တွေရဲ့ပေးဆပ်မှုဟာ အသင်းဘက်က ကစားသမားတွေအပေါ် လုပ်ပေးနိုင်တာတွေထက် ပိုပြီးအရေးပါတယ်.. ဆိုတာကိုလည်း နားလည်ထားကြပါတယ်..။ နိုက်ဂျီးရီးယားအသင်း ရောက်သွားရင် သူက ‘No. 10’ နေရာမှာ ကစားချင်တာ ဖြစ်ပါလိမ့်မယ်..။ ဒါမှလည်း သူဟာအသင်းရဲ့ ထိပ်တန်း ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံရမှာပေါ့.. ဟားဟား..။
ဒါပေမယ့် ချယ်လ်ဆီးမှာတော့ အိုဘီ ဟာ တကယ့်ကို ထူးခြား၊ ကောင်းမွန်လှတဲ့ positional midfield player တစ်ယောက် ဖြစ်ပါတယ်..။ ကွင်းထဲရောက်တဲ့အချိန်မှာ သူ့ရဲ့ဆုံးဖြတ်မှုတွေဟာ သိပ်ကိုမြန်ဆန်ပါတယ်..။ ဘောလုံးရလာရင် တစ်ချက်ထိ၊ နှစ်ချက်ထိပဲ ကစားတယ်..၊ သူ့ဆီလာတဲ့ ဘောလုံးတိုင်းကို ရိုးရိုးရှင်းရှင်းလေးပဲ ကစားပါတယ်..။ သူဟာမီတာ (၁၀၀) တာတိုအပြေးခိုင်းရင် နိုင်မယ့်ကောင် မဟုတ်ပါဘူး..။ ဒါပေမယ့် သူ့ဆီကနေ ထွက်လာတဲ့ ဘောလုံးတိုင်းဟာ သိပ်ကိုမြန်ဆန်တယ်..၊ အသင်းရဲ့ ကစားကွက်ကို မောင်းနှင်နေတယ်..၊ ဘယ်နေရာတွေမှာ ဘောလုံးလက်ခံယူရမယ်..၊ ဘယ်လိုနေရာတွေကနေ ဘောလုံးကိုစောင့်ပြီး ဖျက်ထုတ်ရမယ်.. ဆိုတာတွေကို နားလည်ထားပါတယ်..။
မီခေးလ် နဲ့ ပထမဆုံး တွေ့တဲ့အချိန်ကတည်းက သူ့ရဲ့ အရည်အသွေးကောင်းတွေကို ကျွန်တော် သတိထားမိခဲ့တာပါ..။ အတော်လည်း ရယ်ရတယ်ဗျ..။ ကောင်လေးက နော်ဝေးနိုင်ငံ လင်းစ် အော့စလို အသင်းကနေ ချယ်လ်ဆီးအသင်းမှာ လာပြီးလေ့ကျင့်ခန်းဆင်းနေတဲ့အချိန် ဖြစ်ပါတယ်..။ တစ်ရက်မှာတော့ ကျွန်တော့်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တစ်ခုအတွက် ‘လူငယ်ကစားသမားတွေထဲက တစ်ယောက်ထွက်ခဲ့ဟေ့..’ ဆိုပြီး လှမ်းခေါ်ပါတယ်..။ အဲဒီလေ့ကျင့်ခန်းအပြီးမှာ ကင်းထောက်တွေက နော်ဝေးကရောက်နေတဲ့ နိုက်ဂျီးရီးယား ကောင်လေးအကြောင်း ကျွန်တော့်ကို ပြောပြပါတယ်..။
အသက် (၁၇) နှစ်ပဲ ရှိသေးတာဆိုတော့ ‘အဲဒီကောင်လေးဟာ အရပ်အမောင်း ကောင်းရဲ့လား..? ခန္ဓာကိုယ် ကြံ့ခိုင်မှုရော ကောင်းရဲ့လား..?’ လို့ ကျွန်တော်ပထမဆုံး မေးလိုက်ပါတယ်..။ ကင်းထောက်တွေက ‘yes..’ လို့ ဖြေတာနဲ့ ‘အေးလေ.. အဲဒါဆိုလည်း လာခိုင်းလိုက်ပေါ့..။’ အသင်းကို သူလိုငါလို သာမာန် ကစားသမား တစ်ယောက် ရောက်လာမယ်လို့ပဲ မျှော်လင့်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ကိုမြင်မြင်ချင်းမှာပဲ ‘သာမာန်’ ကစားသမား တစ်ယောက် မဟုတ်ဘူးဆိုတာ သိလိုက်ပါတယ်..။ ဆာ အဲလက်စ် ကလည်း အိုဘီ ဟာ သူလိုငါလို ‘သာမာန်’ ကစားသမား တစ်ယောက် မဟုတ်ဘူးဆိုတာ သိခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ကိုခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရပါတယ်..။ ဒါကလည်း ‘သာမာန်’ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ခဲ့ပါဘူး..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူ့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ခဲ့သလို သူကလည်း အသင်းအတွက် (၁၀) နှစ်ကျော် ပေးဆပ်ခဲ့တယ်..၊ အသင်းနဲ့အတူ ကလပ်အသင်းအဆင့်မှာ ရရှိနိုင်မယ့် ဆုဖလားတွေအားလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ တခြားဘက်က သူလိုချင်တဲ့ ငွေကြေးချမ်းသာမှုတွေကိုလည်း ရရှိပါတယ်..။ ဒါ့အပြင် နိုက်ဂျီးရီးယားအသင်းကိုရောက်သွားရင် သူကစားချင်တဲ့ ‘No.10’ နေရာမှာ ဆက်ပြီး ကစားခွင့်လည်း ရသွားခဲ့ရပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - တကယ့်ကို ပြောင်မြောက်လှတဲ့ အဖြေပါပဲခင်ဗျာ…။ ဟိုဆေး ရေ.. အိုဘီ ဟာ ခင်ဗျားတည်ဆောက်ခဲ့တဲ့ ပထမမျိုးဆက် ချယ်လ်ဆီးအသင်းရဲ့ အမာခံကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ခင်ဗျားဟာ အင်္ဂလန်မြေကို ခြေချခဲ့ပြီး မကြာခင်မှာပဲ ‘ကျွန်တော်ဟာ Special One ဖြစ်တယ်’ လို့ ကမ္ဘာကို ကြေငြာ စိန်ခေါ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးပရိသတ် မဟုတ်ပေမယ့် ခင်ဗျားတည်ဆောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတွေထဲမှာ မှတ်တမ်းဝင်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်..။ ခင်ဗျားရဲ့ပထမမျိုးဆက် ချယ်လ်ဆီးအသင်းဟာ ဘယ်လိုအချက်တွေကြောင့် အဲဒီလိုသမိုင်းဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ရတာလဲဗျ..?
ဟိုဆေး မော်ရင်ဟို - Everything together.. အရာရာအားလုံးဟာ အတူတကွ ပေါင်းစုံသွားခဲ့လို့ပါပဲ…။ ပထမဆုံးကတော့ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ပိုက်ဆံတွေကြောင့်ပေါ့ဗျာ..။ အကောင်းဆုံးအသင်းတွေအကြောင်း ပြောကြတယ်ဆိုရင် အဲဒီအသင်းတွေရဲ့နောက်ကနေ ပံ့ပိုးခဲ့တဲ့ ငွေကြေးတွေကို ချန်ထားခဲ့လို့ မရပါဘူး..။ အခုလက်ရှိ အကောင်းဆုံးအသင်းဆိုတာ မန်ချက်စတာ စီးတီး၊ လီဗာပူးလ်.. ချယ်လ်ဆီး… အင်း… ချယ်လ်ဆီးဟာ ကောင်းတော့ ကောင်းနေဆဲ ဆိုပေမယ့် ကျွန်တော်တို့ခေတ်ကလောက်တော့ မကောင်းတော့ဘူး.. ဟားဟား..
ကျွန်တော်တို့ခေတ်တုန်းကတော့ အသင်းနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို အကောင်းဆုံးတွေနဲ့ပဲ ဖွဲ့စည်းထားခဲ့တာပါ…။ အကောင်းဆုံး ကစားသမားတွေ၊ အကောင်းဆုံး နည်းပြတွေ ရှိနေတဲ့အပြင် အသင်းကို ထပ်မံအားဖြည့်ဖို့ ‘အကောင်းဆုံး..’ ဆိုတဲ့ ကစားသမားတွေကို ခေါင်းခေါက်ပြီး ရွေးချယ်နိုင်ခဲ့ပါတယ်..။ အဲဒီလို ဒေါင်ဒေါင်မြည် ကစားသမားတွေကို ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ပင်ကိုယ် အရည်အသွေးတွေအပြင် သူတို့စိတ်နေစိတ်ထား၊ အမူအကျင့်တွေ၊ နည်းပြတွေနဲ့ ဆက်ဆံရေးတွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါတယ်..။
ဥပမာတွေပေးရမယ်ဆိုရင် မီခေးလ် ကို ခေါ်ယူခဲ့တုန်းက နည်းပြတွေ၊ ကင်းထောက်တွေရဲ့ အကြံပေးချက်တွေ ပါခဲ့တာပေါ့..။ ကျွန်တော့်ဘက်က တစုံတရာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း၊ ကြိုးစားခဲ့ခြင်း မရှိခဲ့ပါဘူး..။ ဒီဒီယာ ဒါပေမယ့် ဒရော့ဘာ..၊ မိုက်ကယ် အက်ဆီယန် တို့ကို ခေါ်ယူနိုင်ဖို့ ကျွန်တော်ကိုယ်တိုင် အများကြီး ကြိုးစားခဲ့ရတာတွေ ရှိခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက အက်ဆီယန်၊ ဒရော့ဘာ တို့ကို အင်္ဂလန်ထိပ်တန်းအသင်းတွေက သိပ်ပြီးမသိကြပါဘူး..။ သူတို့ထက်ပိုပြီး နာမည်ကြီးတဲ့ ကစားသမားတွေ ရှိနေခဲ့ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ ရှိနေတဲ့ ကျွန်တော်ရယ်.. စီအီးအို ပီတာ ကင်ညွှန် တို့ကတော့ ကစားသမားတွေရဲ့ ပင်ကိုယ်အရည်အသွေးတွေအပြင် သူတို့တွေရဲ့ ကြံ့ခိုင်မှု၊ ခန္ဓာကိုယ် တည်ဆောက်ပုံ အခြေအနေတွေ၊ စိတ်ဓါတ်ပိုင်းကြံ့ခိုင်မှု အခြေအနေတွေ၊ မိသားစုဝင်တွေရဲ့ အနေအထား.. စတဲ့အရာတွေကိုပါ သေသေချာချာ အသေးစိတ် လေ့လာခဲ့ပြီးမှ ခေါ်ယူအားဖြည့်ခဲ့ကြတာ ဖြစ်ပါတယ်..။
အဲဒီအသင်းဟာ အခုရရှိခဲ့တဲ့ အောင်မြင်မှုတွေထက် ပိုပြီးအောင်မြင်မှုတွေ ရရှိခဲ့သင့်ပါတယ်..။ ကျွန်တော်အသင်းကနေ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း အဲဒီအသင်းဟာ နောက်ထပ်နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ ဆက်ပြီးရရှိနေခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် အသင်းရဲ့အဓိကကျောရိုးက ဒီကစားသမားတွေပဲ ဖြစ်ခဲ့တာကိုးဗျ..။ တကယ့်ကို ထူးခြားကောင်းမွန်ခဲ့တဲ့ ကစားသမား အစုအဖွဲ့နဲ့ တည်ဆောက်ထားခဲ့တဲ့ သိပ်ကိုထူးခြား ကောင်းမွန်ခဲ့တဲ့ အသင်းတစ်သင်းပေါ့ဗျာ..။
ခရစ်စ် မက်ခ်ဟာဒီ - ဂျွန် အိုဘီ ရေ… အရင်တုန်းက တင်ဆက်ခဲ့တဲ့ အပိုင်းတွေမှာလည်း အသင်းတစ်သင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ ခံယူချက်၊ စိတ်ဓါတ်တွေ (personality) ကောင်းမွန်မှုက အရေးပါတဲ့အကြောင်း ကျွန်တော်တို့တွေ မကြာခဏ ပြောခဲ့ကြပါတယ်..။ ခင်ဗျားတို့ရဲ့အသင်းမှာ ပင်ကိုယ်အရည်အသွေး ကောင်းမွန်ပြီးဖြစ်တဲ့ ကစားသမားတွေကို ဟိုဆေး ကနေ တစုတစည်းထဲ ဖြစ်သွားအောင် စုစည်းပေးခဲ့ပြီး ခင်ဗျားတို့တွေနဲ့ ထိုက်တန်တဲ့နေရာတစ်ခုကို ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်..။
ဟိုဆေး မော်ရင်ဟို - အိုဘီ ရေ.. ပျော်စရာတွေရော မရှိခဲ့ဘူးလား..? ဟားဟား..
ဂျွန် အိုဘီ မီခေးလ် - ပျော်ရတာပေါ့.. ဘော့စ် ရာ..။ ကျွန်တော်တို့ ကစားသမားတွေဟာ နိုင်ပွဲတွေရရင် ပျော်ကြတာပဲလေ..။ ဒါ့ကြောင့်နိုင်ပွဲတွေအများကြီးရတော့ အများကြီးပျော်ခဲ့ကြရတာပေါ့..။ ကျွန်တော်အသင်းကို ရောက်လာခါစအချိန်မှာ ‘အောင်ပွဲဆာလောင်စိတ် (winning mentality)‘ ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး..။ နိုင်ပွဲတွေရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြံဆောင်ရမယ် ဆိုတာတွေကိုလည်း နားမလည်ခဲ့ပါဘူး..။
ကျွန်တော်တို့အသင်းက ကစားသမားတိုင်းရဲ့စိတ်ထဲမှာ အဲဒီအောင်ပွဲဆာလောင်စိတ်တွေ အမြစ်တွယ်လာအောင် ဘော့စ် ကပဲ ရိုက်သွင်းပေးခဲ့တာပါ..။ ကျွန်တော်တို့ဆီမှာ ရှုံးပွဲတွေအတွက် စဉ်းစားထားတာ မရှိပါဘူး..။ ကျွန်တော်တို့ နိုင်ကိုနိုင်ရပါမယ်…။ နိုင်ပွဲတွေရလေလေ..၊ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံမှုတွေ မကြာခဏ ပြုလုပ်နိုင်လေလေပဲပေါ့ဗျာ..။ အဲဒီနိုင်ပွဲတွေ ရရှိချင်တဲ့စိတ်၊ အောင်ပွဲဆာလောင်စိတ်တွေရဲ့နောက်မှာ ကပ်ပြီးပါလာတာက အနိုင်ရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ရမယ်..၊ အစွမ်းကုန်ကြိုးစား၊ ပေးဆပ်ရမယ်.. ဆိုတဲ့ တာဝန် (responsibility) ဖြစ်ပါတယ်..။ အဲဒီလို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ဆိုရင် လေ့ကျင့်ကွင်းတွေမှာ အကောင်းဆုံး လေ့ကျင့်နိုင်ရပါမယ်..။
ကျွန်တော်တို့ အကောင်းဆုံး လေ့ကျင့်နိုင်ကြတယ်..၊ စနေ၊ တနင်္ဂနွေပွဲတွေ ရောက်လာလို့ ကျွန်တော်တို့ အနိုင်ရခဲ့ရင် ဘော့စ် လည်း ပျော်ရွှင်ရပါတယ်..။ အဲ.. ကျွန်တော်တို့ အနိုင်မရဘူးဆိုရင် ဘော့စ် က ‘မိုးမီးလောင်’ တော့တာပါပဲဗျာ..။
ဟိုဆေး မော်ရင်ဟို - လေ့ကျင့်ရေး အစီအစဉ်တွေဟာ တကယ့်ပြိုင်ပွဲတွေပါပဲ..။ အခုအချိန်မှာ ကျွန်တော်တို့ နည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ ကစားသမားတွေဟာ လေ့ကျင့်ကွင်း အစီအစဉ်တွေကို ပြိုင်ပွဲတွေအဖြစ် မမြင်တော့ပဲ လေ့ကျင့်ခန်းလုပ်နေတာပါ ဆိုတဲ့သဘော ပေါ့ပေါ့ဆဆ တွေးကြတာလည်း ပါဝင်ပါတယ်…။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းမှာတုန်းက လေ့ကျင့်ကွင်း အစီအစဉ်တွေ၊ လေ့ကျင့်ခန်းတွေဟာ ပြိုင်ဘက်တွေနဲ့ အမှန်တကယ် ရင်ဆိုင်နေရတာဖြစ်တယ်..၊ ကိုယ်ယှဉ်ပြိုင်ရမယ့်ပွဲတွေမှာ အမှန်တကယ် တိုးတက်လာအောင် ကူညီပေးနိုင်ဖို့ပဲဖြစ်တယ်လို့ ခံယူကြပါတယ်..။
ဥပမာအနေနဲ့ဆိုရင် ကျွန်တော်ဟာ countdown အစီအစဉ်ပုံစံနဲ့ တကယ့်ပွဲမှာ ကြုံလာနိုင်မယ့် အခြေအနေကို ဇာတ်တိုက်၊ လေ့ကျင့်ပေးတာ မင်းတို့မှတ်မိကြဉီးမယ် ထင်ပါတယ်..။ ပွဲပြီးခါနီး သုံးမိနစ်အလိုမှာ ကစားရမယ့်ပုံစံကို လေ့ကျင့်တယ်..၊ ပြီးရင်ပွဲပြီးခါနီး မိနစ် (၂၀) အလို..၊ ပွဲပြီးခါနီး (၂) မိနစ်အလို.. စသဖြင့် အချိန်အပိုင်းအလိုက် အားသွန်ပြီး ကစားခိုင်းခဲ့ပါတယ်…။ လေ့ကျင့်ခန်းတွေမှာ အဲဒီလိုအစွမ်းကုန် မောင်းနှင်ခြင်းဖြင့် ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ် နဲ့ အာဖရိကသား တစ်သိုက်ဟာ အရမ်းကို မာကျောလာကြပါတယ်..။ မာကျောလွန်းလို့လည်း ဒိုင်တွေနဲ့ မကြာခဏ ပြဿနာတွေ တက်ရတာပေါ့..။ တကယ်လည်း လွယ်ကူလှတဲ့ ကောင်လေးတွေ မဟုတ်ကြပါဘူး..။
အပိုင်း (၂) ဆက်လက် တင်ဆက်ပါမည်...