feature-image

တိုးတက်မှုတွေရဲ့ အခြားတစ်ဘက်က 'မော်ရစ္စစီယို ပိုချက်တီနို'

အင်္ဂလန်ပထမတန်းပွဲစဉ်တွေကို ပရီးမီးယားလိဂ်အဖြစ် ပြောင်းလဲ၊ အသက်သွင်းပြီးခဲ့တဲ့နောက်ပိုင်း ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် အဖြေပေးရခက်ခဲတဲ့ မေးခွန်းတစ်ခုဟာ အရိပ်ဆိုးတစ်ခုလို အမြဲတမ်းပဲ အုပ်မိုးနေခဲ့ပါတယ်..။ ပိုင်ရှင်တွေပြောင်း၊ နည်းပြတွေအဆက်ဆက် ပြောင်းလဲသွားခဲ့တဲ့အခါတိုင်း၊ တိမ်မဲညိုတွေ ကင်းစင်လို့ လရောင်လင်းချင်းအောက်မှာ ကြည်နူးရမယ် ကြံလိုက်တိုင်း အဲဒီအတိတ်ဆိုး၊ အရိပ်ဆိုးဟာ အသင်းအပေါ်ကို အရှိန်အဟုန်နဲ့ သဲကြီးမဲကြီး ပြန်လည် ရိုက်ခတ်လာတတ်ပါတယ်..။

အဲဒီမေးခွန်းကို မမေးခင် ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီ ပွဲပေါင်း (၂၆) ပွဲ ကစားပြီးတဲ့အချိန် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ လက်အောက်မှာ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပြီလား..? ပိုပြီးကောင်းတဲ့ အသင်းတစ်သင်းအဖြစ် မြင်တွေ့ခွင့်ရခဲ့ပြီလား..? ဒါမှမဟုတ် ရိုးရိုးလေး မေးမယ်ဆိုရင် အာဂျင်တီးနား နည်းပြကြီးရဲ့ အသင်းဟာ မနှစ်က ဖေဖော်ဝါရီလကုန်မှာ အသင်းကနေ အထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ် ပေါ်တာ ရဲ့ အသင်းထက်ပိုပြီး ကောင်းရဲ့လား..?

တကယ်တော့ မန်နေဂျာတိုင်းကို သူတို့ရဲ့အကြံအစည်၊ အစီအမံတွေကို အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုအပ်ပါတယ်..။ ဒါကိုငြင်းစရာ မရှိပါဘူး..။ ဒါ့အပြင်မန်နေဂျာတိုင်းဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကို ပြောင်းလဲပစ်ဖို့ ရာသီဝက်.. ဆိုတဲ့ အချိန်ကာလထက် ပိုပြီးထိုက်တန်တယ်.. ဆိုတာကိုလည်း လက်ခံရမှာပါ..။ ဒါပေမယ့် ပိုချက်တီနို ရဲ့ လက်ထက်မှာ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပြီလား..? မေးစရာရှိပါတယ်..။ လွန်ခဲ့တဲ့ နိုင်ဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းပိုင်းလောက်က မြင်တွေ့ခဲ့ရတဲ့ အကောင်းမြင်၊ တိုးတက်နိုင်မယ့် အရိပ်အယောင်တွေဟာ အခုဆိုရင် လုံးဝကွယ်ပျောက်သွားသလို ဖြစ်နေခဲ့ပါပြီ..။

တကယ်တော့ အခုနှစ်ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းအတွက် ‘ဥရောပပြိုင်ပွဲ ကင်းစင်တဲ့ ရာသီတစ်ခွင်’ ဖြစ်နေတာကြောင့် မော်ရစ္စစီယို အနေနဲ့ သူ့ရဲ့အကြံအစည်တွေ၊ လေ့ကျင့်ခန်းတွေကို အပတ်စဉ် စိတ်ကြိုက် အချိန်ပေး သင်ယူ၊ သွတ်သွင်းပေးနိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်..။ ဒါပေမယ့် အခုပြီးခဲ့တဲ့ပွဲတွေအပြီး သူတို့အသင်းရဲ့ ကစားပုံကို ကြည့်ရတာဟာ ဘာမှလေ့ကျင့်မှုတွေ မလုပ်ထားတဲ့ အသင်းတစ်သင်းလိုပါပဲ..။ တကယ်လို့ သူတို့တွေ အစွမ်းကုန် ကြိုးစား၊ လေ့ကျင့်နေခဲ့ကြပါတယ်.. ဆိုရင်တောင် အဲဒီလေ့ကျင့်မှုတွေဟာ အကျိုးတစုံတရာ ဖြစ်ထွန်းလာမှု မရှိတဲ့ပုံ မြင်တွေ့နေရပါတယ်..။



ပိုစတီကိုဂလူး၊ အက်ဒီ ဟောင်းဝ် တို့နဲ့ နှိုင်းယှဉ်ခံရတဲ့အခါ…

စကော့တလန်လိဂ်ပြိုင်ပွဲဝင် ဆဲလ်တစ် အသင်းကနေ ပိုချက်တီနို နဲ့ပြိုင်တူ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တဲ့ အန်ဂယ် ပိုစတီကိုဂလူး ရဲ့ တော့တင်ဟမ်အသင်းကို အချိန်တိုအတွင်း ဆောင်ရွက်ပေးခဲ့တဲ့ တိုးတက်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာဂျင်တီးနား နည်းပြအပေါ် အကောင်းမြင်စိတ်တွေဟာ ပျက်သုန်းကုန်ရတဲ့သဘော ရှိပါတယ်..။ နည်းပြအန်ဂယ် ဟာ အပြောင်းအရွှေ့ရာသီ တစ်ရာသီအတွင်းမှာ ချယ်လ်ဆီးအသင်းထက် အင်မတန်မှ နည်းပါးတဲ့ အသုံးစားရိတ်နဲ့ အသင်းကို သိသိသာသာ တိုးတက်လာအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။

ဒါ့အပြင် နယူးကာဆယ်အသင်းကို နည်းပြအက်ဒီ ဟောင်းဝ် ရောက်လာတဲ့အချိန်တုန်းက ဌက်ကျားတွေဟာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်..။ ဒါပေမယ့် သူဟာပိုပြီးကောင်းမွန်တဲ့ ကစားသမားတွေကို သင့်တော်တဲ့ ဈေးနှုန်းတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီးတဲ့နောက် အသင်းဟာ တဟုန်တိုး တိုးတက်လာခဲ့ပါတယ်..။ သူဟာလေ့ကျင့်ကွင်းမှာရော၊ ရုံးခန်းထဲမှာပါ အသင်းကို အကောင်းဆုံး စီမံ၊ ခန့်ခွဲနိုင်ခဲ့သလို ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့တယ်..၊ အသင်းက ဝါရင့်ကစားသမားတွေဆီက ယုံကြည်၊ ကိုးစားမှုတွေကို အရယူနိုင်ခဲ့ပါတယ်..။ သူ့ရဲ့အသေးစိတ် စီမံခန့်ခွဲနိုင်စွမ်းနဲ့ ကျယ်ပြန်တဲ့အသိအမြင်တွေဟာ နယူးကာဆယ်အသင်းကို တန်းဆင်ဇုန်ကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်း ဖြစ်လာအောင် (၁၈) လအတွင်း ဆွဲတင်ပေးနိုင်ခဲ့ပါတယ်..။

ဒါပေမယ့် မနှစ်ကဘောလုံးရာသီမှာ အရှက်ကွဲခဲ့ရုံနဲ့ မကျေနပ်သေးပဲ ဒီနှစ်မှာပါ အမှတ်ပေးဇယား အလယ်ကအသင်းအဖြစ် အလှောင်ပြောင်ခံနေရတဲ့ ချယ်လ်ဆီးအသင်းနဲ့ ပိုချက်တီနို ရဲ့ဘက်က ရှေ့နေလိုက်ပေးရမယ့် အချက်တစ်ခုကတော့ သူဟာဟန်ချက်မညီပဲ အင်မတန်မှ ငယ်ရွယ်တဲ့ အသင်းတစ်သင်းကို ဆက်ခံရယူခဲ့ရတာ ဖြစ်ပါတယ်..။ ဒါ့အပြင် ထိန်းသိမ်းရခက်ခဲတဲ့ အဝတ်လဲခန်း၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလုံးဝမရှိတဲ့ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမား အစုအဖွဲ့တစ်ခုကို ဆက်လက်၊ သယ်ဆောင်ခဲ့ရတာ ဖြစ်ခဲ့ပါတယ်..။

ဒါဆိုရင် သူဘာတွေကို ပြောင်းလဲပေးနိုင်ခဲ့လဲ..? ချယ်လ်ဆီးအသင်းဟာ အခုအချိန်ထိ ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့ရတဲ့ စူပါစတား ကစားသမားတွေလို့ အမှတ်သညာ ပြုခံရတဲ့ ကစားသမား‌အမှိုက်ပုံကြီး တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်..။ ဘာမှတိုးတက်၊ ပြောင်းလဲလာတာ မရှိသေးပါဘူး..။ ဒါ့အပြင်ပြီးခဲ့တဲ့ မစ်ဒယ်လ်ဘရော့ အသင်းနဲ့ Carabao ဖလား၊ အကြိုဗိုလ်လုပွဲမှာ ကစားပုံဆိုးရွားခဲ့သလို ခရစ်စ်တယ် ပဲလေ့စ်၊ လူတန် တောင်း၊ ပရက်စ်တန် အသင်းတွေမှာ အနိုင်ရခဲ့တဲ့ခြေစွမ်းဟာလည်း အားရဖို့မကောင်းခဲ့ပါဘူး..။



Carabao ဖလားပွဲ၊ အကြိုဗိုလ်လုပွဲအတွက် မဲခွဲတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းဟာ ဖူးလ်ဟမ်း၊ လီဗာပူးလ်အသင်းတွေကို ရှောင်လွှဲနိုင်ခဲ့တာကြောင့် ကံတရားက ကိုယ့်ဘက်မှာ ရှိခဲ့ပါတယ်..။ ဒါပေမယ့် မစ်ဒယ်လ်ဘရော့အသင်းရဲ့ Riverside ကွင်းမှာတော့ သူတို့ဟာနှေးကွေး၊ လေးလံတဲ့ ပေးပို့မှုတွေ၊ ခန့်မှန်းရလွယ်ကူတဲ့ တိုက်စစ်ထိုးဖောက်ပုံတွေနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတဲ့ ခံစစ်ကာကွယ်မှုတွေနဲ့အတူ ကစဉ့်ကလျားပါပဲ..။

ဩဂုတ်လ.. ရာသီစတင်ချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ ဂိုးဧရိယာအတွင်းမှာ စုပြုံပိတ်ဆို့၊ ကစားခဲ့တဲ့ အသင်းတွေကို ထိုးဖောက်ရာမှာ အခက်တွေ့ခဲ့ပါတယ်..။ အဲဒီကနေ အချိန်ကာလ ရွှေ့လျားလာတဲ့နဲ့အမျှ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ လျှပ်တပြတ် ထိုးဖောက်တတ်တဲ့ အသင်းတွေကို အရှုံးပေးခဲ့ရပါတယ်..။ အခုဇန်နဝါရီအထိလည်း အဲဒီအတိုင်းပါပဲ..။ ချယ်လ်ဆီးအသင်းကို အနိုင်ရနိုင်မယ့် ပုံသေကွက်၊ ဖော်မြူလာအဆင်ဟာ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး..။

မှန်ပါတယ်..။ အသင်းဟာ မမျှော်လင့်ထားတဲ့ ဒဏ်ရာပြဿနာကြောင့် ကစားသမားကောင်းတွေ၊ အသင်းကို ဦးဆောင်ပေးနိုင်မယ့်သူတွေ၊ ရှားရှားပါးပါး ဝါရင့်ကစားသမားတွေကို အသုံးမချနိုင်ခဲ့ပါဘူး..။ ဒါပေမယ့် မနေ့က သူတို့ကို အနိုင်ယူသွားခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲက မစ်ဒယ်လ်ဘရော့ အသင်းဟာလည်း အလားတူ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာပါပဲ..။ ဒါ့ကြောင့်ဒုတိယအကျော့ ပွဲစဉ်မှာသာ သူတို့ကို အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် နည်းပြပိုချက်တီနို နဲ့ သူ့ရဲ့အသင်းသားတွေအတွက်က အတော့်ကို ဆိုးရွားလှတဲ့၊ ဘဝပျက်မယ့် ရလဒ်တစ်ခုလို့ ပြောရမှာပါ..။

ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်း မန်နေဂျာအဖြစ်နဲ့ ပိုချက်တီနို ရရှိခဲ့တဲ့ နိုင်ပွဲ (၁၂) ပွဲမှာ (၅) ပွဲဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေ ဖြစ်ကြပါတယ်..။ အဲဒီထဲက သုံးပွဲဟာ AFC ဝင်ဘယ်လ်ဒန်၊ ဘလက်ဘန်း၊ ပရက်စ်တန် အသင်းတွေလို ကိုယ့်ထက်တစ်ဆင့်နိမ့်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေ ဖြစ်ခဲ့ပါတယ်..။ Carabao ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရတယ်..၊ ‘ရှုံးပါတယ်..’ ခင်ဗျာ..။

ဒါ့အပြင် ကွာတားဖိုင်နယ်အဆင့်၊ နယူးကာဆယ်အသင်းနဲ့ပွဲဟာလည်း အိမ်ကွင်းမှာယှဉ်ပြိုင်ခဲ့ရပေမယ့် ရှုံးသင့်တဲ့ပွဲလို့ ပြောခဲ့ရင် သိပ်ပြီးငြင်းစရာ မရှိပါဘူး..။ ပင်နယ်တီ ကန်သွင်းခဲ့တဲ့ အဆုံးအဖြတ်နဲ့ အရယူခဲ့တဲ့ အဲဒီအနိုင်ပွဲမှာ ကီရန် ထရစ်စ်ပီယား ရဲ့ အမှားမပြုလုပ်ခင် မိနစ် (၉၀) အထိ ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းနိုင်မယ့်ပုံ မရှိခဲ့ပါဘူး..။



ပိုချက်တီနို ကတော့ မစ်ဒယ်လ်ဘရော့အသင်းနဲ့ပွဲမှာ အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတယ်လို့ ဆင်ခြေပေးပါတယ်..။ ဒါပေမယ့် အဲဒီအပိုင်အခွင့်အရေး အများစုဟာ ဘိုရိုအသင်းရဲ့ အမှားတွေကြောင့် ရရှိခဲ့တာဖြစ်ပြီး ကိုယ့်အသင်းရဲ့ ထက်မြက်တဲ့ တိုက်စစ်ဖန်တီးမှုတွေကနေ ရရှိလာခဲ့တဲ့ အခွင့်အရေး မရှိသလောက် ဖြစ်ပါတယ်..။

ကောင်းတဲ့အချက်ကတော့ မနေ့ကပွဲဟာ အကြိုဗိုလ်လုပွဲစဉ်တစ်ခုလုံးရဲ့ ပထမပိုင်းပဲ ရှိပါသေးတယ်..။ ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ၁ဂိုး- ဂိုးမရှိနဲ့ ရှုံးထားတယ်ပေါ့ဗျာ..။ အခုအချိန်ထိလည်း သူတို့ဟာဝင်ဘလေကွင်းမှာ ကျင်းပမယ့်ကို ဗိုလ်လုပွဲတက်ရောက်ခွင့်ရမယ့် အသင်းအဖြစ် ရေပန်းစားနေဆဲပါပဲ..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကျင်းပမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ သူတို့ပဲ အနိုင်ရသင့်ပါတယ်..။ ဒါပေမယ့် ပိုချက်တီနို အနေနဲ့ အနိုင်ပွဲသေချာအောင် ပြုလုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။

အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ.. ဆိုရင်တော့ နည်းပြပိုချက်တီနို ဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ဆုဖလားတစ်လုံး ဆွတ်ခူးခွင့်နဲ့ လက်တစ်ကမ်း၊ မိနစ် (၉၀) အကွာကို ရောက်ရှိသွားပါပြီ..။ ဒါဆိုရင် သူ့အပေါ်မှာ ကျရောက်နေတဲ့ ဝေဖန်မှုတွေဟာ နေရောင်နဲ့ထိတဲ့ နှင်းပွင့်တွေအလား.. အငွေ့ပျံ ပျောက်ဆုံး သွားပါလိမ့်မယ်..။ တကယ်လို့ ဆုဖလားကို ကိုင်မြှောက်၊ အောင်ပွဲခံခွင့်ကိုပါ ထပ်မံရရှိခဲ့ဦးမယ်ဆိုရင် အတိတ်က အရိပ်ဆိုးတွေရဲ့ အုပ်မိုးမှုတွေ၊ သူ့အပေါ်မှာ ရှိနေတဲ့ မေးခွန်းတွေအကုန်လုံး လွင့်စဉ်၊ ပျောက်ဆုံးကုန်ပါလိမ့်မယ်…။

ဒါပေမယ့် အာဂျင်တီးနား နည်းပြကြီးနဲ့ သူ့ရဲ့လူငယ် အသင်းသားများဟာ ဇန်နဝါရီလ (၂၄) ရက်နေ့မှာ နောက်တစ်ကြိမ် ယှဉ်ပြိုင်ရမယ့် Carabao ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့မှာ မိုက်ကယ် ကားရစ်ခ် ရဲ့ မစ်ဒယ်ဘရော့ အသင်းကို အနိုင်မရခဲ့ဘူး..၊ အသင်းရဲ့ တိုးတက်လာတဲ့ အရိပ်အယောင်တွေ ထပ်မံ မြင်တွေ့ခွင့်မရခဲ့ဘူးဆိုရင် ‘မန်နေဂျာတွေအတွက် ထိုင်ခုံပူ’ ဆိုတဲ့ ချယ်လ်ဆီးအသင်းရဲ့ အတိတ်အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မှာ မဟုတ်ပဲ လန်ဒန်မြို့ကို စောစောစီးစီး နှုတ်ဆက်ခွဲရသွားမယ့် အလားအလာ ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။     

(The Telegraph မှ ဆောင်းပါးရှင် Luke Edwards ၏ ‘Chelsea look little better under Pochettino than they did with Potter’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)