feature-image

ချယ်လ်ဆီးကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်’ - ကိုးလ် ပါးမား

ချယ်လ်ဆီးအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနေခဲ့သည့် အင်္ဂလန်လူငယ် ကစားသမား ကိုးလ် ပါးမား မှာ Sky Sports ရုပ်သံဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းအစီအစဉ်တွင် သူ၏ငယ်စဉ်က အမှတ်တရများ၊မန်ချက်စတာ စီးတီးအသင်းကို စွန့်ခွာပြီး လန်ဒန်မြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်းနှင့် အသင်းသစ်တွင် အဆင်ပြေနေခဲ့သည့် အကြောင်းများကို အခုလိုဖြေကြားခဲ့ပါသည်..။

မေး - ကိုးလ် ရေ.. ဒီတစ်ခါ ပြုလုပ်တဲ့ တွေ့ဆုံခန်း အစီအစဉ်ကို ဆန်းသစ်တဲ့ အတွေ့အကြုံတစ်ခုရအောင် ဖန်တီးပေးပါတယ်..။ အခုကျွန်တော်ကိုင်ထားတဲ့ notepad ထဲမှာ ခင်ဗျားနဲ့ပတ်သက်ပြီး ပြောကြားခဲ့ကြတဲ့ မှတ်ချက်စကားစုတွေ (quotes) ထည့်ထားပါတယ်..။ ကျွန်တော်က အဲဒီစကားစုတွေ ဖတ်ပြမယ်..၊ ခင်ဗျားက အဲဒီစကားတွေကို ဘယ်သူကပြောခဲ့တယ် ဆိုတာ ပြန်ဖြေပေးရပါမယ်..။ ပြီးရင်အဲဒီစကားတွေရဲ့ နောက်ခံအကြောင်းတွေရောပေါ့ဗျာ.. Okay..?

ကဲ.. စရအောင်ဗျာ..။ ပထမဆုံးအနေနဲ့ ခင်ဗျားက “ကျွန်တော်က လူကောင်ကြီးကြီး၊ သန်မာထွားကြိုင်းတဲ့သူ ဖြစ်ချင်တယ်..” ဆိုပြီး တစုံတယောက်ကို ပြောခဲ့ပါတယ်..။ အဲဒီလူက ခင်ဗျားကို ‘No.. မင်းအဲဒီလို လုပ်လို့မရဘူး..။ မင်းဟာအခုလိုပဲ လူကောင်သေးနေမှဖြစ်မယ်..၊ အဲဒါမှ မင်းရဲ့ဘောလုံးစွမ်းရည် ကျွမ်းကျင်မှုတွေကို အပြည့်အဝ အသုံးချနိုင်မှာ…’ လို့ ပြန်ပြောခဲ့ပါတယ်..။



ကိုးလ် ပါးမား - ကျွန်တော့်ရဲ့ ‘အဖေ’ က ပြန်ပြောခဲ့တာပါ..။ ငယ်တုန်းက ကွင်းထဲမှာ လူတိုင်းလိုလိုက ကျွန်တော့်ထက် လူကောင်ကြီးနေတာကိုးဗျ..။ ဒါ့ကြောင့်လူတိုင်းက ကျွန်တော့်ကို ကျော်ပြေးနေပြီး ဂိုးတွေသွင်းသွားကြတယ်လို့ ထင်နေခဲ့ပါတယ်..။ ကျွန်တော်ဟာ ဘောလုံးမရပဲ တစ်ချိန်လုံးကွင်းထဲမှာ ပတ်ပြေးနေသလို ဖြစ်နေခဲ့တာပေါ့ဗျာ..။ အဲဒါနဲ့ ‘ကျွန်တော်ဟာ အခုထက်လူကောင်ကြီးပြီး လျှင်မြန်ချင်တယ်..၊ ပိုပြီးသန်မာချင်တယ်’ လို့ အဖေ့ကိုသွားပြောခဲ့တာပါ..။

အဖေက ‘မဟုတ်ဘူးကွ..၊ လူတိုင်းက အဲဒီလမ်းကြောင်းအတိုင်း သွားနေကြတာ..၊ မင်းဟာ အဲဒီအတိုင်း သူများတွေနောက်ကိုလိုက်နေစရာ မလိုဘူး..’ လို့ ပြန်ပြောခဲ့ပါတယ်..။ ကံကောင်းစွာနဲ့ပဲ အဖေ့ရဲ့ ညွှန်ကြားချက်ဟာ မှန်ကန်ခဲ့တာပေါ့ဗျာ..။

မေး - Sunday League ပွဲစဉ်တွေလားဗျ..? ခင်ဗျားရဲ့အဖေကရော ပွဲတွေလာကြည့်ရဲ့လား..? သူ့ရဲ့ရှေ့မှာ ကစားပြရတာ ဘယ်လိုနေလဲ..? ပြောပြပေးနိုင်မလား..?
ကိုးလ် ပါးမား - အကုန်လုံး ဘယ်မှတ်မိနိုင်တော့မှာလဲ..။ ပွဲမကန်ခင်၊ ပွဲပြီးတဲ့အချိန်တွေမှာ ဘောလုံးတွေ ထည့်ထားတဲ့ အိပ်ကြီးပေါ် ကနေ ကိုယ့်ထက်ကြီးတဲ့သူများတွေ တစ်ယောက်နဲ့တစ်ယောက် လျောထိုးဖျက်ထုတ်နေတာ ထိုင်ကြည့်နေခဲ့တာကိုပဲ ပြန်မှတ်မိတော့တယ်..။

မေး - ငယ်တုန်းက ဘယ်နေရာမှာ ကစားတာများခဲ့လဲ..? အခု ကစားတဲ့နေရာမှာလား.? တခြားနေရာမှာ စတင်ကစားခဲ့တာလား..?
ကိုးလ် ပါးမား - ညာနောက်ခံလူ နေရာမှာပါ..။ ဂယ်ရီ နဗီးလ် ပေါ့ဗျာ.. ဟားဟား..။



မေး - ရပါပြီ..။ အခုကျွန်တော်ဖတ်ပေးမယ့် မှတ်ချက်ကို ပြောကြားတဲ့သူကိုလည်း ခန့်မှန်းပေးပါဦး..။ “ကျွန်တော်တို့အသင်းက ကိုးလ် ပါးမား ဟာ တကယ့်ကို သူမတူအောင် ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ…။ ပင်နယ်တီဧရိယာထိပ်ကို ရောက်တဲ့အချိန် သူ့ဆီမှာ အင်မတန်မှ ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုရှိနေပါတယ်..။ တကယ့်ကို ရှာမှရှားတဲ့ ပင်ကိုယ် ပါရမီမျိုးပေါ့ဗျာ..။ နောက်ပြီးသူ့ရဲ့ခြေထဲ ရောက်သွားတဲ့ ဘောလုံးအများစုဟာ ဂိုးပိုက်ထဲမှာ အဆုံးသတ်သွားတာ များပါတယ်..။ အဲဒီလို အရည်အသွေးမျိုးကို ရှာဖွေတွေ့နိုင်ဖို့ ခက်ခဲပါတယ်..။”

ကိုးလ် ပါးမား - ‘ပက်ပ် ဂွာဒီယိုလာ’
မေး - သူ့ဆီကနေ အများကြီးသင်ယူခွင့် ရရှိခဲ့မှာပေါ့…

ကိုးလ် ပါးမား -Yeah..! သူ့ဆီကနေ အစစအရာရာ အားလုံး သင်ယူခဲ့ရတာပါ..။ ဘောလုံးကို ဘယ်လိုလက်ခံရမယ်..၊ ဘယ်လိုပေးပို့ရမယ်.. စတဲ့အခြေခံတွေကစ သူ့ဆီကနေ သင်ယူခဲ့ရပါတယ်..။ ရိုးရိုးလေးနဲ့ ဘောလုံးအခြေခံတွေပါပဲ..။ ဒါပေမယ့် အရမ်းကိုထိရောက်တဲ့ နည်းစနစ်၊ အယူအဆတွေ လေ့လာခွင့်ရခဲ့ပါတယ်..။

မေး - ဒါဆိုရင် အသင်းကနေ ထွက်မယ့်အချိန် သူ့ကိုဘယ်လိုပြောခဲ့တာလဲ..? ‘ဘော့စ်.. အတွေ့အကြုံသစ်တွေ ရှာဖွေချင်တဲ့အတွက် ကျွန်တော့်ကို အသင်းကနေ ထွက်ခွင့်ပြုပါ..’ လို့ ပြောခဲ့တာလား..? ခင်ဗျားအတွက် တကယ့်ကို ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက်ဆိုတာ နားလည်ပါတယ်..။

ကိုးလ် ပါးမား - မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာချင်စိတ် ဘယ်တုန်းမှ မရှိခဲ့ပါဘူး..။ အဲဒီကနေ ဘယ်မှမသွားရတော့ဘူး.. လို့လည်း ထင်ခဲ့ပါတယ်..။ ကျွန်တော်က တစ်နှစ်လောက် အဌားထွက်ချင်တယ်..၊ ပြီးမှအသင်းကို ပြန်လာမယ်ပေါ့ဗျာ..။ အဲဒီအချိန်ဆိုရင် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ အသင့်ဖြစ်နေလောက်ပြီလို့ ယူဆခဲ့ပါတယ်..။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို အဌားထွက်သွားလို့ မရဘူး..၊ ဒီမှာဆက်ပြီး နေချင်နေ..၊ အဲဒီလိုမှမဟုတ်ရင် ရောင်းမှာပဲ.. လို့ ပြောပါတယ်..။

အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို ဖုန်းဆက်လာခဲ့ပါတယ်..။ အဲဒါနဲ့ ‘ချယ်လ်ဆီးအသင်းကို ကျွန်တော်သွားချင်တယ်..’ လို့ အသင်းကို အသိပေးပြီး ထွက်ခွာခဲ့ပါတယ်..။ အခုတော့ ချယ်လ်ဆီးအသင်းမှာ အရမ်းကိုပျော်ရွှင်ခဲ့သလို အဲဒီလို ဆုံးဖြတ်ချက် မှန်ကန်ခဲ့တဲ့အပေါ် ကျေနပ်မိပါတယ်..။



မေး - နောက်ထပ် မေးခွန်းတစ်ခု… “အသစ်တွေပါပဲ..။ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်စရပါတယ်…။ အချက်အပြုတ်ကစလို့ လန်ဒန်မြို့ထဲမှာ လမ်းရှာတာကအစ အားလုံးပါတာပေါ့ဗျာ..။ အဝတ်လျှော်စက်ကို ဘယ်လိုသုံးရမယ်.. ဆိုတာကအစ ပြန်လည်လေ့လာခဲ့ရပါတယ်…။ အရင်တုန်းက အမေကပဲ ကျွန်တော့်ရဲ့ အဝတ်တွေ အကုန်လုံးကို လျှော်ပေးခဲ့တာကိုးဗျ..။ အခုချိန်ထိ အမေ့ရဲ့လက်ရာဟာ အကောင်းဆုံးနဲ့ စားလို့အမြိန်ဆုံးပါပဲ…။”

ကိုးလ် ပါးမား - ကျွန်တော် ပြောခဲ့တာပါ.. ဟားဟား..။ အဲဒီအချိန်တုန်းကတော့ ဟုတ်ပါတယ်..။ အခုတော့ အမေလည်း အိမ်ပြန်သွားခဲ့ပါပြီ..။ အစစအရာရာ အဆင်ပြေနေပါတယ်..။
မေး - ကိုယ့်ဟာကိုယ်ချက်ရင် ဘယ်လိုဟင်းမျိုး ချက်တာများလဲ..?
ကိုးလ် ပါးမား - ဟိုစပ်စပ်၊ ဒီစပ်စပ်ပါပဲဗျာ… အင်း… steak တွေ လုပ်စားဖြစ်တာ များတယ်ဗျ..။
မေး - မဆိုးဘူးပဲ.. ဖွယ်ဖွယ်ရာရာ ချက်စားတတ်လာပြီပဲ.. ဟားဟား..
ကိုးလ် ပါးမား - သိပ်မခက်ပါဘူးဗျာ..။
မေး - ဒါဆိုရင် အဝတ်လျှော်စက် အသုံးပြုတာရော အဆင်ပြေပြီလား..?
ကိုးလ် ပါးမား - မဆိုးပါဘူး.. အဆင်နည်းနည်း ချောလာပါပြီ.. ဟားဟား…

မေး - “သူ့ကိုအခုနေရာမှာ ဘာဖြစ်လို့ ကစားခိုင်းရတာလဲ..? ဆိုတော့ သူဟာဘယ်ခြေအားသန်တဲ့ ကစားသမား ဖြစ်နေတာကြောင့်ပါ..။ ဒါ့အပြင် သူ့ဆီမှာ ‘အန်ဂယ် ဒီ မာရီယာ’ နဲ့ ကစားပုံ ဆင်တူတယ်..၊ ဒီ မာရီယာ လက်သစ် ဖြစ်လာနိုင်မယ့် အလားအလာ ရှိနေပါတယ်…။ သူ့ဆီမှာ အာဂျင်တီးနား တောင်ပံ ကစားသမားကြီးနဲ့ တူညီတဲ့ အရည်အသွေးတွေ ရှိနေတာ ဖြစ်တဲ့အတွက် အတော်လေးကို နီးစပ်တယ်လို့ ပြောရမှာပါပဲ..”

ကိုးလ် ပါးမား - ‘မော်ရစ္စစီယို ပိုချက်တီနို (The Gaffer)’ ပြောတာပါ..။ အန်ဂယ် ဒီ မာရီယာ ဟာ တကယ့်ကို သူမတူအောင် ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်.။ ဒါ့ကြောင့်သူနဲ့ နှိုင်းယှဉ်ခံရတယ်.. ဆိုတာဟာ အလွန်အကျွံ ချီးမြှောက်ခံရသလို ဖြစ်နေတာပေါ့ဗျာ..။



မေး - သူ့လိုကစားသမား ဖြစ်လာဖို့အတွက် ဒီအသင်းကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား..?
ကိုးလ် ပါးမား - မှန်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုကိုမှီနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်..။ The Gaffer က အန်ဂယ် နဲ့ အမြဲတမ်း အဆက်အသွယ် ရှိပါတယ်..။ မော်ရစ္စစီယို ဟာ ကစားသမားတွေကို အုပ်ချုပ်တဲ့ နေရာမှာ ထူးချွန်တဲ့ မန်နေဂျာ (man manager) တစ်ယောက် ဖြစ်ပါတယ်..။ အသင်းက ကစားသမားတိုင်းဟာ ကျွန်တော့်လိုပဲ မြင်ကြပါတယ်..။ သူဟာ ကျွန်တော်တို့ ကစားသမားတွေအပြင် အသင်းမှာရှိနေတဲ့ စာဖိုမှူးတွေ၊ အကြောပြင်ဆရာတွေအစ ဝန်ထမ်းအားလုံးနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တာကို တွေ့မိပါတယ်..။ ဒါဟာအသင်းအတွက် သိပ်ကိုကောင်းပါတယ်..။

မေး - အခုလက်ရှိ အသင်းမှာ ပြသနေတဲ့ ခင်ဗျားရဲ့ ခြေစွမ်းဟာ မျှော်မှန်းထားတာထက် ပိုပြီးကောင်းမွန်နေတယ်လို့ မထင်မိဘူးလား..?

ကိုးလ် ပါးမား - Yeah..! မှန်ပါတယ်..။ ငြင်းစရာမရှိပါဘူး..။ ကျွန်တော်ဟာ အသင်းမှာ ပုံမှန်ကစားခွင့်ရရင်..၊ ကိုယ့်ရဲ့အစွမ်းအစကို ပြသခွင့်ရရင်ကို တော်ပါပြီ.. လို့ပဲ ရည်မှန်းထားခဲ့တာပါ..။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုရောက်ကတည်းက ပွဲထွက်လူစာရင်းမှာ တခါတည်းပါခွင့်ရခဲ့သလို မထင်မှတ်ထားတဲ့ ခြေစွမ်းမျိုးနဲ့ အဆင်ပြေ၊ အံဝင်ခဲ့ပါတယ်..။ ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း အံ့ဩမိပါတယ်လို့ ဝန်ခံရမှာပါပဲ..။

မေး - ဟုတ်ကဲ့ပါ..။ မေးခွန်းတွေအကုန်လုံး ဖြေဆိုနိုင်ခဲ့တာကြောင့် အမှတ်ပြည့်နဲ့ ဂုဏ်ထူးထွက်သွားပါတယ်..။ အခုလိုအချိန်ပေးပြီး တွေ့ဆုံ၊ ဖြေကြားပေးတဲ့အပေါ် ကျေးဇူးပါပဲ..။