feature-image

အပြာရောင်တွေရဲ့ ကစားကွက် ဖန်တီးရှင် ဖြစ်လာတဲ့ ‘ကိုးလ် ပါးမား’

ပြီးခဲ့တဲ့စနေနေ့က ဖူးလ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကိုးလ် ပါးမား ဟာ တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် တည်ငြိမ်၊ အေးဆေးစွာ ကန်သွင်းယူပြီး အနိုင်ရလဒ်ကို ဆောင်ယူပေးခဲ့ပါတယ်..။ အဲဒီသွင်းဂိုးဟာ အခုနှစ်ဘောလုံးရာသီမှာ သူ့ရဲ့  (၉) ဂိုးမြောက်သွင်းဂိုး၊ ပင်နယ်တီကန်ချက် (၅) ကြိမ်ကနေ ရရှိခဲ့တဲ့ (၅) ဂိုးမြောက် ပင်နယ်တီသွင်းဂိုး ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့်အဲဒီပွဲမှာ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာကတော့ အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘောကို ရရှိစေခဲ့တဲ့ ရာဟင်း စတာလင်း ဆီကို ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ပေးပို့မှုပဲ ဖြစ်ခဲ့ပါတယ်..။

ပထမပိုင်းပြီးဆုံးဖို့ နာကျင်အချိန်ပို (၂) မိနစ်ပြည့်ခါနီးမှာ ကိုးလ် ပါးမား ဟာ ညာတောင်ပံကနေ အတွင်းကိုချိုးဝင်လာပြီး ကန်သွင်းမယ့်ဟန် ပြလိုက်ပါတယ်..။ ဒါပေမယ့်သူဟာ ကန်သွင်းမယ့်အစား ဘယ်သူမှ မထင်မှတ်မထားခဲ့တဲ့ ပြောင်းပြန်ပေးပို့ချက် (reversed pass) နဲ့ အသင့်နေရာယူထားခဲ့တဲ့ ရာဟင်း စတာလင်း ကို ဖူးလ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီယော့ ရဲ့ နောက်ကနေ လွတ်ထွက်သွားစေခဲ့ပါတယ်..(ပုံ- ၁)။



အဲဒီတဒင်္ဂလေးဟာ ပျင်းစရာကောင်းလှတဲ့ ပထမပိုင်းတစ်ပိုင်းလုံးထဲက ရှားရှားပါးပါး အခိုက်အတန့်လေး ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းအတွက် အဲဒီလိုထက်မြက်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခဲ့တဲ့သူဟာ ကိုးလ် ပါးမား ပဲ ဖြစ်ခဲ့ပါတယ်..။ အခုနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ ထိရောက်မှုအားနည်းခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅) သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် (၂၁) နှစ်သား လူငယ်ကစားသမားလေးဟာ ပရီးမီးယားလိဂ် ရပ်ဝန်းမှာပါ အကောင်းဆုံး ထိပ်တန်းအဆင့် စွမ်းဆောင်ပြနေခဲ့တဲ့သူတွေထဲမှာ ပါဝင်နေပါတယ်..။

အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘော မရရှိခင်အချိန်ထိ ချယ်လ်ဆီးအသင်းဟာ ဖူးလ်ဟမ်းဘက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ခြင်းမရှိပါဘူး…။ ဒါပေမယ့် အဲဒီပွဲက ကိုးလ် ပါးမား ရဲ့ ပေးပို့မှုတွေကို အသေးစိတ် ပြန်လည်လေ့လာကြည့်မယ်ဆိုရင် ရာဟင်း စတာလင်း ကို လွတ်ထွက်သွားလုနီးပါး ဖန်တီးခဲ့တဲ့ ပေးပို့မှုတွေကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပါတယ်..။



အခုအပေါ်မှာ ပြသထားတဲ့ ပူးတွဲပုံ (ပုံ- ၂) မှာဆိုရင် ကိုးလ် ပါးမား ဟာ အက်ဆယ်လ် ဒီဆာဆီ ရဲ့ ပေးပို့မှုကို တစ်ချက်ထိန်းပြီး အသင့်နေရာယူထားတဲ့ မန်ချက်စတာ စီးတီးအသင်းဖော်ဟောင်းဆီကို လှလှပပ ပေးပို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဖူးလ်ဟမ်းနောက်ခံလူ ကင်နီ တက်တေး ရဲ့ ဖျက်ထုတ်နိုင်မှုကြောင့်သာ ရာဟင်း ဟာ လွတ်ထွက်မသွားခဲ့တာပါ..။

အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ - ၃) မှာဆိုရင် ပွဲချိန် (၃၁) မိနစ်မှာ ပါးမား ဟာ ဂျာအို ပါလ်ဟင်ဟား ရဲ့ တွန်းတိုက်ဖျက်ထုတ်မှုကို ကျော်ဖြတ်ပြီး နောက်ခံလူ အန်တိုနေး ရော်ဘင်ဆင် ကို တစ်ချက်ခေါက်လိုက်ပါတယ်..။ သူ့ရဲ့စိတ်ကြိုက် ညာတောင်ပံရဲ့ အတွင်းဘက်ခြမ်း (inside right) နေရာကို ရောက်လာချိန်မှာတော့ ဘယ်တောင်ပံမှာ အသင့်စောင့်နေတဲ့ ရာဟင်း စတာလင်း ထံ ပေးပို့ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ကင်နီ တက်တေး ကပဲ ပိတ်ဆို့နိုင်ခဲ့ပါတယ်..။


ဒါပေမယ့် ကိုးလ် ပါးမား ဟာ ရာဟင်း စတာလင်း အတွက် ပေးပို့မှုတွေကို ထပ်တလဲလဲ ပြုလုပ်ခဲ့ရာမှာ နောက်ဆုံးမှာတော့ သူ့ရဲ့ကြိုးစားမှု အရာထင်ခဲ့သလို အပြာရောင်ပရိသတ်ဟာလည်း သူ့ရဲ့အမှတ်တရ ‘ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ဟန်ပန်’ အောင်ပွဲခံမှုနဲ့အတူ ကျေနပ်ခဲ့ရပါတယ်..။

ဖူးလ်ဟမ်းနဲ့ပွဲမှာ သူနဲ့တွဲဖက်ညီခဲ့တဲ့ ရာဟင်း စတာလင်း ကလည်း ပါးမား ဟာ နေရာယူမှု ကောင်းမွန်ပြီး ချိန်သားကိုက် ပေးပို့မှုတွေ ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်ကြောင်း ချီးမွမ်းပြောကြားခဲ့သလို မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာ ကလည်း သူ့ရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည်အပေါ် အခုလိုမှတ်ချက် ပေးခဲ့ပါတယ်..။

“ကိုးလ် ဟာ ဂိုးဧရိယာထိပ်ကို ရောက်လာပြီဆိုရင် သူမတူအောင် ထူးခြားတဲ့ အရည်အချင်း ရှိပါတယ်..။ အဲဒီစွမ်းရည်က ဘာလဲဆိုတော့ အဲဒီနေရာမှာ သူဆီကိုဘောလုံးရတာနဲ့ ဂိုးပိုက်ထဲမှာ အဆုံးသတ်သွားတာ များပါတယ်..။ အဲဒီလိုပါရမီ အရည်အသွေးမျိုး ရှာဖွေတွေ့နိုင်ဖို့ ခက်ခဲပါတယ်..။”

ပါးမား ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ မိုးပြာရောင်အင်္ကျီနဲ့ သူ့ရဲ့ပါရမီ အရည်အသွေးကို တောက်ပြောင်လာအောင် ပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်..။ ဒါပေမယ့် နည်းပြဂွာဒီယိုလား ဟာ အခြားဦးစားပေး ရွေးချယ်စရာတွေ ရှိနေတာကြောင့် သူ့ကိုရောင်းချဖို့အတွက် နောက်တွန့်ခဲ့ပုံ မရခဲ့ပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ အခုလိုခြေစွမ်းတွေပြ၊ တောက်ပြောင်လာဖို့အတွက် ဌာနေဟောင်းကို ရဲရဲဝံ့ဝံ့ စွန့်ခွာရဲတဲ့ လူငယ်ကစားသမားလေးရဲ့ သတ္တိနဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကိုပဲ ချီးကျူးရမှာပါ..။  



အခုနှစ်ဘောလုံးရာသီမှာ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် open play expected assists ဆိုတဲ့ ဂိုးရနိုင်မယ့် ဖန်တီးမှုပိုင်းဆိုင်ရာ တိုင်းတာတဲ့ စွမ်းဆောင်ရည်မှာ သူဟာတစ်ပွဲကို ပျမ်းမျှ (ဝ.၃၁) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူ့ထက်စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားဆိုလို့ မန် စီးတီးအသင်းက ဂျယ်ရမီ ဒိုကူ ပဲ ရှိပါတယ်..။ ဒါ့အပြင် တိုက်စစ်မှူးတွေရဲ့ ပြေးလမ်းကြောင်းတွေထဲကို ပေးပို့မှုဖြစ်တဲ့ through balls တွေ ပြုလုပ်ပေးမှုမှာ ထရန့် အလက်ဇန်းဒါး အာနိုးလ် ထက် ပိုကောင်းခဲ့ပြီး သူ့ထက်သာလွန်တဲ့သူဆိုလို့ ဝက်စ်ဟမ်းအသင်းက လူးကပ်စ် ပါကွဲတား ပဲ ရှိပါတယ်..(ပုံ- ၄)။

ပါးမား ဟာ အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနေတဲ့သူ ဖြစ်နေပါတယ်..။ သူဟာညာတောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ထိုးဖောက်ရင်းနဲ့ တစ်ဖက်အသင်းအတွက် အန္တရာယ်တွေ ဖန်တီးပေးတတ်သလို ကွင်းလယ်ဖန်တီးရှင် (No. 10) နေရာကနေလည်း တိုက်စစ်မှူးတွေကို ဖန်တီးပေးနေသူ ဖြစ်ပါတယ်..။ နည်းပြမော်ရစ္စစီယို ဟာ သူ့ကိုအဲဒီနေရာ နှစ်ခုစလုံးမှာ အလျဉ်းသင့်သလို အသုံးပြုပြီး အသင်းကို ပံ့ပိုးစေခဲ့ပါတယ်..။

ကိုးလ် ပါးမား ရဲ့ ဂိုးဖန်တီးမှုပိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာကြည့်မယ်ဆိုရင် သူဟာအမှန်တကယ် ဂိုးဖန်တီးမှု (assists) (၄) ကြိမ် ပြုလုပ်ထားခဲ့ပြီး သူ့ရဲ့ ‘ဂိုးရနိုင်မယ့် ဖန်တီးမှု (expected assists total)’ စုစုပေါင်းဟာ (၄.၃၀) ကြိမ် ရှိပါတယ်..။ သူဟာအခုနှစ်ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု (၄) ကြိမ်နဲ့အထက် ပြုလုပ်နိုင်တဲ့ ကစားသမား (၉) ယောက်ထဲမှာ ပါဝင်နေပါတယ်..။



လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ထားတဲ့ ပီဒရို ပေါ်ရို (တော့တင်ဟမ်) နဲ့ (၆) ကြိမ် ပြုလုပ်ထားတဲ့ ပါစကယ် ဂရော့စ် (ဘရိုက်တန်) တို့ရဲ့ ‘ဂိုးရနိုင်မယ့် ဖန်တီးမှု (expected assists total)’ စုစုပေါင်းဟာ ပါးမား ထက် နည်းနည်းလေးပဲ သာလွန်ပါတယ်..။ ဒါ့ကြောင့်ကိုးလ် ပါးမား အနေနဲ့ အမှန်တကယ် ဂိုးဖန်တီးမှု နည်းပါးရတဲ့ အကြောင်းရင်းထဲမှာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းအဆုံးသတ်ပိုင်း အားနည်းချက်ကြောင့်လည်း ပါဝင်နေပါတယ်..။

ဒါ့အပြင် လက်ရှိချယ်လ်ဆီးအသင်းမှာ ရာဟင်း စတာလင်း ကလွဲရင် ကျန်တဲ့အသင်းဖော်တွေဟာ ကိုးလ် ပါးမား ရဲ့ လျှင်မြန်တဲ့အတွေးစတွေနဲ့ လျှက်တစ်ပြက် ဖန်တီးမှုတွေကို နားလည်၊ လိုက်ပါနိုင်စွမ်း နည်းပါးနေပါတယ်..။ အဲဒီအချက်တွေကို ပြီးခဲ့တဲ့ ဖူးလ်ဟမ်းနဲ့ပွဲမှာ ထပ်မံမြင်တွေ့ခဲ့ရပြန်ပါတယ်..။



ပထမပိုင်း (၁၅) မိနစ်မှာ ပါးမား ဟာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပေးပို့မှုကို သူ့ရဲ့နေရာဖြစ်တဲ့ ညာဘက်ခြမ်းကနေ လက်ခံယူပြီး ဂိုးဧရိယာထိပ်မှာ ရှိနေတဲ့ ကော်နာ ဂါလက်ချာ ဆီ တစ်ချက်ထိနဲ့ မနားတမ်း ပေးပို့ခဲ့ပါတယ်..။ ဒါပေမယ့် အင်္ဂလန်ကွင်းလယ် ကစားသမားဟာ သူ့ဆီကနေ ဘောလုံးရောက်လာမှာ မျှော်လင့်ထားပုံမရခဲ့ပါဘူး..။ ဒါ့ကြောင့်သေသေချာချာ မထိန်းနိုင်ခဲ့ပဲ မသေမသပ်နဲ့ ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ဂိုးဘာတန်းကျော်သွားခဲ့ပါတယ်..(ပုံ- ၅)။

အောက်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၆) မှာဆိုရင် သူဟာဖူးလ်ဟမ်းအသင်းက အန်တိုနေး ရော်ဘင်ဆင် နဲ့ အင်ဒရီယက်စ် ပါရဲယား တို့နှစ်ယောက်ကြားကနေ အာမန်ဒို ဘရိုဂျားစ် ဆီကို ပေးပို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အာမေးနီးယား တိုက်စစ်မှူးဟာ အဲဒီဘောလုံးကို လက်ခံရယူဖို့ ကြိုတင်မျှော်လင့် မထားခဲ့တာကြောင့် ကန်သွင်းဖို့ အသင့်မဖြစ်ခဲ့ပါဘူး..။



ဒါ့အပြင် ပွဲချိန် (၆၆) မိနစ်မှာဆိုရင် ကိုးလ် ပါးမား ဟာ လူစားဝင် ကစားသမား နိုနီ မာဒူအီကေး ရဲ့ ပေးပို့မှုကို ဂိုးဧရိယာထိပ်မှာ လက်ခံရယူပြီး တစ်ချက်လှည့်ထွက်ကာ ရှေ့မှာရှိနေတဲ့ ကော်နာ ဂါလက်ချာ ဆီ အရောက်ပေးပို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း ဂါလက်ချာ ဟာ ဘောလုံးထိန်းဖို့ ကြိုးစားရာမှာ များသွားခဲ့တာကြောင့် ဂိုးသမား ဘန်းဒ် လီနို အသာအယာပဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်..(ပုံ- ၇)။



ဒီတစ်ကြိမ်မှာတော့ ပါးမား ဟာ သူ့ရဲ့စိတ်ပျက်မှု၊ အသင်းဖော်တွေအပေါ် မချင့်မရဲ အားမရမှုတွေကို ဟန်မဆောင်နိုင်ခဲ့ပါဘူး..။ အဲဒီပွဲမှာ ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ပင်နယ်တီသွင်းဂိုးဟာ အသင်းရဲ့ အနိုင်ရလဒ်အတွက် လုံလောက်သွားခဲ့ပါတယ်..။ နောက်ပိုင်းပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်ပိုင်း တိုးတက်လာခဲ့ပေမယ့် နည်းပြပိုချက်တီနို အနေနဲ့ အသင်းသားတွေကြားမှာ အချင်းချင်းနားလည်မှု၊ အချိတ်အဆက် ပိုပြီးကောင်းမွန်လာအောင် ကြိုးစားဖို့ လိုအပ်နေပါသေးတယ်…။

ကိုးလ် ပါးမား ရဲ့ တိုးတက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့သူ နောက်တစ်ယောက်ကတော့ အင်္ဂလန် လက်ရွေးစင်အသင်းနည်းပြ ဂါရတ် ဆောက်ဂိတ် ပဲ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် စတင်ခေါ်ယူခဲ့ပြီး မော်လ်တာ၊ မြောက် မက်စီဒိုးနီးယား အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပဖလား ခြေစစ်ပွဲစဉ်တွေမှာ လူစားဝင် ကစားသမားအဖြစ် ထည့်သွင်း ကစားစေခဲ့ပါတယ်..။

အခုဆိုရင် သူဟာ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့ အလားအလာကောင်းတွေ အများကြီးရှိလာပြီဖြစ်ပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင်.. လို့ပြောရအောင် အခုလက်ရှိအချိန်မှာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံရနိုင်ဖို့ရှိနေတဲ့ တခြားတိုက်စစ် ကစားသမားတွေဟာ ရုန်းကန်နေရပါတယ်..။



လွန်ခဲ့တဲ့ သုံးနှစ်က ကျင်းပခဲ့တဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲမှာ ဂါးရတ် ဆောက်ဂိတ် ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျာဒွန် ဆန်ချို၊ ဂျက်ခ် ဂရေးလစ်ချ် နဲ့ ရာဟင်း စတာလင်း တို့ကို ရွေးချယ်ခဲ့ပေမယ့် အခုလက်ရှိအချိန်မှာ ကိုးလ် ပါးမား ရဲ့ ခြေစွမ်းဟာ အဲဒီကစားသမားတွေထက် ပိုပြီးသာလွန်နေတာ အငြင်းပွားစရာ မရှိပါဘူး..။

ချယ်လ်ဆီးအသင်းဟာ ကိုးလ် ပါးမား ရဲ့ ပံ့ပိုးမှု၊ အကျိုးကျေးဇူးတွေကို လက်ရှိအချိန်မှာ ခံစားနေရပြီ ဖြစ်ပါတယ်..။ ဒါပေမယ့် သူဟာအပြာရောင်တွေရဲ့ မျှော်လင့်ချက်၊ အိပ်မက်သစ်တွေကို ဘယ်လောက်ထိ တွန်းတင်ပေးသွားနိုင်မလဲ..? ဆိုတာက နောက်ထပ်မေးခွန်းတစ်ခုဖြစ်ပြီး အခုအချိန် ဖြေဆိုနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး..။ သေချာတာကတော့ မန်ချက်စတာ စီးတီးအသင်းကနေ ရောက်ရှိလာတဲ့ လူငယ် ကစားသမားလေးရဲ့ခြေစွမ်းဟာ အသင်းဖော်တွေထက် ခေါင်းတစ်လုံးသာနေတာကြောင့် သူ့ရဲ့အသင်းဖော်တွေ အနေနဲ့ အေးစက်၊ တည်ငြိမ်လှတဲ့ အပြာရောင် ကွင်းလယ်ဖန်တီးရှင် အသစ်လေးရဲ့ ပံ့ပိုးမှုတွေကို မိမိရရ အသုံးချနိုင်ဖို့၊ သူ့ရဲ့ခြေစွမ်းကို အမှီလိုက်နိုင်ဖို့သာ လိုအပ်နေပါတော့တယ်..။

(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Cole Palmer: Former Man City youngster showing his passing prowess but Chelsea are struggling to capitalise’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)