feature-image

အပြာရောင်တွေဟာ ကော်နာ ဂါလက်ချာ ကို ထွက်ခွာခွင့် ပေးတော့မှာလား..?

‘၂၀၂၄ ခုနှစ်..’ နှစ်သစ်ကို ကူးပြောင်းလို့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကနေ အခုရာသီအကုန်ထိ ရက်သတ္တပါတ်တွေဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကွင်းလယ် ကစားသမား ‘ကော်နာ ဂါလက်ချာ’ ရဲ့ အနာဂတ်အတွက် အရေးပါတဲ့အချိန်ကာလတွေ ဖြစ်လာနိုင်ပါတယ်..။

နည်းပြ မော်ရစ္စစီယို ပိုချက်တီနို ကတော့ အခုအပြောင်းအရွှေ့ကာလမှာ ကစားသမား အသစ်ခေါ်ယူဖို့ လိုအပ်လာခဲ့မယ်ဆိုရင်တောင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို အရင်ဦးစွာ ရောင်းချရဖို့ လိုအပ်လိမ့်မှာ မဟုတ်ဘူးလို့ အသင်းဘုတ်အဖွဲ့က အာမခံချက်ပေးခဲ့ကြောင်း ဇန်နဝါရီလဆန်းပိုင်းက ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီနိုင်ဖို့အတွက် ကော်နာ ဂါလက်ချာ၊ အာမန်ဒို ဘရိုဂျားစ်၊ ဒါမှမဟုတ် ထရေဗာ ချာလိုဘာ တို့လို ငွေကြေးအမြတ်အစွန်း မြိုးမြိုးမြက်မြက် ရနိုင်မယ့် အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချဖို့ လိုအပ်လာလိမ့်မယ်.. ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေခဲ့ပါတယ်..။

ဒါ့ကြောင့်ဇန်နဝါရီလထဲ ချင်းနင်းဝင်ရောက်လာပြီး အချိန်ကြာလာတဲ့အမျှ ဂါလက်ချာ ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုမိုလှုပ်ခပ်လာခဲ့သလို လက်စ်တာ စီးတီးအသင်းကို အဌားချထားတဲ့ အီတလီ လူငယ်ကြယ်ပွင့် ဆီဇာရီ ကာဆာဒီ ကို အဆောတလျင် ပြန်လည်ခေါ်ယူလိုက်ခြင်းဟာ အဲဒီထင်မြင်ချက်တွေ၊ သတင်းတွေကို လောင်စာမီး ထိုးပေးလိုက်သလိုပါပဲ..။



ဒါပေမယ့် ကော်နာ ဂါလက်ချာ ဟာ နည်းပြ မော်ရစ္စစီယို ပိုချက်တီနို ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် မရှိမဖြစ်တဲ့ပုံစံ ပါဝင်နေရတဲ့အပြင် ဝါရင့်ကစားသမားတွေ မပါဝင်နိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူနေရပါတယ်..။ ဒါ့ကြောင့်သူနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေအကြောင်း မဆွေးနွေးခင် ကော့ဘ်ဟမ် အကယ်ဒမီထွက် ကစားသမားလေးရဲ့ စွမ်းဆောင်ရည်တွေကို အရင်ဆုံးလေ့လာကြည့်ပါမယ်..။

ကော်နာ ဂါလက်ချာ နဲ့ သန်းတစ်ရာတန် ကွင်းလယ် ကစားသမားများ…

အခုနှစ်ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းအတွက် ‘မှန်းချက်နဲ့မကိုက်ခဲ့တဲ့’ ဒုတိယမြောက်ရာသီ ဖြစ်လာခဲ့ပေမယ့် ဂါလက်ချာ ကတော့ ရှားရှားပါးပါး တောက်ပခဲ့တဲ့ ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။ အစောကဖော်ပြခဲ့သလို နည်းပြမော်ရစ္စစီယို ရဲ့ ယုံကြည်အားကိုးမှုကို အပြည့်အဝရရှိခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို အခုအောက်ကပူးတွဲပုံမှာ မြင်တွေ့နိုင်ပါတယ်..။

နည်းပြပိုချက်တီနိ ဟာ အင်္ဂလန်လူငယ် ကွင်းလယ် ကစားသမားကို အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်ဆီဒို တို့လို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) တန် ကစားသမားတွေနဲ့ တွဲဖက်ပြီး တာဝန်ပေးခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ တောင်အမေရိက ကြယ်ပွင့်ကစားသမားတွေထက် သာလွန်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမားတွေရဲ့ တိုက်စစ်ပိုင်း ပံ့ပိုးပေးနိုင်မှုဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ တစ်ပွဲကိုပျမ်းမျှ ဂိုးဖန်တီးပေးနိုင်မှု (assists per 90 min)၊ အခွင့်အရေး ဖန်တီးပေးနိုင်မှု (chances per 90 min)၊ တိုက်စစ်ဇုန် ပေးပို့မှုတွေ (final third passes) နဲ့ ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်မှု (take-ons) တွေမှာ သူဟာ အင်ဇို၊ မွိုက်စ် တို့ထက် သာလွန်ခဲ့သလို ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေမှာလည်း သူကပဲ ပိုပြီးကောင်းမွန်ခဲ့ပါတယ်..။



အဲဒီစွမ်းဆောင်ရည် အချက်အလက် နှိုင်းယှဉ်ချက်တွေဟာ ဖာနန်ဒက်စ် နဲ့ ကိုင်ဆီဒို တို့ရဲ့ အပြာရောင်တွေနဲ့ တာထွက်မကောင်းမှုကို ပြသခဲ့သလို အသင်းရဲ့ကွင်းလယ်မှာ ဂါလက်ချာ ရဲ့ အရေးပါမှုတွေကို မီးမောင်းထိုး ပြသနေတာလည်း ဖြစ်ခဲ့ပါတယ်..။

ကော်နာ ဂါလက်ချာ ရဲ့ တန်ဖိုးကို နားလည်ထားတဲ့ ပိုချက်တီနို

အာဂျင်တီးနား နည်းပြကြီးဟာ ချယ်လ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမားနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါတိုင်း တစိုက်မတ်မတ် ချီးကျူးခဲ့တဲ့အပြင် အသင်းရဲ့အနာဂတ်မှာ သူ့ရဲ့အရေးပါမှုတွေကို သာသာထိုးထိုး ဖြေကြားလေ့ရှိပါတယ်…။ တကယ့်လက်တွေ့မှာလည်း ဂါလက်ချာ ရဲ့ လုပ်အားနှုန်း၊ ပေးဆပ်မှုတွေဟာ သူ့ရဲ့ကစားကွက် အခင်းအကျင်းရဲ့ အသည်းနှလုံးလိုပါပဲ..။

အထူးသဖြင့် ပြိုင်ဘက်တွေကို ကြမ်းကြမ်းတမ်းတမ်း၊ တွန်းတွန်းတိုက်တိုက် ရင်ဆိုင်ပြီး ကွင်းလယ်တိုက်ပွဲ အသာစီးရယူရာမှာ ကော်နာ ဂါလက်ချာ ရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေဟာ အရေးပါခဲ့ပါတယ်..။ သူဟာလက်ရှိ ပရီးမီးယားလိဂ်မှာ ကျန်တဲ့ကစားသမားတွေထက် ပြစ်ဒဏ်ဘောအကြိမ်ရေ အနည်းဆုံး (၁၃) ကြိမ် ပိုမိုကျူးလွန်ထားပြီး ပြစ်ဒဏ်ဘောအကြိမ်ရေ (၄၇) ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ပြစ်ဒဏ်ဘော အများဆုံးပေးရတဲ့ (most fouls conceded) ကစားသမား ဖြစ်နေပါတယ်..။



နည်းပြပိုချက်တီနို ဟာ ကော့ဘ်ဟမ် အကယ်ဒမီထွက် ကစားသမားနဲ့ ပတ်သက်ပြီး Sky sports သတင်းဌာနရဲ့ ဒီဇင်ဘာလတုန်းက မေးမြန်းချက်ကို အခုလိုဖြေကြားခဲ့ပါတယ်..။

“ကော်နာ ဟာကျွန်တော့်ရဲ့အသင်းက အသင်းခေါင်းဆောင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်..။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် ကျွန်တော်အထူးကျေနပ်ပါတယ်..။ ကျွန်တော့်ရဲ့ ကစားကွက်ထဲမှာ ပါဝင်ခွင့်ရနေတယ်ဆိုတာ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေလို့ပဲ ဖြစ်ပါတယ်..။ သူ့အပေါ် အပြည့်အဝ ယုံကြည်ထားလို့ရသလို သူဟာကျွန်တော်တို့ရဲ့ အနာဂတ် အစီအမံထဲမှာ ပါဝင်နေပါတယ်..။”

သူ့ရဲ့ပြောကြားချက်ဟာ ကော်နာ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်တွေကို သွယ်ဝိုက် အသိပေးတာ ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် သူ့လိုလုပ်အားနှုန်း၊ ပေးဆပ်မှုတွေအပြင် စိတ်ဓါတ်၊ ခံယူချက်နဲ့ အပြာရောင်တွေအကြောင်း အတွင်းသိအစင်းသိ ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်ကို ဆုံးရှုံးလိုက်မယ်ဆိုရင် ဘယ်လောက်အထိ အထိနာသွားနိုင်သလဲ..? မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်..။

အထူးသဖြင့် အပြာရောင်တွေရဲ့ သမိုင်းအစဉ်အလာ၊ သူဖြတ်သန်း ကြီးပြင်းလာခဲ့ရတဲ့ အပြာရောင် ပတ်ဝန်းကျင် ဂန္တဝင်ကြီးတွေဆီက အရိုက်အရာ ဆက်ခံမှုတွေဟာ ပုံတူကူးချယူလို့ မရနိုင်ပါဘူး..။ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီကို အသက် (၈) နှစ်သား အရွယ်ကတည်းက စတင်ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် ကစားသမားလေးရဲ့ သွေးထဲမှာ ချယ်လ်ဆီးအသင်းရဲ့ အနိုင်မခံ၊ အရှုံးမပေးတတ်တဲ့ မျိုးဆက်အမွေ၊ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာ DNA အပြည့်အဝ ပါရှိနေပါတယ်..။ အဲဒီခံယူချက်၊ စိတ်ဓါတ်တွေကို သူ့ရဲ့ခြေစွမ်းကနေတဆင့် ပြသလျှက်ရှိပါတယ်..။ အနိုင်ပွဲတွေမှာ သူ့ရဲ့အောင်ပွဲခံတဲ့ပုံစံတွေ၊ အရှုံးရလဒ်တွေအပေါ် နာကျင်မှုတွေမှာ ဟန်ဆောင်မှုတွေ မပါဝင်ခဲ့ပါဘူး..။ ဒါတွေကို တုပယူလို့ မရပါဘူး..။


 
တခါတလေ တစ်ချို့ပွဲစဉ်တွေမှာ သူဟာ တကိုယ်တော် တိုက်ပွဲဝင်နေသလို မြင်နေရတဲ့အခါတွေတောင် ရှိခဲ့ပါတယ်..။ ရှုံးမှာသေချာနေပြီ ဖြစ်တဲ့အချိန်တွေမှာ အချို့ကစားသမားတွေဟာ ကြိုးစား၊ အားထုတ်မှု လုံးဝမပြတော့ပေမယ့် သူကတော့ အသင်းဖော်တွေကို အမြဲတမ်း တွန်းအားပေး၊ မောင်းနှင်နေခဲ့သလို ဘောလုံးတွေကအစ တစ်လုံးဆိုတစ်လုံး မရမက သဲကြီးမဲကြီး လိုက်လံ ဖျက်ထုတ်နေဆဲပါပဲ..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ အဲဒီလို မဆုတ်မနစ် ကြိုးစား၊ ပေးဆပ်လေ့ရှိတဲ့ ကစားသမားတွေ များများစားစား ရှိမနေတာကို သတိပြုမိကြမှာပါ..။

အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေချိန်မှာတောင် မဆုတ်မနစ် ကြိုးစားနေတတ်တဲ့ သူ့ရဲ့ပေးဆပ်မှု၊ လုပ်အားနှုန်းတွေဟာ အခြားအသင်းများစွာကို ဆွဲဆောင်နေပြီး လန်ဒန်မြို့ခံပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်အသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့ အသည်းအသန် စိတ်ဝင်စားနေပါတယ်..။ အနောက်လန်ဒန်ကနေ မြောက်လန်ဒန်ကို ခရီးတိုလေး ပြောင်းရွှေ့ပြီး အသင်းသစ်မှာ အထိုင်ကျဖို့ဆိုတာ သူတို့လို လန်ဒန်မြို့သား တစ်ယောက်အတွက် အင်မတန် လွယ်ကူနိုင်ပေမယ့် အပြာရောင်တွေရဲ့ ကော့ဘ်ဟမ် အကယ်ဒမီနားက Surrey အရပ်မှာ မွေးဖွားခဲ့တဲ့ ကော်နာ ကတော့ အဲဒီလိုမဟုတ်ပါဘူး..။

သူဟာချယ်လ်ဆီးအသင်းအတွက်ပေးဆပ်စရာ အများကြီးရှိနေသေးတယ်.. လို့ ခံယူထားသလို အပြောင်းအရွှေ့သတင်းတွေ၊ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ဖိအားတွေဟာ သူ့ရဲ့ပေးဆပ်မှုတွေကို နည်းနည်းလေးမှ ယိမ်းယိုင်သွားစေခြင်း မရှိခဲ့ပါဘူး..။ တကယ်တော့ ကော်နာ ဂါလက်ချာ လို ကစားသမားမျိုးဟာ ပရိသတ်တွေရဲ့ စိတ်နှလုံးကို သိမ်းကြုံးနိုင်တဲ့ ဘောလုံးစွမ်းရည်မြင့် ကြယ်ပွင့်ကစားသမားမျိုး မဟုတ်ပါဘူး..။

ဒါပေမယ့် သူဟာလက်ရှိ ချယ်လ်ဆီးအသင်းကို မောင်းနှင်ပေးနေသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် တောက်ပခွင့်ရချင်တဲ့ လူငယ်အကယ်ဒမီ ကစားသမားတိုင်းအတွက် စံပြပုဂ္ဂိုလ်အနေနဲ့ သူဟာအသင်းမှာဆက်ပြီး ရှိနေသင့်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်..။ ဒါ့အပြင် သူ့လိုကစားသမားကို ခါးသီးတဲ့ မြို့ခံပြိုင်ဘက် အသင်းတစ်သင်းဆီ ရောင်းချလိုက်ခြင်းအားဖြင့် အသင်းရဲ့အမာခံ ပရိသတ်တွေဆီက ရရှိလာနိုင်မယ့် တုံ့ပြန်မှုတွေဟာ ပြင်းထန်လာနိုင်ဖို့ ရှိနေပါသေးတယ်..။



ချယ်လ်ဆီးအသင်းက သူတို့လိုကစားသမားတွေကို ရောင်းချဖို့ ဘာကြောင့်စဉ်းစားနေတာလဲ…?

အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် နဲ့ ဒုတိယ အသင်းခေါင်းဆောင် ဘင် ချီးဝဲလ် တို့နှစ်ယောက်ဟာ ဒဏ်ရာကြောင့် ပွဲစဉ်အတော်များများ မပါဝင်နိုင်ခဲ့တာကြောင့် ကော်နာ ဂါလက်ချာ ဟာ အခုနှစ်ဘောလုံးရာသီရဲ့ ပွဲတစ်ဝက်ကျော်လောက်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်..။ ဒါ့အပြင် စွမ်းဆောင်ရည် အချက်အလက်တွေအရ သူဟာအခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား ဖြစ်နေပြီး မန်နေဂျာကလည်း သူ့ရဲ့အစီအမံတွေထဲမှာ ပါဝင်နေကြောင်း အသိပေးခဲ့ပြီး ဖြစ်ပါတယ်..။ ဒါဆိုရင် အသင်းက ဘာကြောင့်ရောင်းချဖို့ စဉ်းစားနေရတာလဲ..?

အတိုချုပ်ပြီး ဖြေရမယ်ဆိုရင် ‘ငွေ’ ကြောင့်ပါပဲ..။

ဇန်နဝါရီလ (၁၅) ရက်နေ့.. ဆိုတာ သာမာန် ဘောလုံးပရိသတ်အများစုအတွက် ဘာမှအရေးမပါတဲ့ နေ့ရက်တစ်ခု ဖြစ်နိုင်ပေမယ့် ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် အခုနှစ်ကစပြီး လာမယ့်နှစ်အဆက်ဆက်မှာ ပြက္ခဒိန်ထက် အမှတ်အသား ပြုထားရမယ့် နေ့တစ်နေ့ ဖြစ်လာနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ အသင်းတွေရဲ့ ပြီးခဲ့တဲ့ရာသီက ‘အရှုံးအမြတ်ခံနိုင်ရည် သတ်မှတ်ချက်စည်းမျဉ်း (profits and sustainability rules – PSR)’ အတိုင်း လိုက်နာမှုရှိ၊ မရှိကို နှစ်စဉ်ဇန်နဝါရီ (၁၅) ရက်နေ့ရောက်တိုင်း အသိပေးသွားမှာ ဖြစ်တဲ့အတွက်ပါပဲ..။

ဒီနှစ်မှာ အဲဗာတန်၊ နော့တင်ဟမ် ဖောရက်စ် အသင်းများဟာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိကြောင်း အသိပေးခံခဲ့ရသလို ချယ်လ်ဆီးအသင်းဟာလည်း အဲဒီစည်းမျဉ်း သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့လိမ့်မယ်.. လို့ သံသယတွေ ရှိခဲ့ကြပါတယ်..။ ဒီနှစ်မှာတော့ အပြာရောင်တွေဟာ အဲဒီ PSR သတ်မှတ်ချက်တွေအတိုင်း လိုက်နာနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီနဲ့ နောက်လာမယ့် ရာသီတွေကျရင် ချယ်လ်ဆီးအသင်းဟာ အဲဒီဘဏ္ဍာရေး စည်းမျဉ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာနိုင်ဖို့ ဖြစ်ပါ့မလား..? ဆိုပြီး စိုးရိမ်ရမယ့် အနေအထား ရှိနေပါတယ်..။



ချယ်လ်ဆီးအသင်းဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့သလို အခုနှစ်အမှတ်ပေးဇယား ရပ်တည်မှုအနေအထားအရ လာမယ့်နှစ်မှာလည်း ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရနိုင်မယ့် အလားအလာ နည်းပါးနေပါတယ်..။ အဲဒီလို ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ဆီက ဝင်ငွေရလမ်း မရှိတော့မယ့် အလားအလာ၊ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ (၃) ရာသီမှာ စတာလင်ပေါင် (၁) ဘီလီယံ သုံးစွဲခဲ့တဲ့ အခြေအနေတွေကြောင့် ကော်နာ ဂါလက်ချာ တို့လို ကော့ဘ်ဟမ် လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားတွေ ရောင်းချပြီး ဝင်ငွေမြှင့်တင်ဖို့ဟာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် နည်းလမ်းတစ်ခု ဖြစ်လာပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်မွေးခြံပေါက် ကစားသမားတွေဟာ သူတို့ကို ဝယ်ယူစဉ်က တစ်ပြားတစ်ချပ်မှ ကုန်ကျခဲ့တာ မရှိတဲ့အတွက် သူတို့ကိုရောင်းချရတဲ့ ပြောင်းရွှေ့ကြေးဟာ အသင်းရဲ့ အသားတင် အမြတ်ငွေ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ လူငယ်အကယ်ဒမီထွက် မေဆန် မောင့် ကို ရောင်းချခဲ့သလို ထရေဗာ ချာလိုဘာ၊ အာမန်ဒို ဘရိုဂျားစ် တို့ဟာလည်း အဲဒီခြေလှမ်းအတိုင်း ဆက်ပြီးလိုက်လာဖို့ ရှိနေပါတယ်..။ ဒါ့အပြင် ကော်နာ ဂါလက်ချာ ဆိုရင် အသင်းနဲ့စာချုပ်သက်တမ်း (၁၈) လပဲ ကျန်တော့တာကြောင့် ရောင်းချဖြစ်ဖို့ အလားအလာ ပိုပြီးနီးစပ်လာတယ်လို့ ပြောလို့ရပါတယ်..။

ဒါပေမယ့် အခုလိုငယ်မွေးခြံပေါက် ကစားသမားတွေကို အမြတ်အစွန်းနဲ့ အသင်းရဲ့ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းတွေအတွက် ရောင်းချရတယ်.. ဆိုတဲ့အရာဟာ နားထောင်ကောင်းလှတဲ့ စကားလုံးတွေ၊ လှပတဲ့ပုံရိပ်တွေ မဟုတ်ခဲ့ပါဘူး..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ (၃) ရာသီမှာ စည်းလွတ်၊ ဝါးလွတ် ငွေသုံးကြမ်း၊ လက်သံပြောင်ခဲ့လို့လည်း အခုလိုအခြေအနေ ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်..။ အခုဆိုရင် အသင်းအတွက် အလိုအပ်ဆုံး အခြေအနေမှာ လက်ရှိခြေစွမ်းအကောင်းဆုံး၊ နည်းပြရဲ့ အားအကိုးရဆုံး ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်ကို လက်လွှတ်ရမယ့်ပုံစံ ဖြစ်နေခဲ့ပါပြီ..။

တကယ်တော့ တော့ဒ် ဘိုလေး၊ ဘီဒက် အက်ဂ်ဘာလေ တို့ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့စဉ်က ပေးထားခဲ့တဲ့ ကတိတွေ၊ ပြောစကားတွေအရ အခုလက်ရှိ အခြေအနေဟာ ချယ်လ်ဆီးပရိသတ်တွေ မြင်တွေ့ချင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး..။ ဒါပေမယ့် မကြာတော့မယ့် အနာဂတ်ကာလမှာ ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ပြစ်ဒဏ်တွေ ကျခံရမယ့် အလားအလာတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေဟာ အသင်းပရိသတ်တွေရဲ့ ပြစ်တင်၊ ဝေဖန်မှုတွေကို ခါးစည်းခံရင်း ကော်နာ ဂါလက်ချာ အပါအဝင် လူငယ်အကယ်ဒမီခြံပေါက် ကစားသမားတွေကို ရောင်းချခြင်းနဲ့ ဖြေရှင်းရမယ့်နည်းလမ်းကို မလွဲသာ၊ မရှောင်သာ ရွေးချယ်သွားနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports မှ ဆောင်းပါးရှင် Laura Hunter နှင့် Joe Shread တို့၏ ‘Conor Gallagher: Why Chelsea cannot afford to lose best-performing midfielder in January transfer window’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)