Carabao ဖလား၊ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက မစ်ဒယ်ဘရော့ အသင်းအား ၆ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ခြေစွမ်းနှင့် သွင်းဂိုးများ၊ ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ ၏ အနာဂတ်အလားအလာနှင့် ပွဲစဉ်သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်းနဲ့ မစ်ဒယ်ဘရော့ တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ်၊ မစ်ဒယ်ဘရော့နှင့် ချယ်လ်ဆီး ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာ နှင့် ချယ်လ်ဆီး အမျိုးသမီးအသင်း ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော စကားဝိုင်းအစီအစဉ်မှတဆင့် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
မာ့ခ် ချက်ပ်မန်း - ဂျင်မီ ရေ.. ခင်ဗျားတို့ စတန်းဖို့ဒ် ဘရစ်ချ်တစ်ကွင်းလုံးမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ‘ဝင်ဘလေ.. ဝင်ဘလေ..’ ဆိုပြီး ကြွေးကြော်နေကြတာပဲဗျ..။ အခုအောက်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) ထဲက ပွဲစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဘောလုံးပိုင်ဆိုင်မှု (possession) ပိုင်းမှာ ချယ်လ်ဆီးက (၆၂ %) ရာခိုင်နှုန်းနဲ့ မစ်ဒယ်ဘရော့အသင်းက (၃၈ %)၊ ချယ်လ်ဆီးဘက်က ရသင့်တဲ့သွင်းဂိုး (expected goals) (၂.၉၇) ဂိုးနဲ့ ပြိုင်ဘက်အသင်း ပင်နယ်တီ ဧရိယာထဲက ထိချက် (touches in opp. Box) တွေမှာလည်း နှစ်ဆနီးပါးပါပဲ..။
ဒါ့အပြင် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ ဘောလုံးပြန်လည်အရယူနိုင်မှု (poss. Won in final third) အပိုင်းမှာလည်း ချယ်လ်ဆီးက (၁၆) ကြိမ် ဘောလုံးပြန်လည် လုယူနိုင်ခဲ့ပြီး ချန်ပီယံရှစ် အသင်းထက် လေးဆလောက် ပိုပြီးများခဲ့တယ်ဗျ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - Yeah..! မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ပထမအကျော့တုန်းကထက် ပိုပြီးတွန်းတွန်းတိုက်တိုက် ဖိအားပေး (aggressive) ကစားခဲ့ပါတယ်..။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပါတ်ကနဲ့ အဓိက ကွာခြားသွားခဲ့တဲ့အချက်က ဂိုးသွင်းအဆုံးသတ်ပိုင်းမှာ ဖြစ်ပါတယ်..။ ပထမအကျော့ ပွဲစဉ်မှာ သူတို့ဟာ အပိုင်အခွင့်အရေး သုံးကြိမ်လောက်ကို လွဲချော်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်..။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ.. ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ အများကြီး ပြောခဲ့ကြတာ ရှိပါတယ်..။ နည်းပြပိုချက်တီနို ရဲ့လက်ထက် ဟိုးအရင်ပွဲတွေမှာလည်း သူတို့ဟာ ball possession တွေ၊ expected goals သွင်းဂိုးတွေမှာ စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ်..။ ဒါပေမယ့် ရရှိတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်အခုနောက်ပိုင်း ပွဲစဉ်တွေက စွမ်းဆောင်ရည်တွေအရဆိုရင် မော်ရစ္စစီယို ပိုချက်တီနို နဲ့ ချယ်လ်ဆီးအသင်းဟာ ပုံမှန်ကစားဟန် (pattern of play) တစ်ခု ရရှိခဲ့ပြီလို့ ပြောနိုင်ပြီလားဗျ..
ကယ်ရင် ကာနေး - ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းအဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး.. ‘No.9’ တစ်ယောက် အလိုရှိနေတဲ့အကြောင်း ကျွန်မတို့တွေ အာပေါက်မတတ် ပြောခဲ့ကြပါတယ်ရှင့်..။ ဒါပေမယ့် ဒီနေ့မှာတော့ (၆) ဂိုးသွင်းပေးခဲ့တယ်..၊ ပြည်တွင်းဖလား ပြိုင်ပွဲတစ်ခုမှာ ဗိုလ်လုပွဲရောက်ခဲ့တယ် ဆိုတော့ အသင်းရဲ့ အခုနှစ်ရာသီ ရည်မှန်းချက်တစ်ခုလည်း ပြည့်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်..။ အဲဒါကြောင့် ကျွန်မတို့ဟာ အရမ်းကြီးအဆိုးမြင်ပြနေလို့ မရနိုင်ပါဘူး..။
ဒါပေမယ့် သူတို့တွေဟာ နောက်ဆုံးဗိုလ်လုပွဲမှာ ဖလားရနိုင်တဲ့ခြေစွမ်း၊ အဆင့်မျိုး မရောက်သေးဘူးလား.. လို့ပါ..။ ဒါကကျွန်မရဲ့တစ်ဦးချင်း ယူဆချက်လည်း ဖြစ်ချင်ဖြစ်မှာပါ..။ ဒါ့ကြောင့်ပရိသတ်တွေရဲ့ ကျေနပ်အားရမှု၊ သည်းသည်းလှုပ်လှုပ် အားပေးမှုတွေကို ကြည့်ရတာ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်တဲ့ အသင်းကို အားပေးတဲ့ပုံစံမျိုးနဲ့ တူမနေသေးပါဘူး..။ အမှန်တော့ ဒီလိုအကြို ဗိုလ်လုပွဲမျိုးကို အနိုင်ရခဲ့တယ်ဆိုရင် ပရိသတ်တွေရဲ့ အခုထက်ပိုပြီး အားရပါးရ အားပေးသင့်တယ်..၊ ပိုပြီးကျယ်ကျယ်လောင်လောင် ဂုဏ်ပြုသင့်တယ်လို့ ထင်မိတာပါပဲ..။ အထူးသဖြင့် မော်ရစ္စစီယို နဲ့ သူ့ရဲ့လူငယ်အသင်းဟာ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို ပြန်ပြီးအရယူနိုင်ဖို့ ပြန်ပြီးကြိုးစားရပါဦးမယ်..။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..။ ဒါ့ကြောင့်လည်း ဒီနေ့အနိုင်ပွဲဟာ မော်ရစ္စစီယို အတွက် သိပ်ကိုအရေးကြီးခဲ့ပါတယ်..။ ပြီးခဲ့တဲ့ (၆) လလုံးလုံးမှာ သူဟာအသင်းရဲ့ စီမံချက်အပေါ် ယုံကြည်မှုရှိဖို့ (trust the process)၊ စိတ်ရှည်ရှည်နဲ့ အချိန်ပေးကြဖို့ တောက်လျှောက်ပြောလာခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုယုံကြည်မှုရှိလာဖို့ဆိုရင် ခြေလှမ်းတိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တွေကို (milestones) ချန်ထားနိုင်ဖို့ လိုအပ်သေးတာကိုးဗျ..
ကယ်ရင် ကာနေး - ကျွန်မတို့ဟာ ‘ချယ်လ်ဆီး’ အကြောင်း ပြောနေတာ ဖြစ်တာကြောင့် အသင်းရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာတွေကို ချန်ထားခဲ့လို့ မဖြစ်ဘူးရှင့်..။ ပရိသတ်တွေကလည်း နိုင်ပွဲတွေ၊ အောင်မြင်မှုတွေနဲ့ အသားကျနေပြီ ဖြစ်တာကြောင့် ဘာမှအကောင်အထည် မမြင်ရပဲနဲ့ ‘ယုံကြည်ပေးပါ..၊ ယုံကြည်ပေးကြပါ..’ ဆိုပြီး ပြောနေတာကို လက်ခံပေးနိုင်ဖို့ ခက်ခဲပါလိမ့်မယ်…။ ဒါပေမယ့် ပိုချက်တီနို ဟာ အခြေအနေတွေအပေါ် ရိုးရိုးသားသား ဝန်ခံခဲ့တာ အကြိမ်ကြိမ်ပါပဲ..။
အဲဒီလိုအခက်အခဲတွေကြားကနေ အခုအချိန်မှာ ပြည်တွင်းဖလားတစ်ခုကို ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဟာ သူတို့အတွက် ကျေနပ်စရာပါ..။ ဒါ့အပြင် FA ဖလားမှာလည်း နောက်ထပ်တိုက်ပွဲဝင်ဖို့ ကျန်နေပါသေးတယ်..။ ဒါ့ကြောင့်အခုလက်ရှိ အနေအထားအပေါ် တော့ဒ် ဘိုလေး တို့ အသင်းတွေဘက်ကည်း အတိုင်းအတာတစ်ခုထိ ကျေနပ်ပေးကြပါလိမ့်မယ်..။ ဒါပေမယ့် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ဆိုရင် လက်ရှိအသင်းကို အတွေ့အကြုံရင့် ကစားသမားတွေ ထပ်ပြီးအားဖြည့်ရဦးမယ်..၊ အထောင်တိုက်စစ်မှူး ‘No.9’ စစ်စစ် တစ်ယောက် လိုအပ်နေပါသေးတယ်..။ အဲဒီလိုအပ်ချက် နှစ်ခုကိုသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်းဟာ အတော်လေးကို ပြောင်းလဲသွားမှာပါ..။ ဒါပေမယ့် အခုလက်ရှိအနေအထားအပေါ် ပိုချက်တီနို အနေနဲ့ ကျေနပ်တယ်.. ဆိုရင်လည်း ကန့်ကွက်စရာ မရှိပါဘူး..။
မာ့ခ် ချက်ပ်မန်း - ဂျင်မီ ရေ.. ခင်ဗျားကတော့ (၆) ဂိုးသွင်းပြီး နောက်ဆုံးဗိုလ်လုပွဲ တက်သွားတာကို အဲဒီလောက် ရင်မခုန်ပဲ ပေါ့ဆဂိုးတစ်ဂိုး ပေးလိုက်ရတာကို ပိုပြီးပေါက်ကွဲနေခဲ့တယ်နော်.. ဟားဟား..
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - မှန်တာပေါ့ဗျ..။ ပေးဂိုးမရှိ clean sheet ရဖို့ဟာ အရေးကြီးပါတယ်..။ ဂိုးပေးလိုက်ရရင် ဘယ်လောက်တောင် ဒေါသထွက်ဖို့ကောင်းသလဲ.. ဆိုတာ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ မာ့ခ် ရှဝါဇာ တို့လို ဂိုးသမားတွေကိုလည်း မေးကြည့်လို့ရပါတယ်..။
ဒီပွဲမှာ (၆) ဂိုးသွင်းထားတဲ့အတွက် (၁) ဂိုးပြန်ပေးလိုက်ရတာ ကိစ္စမရှိဘူးလို့ ပြောကြမှာပေါ့..၊ ဒါပေမယ့် ဒီလိုပွဲမျိုးဆိုတာ ရှားရှားပါးပါးပါ..။ အများစုက တစ်ဂိုးလောက်ပဲ ကွာခြားကြမှာ..။ ဒါ့ကြောင့် အသင်းတစ်သင်းဟာ clean sheet ရဖို့ဆိုတာ အကျင့်တစ်ခုလို တစိုက်မတ်မတ် ရှိနေရပါမယ်..။ အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာဖို့ဆိုရင် ကိုယ့်ရဲ့အသင်းသားတွေကလည်း အဲဒီလိုခံစားချက်နဲ့ အာရုံစူးစိုက်မှုမျိုး ရှိနေရပါမယ်..။
မာ့ခ် ချက်ပ်မန်း - တကယ်လို့သာ Carabao ဖလား၊ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အသင်းနဲ့ ပရိသတ်တွေထဲမှာ လက်ရှိအသင်းရဲ့ အနာဂတ်စီမံချက်အပေါ် ယုံကြည်မှုတွေ ပိုပြီးတိုးပွားလာနိုင်တာပေါ့…၊ ဟုတ်တယ်မလားဗျ..?
မာ့ခ် ရှဝါဇာ - မှန်တာပေါ့..၊ အဲဒီအချက်ဟာ အတော်လေး အဓိကကျပါတယ်..။ တကယ်တမ်း ပြောရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးတယ်.. ဆိုပေမယ့် အဆင့် (၆) နေရာကအသင်းနဲ့ (၄) မှတ်ပဲ ကွာတာကို သတိချပ်မိဖို့ လိုပါတယ်..။ ဒါ့ကြောင့်အချိန်အများကြီး ရှိနေပါသေးတယ်..။ သူတို့အသင်းအတွက် ဆက်လက်တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေပါသေးတယ်..။
ကျွန်တော်တို့အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း ‘ပထမဆုံးဖလားဟာ အင်မတန်မှ အရေးကြီးတဲ့အကြောင်း’ အမြဲတမ်း ပြောခဲ့ပါတယ်..။ ဒါ့ကြောင့်လိဂ်ဖလား.. Carabao ဖလား.. ဆိုပေမယ့် အနိုင်ရဖို့ အင်မတန် အရေးကြီးပါတယ်..။ အဲဒီလို ဆုဖလားကို ဆွတ်ခူးနိုင်လိုက်တဲ့ ယုံကြည်မှု၊ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်သွားနိုင်မယ်ဆိုရင် အသင်းသားတွေအပေါ်မှာ သက်ရောက်မှု ကြီးမားပါလိမ့်မယ်..။
ပြည်တွင်းဖလား ဗိုလ်လုပွဲရောက်တယ်..၊ ဗိုလ်စွဲတယ်ဆိုတာ အသင်းတစ်သင်းကို မြှားပေါ်တင်ပြီး ပစ်လွှတ်လိုက်သလိုပါပဲ..။ ဒါ့အပြင်အသင်းရဲ့အနာဂတ်အတွက် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်တစ်နေရာ.. ရဖို့ကလည်း အရေးကြီးပါတယ်..။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ပြန်ပြီး သုံးသပ်ရမယ့် ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးဟာ (၆) ဂိုးတောင် ရှိပါတယ်..။ ကဲ… ဂျိုနသန် ဟော်ဆန် ကိုယ့်ဂိုးကိုယ် သွင်းမိသွားတဲ့ ပထမဆုံးဂိုးနဲ့ အရင်စကြတာပေါ့..
ကယ်ရင် ကာနေး - အသင်းရဲ့လူစာရင်းမှာ ပြန်ပြီးပါဝင်လာနိုင်ခဲ့တဲ့ ဘင် ချီးဝဲလ် ဟာ အဲဒီသွင်းဂိုးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။ မစ်ဒယ်ဘရော့ နောက်တန်းလူတွေကြားကနေ ရာဟင်း စတာလင်း ကို ထိုးပေးလိုက်တဲ့ ပေးပို့မှုဟာ တကယ့်ကို သပ်ရပ်ခဲ့ပါတယ်..။ ဘရိုဂျားစ် ဟာ စတာလင်း ရဲ့ ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့သင့်ပေမယ့် ဟော်ဆန် က ကံမကောင်းခဲ့ဘူးလို့ ပြောရမှာပါပဲ..။
ဒါပေမယ့် ဘင် ချီးဝဲလ် ဟာ ကွင်းလယ်ကနေ ဘောလုံးဖျက်ဆွဲလာချိန် မစ်ဒယ်ဘရော့အသင်းရဲ့ နောက်တန်းခံစစ်ကြောင်း နေရာယူပုံကို အခုပူးတွဲပုံ (ပုံ- ၂) မှာ မြင်တွေ့နိုင်ပါတယ်..။ သူတို့တွေရဲ့ နေရာယူထားပုံဟာ သိပ်သည်းမှုမရှိသလို နေရာလွတ်တွေပေးတာ သိပ်ကိုများလွန်းနေတယ်ရှင့်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ညာတောင်ပံဘက်ကနေ လူအင်အား အသာစီးနဲ့ (overload) ထိုးဖောက်သွားခဲ့တာပါ..။ ဒါပေမယ့် ချီးဝဲလ် ရဲ့ ပေးပို့မှုကိုတော့ ထည့်သွင်း ချီးကျူးရမှာပါ..။
မာ့ခ် ချက်ပ်မန်း - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ဘယ်တောင်ပံက ဖာနန်ဒက်စ် နဲ့ ချီးဝဲလ် တို့ဟာ အတွင်းမှာ နေရာယူထားများပြီး မစ်ဒယ်ဘရော့အသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြား နေရာလွတ်တွေကနေ အသုံးချသွားကြပါတယ်..။ အင်ဇို ဖာနန်ဒက်စ် ရဲ့ ဒုတိယဂိုးမှာဆိုရင် သူတို့ကို တစ်ဦးချင်း လူကပ်ကစားဖို့ မစီစဉ်ခဲ့တာကြောင့် ပေးလိုက်ရတာလို့ ပြောနိုင်ရဲ့လားဗျ..
မာ့ခ် ရှဝါဇာ - ပိုချက်တီနို ဟာ ဘက်မညီတဲ့ တိုက်စစ်အခင်းအကျင်းကို အသုံးပြုခဲ့တာ တွေ့မိပါတယ်..။ တောင်ပံတစ်လျှောက် ထိုးဖောက်မှုတွေအားလုံးဟာ ရာဟင်း စတာလင်း တို့ ဘယ်တောင်ပံ ဘက်ကပဲ ဖြစ်နေခဲ့ပါတယ်..။ မူဒရပ်ခ် ဟာ ပွဲချိန်အတော်များများ အတွင်းမှာပဲ ရှိနေခဲ့ပါတယ်..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ - ၃) မှာဆိုရင် အင်ဇို ဟာ ဂိုးဧရိယာထဲကို အဝေးကြီးကနေ အတော်လေး နောက်ကျပြီးမှ (very late run) ရောက်ရှိလာတာဆိုတော့ လူကပ်ကစားဖို့ ခက်ပါလိမ့်မယ်..။
သူဟာဂိုးဧရိယာကို ဝင်လာတဲ့အချိန် အနီးဂိုးတိုင်ဘက်မှာ လူတွေများနေတာကြောင့် အဝေးဂိုးတိုင်ဘက်ကို ပြေးပြီးအသင့်စောင့်နေဖို့ အလောင်းအစား လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာထ မှန်ကန်သွားခဲ့တယ်ပေါ့ဗျာ..။ ကံကောင်းတာလည်း ပါတယ်ဆိုပေမယ့် ကွင်းလယ် ကစားသမားတွေအတွက် ဂိုးဧရိယာအတွင်း အချိန်ကိုက် ပြေးဝင်မှုတွေသာ အတိအကျ ဖြစ်နေဖို့ လိုအပ်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - အင်ဇို ရဲ့ ဂိုးဧရိယာထဲ ပြေးဝင်သွားတဲ့ပုံကို သေသေချာချာ ကြည့်မယ်ဆိုရင် ပင်နယ်တီကန်တဲ့ အမှတ်အသားဘက်ကို အရင်ပြေးပြီးမှ အဝေးတိုင်ဘက်ကို လမ်းကြောင်းပြောင်းပြီး စောင့်နေခဲ့တာပါ..။ အဲဒီလိုပြေးဝင် နေရာယူပုံကို မြင်မိတော့ ဖရန့် လမ်းပတ် ကို သတိရမိပါတယ်..။ ဘောလုံးရောက်လာမယ့်နေရာကို မှန်းဆတဲ့နေရာမှာ ဖရန့် ကို ဘယ်သူမှမမှီပါဘူး..။ ဒီလိုစောင့်..၊ ဒီလိုနေရာယူ.. ဆိုပြီး သင်ပေးလို့လည်း မရပါဘူး..။
မာ့ခ် ချက်ပ်မန်း - ချယ်လ်ဆီးအသင်းမှာ အင်ဇို ဖာနန်ဒက်စ် အတွက် ကွင်းလယ်မှာ အသင့်တော်ဆုံးနေရာက ဘယ်နေရာမှာ.. လို့ ထင်မိလဲဗျ..
ကာရင် ကာနေး - သူဟာကွင်းလယ် အဖျက်သမား (holding midfielder) လို့တော့ ကျွန်မ မထင်မိပါဘူး..။ သူ့ဆီမှာ ဘောလုံးအရယူပြီး တိုက်စစ်ကို အမြန်ဆုံးစတင်နိုင်တဲ့ အရည်အသွေးမရှိပါဘူး..။ သူ့ဆီမှာ တိုက်စစ်အားသန် ကွင်းလယ် ကစားသမား (attacking midfielder) တစ်ယောက်ရဲ့ အရည်အသွေးအားလုံး ရှိနေပါတယ်..။ ပိုချက်တီနို ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ပဲ ယုံကြည်ပါတယ်..။
ရာသီအစပိုင်းက နည်းပြနဲ့ စကားပြောဖြစ်ခဲ့တဲ့အချိန်တုန်းက သူ့ဆီမှာ အင်ဇို ဖာနန်ဒက်စ် အတွက် သီးသန့်အစီအမံတစ်ခု ရှိနေတာကို သတိပြုမိခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးဟာ သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးခဲ့ရတယ်..၊ ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ခဲ့တယ်.. ဆိုတော့ မျှော်လင့်ချက် အရမ်းကြီးမားနေတာလည်း ပါတာပေါ့ရှင့်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - ကျွန်တော်လည်း ခင်ဗျားပြောတာ သဘောတူပါတယ်..။ သူဟာကွင်းလယ် အဖျက်ကစားသမား ‘No.6’ မဟုတ်ပါဘူး..။ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ကျွန်တော်မြင်ခဲ့ဖူးတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လီယွန်နယ် မက်ဆီ နဲ့ အနီးကပ်တွဲဖက်ပြီး ကစားခဲ့တဲ့အချိန်တုန်းက ဖြစ်ပါတယ်...။ အဲဒီပြိုင်ပွဲမှာ သူ့ရဲ့ကစားခဲ့ပုံဟာ တကယ့်ကိုဘာမှ အပြစ်ပြောစရာ တစ်ကွက်မှ မရှိခဲ့ပါဘူး.။ ဒါ့ကြောင့်သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ပြန်ပြီးရရှိနိုင်ဖို့ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခဲ့သလို သူ့ရဲ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ကစားခွင့်ပေးနိုင်မှ ရနိုင်မယ်လို့ ထင်ပါတယ်..။
အဲဒီလိုနည်းအားဖြင့် အင်ဇို ဟာ ဂိုးဧရိယာထဲမှာ ပေါ်လာတဲ့နေရာလွတ်တွေကို အသုံးချနိုင်မယ်..၊ အသင်းဖော်တွေအတွက် နေရာလွတ်တွေ၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်..။ သူဟာအသင်းဖော်တွေအတွက် တိုက်စစ်ဆင်နိုင်ဖို့ ဘောလုံးတွေ အများကြီးပေးပို့နေပေမယ့် အဲဒီဘောလုံးတွေဟာ အလဟသဖြစ်ကုန်ပြီး ဘောလုံးဆုံးရှုံးမှု များနေပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို တိုက်စစ်အားသန်တဲ့ box to box ကွင်းလယ်ကစားသမား.. ‘No.8’ တစ်ယောက်လိုပဲ မြင်ထားပါတယ်..။ ဒါမှမဟုတ် ‘No.10’ နေရာမှာလည်း ကစားနိုင်ပါလိမ့်မယ်..။
မာ့ခ် ရှဝါဇာ - အင်ဇို ဟာ ကွင်းလယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ ပိုပြီးနေရာယူတာ များခဲ့တာကြောင့် မိုင်ဟေးလ်လို မူဒရပ်ခ် နဲ့ မကြာခဏ လူထပ်နေတာ တွေ့မိပါတယ်..။ ဖြစ်ချင်တော့ မူဒရပ်ခ် ဟာ အချိန်အတော်များများ အတွင်းကိုဝင်ပြီး ကစားနေတာကြောင့် အသင်းဖော်တွေက မူဒရပ်ခ် ကို တောင်ပံအစွန်ဘက်ထွက်ပြီး ကစားဖို့ ပြောနေကြတာ ခင်ဗျားတို့သတိပြုမိပါလိမ့်မယ်..။ ဒါပေမယ့် မူဒရပ်ခ် ဟာ အတွင်းမှာပဲ လာပြီးကစားနေခဲ့တာပဲဗျ..။ ဒါ့ကြောင့် အင်ဇို ဟာ အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်..။ ပထမပိုင်းတစ်ပိုင်းလုံးမှာ မူဒရပ်ခ် ဟာ တောင်ပံတစ်လျှောက်ဆွဲပြီး အတွင်းကိုချိုးပေးလိုက်တဲ့တစ်ကြိမ်မှာပဲ အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့တာကို တွေ့မိပါတယ်..။
ဒုတိယပိုင်းမှာကျတော့ စတာလင်း ဟာ ဘယ်တောင်ပံကို ရောက်လာခဲ့ပြီး သူနဲ့စတာလင်း ကြားမှာ နားလည်မှုပိုပြီး ကောင်းခဲ့ပါတယ်..။ စတာလင်း က သူ့အတွက် နေရာလွတ်တွေ ပိုပြီးဖန်တီးပေးနိုင်ခဲ့သလို ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်းတွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်..။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ…။ ချယ်လ်ဆီးအသင်းမှာက အင်ဇို ဖာနန်ဒက်စ်၊ မိုင်ဟေးလ်လို မူဒရပ်ခ် တို့လို သူတို့ရဲ့အကောင်းဆုံးခြေစွမ်း ရရှိလာအောင် ဘယ်လိုကစားခိုင်းရင် ကောင်းမလဲ..? ဆိုပြီး ပဟေဠိ ဖြစ်နေတဲ့ တခြားကစားသမားတွေ ရှိနေသေးတယ်ဗျ..။ အဲဒီထဲမှာ နောက်တန်းက အက်ဆယ်လ် ဒီဆာဆီ လည်း ပါဝင်ပြီး သူဟာ ညာနောက်ခံ အစွန်လူနေရာနဲ့ ပိုပြီးသင့်တော်သလား..? ဒါမှမဟုတ် ဗဟိုနောက်ခံလူ နေရာနဲ့ပိုပြီး လိုက်ဖက်ရဲ့လား..? ဒါမှမဟုတ် သူဟာအဲဒီနှစ်နေရာစလုံးမှာ ကစားပေးနိုင်တဲ့သူ ဖြစ်နိုင်မလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - သူဟာညာနောက်ခံလူ နေရာမှာရော၊ ဗဟိုခံစစ်နေရာမှာပါ ကစားနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါပေမယ့် သူ့ကိုညာနောက်ခံလူ နေရာမှာပိုပြီး သဘောကျမိပါတယ်..။ ပွဲချိန် (၃၆) မိနစ်မှာ ရရှိခဲ့တဲ့ တတိယဂိုးမှာဆိုရင် သူဟာမစ်ဒယ်ဘရော့ အသင်းရဲ့ ပေးပို့မှုကို ကွင်းလယ်ကနေ ဖြတ်ဆွဲသွားပြီး တိုက်စစ်ကို တောက်လျှောက်လိုက်ပါသွားတယ်..၊ ပြီးတော့ စတာလင်း ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို လှလှပပ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်..။
ကျွန်တော်ထင်တာ မမှားဘူးဆိုရင် စတာလင်း ရဲ့ ပေးပို့မှုဟာ အရှိန်ပါတာကြောင့် အခုလိုဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို မနားတမ်းကန်သွင်းပေးနိုင်ဖို့ဆိုတာ မလွယ်ဘူးဗျ..။ စတာလင်း ကို ဖန်တီးပေးလိုက်တဲ့ ဘောလုံးဆိုရင်လည်း မစ်ဒယ်ဘရော့ အသင်းရဲ့ပေးပို့မှုကို တခါထဲဖြတ်ဆွဲရင်းနဲ့ ဖန်တီးပေးတာပါ..။ ဘောလုံးဖျက်ထုတ်လိုက်တဲ့အရှိန်နဲ့ နောက်ထပ်တစ်ချက်ထပ်ပြီး ပေးဖို့မလိုဘူးဆိုတာ သိလိုက်တာကြောင့် သူဟာဂိုးဧရိယာထဲကိုပြေးဝင်ပြီး အသင့်နေရာယူ၊ စောင့်နေခဲ့ပါတယ်..။ စတာလင်း ရဲ့ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကလည်း အတော်လေးကို ကောင်းပါတယ်..။
ကယ်ရင် ကာနေး - ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံမှာ သူရယ်၊ စတာလင်း နဲ့ ကွင်းလယ်မှာ ကိုးလ် ပါးမား တို့ရဲ့ တြိဂံတွဲလုံးဟာ နားလည်မှုပိုပြီး ကောင်းတယ်လို့ ကျွန်မထင်မိပါတယ်..။ ဘောလုံးကစားတဲ့နေရာမှာ ကစားသမားတွေအချင်းချင်း နားလည်မှုကောင်းမွန်ပြီး အချိတ်အဆက်မိနေဖို့ကလည်း အရေးကြီးတာကိုး..။ ဒါ့ကြောင့်ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတဲ့ပွဲလို့လည်း ပြောလို့ရပါတယ်..။ ဒါ့အပြင် ပထမပိုင်းမှာ အသင်းရဲ့တိုက်စစ် အတော်များများဟာ ညာတောင်ပံဘက်ကပဲ လာခဲ့တာပါ..။
မာ့ခ် ရှဝါဇာ - ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ပိုပြီးတိုက်စစ်ဟန်ချက် (balance) ကောင်းခဲ့တယ်လို့ ထင်ပါတယ်..။ ဒုတိယပိုင်းမှာ မာဒူအီကေး က ညာတောင်ပံမှာ ဝင်ရောက်ကစားခဲ့ပြီး ရာဟင်း စတာလင်း က ဘယ်တောင်ပံကို ထွက်သွားခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းမှာ သူတို့တွေရဲ့ တိုက်စစ်တွဲလုံးတွေဟာ ပိုပြီးညက်ညော (fluid) လာတယ်၊ အချိတ်အဆက် မိလာပါတယ်..။ ပထမပိုင်းမှာ ရခဲ့တဲ့ လေးဂိုးစလုံးကတော့ ခင်ဗျားပြောခဲ့သလို ညာဘက်အခြမ်းက ထိုးဖောက်တွေမှုတွေကပဲ ရရှိခဲ့တာ ဖြစ်ပါတယ်..။
မာ့ခ် ချက်ပ်မန်း - Riverside ကစားကွင်းမှာ ကျင်းပခဲ့တဲ့ ပထမအကျော့ ပွဲစဉ်တုန်းက မစ်ဒယ်ဘရော့ အသင်းဟာ ကိုးလ် ပါးမား အတွက် အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး.. ဟားဟား..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အဲဒီလိုမဟုတ်ခဲ့ဘူးဗျ… မာ့ခ် ရေ..
မာ့ခ် ရှဝါဇာ - ကိုးလ် ပါးမား ရဲ့ ပွဲချိန် (၄၂) မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ပထမဂိုးဟာ မစ်ဒယ်ဘရော့အသင်းဘက်က ကြည့်ရင် စိတ်ပျက်စရာပါပဲ..။ ကိုယ့်အသင်းရဲ့ ခြေထဲမှာရှိနေတဲ့ ဘောလုံးကနေ မလိုအပ်တဲ့ ပေးပို့မှုတွေကြောင့် ဘောလုံးဆုံးရှုံးခဲ့တာ ဖြစ်သလို အဲဒီဘောလုံးမှာဆိုရင် ကွင်းလယ်က ဒယ်နီယယ် ဘာလေဆာ ဟာ သူ့ဆီကိုနောက်ပြန် ပြန်ပြီးပေးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး..။ ဒါ့ကြောင့်ပါးမား က ဘေးကနေ ကပ်ပြီးလုသွားတဲ့အချိန်မှာ သူ့ဘက်ကအဆင်သင့် မဖြစ်နေခဲ့တာပါ..။ နည်းပြမိုက်ကယ် ကားရစ် ဘက်က ကြည့်မယ်ဆိုရင် မစ်ဒယ်ဘရော့အသင်းက ပေးလိုက်ရတဲ့ ပေးဂိုးတွေဟာ သူတို့တွေရဲ့ အမှားတွေကြောင့် ခွင့်ပြုလိုက်ရတာ ဖြစ်တဲ့အတွက် အတော်လေးကို စိတ်ပျက်မိခဲ့ပါလိမ့်မယ်..။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ အနိုင်ပွဲဟာ ထင်မှတ်ထားတာထက် ပိုပြီးလွယ်ကူသွားခဲ့တာ ဖြစ်ပါတယ်..။
မာ့ခ် ချက်ပ်မန်း - အင်းဗျ..။ အခုခေတ်မှာ ပရီးမီးယားလိဂ်၊ EFL ပွဲစဉ်တွေ၊ Carabao ဖလားပွဲစဉ်တွေ.. ဘယ်နေရာမှာပဲဖြစ်ဖြစ် နောက်တန်းမှာ အပေးအယူလုပ်ပြီး ကစားကွက်ကို စတင်တာဟာ (playing out from the back) ဖက်ရှင်တစ်ခုလို ဖြစ်လာပါပြီ..။ ဒါပေမယ့် ဘယ်လိုအသင်းတွေကပဲ အဲဒီလိုကစားဟန်ကို အသုံးပြုသင့်တယ်.. ဆိုတဲ့အပေါ် ငြင်းကြ၊ ခုန်ကြမယ်ဆိုရင် သိပ်ကိုကောင်းပါလိမ့်မယ်..။ ဒါပေမယ့် အချိန်ကိုငဲ့ညာသောအားဖြင့် ကိုးလ် ပါးမား ရဲ့ ဒုတိယဂိုး.. ချယ်လ်ဆီးရဲ့ ပဉ္စမဂိုးအကြောင်းကိုပဲ ပြောကြရအောင်ဗျာ..
ကယ်ရင် ကာနေး - အဲဒီပဉ္စမဂိုးကလည်း မစ်ဒယ်ဘရော့အသင်းဘက်က play out from the back ကစားဖို့ ကြိုးစားရာကနေ ချယ်လ်ဆီးရဲ့ခြေထဲပြန်ပါသွားပြီး ပေးလိုက်ရတဲ့ဂိုးပါပဲ..။ ဒုတိယပိုင်းမှာ ကော်နာ ဂါလက်ချာ ဝင်ရောက်လာပြီးနောက်ပိုင်း အသင်းရဲ့လုပ်အားနှုန်းနဲ့ ကစားပုံပိုပြီး ကောင်းမွန်လာခဲ့သလို အဲဒီဂိုးမှာဆိုရင် ဂါလက်ချာ ဟာ ဘယ်တောင်ပံဘက်ကနေ ထိုးဖောက်ပြီး ကိုးလ် ပါးမား ကို အတိအကျ ဖန်တီးပေးခဲ့တာပါ..။ ဒါပေမယ့် အဲဒီဂိုးသွင်းမယ့်အချိန် ကိုးလ် ပါးမား ကို ဘယ်သူကမှ လူကပ်မထားခဲ့ပါဘူး..။ ကျွန်မထင်တာက ကိုးလ် ပါးမား သွင်းယူသွားခဲ့တဲ့ပုံစံက မြင်ရတာထက် ပိုပြီးခက်ခဲလားလို့ပါ..။ ဂျင်မီ ရေ… ရှင်က တိုက်စစ်မှူးဆိုတော့ ရှင့်ရဲ့အမြင်ကိုလည်း ပြောပြပေးပါဦး..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - မှန်ပါတယ်..။ ပေးပို့လိုက်တဲ့ဘောလုံးကို တစ်ချက်မဆိုင်းပဲ one touch ကန်သွင်းနိုင်ဖို့က ပိုပြီးခက်ခဲပါတယ်..။ အထူးသဖြင့် အဲဒီလိုမနားတမ်း ကန်သွင်းနိုင်ဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြိုပြီးအသင့်ပြင် (open up the body) ထားရပါမယ်..။ ကိုးလ် ပါးမား ဟာ နည်းစနစ်ပိုင်းမှာ ပါရမီရှင် ကစားသမား တစ်ယောက်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး..။ ဒါ့အပြင် ဒီဂိုးမှာဆိုရင် သူဟာသိပ်ပြီးအားမသန်တဲ့ ဘယ်ခြေနဲ့ကန်သွင်းခဲ့တာ ဖြစ်ပါတယ်..။ တကယ်တမ်းဆိုရင် သိပ်တော့လွယ်ကူလှတဲ့ ကန်သွင်းပုံမျိုး မဟုတ်ပေမယ့် သူ့ကိုကြည့်ရတာ ထမင်းစား၊ ရေသောက်သလိုပဲ ကန်သွားခဲ့တာပါ..။
မာ့ခ် ချက်ပ်မန်း - မာ့ခ် ရေ.. နိုနီ မာဒူအီကေး ကို ညာတောင်ပံမှာ လူစားသွင်းခဲ့တဲ့နောက်ပိုင်း တိုက်စစ်ပိုင်းဟန်ချက် ပိုပြီးကောင်းမွန်လာတယ်လို့ ပြောခဲ့တယ်နော်..။ ချယ်လ်ဆီးရဲ့ ဆဌမဂိုးကို သူပဲသွင်းယူပေးခဲ့တာပဲဗျ..
မာ့ခ် ရှဝါဇာ - ဒီဂိုးကလည်း မစ်ဒယ်ဘရော့ အသင်းဟာ နောက်တန်းမှာ playing out from the back ဆိုပြီး ဟန်ရေးပြနေရင်းနဲ့ ပေးလိုက်ရတဲ့ဂိုးပါပဲ..။ သူတို့ဟာအန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်ခဲ့ပါတယ်..။ play out from the back မကစားသင့်ဘူး.. လို့ ပြောတာ မဟုတ်ပါဘူး.။ ဒါပေမယ့် ကစားတဲ့ပုံစံ ရွေးချယ်မှုဟာ မှန်ကန်နေဖို့ လိုအပ်ပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးလိုမျိုး ကိုယ့်ထက်အများကြီး သာလွန်တဲ့အသင်းနဲ့ ရင်ဆိုင်ရတဲ့အချိန်မျိုးမှာ အဝေးဘောတွေကို များများအသုံးပြုသင့်တယ်လို့ မြင်မိပါတယ်…။
မာ့ခ် ချက်ပ်မန်း - ကော်နာ ဂါလက်ချာ ဟာ လူစားဝင်လာပြီး ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပါတယ်..။ သူဟာအခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက် ဖြစ်နေခဲ့သလို အခုအချိန်ထိ အရောင်းစာရင်းမှာ ပါဝင်နေတယ်.. ဆိုပြီး သတင်းတွေ ထွက်နေဆဲ ဖြစ်တဲ့အပေါ် ခင်ဗျားတို့တွေ အံ့အားမသင့်မိဘူးလားဗျ..?
ကယ်ရင် ကာနေး - No.. အံ့အားမသင့်မိပါဘူး..။ ဘက်ဍာရေးမျှခြေ သတ်မှတ်ချက် စည်းမျဉ်းတွေ (financial fair play- FFP) ကြောင့် ရောင်းရတာပဲလေ..။ ကော်နာ ဟာ ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက် ဖြစ်တာကြောင့် ငွေကြေးအမြတ် မြိုးမြိုးမြက်မြက်ရမယ့် ရောင်းချမှု ဖြစ်ခဲ့ပါမယ်..။ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အခုလိုရောင်းချမယ့်သတင်းတွေ ထွက်ပေါ်နေတာလို့ပဲ ကျွန်မနားလည်ထားပါတယ်..။ ကော်နာ ဂါလက်ချာ အပြင် အာမန်ဒို ဘရိုဂျား လည်း ရောင်းချလိမ့်မယ်ဆိုပြီး သတင်းထွက်နေတာပဲလေရှင့်..။
ကျွန်မအနေနဲ့ သူတို့တွေကို ရောင်းချမယ့်ဆုံးဖြတ်ချက်ကို သဘောတူလား..? သူတို့တွေကို ရောင်းချသင့်လား..? No… မရောင်းသင့်ပါဘူး..။ သူတို့တွေဟာ ချယ်လ်ဆီးရဲ့ သမိုင်းအစဉ်အလာကို သိထားတဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါ့အပြင် ကော်နာ ဟာ အခုဆိုရင် အသင်းကိုမောင်းနှင်နေတဲ့ အင်ဂျင်စက်အပြင် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူပေးနေရတဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ပေမယ့် ဘယ်အသင်းကမှ အမှတ်လျော့ခံရတဲ့ ပြစ်ဒဏ်၊ ဒဏ်ငွေချမှတ်ခံရတဲ့ ပြစ်ဒဏ်တွေကို ချခံချင်ပါ့မလားရှင့်…။ ဒါ့ကြောင့် တခါတလေမှာ လုပ်ငန်းသဘောအရ မဖြစ်မနေ ရွေးချယ်ရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ် - ချယ်လ်ဆီး ပရိသတ် တစ်ယောက်အနေနဲ့ သူ့လိုကစားသမားမျိုးကို အသင်းက ထွက်သွားတာ ဘယ်မြင်ချင်ပါ့မလဲဗျာ..။ သူကိုယ်တိုင်ကလည်း အသင်းကနေ မထွက်ချင်ပါဘူး..။ သူဟာချယ်လ်ဆီးအသင်းမှာရော အင်္ဂလန်အသင်းမှာပါ အသင်းအတွက် (၁၁၀ %) ရာခိုင်နှုန်းအထိ အစွမ်းကုန် ပေးဆပ်တတ်တဲ့သူတွေ ဖြစ်ကြပါတယ်…။ မော်ရစ္စစီယို ဟာ ဒီနေ့ပွဲမှာ တိုက်စစ်ကို ပိုပြီးအားပြုကစားရမှာ ဖြစ်တာကြောင့် သူ့ကိုထည့်ပြီး ကစားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မထားခဲ့ပါဘူး..။ ဒါ့အပြင် သောကြာနေ့မှာ အက်စ်တွန် ဗီလာနဲ့ပွဲအတွက်လည်း ချန်ထားဖို့ လိုအပ်သေးတာကိုးဗျ..။
ကျွန်တော်ကတော့ ကော်နာ ဂါလက်ချာ ဟာ အသင်းကနေ ထွက်ခွာမသွားဘူး.. လို့ မျှော်လင့်မိပါတယ်..။ FFP… အင်း.. စည်းမျဉ်းတွေ..၊ သတ်မှတ်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ရတာတွေလည်း ရှိပါတယ်..။ ဒါကတော့ တစ်ပိုင်းပေါ့ဗျာ..။ သူ့ကိုအသင်းမှာဆက်ပြီး ရှိနေဖို့ မျှော်လင့်ထားပါတယ်..။ ပရိသတ်တွေအတွက် ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်သွေး.. မျိုးဆက်တွေကို အဆင့်ဆင့် လက်ကမ်းသယ်ဆောင်မယ့် သူ့လိုကစားသမား တစ်ယောက် အသင်းမှာရှိနေဖို့ လိုအပ်ပါတယ်..။