feature-image

စကော့တလန်မြောက်ဖျားမှ ပေါက်ဖွားလာတဲ့ အပြာရောင်ကွင်းလယ်ဖန်တီးရှင် တစ်ယောက်အကြောင်း..

‘ဘီလီ ဂေးလ်မား’….
နောင်တစ်ချိန်မှာ ထွန်းတောက်လာလိမ့်မယ်လို့ ရေပန်းစားနေခဲ့တဲ့ စကော့တလန် လူငယ်ကစားသမားလေးကို ချယ်လ်ဆီးအအသင်းဟာ သူ့ရဲ့ငယ်မွေးခြံပေါက်အသင်းဖြစ်တဲ့ ရိန်းဂျားအသင်းဆီကနေ ခြေမြန်လက်မြန်နဲ့ ခေါ်ယူခဲ့ပါတယ်..။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၊ အသက် (၁၆) နှစ်အရွယ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဘီလီ ဂေးလ်မား ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာတော့ ပထမဆုံးအကြိမ် အသင်းကြီးပွဲထွက်ခွင့်ကို မြန်မြန်ဆန်ဆန်ပဲ ရရှိခဲ့ပါတယ်..။ မနေ့က ဂရင်စ်ဘီ တောင်း အသင်းနဲ့ Carabao ဖလားပြိုင်ပွဲမှာတော့ စီနီယာ ကစားသမားကြီးတွေနဲ့အပြိုင် ခြေစွမ်းပြကာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်း၊ မောင်းနှင်နိုင်ခွင့် ရရှိခဲ့ပြန်ပါတယ်..။

(၁)

နည်းပြဖရန့် လမ်းပတ် ဟာ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူရဲ့ဒီနှစ်ဘောလုံးရာသီ ပထမဆုံး အိမ်ကွင်းအနိုင်ပွဲ ရရှိနိုင်ဖို့ အရေးကြီးနေတဲ့အချိန်မှာ တစ်ခါမှ အသင်းကြီး ပွဲထွက်ခွင့်မရသေးတဲ့ အသက် (၁၈) နှစ်အရွယ် ကွင်းလယ်ကစားသမားလေးကို လူစားဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ရှက်ဖီးလ် အသင်းရဲ့ နောက်ကျချေပဂိုးဟာ အဲဒီလူငယ်ကစားသမားလေးနဲ့ မသက်ဆိုင်ပေမယ့် နည်းပြရဲ့ စွန့်စားမှု ဆန်လွန်းတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ဆူညံခဲ့ရပါတယ်..။ ဒါပေမယ့် နည်းပြဖရန့် လမ်းပတ် ကတော့ အစွမ်းကုန် ပွင့်လန်းလာဖို့ တာစူနေတဲ့ လူငယ်အကယ်ဒမီ ကစားသမားလေးတွေကို နေရာပေးဖို့.၊ ပွဲထွက်ခွင့်ပေးဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်..။ အဲဒီလို အရေးကြီးနေတဲ့ အချိန်မျိုးမှာ ပွဲကြီးပွဲကောင်း အတွေ့အကြုံ မရှိသေးတဲ့ လူငယ်ကစားသမားလေး တစ်ယောက်ကို ရဲရဲတင်းတင်း ထည့်သွင်းဖို့ ဆုံးဖြတ်ရဲတယ်ဆိုတာဟာ ဘီလီ လေးရဲ့ အရည်အချင်းအပေါ် ဖရန့် လမ်းပတ် တို့ ဘယ်လောက်အလေးထားတယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ..။

မနေ့က League Two ပြိုင်ပွဲဝင် ဂရင်စ် ဘီ တောင်းအသင်းကို ၇ဂိုး- ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ Carabao ဖလားပွဲစဉ်မှာတော့ ဖရန့် လမ်းပတ် ရဲ့ လူငယ်သွေးသစ်တွေနဲ့ ဝါရင့်ကစားသမားတွေ အချိုးညီညီ ရောစပ်ထားတဲ့ အသင်းဟာ သူတို့ရဲ့အဆင့်အတန်းကို ပြသပြီး ပရိသတ်ကို စိတ်ကျေနပ်မှု ပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲစဉ်မှာ အသက် (၁၈) နှစ်သား လူငယ်ကွင်းလယ် ကစားသမားလေးဟာလည်း ကွင်းလယ်ကနေ အသင်းကို ထိန်းကျောင်းသွားနိုင်ခဲ့ပြီး သူ့ရဲ့တိကျတဲ့ ပေးပို့မှုတွေ..၊ ပွဲကိုဖတ်နိုင်စွမ်းနဲ့ နေရာယူ လှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေ..၊ သုံးသပ်သူအားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်..။

(၂)

တကယ်တော့ အခုလက်ရှိချယ်လ်ဆီးအသင်းမှာ ဒီဘက်ဆယ်စုနှစ်အတွင်းမှာ အဌားထွက်ခွာဖူးတဲ့ အတွေ့အကြုံ လုံးဝမရှိသေးပဲ အသင်းကြီးထဲကို တန်းပြီးရောက်ရှိလာတဲ့ လူငယ်ကစားသမားဆိုတာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကလွဲရင် အတော်လေးကို ရှားပါးပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ အဲဒီစကော့တလန် ပါရမီရှင် လူငယ်ကစားသမားလေးကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ နှစ်သင်း၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘေယန် မြူးနစ်အသင်းတို့နဲ့အပြိုင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး သူ့ရဲ့ အသက် (၁၆) နှစ်ပြည့် မွေးနေ့အလွန် ကာလမှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်..။ ရိန်းဂျားအသင်းကို ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေး ပဏာမကို မသိရသော်လည်း Goal သတင်းဌာနကတော့ အဲဒီအသက်အရွယ်၊ လူူငယ်ကစားသမား တန်းမှာတော့ စံချိန်တင် ပြောင်းရွှေ့ကြေးလို့ပဲ သိခဲ့ရပါတယ်..။

တကယ်တော့ ရိန်းဂျားအသင်းဟာ ဂေးလ်မား ကို လက်လွှတ်လိုချင်စိတ်မရှိပါဘူး..။ အဲဒီလူငယ် ကစားသမားလေးကို သူတို့အသင်းကြီးမှာ အလျင်အမြန် ပါဝင်ခွင့်ရဖို့ ပြန်ဆင်ပြီးဖြစ်ပါတယ်..။ အဲဒီလို အားလုံးက အာရုံစိုက်ခဲ့ရတဲ့ သူနဲ့ပင်ကိုယ် ပါရမီနဲ့ ပတ်သက်ပြီး ဂေးလ်မား တစ်ယောက် အသက် (၁၂) နှစ်အရွယ်ကတည်းက စကော့တလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်သင်တန်းကျောင်းရဲ့ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်ထဲမှာ ထည့်သွင်းလေ့ကျင့်စေခဲ့တဲ့ လက်ဦးဆရာဖြစ်သူ နည်းပြ ဂျိမ်းစ် ဂရက်ဒီ က အခုလို ပြောပြပါတယ်..။

“သူဟာပွဲတစ်ပွဲရဲ့ အဆုံးအဖြတ် ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ ကစားသမား လေးယောက်၊ ငါးယောက်ကို ကျော်ဖြတ်ပြစရာ မလိုဘူးဆိုတာ ငယ်စဉ်ကတည်းက နားလည်ထားခဲ့တဲ့သူပါ..။ ဒါ့ကြောင့်ကျွန်တော်က သူ့ကို ‘လူကာ မိုဒရစ်’ လိုပုံစံ ကစားသမားမျိုး ဖြစ်တယ်ဆိုပြီး တွေးမိလိုက်ပါတယ်..။ သူဟာခန္ဓာကိုယ် ထွားကြိုင်းတဲ့သူ မဟုတ်ပါဘူး..၊ ဒါပေမယ့် နည်းစနစ်ပိုင်း ကောင်းမွန်သလို ဘယ်ခြေ၊ ညာခြေနှစ်ချောင်းစလုံး ထူးချွန်ပါတယ်..။ သူဟာခြေစွမ်းတည်ငြိမ်ပြီး ကစားတဲ့အခါမှာလည်း ရိုးရိုးရှင်းရှင်းပါပဲ..။ ဆွဲပြေးသင့်တဲ့အချိန် ဆွဲပြေးမယ်..၊ ဘယ်နေရာကို ပေးပို့သင့်တယ်ဆိုတာ ချက်ချင်းမြင်တယ်..၊ နေရာယူကောင်းမွန်ပြီး ဘောလုံးလက်ခံတဲ့နေရာ၊ ဘောလုံးထိန်းသိမ်းတာလည်း ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။

သူ့ရဲ့အကောင်းဆုံးပင်ကိုယ် ပါရမီကတော့ အကောင်းဆုံး ကစားသမား ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်ကိုယ်ကို မောင်းနှင်အားပါ..။ ကျွန်တော်ဟာ ဘောလုံးလောကထဲကို အသက် (၂၀) အရွယ်က ရောက်လာပြီး အခုဆိုရင် (၄၈) နှစ် ရှိပါပြီ..။ အခုအချိန်ထိ သူ့လိုပင်ကိုယ် ပါရမီထူးချွန်တဲ့ ကစားသမားမျိုးကို မတွေ့ခဲ့ဖူးသေးပါဘူး..။ အဲဒီပင်ကိုယ် ပါရမီကို ကြိုးစားမှုနဲ့ မှန်ကန်တဲ့ စိတ်ထား၊ ခံယူချက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်သူကမှ သူ့ကိုတားဆီးနိုင်တော့မှာ မဟုတ်ပါဘူး..။

ချယ်လ်ဆီးအသင်းနဲ့ လက်မှတ်ထိုးပြီး ကျွန်တော်တို့ကျောင်းကို သူပြန်လာပါတယ်..။ အဲဒီမှာ ကျောင်းသားတစ်ယောက်က ‘ရိန်းဂျားအသင်းကနေ ချယ်လ်ဆီးကို ရုတ်တရက် ခုန်သွားရတာ ဘယ်လိုခံစားရလဲ..?’ လို့ မေးပါတယ်..။ အဲဒီမေးခွန်းကို သူက အခုလို ဖြေခဲ့ပါတယ်.. ‘ရိန်းဂျားအသင်းမှာက ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း ရှိပါတယ်..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်သွားခဲ့တဲ့အခါ ပတ်ဝန်းကျင်နဲ့အမြင်ဟာ ပြောင်းလဲသွားပါတယ်..။ အဲဒီမှာ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ် ထားနိုင်မှ တော်ရုံကျပါမယ်..။ ချယ်လ်ဆီးဆိုတာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေကို ကြေးမရှောင် လိုက်ပြီးခေါ်ယူနေတဲ့အသင်း ဖြစ်တဲ့အတွက် ကိုယ့်အသင်းမှာပဲ ဗိုလ်ကျချင်နေရုံနဲ့ မရနိုင်ဘူး..’.။”

(၃)

အခုလို ဘောလုံးစွမ်းရည်၊ ပင်ကိုယ်ပါရမီ၊ ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းတွေမှာ ဘာမှပြောစရာ မရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကြီးကို တိုးဝင်နိုင်ဖို့ သူ့အတွက် အဓိကပြသနာက (၅) ပေ၊ (၆) လက်မပဲရှိတဲ့ အရပ်အမောင်းပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်တကယ့် အသင်းကြီး ကစားသမားတွေနဲ့ သူတင်၊ ကိုယ်တင် ကစားနိုင်ဖို့ သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာအောင် ချယ်လ်ဆီးအကယ်ဒမီ ကြံ့ခိုင်ရေးနည်းပြတွေက အစွမ်းကုန် ကြိုးစားလေ့ကျင့်ပေးခဲ့ရပါတယ်..။ ဒါမှလည်း ဖရန့် လမ်းပတ် ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ..၊ မြန်ဆန်ပြီး ကိုယ်ကာယ သုံးစွဲရတဲ့ ကစားဟန်တွေကို ခံနိုင်ရည်ရှိမယ်..၊ ကျန်တဲ့အသင်းသားတွေနဲ့ တန်းတူရည်တူ ကစားနိုင်မှာ ဖြစ်ပါတယ်..။

ဒါ့အပြင် အကယ်ဒမီ နည်းပြတွေဟာ သူ့ရဲ့ဘောလုံးစွမ်းရည်နဲ့ ပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်းရည်တွေမှာ ပိုမိုတိုးတက်လာအောင် အပြာရောင် ကွင်းလယ်ဖန်တီးရှင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဆက်စ် ဖာဘရီဂတ်စ် ရဲ့ ဗွီဒီယိုတွေကို ကြည့်ရှုဖို့ လမ်းညွှန်ပေးခဲ့ပါတယ်..။ ရည်ရွယ်ချက်ကတော့ ဆက်စ် ရဲ့ ရွေ့လျားပုံ၊ နေရာယူပုံနဲ့ ပေးပို့မှုတွေ ပြုလုပ်ပုံကို ပိုမိုနားလည်လာခြင်းကြောင့် လာမယ့်နှစ်တွေမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပါဝင်ခွင့်ရတော့မယ်ဆိုရင် သူကစားရမယ့်နေရာ၊ တာဝန်ယူရမယ့် အခန်းကဏ္ဍကို ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်..။

“ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ ဆက်စ် ဖာဘရီဂတ်စ် ကို ကျွန်တော်လေ့လာခဲ့ပါတယ်..။ သူ့ရဲ့ကစားပုံတွေကို အသေးစိတ် လေ့လာပြီး ကျွန်တော့်ရဲ့ ကစားဟန်မှာ ပေါင်းစပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်..။ အဲဒီနည်းအားဖြင့် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်တဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်လာအောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်..။” လို့ ဘီလီ ဂေးလ်မား က Chelsea TV နဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်..။

ဘီလီ ဂေးလ်မား ဟာ ဘောလုံးအထိန်းအသိမ်းကောင်းတယ်..၊ ပွဲရဲ့အနေအထားကို ကောင်းကောင်းနားလည်တယ်..၊ ဆုံးဖြတ်မှုတွေ ပြုလုပ်ရာမှာ မြန်ဆန်သလို ဂိုးဖန်တီးမှု၊ အဆုံးသတ်မှု စွမ်းရည်တွေလည်း ကောင်းမွန်တယ်ဆိုတာ ပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်.။ ဒါပေမယ့် အဲဒီလောက်နဲ့ ကျေနပ်မနေပဲ တည်ကန်ဘောတွေကို ပိုင်နိုင်တဲ့သူ ‘set piece specialist’ တစ်ယောက် ဖြစ်လာနိုင်ဖို့ ထောင့်ကန်ဘော ကန်တင်တာတွေ..၊ ပြစ်ဒဏ်ဘောကန်သွင်းချက် လေ့ကျင့်တာတွေကို အစွမ်းကုန် ကြိုးစားပြီး သူ့ရဲ့အရည်အချင်းကို မြှင့်တင်နိုင်အောင် ကြိုးစားခဲ့ပါတယ်..။

(၄)

ဒါ့ကြောင့်လည်း မနှစ်ကဘောလုံးရာသီ၊ ချယ်လ်ဆီးလူငယ် အသင်းနဲ့အတူ (၃၂) ပွဲကစား၊ (၉) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ အချက်အလက်များဟာ သူ့ရဲ့အရည်အချင်းကို မီးမောင်းထိုး ပြသနေခြင်း ဖြစ်ပါတယ်..။ ဖရန့် လမ်းပတ် ကလည်း အဲဒီအရည်အချင်းနဲ့ အလားအလာကို ကြိုတင်မြင်နေတာကြောင့် ဆယ်ကျော်သက် လူငယ်ကစားသမားလေးကို သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်မတိုင်ခင် သုံးပါတ်အလို လီဗာပူးလ်အသင်းနဲ့ စူပါဖလားပွဲစဉ်မှာ အရန်ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဘက်ကလည်း ခြေစွမ်းခြေစနဲ့ အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ်ကစားသမားလေးကို မြန်မြန်ဆန်ဆန်ပဲ စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်..။ ဒါ့ကြောင့်ပြီးခဲ့တဲ့ စက်တင်ဘာ (၁၂) ရက်နေ့မှာပဲ ဘီလီ ဂေးလ်မား လေးဟာ ၂၀၂၃ ခုနှစ်ထိ အသင်းနဲ့ နောက်ထပ်လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်..။ တကယ်လို့ မနေ့ကပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဆက်လက်ပြသပြီး ရှေ့လာမယ့်အနာဂတ်မှာ ရတဲ့အခွင့်အရေးတွေကို အခုလိုမလွတ်တမ်း အသုံးချနိုင်ခဲ့မယ်ဆိုရင် နောက်ထပ်ပိုမိုကောင်းမွန်တဲ့ စာချုပ်သက်တမ်း ကမ်းလှမ်းမှုတွေ ထပ်မံရရှိဦးမှာ အသေအချာပါပဲ..။

မနေ့က Carabao ဖလားပွဲမှာ ပွဲစဉ်မှာ ဘီလီ ဂေးလ်မား လေးဟာ ပွဲချိန်စဆုံး ပါဝင်ခွင့်ရခဲ့ပြီး အားလုံးက လက်ခံနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် တကယ့်ပရီးမီးယားလိဂ်ပွဲစဉ်..၊ ချန်ပီယံလိဂ်လို အဆင့်မြင့်ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရဖို့ဆိုရင် ခြေစွမ်းအပြင် ကံကောင်းဖို့၊ ဒဏ်ရာပြသနာ ကင်းစင်ဖို့၊ အခွင့်အရေးရတဲ့အချိန်မှာ အကောင်းဆုံး ခြေစွမ်းခြေစကို ပြသနိုင်ဖို့ လိုအပ်ပါသေးတယ်.။ ဒါပေမယ့် အခုလက်ရှိ အချိန်ကာလနဲ့ စေ့ဆော်နေတဲ့ အခြေအနေ၊ အနေအထားများအရ အသက် (၁၈) နှစ်သား လူငယ်ကွင်းလယ်ကစားသမားလေးဟာ လက်ရှိခြေစွမ်းနဲ့ ကြိုးစားမှုကိုသာ ဆက်လက်ထိန်းသိမ်းပြီး မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်မယ်ဆိုရင် စတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းစိမ်းထက်မှာ အသင်းကြီးနဲ့အတူ ပါဝင်ခွင့်ရနိုင်ဖို့ အလားအလာကောင်းများကို ပိုင်ဆိုင်ထားနေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
 
#FRANK
(Goal.com မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Billy Gilmour: Inside the rise of Chelsea and Scotland's 'new Modric' ဆောင်းပါးကို ပြန်ဆိုပါသည်..။)