feature-image

ကြာသာပတေးနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs မန် ယူနိုက်တက်)

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းအား ၄ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ပွဲပြီးခါနီးတွင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည့် အလှည့်အပြောင်းများနှင့် ပွဲစဉ်အပေါ်သုံးသပ်ချက်များကို မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် တို့က TNT Sports ရုပ်/သံဌာန၏ ပွဲပြီးသုံးသပ် စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒီနေ့မှာတော့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြောက်မြားစွာသော ပွဲတွေထဲမှာက တကယ့်ထူးထူးခြားခြား အမှတ်ရနေကြမယ့် ပွဲစဉ်တစ်ပွဲကို ကျွန်မတို့မြင်တွေ့ခွင့် ရခဲ့ကြပါတယ်..။ ပွဲချိန်နောက်ဆုံးမိနစ်ကျမှ ရရှိခဲ့တဲ့ အနိုင်ဂိုးအတွက် ချယ်လ်ဆီးပရိသတ်တွေရဲ့ အံ့ဩကြည်နူး ပျော်ရွှင်မှုတွေကို အခုအချိန်ထိ ကျွန်မတို့တွေ မြင်တွေ့နေရတုန်းပါပဲ..။ အိမ်ရှင်အသင်းဟာ အရှုံးရလဒ်ကိုပဲ လက်ခံရတော့မယ်.. လို့ အားလုံးက ထင်မှတ်ထားခဲ့ချိန်မှာ ကိုးလ် ပါးမား ဟာ hattrick သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကို ပြန်လည်ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ မိုးဖွဲဖွဲအောက်မှာ အိမ်ရှင်အသင်းပရိသတ်တွေရဲ့ ပျော်ရွှင်၊ ကြည်နူး.. ခံစားချက်တွေကို ကျွန်မတို့ မျှဝေခံစားခဲ့ပြီးပါပြီ..။ ရီယို ရေ.. ရှင်တို့မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘယ်လိုဖြစ်ပြီး အနိုင်ရလဒ်ကို လက်လွှတ်ခဲ့ရတာလဲရှင့်..?

ရီယို ဖာဒီနန် - တကယ့်ကို ကြေကွဲစရာ ညတစ်ညပါပဲ..။ ဒီနေ့အရှုံးရလဒ်မှာ အဓိကကျခဲ့တာက အနိုင်ရခဲ့ပြီ.. ဆိုပြီး ကစားအားချ (switch off) လိုက်တာနဲ့ အာရုံစူးစိုက်မှု (concentration) အားနည်းခဲ့တာကြောင့် ဖြစ်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အပြန်အလှည် ထိုးဖောက်ခဲ့ကြပြီး သွင်းဂိုးတွေ များပြားခဲ့တယ်..၊ နှစ်သင်းစလုံးဟာ ပွဲကိုထိန်းချုပ်နိုင်မှု မရှိတာ မှန်ပါတယ်..။ ဒါပေမယ့် ပွဲတစ်ပွဲမှာ အနိုင်ရရှိဖို့ဆိုရင် လိုအပ်တဲ့ အာရုံစူးစိုက်မှု အဆင့်တစ်ခုမှာ ရှိနေရပါမယ်..။

ဒါ့အပြင် အသင်းတစ်သင်းမှာ ကစားသမားတွေကို ဦးဆောင်၊ မောင်းနှင်ပြီး ပိတ်ဆို့ဖို လိုအပ်နေတဲ့ ဟာကွက်တွေကို ကြိုတင်သိမြင်နိုင်မယ့်.. လူငယ် ကစားသမားတွေကို လက်ညှိုးထိုး.. ညွှန်ကြားပေးနိုင်မယ့် ခေါင်းဆောင်တွေ ရှိနေရပါမယ်..။ အနိုင်ဂိုးပေးလိုက်ရတဲ့ ထောင့်ကန်ဘောမှာဆိုရင် ကိုးလ် ပါးမား ဟာ ဂိုးဧရိယာထိပ်ကနေ လှစ်ကနဲ ပြေးထွက်ပြီး အင်ဇို ဆီက ဘောလုံးကို လက်ခံရယူခဲ့ပါတယ်..။ အခုအောက်မှာ ပြထားတဲ့ပုံမှာဆိုရင် ဘယ်သူကမှ သူ့ကိုသတိမထားမိခဲ့ကြဘူး.. ဂရုမစိုက်ခဲ့ကြပါဘူး..။



တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်းမှာ ကိုယ့်ကိုကောင်းကောင်း ဒုက္ခပေးနိုင်မယ့်သူက သူတစ်ယောက်ထဲ ရှိနေတာပါ..။ တခြားလူတွေကို လွှတ်ထားတယ်.. ဆိုရင်တောင် သူ့ကိုတော့ သေသေချာချာ လူကပ်ပြီး ပိတ်ဆို့ထားရမှာလေ…။ သူ့ကိုဘောလုံးကို လက်ခံရယူခွင့် ပေးလိုက်တယ်..၊ အတွင်းဘက်ကို ပြန်လှည့်ခွင့်တောင် ပေးလိုက်ပြီး သူအားသန်တဲ့ ဘယ်ခြေနဲ့ပါ ကန်သွင်းခွင့်ပေးလိုက်တော့ ကိစ္စပြတ်ရောပေါ့ဗျာ..။

Yes.. မက်ခ်တိုးမီနေး နဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာ မှန်ပါတယ်..၊ တကယ်တမ်းဆိုရင် ဘောလုံးလက်ခံခွင့်၊ အတွင်းဘက်ကို ပြန်လှည့်ခွင့်ကို မပေးရပါဘူး..။ ဒီကစားသမားတွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုယ်စားပြုပြီး ပရီးမီးယားလိဂ်မှာ ကစားနေကြတာပါ..။ ကိုယ့်ရဲ့အဆင့်နဲ့လျှော်ညီတဲ့ အာရုံစူးစိုက်မှုရှိနေဖို့ လိုအပ်နေတာ အမှန်ပါပဲ..။ ကစားသမားတွေအနေနဲ့ ပွဲတစ်ပွဲရဲ့ အခုလိုအချိန်.. အခုလို အခိုက်အတန့်တွေဟာ ဘယ်လောက်တောင် အရေးကြီးတယ်.. ဆိုတာ နားလည်နေရမှာပေါ့ဗျာ..။ ဒီလိုအဆင့်မှာ ပေါ့လျော့မှုတွေ ရှိနေခဲ့ရင် ပေးဆပ်ရမှာပါပဲ..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ.. ကိုးလ် ပါးမား ဟာ ရှင်တို့အသင်းမှာ တကယ့်ကို မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်နေပြီနော.. သူထမ်းပိုးထားရတဲ့ မျှော်လင့်ချက်တွေ၊ ဖိအားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အသက် (၂၁) နှစ်ပဲ ရှိသေးတာဆိုတော့ တကယ့်ကို အံ့ဩလောက်တဲ့ စွမ်းဆောင်မှုလို့ ပြောရမှာပဲရှင့်..။ ဒီထက်ပိုပြီး ညွှန်းရမယ်ဆိုရင် သူဟာဒီနှစ်ဘောလုံးရာသီကျမှ အပြည့်အဝကစားခွင့် ရရှိခဲ့တာနော်..

ဂျိုး ကိုးလ် - ဒီထက်ပိုပြီး အံ့ဩဖို့ကောင်းတာ ပြောပါဦးမယ်..။ သူဟာတကယ့်ပွဲကြီးရဲ့ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာရရှိတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲရလဒ်ကို အုတ်အော်သောင်းနင်း ဖြစ်သွားအောင် အလှည့်အပြောင်း ဖန်တီးပေးခဲ့တဲ့သူ ဖြစ်ခဲ့ပေမယ့် ခုနက သတင်းထောက်တွေနဲ့ စကားပြောသွားတာဟာ ဆိုဖာပေါ်မှာ ရေခဲစိမ် ကိုကာကိုလာသောက်ပြီး ထိုင်ပြောနေသလို အေးဆေး၊ တည်ငြိမ်လွန်းနေတာပဲဗျာ..။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ပရိသတ်တွေက သူ့ကိုအရမ်းချစ်နေကြတာပေါ့…



ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းကို အကြိမ်ပေါင်းများစွာ သူကယ်တင်ပေးခဲ့ပါတယ်..။ ဒါ့အပြင် အခုဆိုရင် သူတို့မှာ စံပြုပြီးအားကိုးရလောက်တဲ့၊ အတုယူရလောက်တဲ့ သမ္ဘာရင့်ကစားသမားတွေလည်း ရှိမနေတော့ပါဘူး..။ သူနဲ့ရီးရဲလ် မက်ဒရစ်က ဂျုဒ် ဘယ်လင်ဂမ် တို့ရဲ့ ကစားပုံနဲ့ ရင့်ကျက်မှုတွေဟာ အသက် (၂၀) ဝန်းကျင် လူငယ် ကစားသမားတွေလို့ ထင်ရက်စရာ လုံးဝမရှိပါဘူး..။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်ပြီး ရီယို ထောက်ပြသွားတာ မှန်ပါတယ်..။ ပွဲတစ်ပွဲပြီးဆုံးခါနီး တကယ့်အရေးပါဆုံး အခိုက်အတန့်မှာ အသင်းတစ်သင်းရဲ့ အကောင်းဆုံး ကစားသမားကို လူကပ်မထားတဲ့ပြစ်မှုကြောင့် ပေးဆပ်ခဲ့ရမှုဟာ တကယ့်ကို ကြီးမားပါတယ်..။

ကျွန်တော်ထင်တာ ကိုးလ် ပါးမား ကိုယ်တိုင်တောင် ဘယ်လိုလုပ်ပြီး အခုလိုလွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့တာလဲ..? ဆိုပြီး စဉ်းစားမရ ဖြစ်နေပါလိမ့်မယ်..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကိုးလ် ပါးမား ရဲ့ အခုနှစ်ဘောလုံးရာသီခြေစွမ်းက တကယ့်ကို အံ့အားသင့်လောက်စရာပါပဲ..။ ကျွန်တော်ကတော့ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ‘အကောင်းဆုံး ခေါ်ယူမှု’ လို့ သတ်မှတ်လိုက်ချင်ပါတယ်..။ သူဟာဒီအသင်းကို ပခုံးနှစ်ဘက်ပေါ်မှာ ထမ်းပိုးရင်း သယ်ဆောင်ပေးနေတာပါ… ဒီအသင်းဟာ သူ့ရဲ့အသင်းလို့ကို ပြောလို့ရနေပါပြီ..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - သူ့ကိုဝန်းရံပြီး အသင်းကို တည်ဆောက်လို့ ရနေပြီပေါ့…။ ဟုတ်တယ်မလား..?
ဂျိုး ကိုးလ် - သေချာတာပေါ့ဗျာ..။ သူဟာအဲဒီလို အသင်းတစ်သင်းကို ဦးဆောင်၊ မောင်းနှင်ပေးနိုင်မယ့် ကိုယ်ရည်ကိုယ်သွေးရှိတယ်..၊ ခြေစွမ်းထက်မြက်တယ်..၊ တာဝန်ယူနိုင်စွမ်းလည်း ရှိပါတယ်..။ ဒီနေ့ပွဲလာကြည့်တဲ့ မန် ယူနိုက်တက် ပရိသတ်ပဲဖြစ်ဖြစ်၊ ချယ်လ်ဆီးပရိသတ်ပဲဖြစ်ဖြစ်.. ကြိုက်တဲ့သူကို မေးကြည့်ပါ… ကိုးလ် ပါးမား ကန်သွင်းမယ်ဆိုရင် ဂိုးမဝင်ဘူးလို့ လောင်းကြေးထပ်ရဲလား..? ဘယ်သူကမှ ငြင်းရဲမှာ မဟုတ်ပါဘူး..။

ရီယို ဖာဒီနန် - မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ အခုဆိုရင် အရမ်းကိုကြေကွဲ နေကြပါလိမ့်မယ်..။ အဲရစ်ခ် တန် ဟတ်ဂ် အနေနဲ့ သူ့ရဲ့အသင်းသားတွေရဲ့စိတ်ဓါတ် ပြန်လည်မြင့်မားလာအောင် အတော်လေး ကြိုးစားရပါလိမ့်မယ်..။ အထူးသဖြင့် ဒီနေ့ပွဲမှာ နှစ်သင်းစလုံးဟာ အပြန်အလှန် ထိုးဖောက်ရင်း ဂိုးသွင်းခွင့်တွေ ကိုယ်စီရခဲ့ကြတယ်..၊ သွင်းဂိုးတွေလည်း များပြားခဲ့တယ်ဆိုတော့ စိတ်လှုပ်ရှားမှုတွေ အရမ်းမြင့်တက်နေမှာ အမှန်ပါပဲ..။



ကျွန်တော့်အသင်းရဲ့ ကောင်းကွက်ကို ပြောရမယ်ဆိုရင် သူတို့ဟာ ‘တိုက်ပွဲဝင်စိတ် အပြည့်ရှိတယ်..’ ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ သူတို့ဟာ စိတ်ဓါတ်အပြည့်နဲ့ ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်လိုက်နီးပါး တိုက်ပွဲဝင်နိုင်ခဲ့ကြပါတယ်..။ ဒါပေမယ့် ပွဲပြီးခါနီး အခိုက်အတန့်တွေမှာ အနိုင်ပွဲရဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှု မရှိခဲ့ပါဘူး..။ သူတို့ဟာ အခုနောက်ဆုံးနှစ်ပွဲမှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ သုံးဂိုးပေးလိုက်ရပါတယ်..။ အဲဒီအချက်အလက်ကို ကြည့်မယ်ဆိုရင် အာရုံစူးစိုက်မှု အားနည်းခြင်းဟာ အသင်းရဲ့ ကြီးမားတဲ့ ပြဿနာ ဖြစ်လာပြီဆိုတာ မီးမောင်းထိုး၊ ပြသနေပါတယ်..။ နည်းပြတန် ဟတ်ဂ် အနေနဲ့ အဲဒီပြဿနာကို အမြန်ဆုံးဖြေရှင်းရပါလိမ့်မယ်..။ တကယ်တမ်းဆိုရင် ပွဲချိန်မိနစ် (၉၀) ကျော်တဲ့အထိ ချယ်လ်ဆီးဘက်က ပြန်ပြီးဂိုးသွင်းနိုင်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါဘူး..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ခံစစ်ပိုင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာနဲ့လည်း သက်ဆိုင်မှု ရှိလားရှင့်..? ရာဖယ်လ် ဗာရန်းန် ဒဏ်ရာရသွားတယ်..၊ သူ့ရဲ့နေရာကို ဂျော်နီ အီဗန်စ် လူစားဝင်တယ်..၊ သူလည်းထပ်ပြီး နာသွားပြန်ပါတယ်..။ အခုဆိုရင် ရှင်တို့အသင်းမှာ ဒဏ်ရာရနေတဲ့ နောက်ခံလူတွေ အတော်လေးကို များပြားနေပါတယ်..။

ရီယို ဖာဒီနန် - မှန်ပါတယ်..။ ဒါပေမယ့် ဒဏ်ရာရနေတဲ့ နောက်ခံလူတွေ များပြားနေလို့ အခုလိုဖြစ်ရတာပါ.. ဆိုပြီး ဆင်ခြေပေးလို့ မရပါဘူး..။ အခုခေတ်လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမားတွေကို ကိုယ့်ရဲ့ပြိုင်ဘက်အသင်းနဲ့ ပတ်သက်တဲ့ တကယ့်အသေးစိတ် သတင်းအချက်အလက်တွေ အများကြီးပေးပြီးသားပါ..။ ကွင်းထဲဝင်လာတာနဲ့ ဘယ်သူက ဘယ်နေရာမှာ ရပ်ရမယ်..၊ ဘယ်ကိုပြေးရမယ်..၊ ဘယ်သူ့ကိုလူကပ်ရမယ်.. စသဖြင့် အသေးစိတ် ညွှန်ကြားမှုတွေ ပေးပြီးသားဗျ..။

Set pieces တွေဗျာ..။ ပွဲပြီးခါနီးမှာ အခုလိုတည်ကန်ဘော.. ထောင့်ကန်ဘောတွေကနေ ဂိုးပေးရတယ်ဆိုတာ နောက်ဆုံးအပြီးသတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် လိုက်သလိုပါပဲ..။ နာကျင်အချိန်ပိုတွေမှာ ပေးလိုက်ရတဲ့ သွင်းဂိုးတွေအတွတ် နောက်ရက်တွေကျရင် အသင်းမှာ ဆွေးနွေးမှုတွေ ပြန်ပြီးပြုလုပ်ကြပါလိမ့်မယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ဂျိုး ရေ.. ပြီးခဲ့တဲ့ဘန်လေအသင်းနဲ့ ပွဲအပြီးမှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို က ‘ကစားသမားတွေဟာ နိုင်ပွဲရဖို့ ဆာလောင်စိတ် ကင်းမဲ့နေကြတယ်..’ ဆိုပြီး ဝေဖန်သွားပါတယ်..။ ဒီနေ့ပွဲမှာ ကစားသမားတွေဟာ သူ့ရဲ့ဝေဖန်ချက်ကို အကောင်းဆုံး ချေဖျက်ပြနိုင်ခဲ့တယ်လို့ မထင်မိဘူးလားရှင့်…

ဂျိုး ကိုးလ် - သေချာတာပေါ့ဗျာ..။ ဒီနေ့ပွဲမှာတော့ အသင်းသားတွေဟာ မဆုတ်မနစ်တဲ့စိတ်ဓါတ်၊ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓါတ် ရှိတယ်ဆိုတာ ပြသခဲ့ပါတယ်..။ ဒီနေ့မှာပြသခဲ့တဲ့ ‘ချယ်လ်ဆီးဆိုတာ ဘာလဲ..’ ဆိုတဲ့ ခံယူချက်ကို နောက်ပွဲတွေမှာလည်း ဆက်လက်သယ်ဆောင် သွားနိုင်လိမ့်မယ်လို့ ကျွန်တော်အထူး မျှော်လင့်မိပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှု၊ တုံ့ပြန်မှုတွေဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့စနေနေ့ (ဘန်လေအသင်းနဲ့ပွဲ) တုန်းကဆိုရင် အားလုံးဟာ စိတ်ဓါတ်တွေကျနေပြီး ပရိသတ်တွေရဲ့ ပုံစံကလည်း ကိုယ့်ရဲ့အသင်းကို စိတ်ပျက်နေသလိုပါပဲ..။ ဒီနေ့မှာတော့ ပွဲစကတည်းက ပရိသတ်ကြီးဟာ အသင်းရဲ့နောက်ကနေ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြပါတယ်..။ ဒါကလည်း အသင်းရဲ့ကစားပုံ ကောင်းမွန်ခဲ့လို့ ဖြစ်ပါတယ်..။ ပွဲနောက်ပိုင်းမှာ သူတို့တွေ လဲကျခဲ့တယ်..၊ ဒါပေမယ့် အချိန်မှီ ပြန်လည် နိုးထနိုင်ခဲ့ကြပါတယ်..။

ရီယို ဖာဒီနန် - ဂျိုး ရေ… ခင်ဗျားတို့အသင်းမှာရော ကျွန်တော်တို့အသင်းမှာရော.. အဓိကပြဿနာက ခင်ဗျားပြောတဲ့ ခံယူချက်၊ စိတ်ဓါတ်နဲ့ ကြိုးစား၊ ကစားပုံမျိုးကို တစ်ချက်တစ်ချက်မှသာ ပြသလေ့ရှိတာပဲဗျ..။ မန် ယူနိုက်တက် အသင်းဆိုလည်း လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲမှာ ဒီနေ့လိုစိတ်ဓါတ်၊ ကြိုးစားမှုနဲ့ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပါတယ်..။ ဒီနေ့လိုပုံစံအတိုင်း နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါပဲ..။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘရန့်တ်ဖို့ဒ်.. ဒီနေ့ပွဲတွေမှာကျ မဟုတ်တော့ပြန်ဘူး..။

ဒီနေ့ပွဲအပြီးမှာ ပိုချက်တီနို ဆိုရင် တကယ့်ကို ရူးရူးမူးမူး အောင်ပွဲခံခဲ့ပါတယ်..။ ဒါပေမယ့် နည်းနည်းကြာသွားလို့ သွေးအေးသွားတဲ့အချိန်ကျရင် ‘ငါ့ရဲ့အသင်းဟာ အဲဒီလိုမခံချင်စိတ်နဲ့ အနိုင်မခံ အရှုံးမပေးတဲ့ ကြိုးစားမှုတွေ ဘယ်နားကနေ ရခဲ့တာလဲ..?’ ဆိုပြီး ခေါင်းကုတ်၊ တွေးရခက်နေပါလိမ့်မယ်..။ သူ့ရဲ့အသင်းကလည်း ကျွန်တော်တို့ မန် ယူနိုက်တက် လိုပါပဲ.. တည်ငြိမ်တဲ့ခြေစွမ်း (consistency) ပြသနိုင်ဖို့ လိုအပ်နေပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ချယ်လ်ဆီးအသင်းဟာ မော်ရစ္စစီယို ရဲ့ လက်ထက်မှာ တိုးတက်မှုတွေ မြင်တွေ့နေရပြီလို့ ပြောနိုင်ပြီလား..? ရီယို ရေ..

ရီယို ဖာဒီနန် - ပွဲမစခင်ကသာ ဒီမေးခွန်းကို မေးခဲ့မယ်ဆိုရင် ‘ဘာမှတိုးတက်လာမှု မရှိဘူး..’ လို့ပဲ ဖြေမိပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်သင်းလုံးမှာ ဘယ်နေရာကိုကြည့်ကြည့် တည်ငြိမ်တဲ့ခြေစွမ်းနဲ့ စိတ်ချရတဲ့ နေရာဆိုတာ တစ်နေရာမှ ရှိမနေပါဘူး..။ မော်ရစ္စစီယို ကလည်း သူ့ရဲ့အသင်းအပေါ် စိတ်ပျက်မိပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့လို ဇွဲ၊ လုံ့လအပြည့်နဲ့ မဆုတ်မနစ် ကြိုးစားမှုမျိုးကို တခါတလေမှ မြင်နေရတာကိုးဗျ..။ သူတို့အနေနဲ့ ဒီနေ့လိုခြေစွမ်းနဲ့ အနိုင်ရလဒ်မျိုးကို မကြာခဏ ရရှိနိုင်အောင် စွမ်းဆောင်ပြသနိုင်ဖို့ လိုအပ်ပါတယ်..။

ကစားသမားတွေဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မှန်ကန်တဲ့အကျင့်အကြံနဲ့ ခြေစွမ်းကို ပြသနိုင်ရမှာဖြစ်ပြီး ပွဲကန်တဲ့အချိန်တွေမှာလည်း အဲဒီခြေစွမ်းတွေကို ဆက်လက်သယ်ဆောင် သွားနိုင်ရပါလိမ့်မယ်..။ အဲဒီလိုတည်ငြိမ်တဲ့ ခြေစွမ်းမျိုး မမြင်တွေ့ရသရွှေ့ သူလည်းအသင်းအပေါ် ကျေနပ်မှုရှိနေမှာ မဟုတ်ပါဘူး..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ပွဲချိန် (၉၈) မိနစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်က ခွင့်ပြုလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောအပေါ် သုံးသပ်ပေးပါဦးလားရှင့်..။ အဲရစ်ခ် တန် ဟတ်ဂ် ကတော့ ခုနက သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာ ‘ပင်နယ်တီ မပေးသင့်ဘူး’ လို့ ပြောသွားခဲ့ပါတယ်ရှင့်..

ရီယို ဖာဒီနန် - နိုနီ မာဒူအီကေး ဟာ ညာတောင်ပံတစ်လျှောက် ဆွဲပြေးရင်း ဒါရီယို ဒါးလော့တ် ကို အရှိန်တင်ပြီး ကျော်ဖြတ်၊ ဆွဲပြေးပါတယ်..။ ဂိုးဧရိယာထဲကို ဝင်လာတဲ့အချိန် ဒါးလော့တ် ရဲ့ ဖျက်ထုတ်မှုဟာ သူ့ကိုနည်းနည်းလေးပဲ ထိမိခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဘရူနို ဖာနန်ဒက်စ် ဆီက အခုထက်ပိုပြီး ကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ အကူအညီ ရခဲ့သင့်တယ်လို့ မြင်မိပါတယ်..။ အခုပူးတွဲပုံမှာ ပြထားသလို 2 vs 1 နှစ်ယောက်၊ တစ်ယောက် ဆိုရင် အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပါတယ်..။



တကယ်တမ်း နည်းနည်းမှနည်းနည်းလေး.. မဆိုစလောက်လေးပဲ ထိမိခဲ့တာပါ..။ ဒါပေမယ့် အဲဒီလိုအရှိန်မျိုးနဲ့ ပြေးလွှားနေတဲ့အချိန်မှာ နည်းနည်းလေး ထိမိတာနဲ့ လဲကျသွားမှာပဲ..။ အဲဒါဆိုရင် ဒိုင်လူကြီး.. ဒါမှမဟုတ် VAR ကို ဆုံးဖြတ်ဖို့အတွက် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာ အသေအချာပါ..။

ဂျိုး ကိုးလ် - ပင်နယ်တီ ပေးရမယ့် ဖျက်ထုတ်မှုဆိုတာ အရမ်းကိုရှင်းပါတယ်..။ VAR ကို အဲဒီလောက် အချိန်အကြာကြီး ပြန်ကြည့်နေဖို့ မလိုပါဘူး..။ ဘောလုံးပွဲကြည့်နေကျလူဆိုရင် ကြည့်လိုက်တာနဲ့ ‘ပင်နယ်တီ ပေးရမှာပဲ..’ ဆိုပြီး စိတ်ထဲမှာ တန်းပြီးပေါ်လာမှာပါ..။ ဒါးလော့တ် ဟာ မာဒူအီကေး ကို အရှိန်နဲ့ဖြတ်ပြေး အကျော်ခံလိုက်တာကြောင့် မာဒူအီကေး ဟာ သူ့ရဲ့အတွင်းဘက်ကို ရောက်သွားပြီး ဘက်မှားနေပြီလေဗျာ..။ ပြိုင်ဘက်အသင်းရဲ့ တောင်ပံကစားသမားဟာ ကိုယ့်ရဲ့အတွင်းဘက်ကို ရောက်သွားပြီဆိုတော့ ဒါးလော့တ် အနေနဲ့ စိတ်ထဲမှာ ပြာတောက်သွားမှာပါ..။

အဲဒီလိုအရှိန်.. အမြန်နှုန်းနဲ့ ပြေးနေတဲ့အချိန် နည်းနည်းလေးထိမိတာနဲ့ လဲကျသွားမှာ သေချာပါတယ်..။ အနှေးပြန်ကြည့်ရင်တော့ ခြေကျင်းဝတ်ကို အသာလေးထိမိတာနဲ့များ.. ဆိုပြီး ပြောကြမှာပေါ့..။ တကယ့်လက်တွေ့မှာ အဲဒီလောက် မလွယ်ပါဘူး.။

နောက်ပြီးပေးလိုက်ရတဲ့ နောက်ဆုံးနှစ်ဂိုးစလုံးမှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ အခန်းကဏ္ဍကို နည်းနည်းပြောချင်တယ်ဗျာ..။ ပေါ်တူဂီ ကွင်းလယ် ကစားသမားဟာ ဘောလုံးခြေထဲရှိနေတဲ့အချိန် (on the ball) မှာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ..။ ဒါပေမယ့် အခုလိုတကယ့် အသည်းအသန် အချိန်မျိုးမှာ သူ့ရဲ့ကြိုးစားအားထုတ်မှု၊ အာရုံစူးစိုက်မှုတွေဟာ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြင်မိပါတယ်..။



ဒါရီယို ဒါးလော့တ် ဟာ မာဒူအီကေး ကို တစ်ယောက်ချင်းထိန်းဖို့ ကြိုးစားနေရတဲ့အချိန်မှာ သူနဲ့ ဒါးလော့တ် တို့ရဲ့ကြားမှာ နားလည်မှုနဲ့ စကားပြောစရာမလိုတဲ့ ဆက်သွယ်မှု (communication) ရှိနေရပါမယ်..။ တကယ်လို့ သူသာ ဒါးလော့တ် ရဲ့ အနားမှာ ရှိနေခဲ့မယ်ဆိုရင် ဒါးလော့တ် ဟာ မာဒူအီကေး ကို အတွင်းဘက်ကို ချိုးမဝင်နိုင်အောင် တားဆီးနိုင်ပါလိမ့်မယ်..။ ဒါဆိုရင် ဘေးစည်းဘက်ကိုဆွဲသွား.. အများဆုံး ထောင့်ကန်ဘောပေါ့ဗျာ..။

ဒါ့အပြင် နောက်ဆုံးအနိုင်ဂိုး ပေးလိုက်ရတဲ့ ထောင့်ကန်ဘောမှာဆိုရင်လည်း ချယ်လ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ကိုးလ် ပါးမား ကို လူမကပ်ပဲ လုံးဝလွှတ်ထားခဲ့တာပါ..။ သူအပါအဝင် မန် ယူနိုက်တက်အသင်းက ဝါရင့်ကစားသမား တစ်ယောက်ယောက်က အန္တရာယ်ကို ကြိုမြင်ပြီး သတိပေးတာတို့၊ ကြိုတင်ကာကွယ်တာတို့ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ရာဖယ်လ် ဗာရန်းန်၊ ဂျော်နီ အီဗန်စ် တို့သာ ရှိနေမယ်ဆိုရင် လူစားဝင်လာတဲ့ လူငယ်ကစားသမားတွေကို ‘ဟေး.. သူ့ကိုလွှတ်မထားနဲ့..၊’.. ‘ဒီလူ့ကို လုံးဝအလွတ်မပေးပဲ ထပ်ချပ်မကွာသာလိုက်..’ စတဲ့ ညွှန်ကြားချက်တွေ ပေးနိုင်မှာပေါ့ရှင့်..

ရီယို ဖာဒီနန် - ဟယ်ရီ မက်ဂွိုင်းယား လည်း ရှိနေတာပဲ..။ နောက်ပြီး ဘရူနို ဖာနန်ဒက်စ် ပေါ့..။ သူတို့တွေဟာ အသင်းမှာ ခေါင်းဆောင်တွေ..၊ လူငယ် ကစားသမားတွေကို လွှမ်းမိုးနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်..။ တကယ်တမ်း ဂိုးဧရိယာထိပ်မှာ ပြိုင်ဘက်ကစားသမား တစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းနိုင်မယ့် နေရာလွတ် ပေးလိုက်လို့မရပါဘူး…။



နောက်ဆုံးအနေနဲ့ အချုပ်အားဖြင့် ပြောရချင်တာက ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကို ပရိသတ်တွေဟာ ဘာကြောင့်မက်မက်စက်စက် စွဲလမ်းနေကြသလဲ.. ဆိုတာ ဒီနေ့လိုပွဲမျိုးက အဖြေပါပဲ..။ အခုဆိုရင် ကျွန်တော်တို့ မန် ယူနိုက်တက် အသင်းပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်နေကြပါလိမ့်မယ်..။ ဒါပေမယ့် ဒီနေ့ပွဲကနေ ပေးစွမ်းခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေ၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေအပေါ် အားလုံးက အမြဲတမ်း အမှတ်ရနေမှာ အသေအချာပဲဗျ..။

အထူးသဖြင့် ဒီပွဲကိုလာကြည့်နေကြတဲ့ ဂျိုး ရဲ့ ကလေးတွေ.. ချယ်လ်ဆီးအသည်းစွဲ ပရိသတ်လေးတွေဆိုရင် ဒီနေ့လိုပွဲမျိုးကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ရတဲ့ ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေကို ဘယ်တော့မှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး..။ သူတို့တွေအတွက် သိပ်ကိုကြည်နူး၊ ကျေနပ်ဖို့ကောင်းတဲ့ ခံစားမှုတွေ..၊ ကျွန်တော်တို့ မန် ယူနိုက်တက် ပရိသတ်တွေအတွက် ခံစားရခက်ခဲတဲ့ ခံစားမှုတွေနဲ့ ကျန်ရစ်ခဲ့ကြမှာပါ..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျိုး ရေ.. အိမ်ပြန်ရောက်တဲ့အထိ ရှင်တို့ရဲ့ အောင်ပွဲခံပါတီကပြီးဦးမှာ မဟုတ်ပါဘူး..။ ရီယို ကို အားနာတဲ့အနေနဲ့ ရှင့်ရဲ့ပြုံးဖြီးနေတဲ့ မျက်နှာပေးကို နည်းနည်းလေး မျက်နှာပိုးသတ်.. ပြင်ဆင်ပေးပါဦး.. လို့ တောင်းပန်ရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့ရှင့်…