feature-image

အက်ဆယ်လ် ဒီဆာဆီ၊ လီဗိုင်း ကိုဝဲလ် တို့နဲ့ အမေးအဖြေ…

ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ အဓိကခံစစ်ကစားသမားသမားများ ဖြစ်ကြသည့် လူငယ်အကယ်ဒမီ နောက်ခံလူ လီဗိုင်း ကိုဝဲလ် နှင့် ပြင်သစ်နောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ တို့မှာ ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးရာသီတွင် အသင်းနှင့်အသားကျအောင် ပြင်ဆင်ခဲ့ရသည့် အခြေအနေများ၊ အသင်းဖော်များနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်အချက်များ၊ ယခုနှစ်ဘောလုံးရာသီ ပွဲစဉ်များအတွင်းမှ အမှတ်ရခဲ့သည့် အခိုက်အတန့်များအပေါ် ချယ်လ်ဆီးအသင်း Official website မှ တင်ဆက်ပေးခဲ့သည့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှတဆင့် ယခုလို မျှဝေခဲ့ကြပါသည်..။

မေး - အခုနှစ်ဘောလုံးရာသီမှာ ခင်ဗျားတို့ဟာ အသင်းနဲ့မြန်မြန်ဆန်ဆန် အသားကျနိုင်ဖို့ ဘယ်လိုပုံစံ ပြင်ဆင်ခဲ့ရလဲဗျ..?

လီဗိုင်း ကိုဝဲလ် - ကျွန်တော်ကတော့ လွယ်လွယ်ကူကူနဲ့ပဲ အထိုင်ကျခဲ့တယ်လို့ မြင်မိပါတယ်…။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ လူငယ်အကယ်ဒမီမှာ ကြီးပြင်းခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်တာကြောင့် အသင်းမှာရှိနေတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်..။ ဒါ့အပြင်တစ်ချို့ကစားသမားတွေဆိုရင် နိုင်ငံလက်ရွေးစင် အသင်းတွေမှာ အတူ တွဲဖက်၊ ကစားခဲ့ဖူးကြတဲ့သူတွေလည်း ဖြစ်ကြပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - ကျွန်တော့်အတွက် အသင်းသစ် ဆိုပေမယ့် ပွဲတွေအများကြီး ကစားခွင့်ရခဲ့တာဟာ ဒီအသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ မြင်ပါတယ်..။ ဒါ့အပြင်ကျွန်တော့်ရဲ့ တစ်ဦးချင်း စွမ်းရည်တွေလည်း တိုးတက်လာတယ်လို့ ခံစားမိတာကြောင့် ကျေနပ်အားရမိပါတယ်..။ အင်္ဂလန်‌မြေက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေဟာ ပြင်သစ်နိုင်ငံနဲ့ မတူညီတာကြောင့် ကျွန်တော့်အတွက် အသစ်အဆန်းတွေကို လေ့လာ၊ သင်ယူခဲ့ရတာတွေ ရှိခဲ့တာပေါ့ဗျာ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် အထူးကျေနပ်ခဲ့ရသလို အနာဂတ်မှာလည်း အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်၊ မျှော်လင့်ထားပါတယ်..။



မေး - အသင်းမှာ ခင်ဗျားတို့နဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေက ဘယ်သူတွေဖြစ်မလဲ..? အသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျနိုင်ဖို့ ခင်ဗျားတို့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေရော ရှိခဲ့သေးလား..?

လီဗိုင်း ကိုဝဲလ် - အခုဆိုရင် ကျွန်တော့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းက ကော်နာ ဂါလက်ချာ ဖြစ်နိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဘယ်သွားသွား သူကကျွန်တော့်ရဲ့နောက်ကနေ အမြဲတမ်းလိုက်ပါနေလို့ပါပဲ..။ ဘယ်နေရာကိုပဲရောက်ရောက်.. နောက်ကိုပြန်ကြည့်လိုက်ရင် သူကတော့ ခြေနှစ်လှမ်း.. သုံးလှမ်းအကွာမှာ အမြဲတမ်းရှိနေတာပဲဗျ.. ဟားဟား..

အက်ဆယ်လ် ဒီဆာဆီ - ကျွန်တော့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေဟာ ပြင်သစ်ကစားသမားတွေပါပဲ..။ ဒါကလည်း သဘာဝကျပါတယ်..။ နောက်ပြီးရင် ‘ကိုးလ် ပါးမား..’ .. သူနဲ့ဟာသတွေ အရွှန်းဖောက်ရတာ သဘောကျဖို့ ကောင်းတယ်ဗျ..။ ကာနေး ချူကွီမီးကား လည်း ကျွန်တော်နဲ့ ရင်းနှီးပါတယ်..။ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်ဆံတတ်တဲ့ တခြားကစားသမားတွေလည်း ရှိပါတယ်..။ ဒါ့ကြောင့်လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကျွန်တော်တို့အားလုံး ရယ်ရယ်မောမောနဲ့ အထူးကျေနပ်ဖို့ ကောင်းပါတယ်..။



မေး- အဝေးကွင်းပွဲစဉ်တွေအတွက် ခရီးထွက်တဲ့အခါ ဘယ်သူတွေနဲ့အတူ ထိုင်ဖြစ်လေ့ရှိလဲဗျ..?

လီဗိုင်း ကိုဝဲလ် - ကျွန်တော်ကတော့ အမြဲတမ်းလူတွေပြောင်းပြီး ထိုင်ဖြစ်ပါတယ်..။ ကိုးလ် ပါးမား..၊ ဘင် ချီးဝဲလ်..၊ ကော်နာ ဂါလက်ချာ တို့နဲ့ ထိုင်ဖြစ်တာများပါတယ်..။ ရိစ် ဂျိမ်းစ် ပါလာပြီဆိုရင် ကျွန်တော်နဲ့ ချီးဝဲလ် ကလွဲရင် သူထိုင်ချင်တဲ့သူနဲ့ သွားပြီးထိုင်လေ့ရှိပါတယ်..။ ကော်နာ နဲ့ ကိုးလ် တို့ကတော့ အမြဲတမ်းလိုလို လျှောက်လှမ်းရဲ့ ဟိုဘက်၊ ဒီဘက်.. ဘေးချင်းကပ် ထိုင်ဖြစ်တာ များတယ်ဗျ..။

အက်ဆယ်လ် ဒီဆာဆီ - လက်စ်လေ အူဂိုချူကူး က ကျွန်တော့်ရဲ့ ဘယ်ဘက်မှာ အမြဲတမ်းလိုလို ထိုင်လေ့ရှိပါတယ်..။ ကျွန်တော့်ရဲ့ဘက်ဘက်မှာ ကာနေး ချူကွီမီကား ပေါ့ဗျာ..

လီဗိုင်း ကိုဝဲလ် - ဘတ်စ်ကားပေါ်မှာတော့ ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး စကားတွေပြောကြတာပေါ့ဗျာ..။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ အားလုံးဟာ အဲဒီအချိန်မှာ စိတ်ပြေလက်ပျောက် ရှိနေရမယ်.. လိုအပ်ရင် အကြောအခြင်တွေ လျော့ထားရမယ့်အချိန်ဆိုတာ နားလည်ထားတာကြောင့် တခြားသူတွေကို အနှောင့်အယှက် မဖြစ်အောင် အထူးဂရုစိုက်ရပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - လက်စ်လေ ကတော့ အေးဆေးပါတယ်..။ ဒါပေမယ့် ကာနေး က ခရီးထွက်ရင် ပစ္စည်းတွေ အများကြီး ပါလာလေ့ရှိပြီး ကျွန်တော့်ဘက်ကို လာပြီးထားလေ့ ရှိတယ်ဗျ..။ ကျွန်တော်က ကိုယ့်ရဲ့နေရာနဲ့ကိုယ် သီးသန့်နေချင်ပါတယ်..။ ဒါ့ကြောင့်တခါတလေ သူနဲ့ရန်ဖြစ်ရတာပေါ့ဗျာ… ဟားဟား..။ အခုနောက်ပိုင်းမှာတော့ သူလည်းနားလည်မှု ရှိလာပါပြီ..။



မေး - ပွဲကန်တဲ့အချိန်နဲ့ ပတ်သက်ရင် နေ့လည်ခင်းမှာ ကန်တာကြိုက်လား..? ဒါမှမဟုတ် ညနေခင်း..? ညပိုင်း…? ဘယ်အချိန်မှာကန်ရတာ နှစ်သက်မိပါသလဲ..?

အက်ဆယ်လ် ဒီဆာဆီ - ကျွန်တော်ကတော့ ညပိုင်းမှာ ကန်ရတာ ပိုပြီးနှစ်သက်ပါတယ်..။ မီးမောင်းအလင်းရောင်တွေရဲ့အောက်မှာ ကန်ရတဲ့ ကျွန်တော့်အတွက် ပိုပြီးအဆင်ပြေပါတယ်..။ ပွဲချိန်အရမ်းစောလွန်းတဲ့အခါ ကျွန်တော်တို့ဟာ အိပ်ယာကနေ စောစောထရပါတယ်..။ ဒါ့ကြောင့်တခါတလေကျရင် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ရိုးလုပ်စဉ် အစီအစဉ်တွေကို အနှောင့်အယှက် ဖြစ်ရပါတယ်..။ ကျွန်တော်ကတော့ ညပိုင်း.. နောက်ကျပွဲတွေကို ပိုပြီးသဘောကျပါတယ်..။

လီဗိုင်း ကိုဝဲလ် - အစောဆုံးကန်ရလေ ပိုပြီးကောင်းလေပါပဲ..။ ညနေပိုင်း.. ညပိုင်းပွဲတွေကျ အချိန်ကြာလွန်းတယ်လို့ ခံစားရပါတယ်..။ အိပ်ယာထပြီး နေ့ခင်းများပြန်ပြီး မအိပ်မိအောင် ဂရုစိုက်ရတယ်..၊ တစ်နေကုန် အစားအသောက်တွေ ဆင်ခြင်ရတယ်..၊ ဒါ့ကြောင့်စောစောကန်ရလေလေ ကောင်းလေလေပါပဲဗျာ..။

မေး - ကဲ.. လီဗိုင်း ကတော့ ညပိုင်းမှာ ကန်ရတာကို မကြိုက်ဘူးတဲ့..
အက်ဆယ် ဒီဆာဆီ - အား… သူကစောစောစီးစီး ကန်ချင်မှာပေါ့..။ ပွဲပြီးတာနဲ့ ပါတီပွဲတွေ တခါတည်းဆက်ပြီး သွားလို့ရတယ်လေဗျာ..။ သူ့အကြောင်း သိတာပေါ့ဗျာ.. ဟားဟား..



မေး - လီဗိုင်း ရေ.. မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲမှာ ခင်ဗျားဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်..။ လူငယ်အကယ်ဒမီထွက် ကစားသမား တစ်ယောက်အနေနဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား..?

လီဗိုင်း ကိုဝဲလ် - ကျွန်တော်ဟာ အသင်းရဲ့လူငယ် အကယ်ဒမီမှာ ကြီးပြင်းလာခဲ့သူတစ်ယောက် ဖြစ်ပေမယ့်လည်း အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းကြီးမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရလိမ့်မယ်လို့ တခါမှမစဉ်းစားခဲ့ဖူးပါဘူး..။ အခုအချိန် ပြန်တွေးကြည့်ရင် တကယ့်ကို မယုံနိုင်စရာ အဖြစ်အပျက်တစ်ခုလို ခံစားနေရဆဲပါ..။ အိပ်မက်မက်နေခဲ့သလိုပဲဗျ..။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အဲဒီလို အခွင့်အရေးပေးခဲ့တဲ့ နည်းပြ (Gaffer) ကိုပဲ ကျေးဇူးတင်ရမှာပါ..။

အခုလိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့တဲ့အပေါ် အသင်းဖော်တွေကလည်း ကျွန်တော့်ကိုဝိုင်းဝန်း ချီးကျူး၊ ဂုဏ်ပြုခဲ့ကြပါတယ်..။ လူငယ်အကယ်ဒမီ အသင်းအဆင့်ဆင့်ကနေ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းကြောင်းဟာ တကယ့်ကိုအဝေးကြီး.. အရှည်ကြီးပါပဲ..။ ဒါ့ကြောင့်ကျွန်တော် အထူးဂုဏ်ယူမိပါတယ်..။



မေး - ဘရိုက်တန်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ခင်ဗျားရဲ့ပထမဆုံးဂိုးကို ရခဲ့တယ်နော်..။ အဲဒီအခိုက်အတန့်မှာ ခင်ဗျားရဲ့ခေါင်းထဲ ဘယ်လိုအတွေးတွေ ရောက်လာခဲ့သလဲ..?

လီဗိုင်း ကိုဝဲလ် - ဂိုးဝင်သွားခဲ့တဲ့အချိန် ကျွန်တော့်ရဲ့အတွေးထဲမှာ ခံစားချက်တွေ အစုံအလင်ပါပဲ..။ ကျွန်တော်က ဂိုးမရလောက်ဘူး.. ထင်ခဲ့ပေမယ့် ဒိုင်လူကြီးက ဂိုးပေးခဲ့တယ်ဗျ..။ အဲဒီသွင်းဂိုးဟာ ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပထမဆုံးသွင်းဂိုး ဖြစ်တာကြောင့် ဘာမှမစဉ်းစားမိပဲ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံမိပါတယ်..။ နောက်တော့မှ ကျွန်တော်အဌားထွက်ခဲ့ဖူးတဲ့ ဘရိုက်တန် ဖြစ်နေတာကို သတိရမိခဲ့တာကြောင့် သူတို့အပေါ် လေးစားမှုရှိရမယ်.. ဆိုတဲ့ အတွေးဝင်လာခဲ့ပါတယ်..။

အရာရာတိုင်းဟာ သူ့အကြောင်းနဲ့သူ ဖြစ်လာခဲ့တယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်..။ ဘရိုက်တန်မှာတုန်းက သူတို့တွေသာ အခွင့်အရေး မပေးခဲ့ဘူးဆိုရင် အခုလိုချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ပထမဆုံးဂိုးအတွက် စိတ်လှုပ်ရှားရတယ်..၊ အထူးပျော်ရွှင်ရတယ်.. ဆိုတဲ့ အချိန်မှာတောင် သူတို့အပေါ် တင်ရှိနေတဲ့ ကျေးဇူးတရားကို သတိရမိခဲ့ပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံးပွဲမှာ သွင်းဂိုးရခဲ့တဲ့အပေါ် တကယ့်ကို မယုံနိုင်အောင် ခံစားမိပါတယ်..။ ကျွန်တော့်ရဲ့မိသားစုဝင်အားလုံး အဲဒီပွဲကိုလာရောက် အားပေးခဲ့ကြပါတယ်..။ ပရီးမီးယားလိဂ်မှာ ပထမဆုံးကစားခဲ့ရတဲ့ပွဲ၊ လီဗာပူးလ် အသင်းနဲ့ဆိုတော့ အဲဒီဂိုးရခဲ့ပြီး ပျော်ရွှင်၊ ကြည်နူးခဲ့ရတဲ့ ခံစားချက်ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး..။



မေး - လီဗိုင်း ရေ.. အက်ဆယ်လ် နဲ့ တွဲဖက်ကစားရတာ ဘယ်လိုလဲဗျ..?

လီဗိုင်း ကိုဝဲလ် - သူဟာခံစစ်မှူးကောင်းတစ်ယောက် ဖြစ်ပါတယ်..။ အထူးသဖြင့် ဘောလုံးလက်ခံတဲ့နေရာ၊ ဘောလုံးပေးပို့တဲ့နေရာမှာ သိပ်ကိုကောင်းပါတယ်..။ သူရှိတဲ့အခြမ်းဘက်မှာဆိုရင် ကျွန်တော်ဟာ သူ့အပေါ် အပြည့်အဝ ယုံကြည်ထားပါတယ်..။ အက်ဆယ်လ် ဟာ သူ့ရဲ့ဘက်ကို ထိုးဖောက်လာခဲ့မှုတွေကို ဘယ်လိုတားဆီးရမလဲ.. ကောင်းကောင်းသိထားပါတယ်..။ ဒါ့အပြင်ဖျက်ထုတ်မှု ပြုလုပ်ပြီးတိုင်း အားရပါးရ အောင်ပွဲခံတတ်တဲ့ သူ့ရဲ့ဟန်ပန် အမူအရာတွေဟာ ကျွန်တော်နဲ့ အသင်းဖော်တွေရဲ့ စိတ်ဓါတ်ကို မြှင့်တင်ပေးတယ်..၊ အားတက်စေပါတယ်..။ ဒါ့ကြောင့်သူနဲ့အတူ တွဲဖက်ကစားရတာ အထူးနှစ်သက်မိပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - လီဗိုင်း ဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး လေ့ကျင့်ကွင်းမှာလည်း သူနဲ့ကျွန်တော် အမြဲစနောက်.. လေ့ရှိပါတယ်..။ ဒါပေမယ့် ကွင်းထဲကိုရောက်ပြီဆိုရင် ကျွန်တော်တို့ဟာ အစွမ်းရှိသမျှ ညှစ်ထုတ်ကစားကြပါတယ်..။ ဒီနှစ်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဟာ ကျွန်တော်တို့တွေအတွက် စံနမူနာ.. ဥပမာပြစရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့နှစ်ယောက် တွဲဖက်ညီညီနဲ့ ဖျက်ထုတ်မှုတွေ၊ ပိတ်ဆို့မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်…။ နောင်လာမယ့်အနာဂတ်မှာ ကျွန်တော်တို့ရဲ့ကြားက ဆက်သွယ်မှု၊ နားလည်မှုတွေ ပိုပြီးတိုးတက်၊ ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။

မေး - ဒီမေးခွန်းကို ခင်ဗျားတို့နှစ်ယောက်စလုံး အတူတူမေးချင်ပါတယ်..။ ‘သီယာဂို ဆေးလ်ဗား..’?

လီဗိုင်း ကိုဝဲလ် - Yeah.! သီယာဂို ဆေးလ်ဗား ရဲ့ခြေစွမ်း ဘယ်လောက်တောင် ကောင်းမွန်တယ်.. ဆိုတာ လူတိုင်းသိပြီးသားပါ..။ ကစားသမားဘဝတစ်လျှောက်မှာ သူဟာဆုဖလားတွေ၊ အောင်မြင်မှုတွေ အများအပြား ရယူ၊ ဆွတ်ခူးထားခဲ့တဲ့သူ ဖြစ်ပါတယ်..။ တကယ့်ကိုစံနမူနာပြုရလောက်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားခဲ့သူလည်း ဖြစ်ပါတယ်..။ ကျွန်တော်ငယ်စဉ်တုန်းက သူ့ရဲ့ကစားပုံကို အဖေနဲ့အတူတူ တီဗွီကနေကြည့်ရင်း အားကျခဲ့ရပါတယ်..။

အဲဒီအချိန်တုန်းက အသက် (၁၂) နှစ်သား အရွယ်လောက်ပဲ ရှိဦးမှာပါ..။ ငယ်စဉ်ကတည်းက ကအတုယူ၊ အားကျခဲ့ရတဲ့ ကစားသမားကြီး တစ်ယောက်ဟာ အခုဆိုရင် ကျွန်တော့်ရဲ့ အသင်းဖော်တစ်ယောက်အဖြစ် ဘေးနားမှာ အတူတူတွဲဖက် ကစားခွင့်ရခဲ့တဲ့ အခွင့်အရေးဟာ သိပ်ကိုကျေနပ်၊ အားရစရာပါပဲ..။ ကျွန်တော့်ရဲ့ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့အိပ်မက်တစ်ခု အကောင်အထည်ပေါ်ခဲ့တယ်ဆိုလည်း မမှားပါဘူး..။



အက်ဆယ်လ် ဒီဆာဆီ - သူ့လိုဂန္တဝင် ကစားသမားကြီးတစ်ယောက်နဲ့ တွဲဖက်ကစားခွင့်ရခဲ့ပြီဆိုရင် သူ့ဆီကနေ အကူအညီ မလွဲမသွေ ရရှိခဲ့မှာပါပဲ..။ သီယာဂို ဟာ အတွေ့အကြုံတွေ အများကြီးရှိနေပြီးဖြစ်တဲ့ အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့ညွှန်ကြားမှုတွေ၊ သူ့ရဲ့အပြုအမူ၊ လှုပ်ရှားမှုတွေကလည်း သင်ယူရပါတယ်..။

မေး - ခင်ဗျားတို့ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲဆုံးပြိုင်ဘက် တိုက်စစ်မှူး..?

လီဗိုင်း ကိုဝဲလ် - အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော် အခက်ခဲဆုံး ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်က ‘မိုဟာမက် ဆာလာ’ ဖြစ်ပါမယ်..။ ကျွန်တော်ဟာ ဘယ်နောက်ခံလူနေရာကနေ ကစားခဲ့ရတာဆိုတော့ ကိုယ်နဲ့အသားကျနေတဲ့နေရာ (out of position) မဟုတ်ခဲ့ပါဘူး..။ ဒါ့ကြောင့်အဲဒီပထမဆုံးပွဲမှာပဲ သူ့ရဲ့အကြိမ်ကြိမ် ကျော်ဖြတ်မှုတွေ ခံခဲ့ရပါတယ်..။ သူ့ရဲ့အလိမ်အလှည့်..၊ ရွှေ့လျားမှုတွေဟာ ခန့်မှန်းရခက်ခဲပါတယ်..။

မို ဆာလာ ဟာ ညာတောင်ပံမှာ ကစားတဲ့ ဘယ်ခြေအားသန် ကစားသမား ဖြစ်တာနဲ့အညီ အတွင်းဘက်ကို ပြန်ပြီးချိုးဝင်တာကို (cut in) ပိုပြီးနှစ်သက်ပေမယ့် တောင်ပံတစ်လျှောက် ကျော်ဖြတ်၊ ဆွဲပြေးနိုင်တဲ့ လျှင်မြန်မှုလည်း ရှိပါတယ်..။ ဒါ့ကြောင့်သူ့ကိုတားဆီးနိုင်ဖို့ အများကြီးကြိုးစားရပါတယ်.။ သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ကျွန်တော့်အတွက် သင်ယူစရာတွေ အများကြီးရရှိခဲ့တယ်လို့ ထင်ပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - တော့တင်ဟမ် အသင်းက ‘ဆွန် ဟောင်မင်’ ဖြစ်ပါတယ်..။ သူဟာကြံ့ခိုင်မှု ကောင်းမွန်ပြီး သိပ်ကိုလျှင်မြန်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဟာ ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်လို့ သတ်မှတ်ချင်ပါတယ်..။



မေး - လက်စ်တာ အသင်းနဲ့ FA ဖလားပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့တဲ့အကြောင်းလေး တဆိတ်လောက်..?
အက်ဆယ် ဒီဆာဆီ - ကျွန်တော့်ရဲ့ နောက်ပြန်ပေးလိုက်တဲ့ဘောလုံး ဂိုးပေါက်ထဲဝင်သွားတာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ‘ဘယ်လိုဖြစ်သွားတာလဲကွာ..!’ ဆိုပြီး ယူကျုံးမရ ဖြစ်မိသွားပါတယ်..။ ဒါပေမယ့် ပွဲမပြီးသေးဘူး ဆိုတာ သတိရမိလိုက်တာကြောင့် အဲဒီခံစားချက်ကို ချန်ထားပြီး အကောင်းဆုံး ဆက်ကြိုးစားရမယ်.. ဆိုတာ သိလိုက်ပါတယ်..။

အဲဒီဂိုးဟာ ၂ဂိုး- ၁ဂိုး ဖြစ်သွားစေခဲ့တဲ့ဂိုးပါ..။ ကျွန်တော်တို့ အာရုံစူးစိုက်မှုမလျော့သွားအောင် ဆက်လက်ဂရုစိုက်ရင်း အဲဒီအမှားအယွင်းကို မေ့ပျောက်လိုက်ဖို့ လိုအပ်ပါတယ်..။ ပွဲပြီးရလဒ်ကောင်းမွန်ခဲ့ရင် အားလုံးအဆင်ပြေသွားမယ်ဆိုတာ သိထားပါတယ်..။ လူစားဝင် ကစားသမားတွေဖြစ်ကြတဲ့ ကာနေး နဲ့ နိုနီ တို့ဟာ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကျွန်တော့်ကို ကယ်တင်ပေးခဲ့ကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ စိတ်ထဲမှာ ‘Ok.. ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တယ်..၊ ဒါပေမယ့် အနိုင်ရခဲ့လို့ တော်သေးတယ်..’ ဆိုတဲ့ ခံစားချက်ပဲ ရှိခဲ့ပါတယ်..။

မေး - ဘောလုံးကစားတာအပြင် တခြားအားကစားရော ဘာတွေလုပ်ဖြစ်လဲ..? လှေလှော်တာ..? ဂေါက်သီးရိုက်.. စသဖြင့်ပေါ့ဗျာ..။

လီဗိုင်း ကိုဝဲလ် - ဂေါက်သီးကစားတာကိုတော့ သဘောကျမိတယ်ဗျ..။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဂေါက်သီးကို သဲကြီးမဲကြီး ကစားခဲ့ပါသေးတယ်…။ အင်မတန်မှ စိတ်ကိုအေးဆေး၊ ငြိမ်သက်စေတဲ့ ကစားနည်းဖြစ်ပါတယ်..။ ဂေါက်သီးကွင်းရဲ့ မြက်ခင်းစိမ်းပေါ်ကို ရောက်ပြီဆိုတာနဲ့ ကျင်းစိမ်ဖို့ကလွဲရင် တခြားဘယ်အရာမှ မစဉ်းစားမိခဲ့တဲ့ ခံစားချက်နဲ့ အာရုံစူးစိုက်မှုကို အထူးနှစ်သက်ရပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - တခါတလေကျရင် လက်ဝှေ့ထိုး (boxing) ကစားဖြစ်ပါတယ်..။ ခြေထောက်နဲ့ကန်တာ..၊ လက်သီးထိုးတာ.. သဘောကျပါတယ်..။ လက်ဝှေ့အပြင် ဘတ်စ်ကတ်ဘောပွဲ..၊ တင်းနစ်ပွဲနဲ့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွေ ကြည့်ရတာကို နှစ်သက်ပါတယ်..။



မေး - နောက်ဆုံးကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်..?

လီဗိုင်း ကိုဝဲလ် - ‘Dune 2’ ကြည့်ဖြစ်ပါတယ်..။ ကြည့်ခဲ့ဖူးသမျှထဲမှာ အကြိုက်ဆုံးရှပ်ရှင်ပါပဲ..။ ရုပ်ရှင်ရုံထဲမှာ ပရိသတ်အားလုံး အရမ်းကိုစိတ်လှုပ်ရှားနေကြတယ်ဆိုတာ ခံစားမိပါတယ်..။ နောက်ထပ်တစ်ခါလောက် ထပ်ပြီးကြည့်ဖြစ်ဖို့ စိတ်ကူးထားပါတယ်..။

အက်ဆယ်လ် ဒီဆာဆီ - ကျွန်တော်ကတော့ ရုပ်ရှင်မကြည့်ဖြစ်ပါဘူး.။ တီဗွီစီးရီးတွေ ကြည့်လေ့ရှိပါတယ်..။ အခုဆိုရင် ‘Conor McGregor’ ဇာတ်လမ်းတွဲကို ကြည့်နေပါတယ်..။ ဘောလုံးနဲ့ ပတ်သက်တဲ့အကြောင်း မဟုတ်ဘူးဗျ..။ ဒါပေမယ့်သူ့ရဲ့ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်တဲ့ စိတ်ဓါတ်ကို နှစ်ခြိုက်မိပါတယ်..။ ကျွန်တော့်အနေနဲ့ အဲဒီလို မဆုတ်မနစ် တိုက်ပွဲဝင်တတ်တဲ့ စိတ်ဓါတ်နဲ့ အလေ့အထကို သင်ယူရမယ်လို့ ထင်ပါတယ်..။

မေး - အက်ဆယ်လ် ရေ.. ခင်ဗျားဟာ စန္ဒယားတီးတတ်တယ်လို့ သိထားတယ်..။ ဟုတ်တယ်မလား..?

အက်ဆယ်လ် ဒီဆာဆီ - လွန်ခဲ့တဲ့ ငါးနှစ်က စန္ဒယားတီးတာ သင်ဖူးပါတယ်..။ စန္ဒယားတီးရတဲ့ ခံစားမှုဟာ အင်မတန်မှ အေးဆေးတာကြောင့် စိတ်ကိုတည်ငြိမ်စေပါတယ်..။ ကိုယ့်ရဲ့စိတ်ကို ကြည်နူးမှု ရရှိစေတယ်..၊ စိတ်သက်သာမှု ရတယ်ပေါ့ဗျာ..။ ကျွန်တော်အနှစ်သက်ဆုံး စန္ဒယားပညာရှင်က Ludovico Einaudi ဖြစ်ပါတယ်..။ သူ့ရဲ့ဂီတလက်သံဟာ အရမ်းကိုသာယာ ငြိမ့်ညောင်းပြီး စိတ်အေးချမ်းမှုကို ယူဆောင်ပေးပါတယ်..။