feature-image

‘ကိုးလ် ပါးမား’ ဖွင့်ဟခဲ့တဲ့ သူ့ရဲ့အတွင်းစိတ်.. အဇ္ဇတရုပ်ပုံလွှာများ..

ချယ်လ်ဆီးအသင်းကို အင်္ဂလန်လူငယ် တောင်ပံကစားသမားလေး ကိုးလ် ပါးမား ပြောင်းရွှေ့လာတဲ့ အချိန်တုန်းက အခုလိုအရှိန်အဟုန်နဲ့ ထွန်းတောက်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပါဘူး..။ ဒါပေမယ့် တကယ့်ကို သွေးအေးပြီး အဆုံးသတ်ပိုင်းမှာ အင်မတန် တိကျတဲ့ အသက် (၂၁) နှစ်အရွယ် ကစားသမားလေးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လူတကာရဲ့နှုတ်ဖျားမှာ အင်မတန်မှ ရေပန်းစားနေပြီ ဖြစ်သလို ဂိုးအများဆုံးသွင်းယူပေးထားတဲ့ တိုက်စစ်မှူးအဖြစ် မန်ချက်စတာ စီးတီးအသင်းက အသင်းဖော်ဟောင်း အားလင်း ဟာလန်း နဲ့အတူ ထိပ်ဆုံးက ပူးတွဲရပ်တည်နေပါပြီ..။

လွန်ခဲ့တဲ့ ဇန်နဝါရီလက လန်ဒန်မြို့ Surrey အရပ်မှာရှိတဲ့ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ကွင်းမှာ တွေ့ဆုံစဉ်မှာ လူငယ်ကစားသမားလေးဟာ တခြားကစားသမားတွေနဲ့မတူပဲ အသံသွင်းထားတဲ့ ကင်မရာထဲက မှတ်တမ်းတွေကို စေ့စေစပ်စပ် ပြန်လည်ကြည့်ရှုတယ်..၊ သူနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ အချက်အလက်တွေ၊ ဖြေကြားခဲ့တဲ့ အချက်အလက်တွေကိုလည်း တိုက်ဆိုင်၊ စစ်ဆေးခဲ့ပါတယ်..။

ဒါ့အပြင် Mail Sports သတင်းဌာနက ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကိုပါ တစ်ပုံချင်းသေသေချာချာ ပြန်လည်ကြည့်ရှုပြီး သူစိတ်ကြိုက်တွေ့တဲ့ ဓါတ်ပုံတွေကိုပါ အကြံပြု၊ ရွေးချယ်ပေးခဲ့ပါတယ်..။ တွေ့ဆုံမေးမြန်းခန်း စတင်ရာမှာ မန်ချက်စတာ စီးတီးအသင်းကနေ စတာလင်ပေါင် (၄၂.၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့ရတဲ့ အကြောင်းရင်းကတော့ မပါမဖြစ်ပါပဲ..။ အထူးသဖြင့် ဘောလုံးရာသီ ကြာလာတာနဲ့အမျှ သူ့ရဲ့သွင်းဂိုးတွေ တဖြည်းဖြည်း များပြားလာခဲ့တယ်..၊ အတက်အကျများပြီး ရုန်းကန်နေရတဲ့ အသင်းကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ထမ်းပိုးလာခဲ့ရတဲ့ အခြေအနေမှာ အဲဒီမေးခွန်းဟာ ပိုပြီးတော့တောင် အရေးကြီးလာခဲ့ပါတယ်..။

အသက် (၈) နှစ်အရွယ်ကတည်းက မန်ချက်စတာ စီးတီးအသင်း လူငယ်အကယ်ဒမီကို ရောက်လာခဲ့တဲ့ ငယ်မွေးခြံပေါက် ကစားသမားလေးကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တာဟာ နည်းပြကြီး ပက်ပ် ဂွာဒီယိုလာ ရဲ့ ကြီးမားတဲ့ အမှားတစ်ခု ဖြစ်ပါသလား..? တကယ်လို့ အမှားမဟုတ်ခဲ့ဘူး.. ဆိုရင်တောင်မှ အဲဒီဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာ ကောင်းခဲ့ရတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းကနေ ထွက်ခွင့်ပေးလိုက်တဲ့အခါမှာ သူ့အနေနဲ့ အံ့အားသင့်မိလား..? လို့ မေးမြန်းရာမှာ ကိုးလ် ပါးမား က "Yes.. အံ့အားသင့်မိပါတယ်…" လို့ ချက်ချင်းဝန်ခံပါတယ်..။



ဒါပေမယ့် ဆက်ပြောမယ့်စကားတွေရဲ့ အတိမ်အနက်၊ သက်ရောက်နိုင်မှုတွေကို ခဏလောက် လေးလေးနက်နက် စဉ်းစားပြီးမှ အခုလိုထပ်မံ ဖွင့်ဟခဲ့ပါတယ်..။

“ရာသီအစတုန်းက ကျွန်တော်ဟာ မန်ချက်စတာ စီးတီးအသင်းကနေ မထွက်ချင်ခဲ့ပါဘူး..။ တစ်နှစ်လောက် အဌားထွက်ပါမယ်…၊ ဒါဆိုရင်အသင်းကြီးအတွက် ပိုပြီးအသင့်ဖြစ်လာမယ်လို့ စဉ်းစားခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ပြီးခဲ့တဲ့နောက်ဆုံးရာသီမှာ ကစားခွင့်သိပ်ပြီး မရခဲ့ပါဘူး..။ ဒါ့ကြောင့် အဲဒီလိုစဉ်းစားခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် ပက်ပ် ကတော့ ‘မင်းဒီမှာဆက်ပြီး နေချင်နေ..၊ ဒါမှမဟုတ်ရင် အပြီးရောင်းချမယ်..’ လို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ အသင်းကနေ ထွက်ခွာခဲ့ရတာပါ..။

ဘာဖြစ်လို့ ကျွန်တော့်ကို အဌားထွက်ခွင့် မပြုခဲ့တာလဲ..? စဉ်းစားမရခဲ့ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက ချဉ်းကပ်လာတဲ့အချိန်မှာ ချယ်လ်ဆီးကို ပြောင်းချင်တယ်လို့ ကျွန်တော်ပြောလိုက်ပါတယ်..။ အခုအချိန်မှာတော့ ကျွန်တော်ရွေးလိုက်တဲ့ လမ်းကြောင်းဟာ မှန်ကန်ခဲ့တဲ့အတွက် အထူးကျေနပ်မိပါတယ်..။”


အသက် (၂၁) နှစ်သားလေးကတော့ ချယ်လ်ဆီးအသင်းကို ပြောင်းလာပြီးတဲ့နောက်ပိုင်း သူ့ရဲ့လျှင်မြန်လှတဲ့ တိုးတက်မှုတစ်ချို့အပေါ် သူ့ကိုယ်သူတောင် အံ့အားသင့်မိတဲ့အကြောင်း ပြောပါတယ်..။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားဖို့ဖြစ်လာမယ့် လူငယ်သွေးသစ် ကစားသမားလေးစာ တစ်ချို့တစ်ချို့သော သွင်းဂိုးတွေ၊ လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်နေကျ လုပ်ငန်းတွေလို ဘာမှမစဉ်းစားလိုက်ရပဲ လှုပ်ရှားခဲ့တဲ့ တုံ့ပြန်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်..။ အဲဒီလို ‘သာမန်လုပ်ဆောင်မှု..၊ ဘာမှမစဉ်းစားလိုက်ပဲ ပြုလုပ်လိုက်တဲ့ တုံ့ပြန်မှု’..
 တွေကပဲ ‘တစ်လတာ အကောင်းဆုံးသွင်းဂိုး (Goal of the Month)’ စာရင်းဝင်သွားစေခဲ့တဲ့ အခိုက်အတန့်တွေကို ပေါ်ထွက်လာစေခဲ့ပါတယ်..။

ပါးမား ဟာ လူတန် တောင်းအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ လူတကာ နှုတ်ဖျားမှာ တသသဖြစ်ခဲ့ရတဲ့ တစ်ကိုယ်တော်အစွမ်းပြ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလှုပ်ရှားမှုတွေ၊ အလိမ်အလှည့်တွေဟာ သူ့ရဲ့အိမ်နဲ့ စက္ကန့် (၂၀) လောက်ပဲဝေးတဲ့ တစ်ဘက်ငါးယောက် ဂိုးကျဉ်းကွင်းလေးထဲမှာ ငယ်စဉ်ကတည်းက လုပ်ဆောင်နေကျအရာတွေ ဖြစ်နေခဲ့ပါတယ်..။ အလင်းရဲ့အမြန်နှုန်းနဲ့ တဒင်္ဂအတွင်း ဆုံးဖြတ်ခဲ့ရတဲ့ လှုပ်ရှားမှုနဲ့အတူ ရှေ့ကိုပြေးတက်လာတဲ့ ဂိုးသမား သောမတ်စ် ကာမင်စကီး ရဲ့ ခြေထောက်ပေါ်ကနေ ဘောလုံးကို ဖိနပ်အောက်ခြေဘားတွေနဲ့ ဆွဲထုတ်သွားပါတယ်..။ ပြီးတော့ အတင်းဝင် ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ လူတန်အသင်း နောက်ခံလူတွေကို အသာလေး လိမ်လှည့်၊ တစ်ချက်ခေါက်ပြီးမှ လူတန်အသင်းရဲ့ ဂိုးပေါက်ထဲကို သာသာယာယာ ကန်သွင်းချက်က ပွဲကြည့်ပရိသတ်တွေကို ပါးစပ်အဟောင်းသား အံ့အားသင့်စေခဲ့ပါတယ်..။

“ဂျက်ဆင် က ကျွန်တော့်ရဲ့ပြေးလမ်းထဲကို ထိုးပေးလိုက်တဲ့အချိန် အဲဒီဘောလုံးဟာ နည်းနည်းတော့ အရှိန်များနေတယ်လို့ တွေးမိပါတယ်..။ ဂိုးသမားကိုကျော်ပြီး ဆွဲပြေးဖို့၊ ဒါမှမဟုတ် ကန်သွင်းဖို့ကျလည်း အရမ်းကိုနီးကပ်လွန်းနေပါပြီ..။ ဒါ့ကြောင့်ဖိနပ်ဘားတွေနဲ့ပေါက်ပြီး သူ့ရဲ့ခြေထောက်ပေါ်က ဆွဲထုတ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ..။ အဲဒီဆုံးဖြတ်ချက်ဟာ မစဉ်းစားလိုက်ရပဲ သူ့အလိုအလျောက် (instinct) ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်..။

တကယ်လို့ အဲဒီလိုဘားနဲ့ပေါက်ပြီးမကျော်ပဲ မြက်ခင်းအတိုင်း လှိမ့်ပြီးဆွဲမယ်ဆိုရင် သူ့ရဲ့ခြေထောက်နဲ့ ဘယ်လိုမှ လွတ်မှာမဟုတ်ပါဘူး..။ အဲဒီလိုပုံစံ ကျော်ဖြတ်မှုတွေကို ငယ်ငယ်တုန်းကလည်း လုပ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် အဲဒီလူတန်နဲ့ပွဲကလို မရှုပ်‌ထွေးဘူး..၊ အဲဒီလောက် အရှိန်မများခဲ့ပါဘူးဗျ..။ တခြားတစ်ယောက်ကို ပြန်ပြီးသင်ပေးပါ.. လို့ ပြောရင် ကျွန်တော်လည်း သေသေချာချာ ရှင်းမပြတတ်ပါဘူး..။

ဘောလုံးကို ဖိနပ်ဘားနဲ့ပေါက်ပြီး လှိမ့်ထွက်သွားခဲ့တာလို့ပဲ ပြောရမှာပါ..။ ဘယ်လိုလုပ်သွားရတယ်.. ဆိုတာ တခါမှအသေးစိတ် မစဉ်းစားမိဘူးသလို ပြန်ပြီးမရှင်းပြတတ်ပါဘူး..။ ကျွန်တော်ထင်တာက ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့မှ ရမယ်ထင်ပါတယ်..။ ကျွန်တော်ဟာ အိမ်ဘေးက ပန်းခြံထဲ၊ ဂိုးကျဉ်းကွင်းတွေထဲမှာ ကစားခဲ့တာပါ…။”


ချယ်လ်ဆီးအသင်းမန်နေဂျာ မော်ရစ္စစီယို ပိုချက်တီနို ကတော့ ပါးမား ဆီမှာ ‘အိန်ဂျယ်လ် ဒီ မာရီယာ’ ရဲ့ ခြေစွမ်းခြေစတွေ တွေ့နေရတယ်လို့ ခိုင်းနှိုင်းခဲ့ပါတယ်..။ ပါးမား ကတော့ "အဲဒါကတော့ အလွန်အမင်း ချီးကျူးရာ ကျပါလိမ့်မယ်..။ ဒီ မာရီယာ တို့ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြပါတယ်..။ သူတို့လိုအဆင့်မျိုး ရောက်ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒါဆိုရင်တကယ့်ကို ကျေနပ်ဖို့ကောင်းတဲ့ ကစားသမားဘဝလို့ ပြောရမှာပါပဲ.." လို့ တုံ့ပြန်ခဲ့ပါတယ်..။

ပါးမား ဟာ ငယ်စဉ်တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဝိန်း ရူနီ ကို အားကျ၊ အတုယူခဲ့ပါတယ်..။ အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်းကြီးကလည်း ပါးမား ရဲ့ အသက်အရွယ်နဲ့ မမျှအောင် တာဝန်ယူနိုင်တဲ့စိတ်၊ သူ့ရဲ့တည်ငြိမ်တဲ့ စိတ်ထားနဲ့ ခံယူချက် ကောင်းမွန်မှုတွေကို ချီးကျူးခဲ့ပါသေးတယ်..။

အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းကို နောက်ဆုံးမှရောက်လာတဲ့ ကစားသမား ဆိုပေမယ့် အသင်းလူစာရင်းမှာ မရှိမဖြစ် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။ ဒါ့အပြင်သူဟာ နေရာတစ်နေရာထဲမှာ မကစားပဲ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားနေရင်း အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်းနိုင်ဖို့၊ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးစား၊ ကစားနေပြီ ဖြစ်ပါတယ်..။

“ကျွန်တော်ကတော့ အမြဲတမ်းဘောလုံးတွေကို လက်ခံရယူချင်ပါတယ်..။ ဒါမှလည်း ထိရောက်တဲ့ ဖန်တီးမှုတွေ၊ ပေးပို့မှုတွေ ပြုလုပ်ပေးလို့ရမှာပါ..။ အသင်းဟာ ရုန်းကန်နေရတဲ့အချိန်ဆိုရင် တခုခုအပြောင်းအလဲ ဖြစ်သွားအောင်လို့ ကျွန်တော့်ဆီကို ဘောလုံးပေးကစားဖို့ အသင်းဖော်တွေကို အမြဲတမ်းပြောပါတယ်..။ ကျွန်တော်ဟာ အဲဒီလို တာဝန်ယူရတာကို တွန်းအားအဖြစ် ခံယူထားသလို မန်နေဂျာကလည်း ‘ကွင်းထဲမှာ မင်းရဲ့အရည်အချင်းကို ပြနိုင်ဖို့ လွတ်လွတ်လပ်လပ်သာ ကစား…၊ လုပ်စရာရှိတာသာလုပ်..’ လို့ပဲ မှာကြားထားပါတယ်..။ ကျွန်တော်ဟာ လူငယ်အကယ်ဒမီမှာကတည်းက အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးချင်တဲ့ဆန္ဒ အမြဲတမ်းပြင်းပြခဲ့ပါတယ်..။”


သူဟာမန်ချက်စတာ စီးတီးအသင်းမှာတုန်းက အဲဒီပြင်းပြတဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်မရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ အသင်းရဲ့အဓိက ကစားသမားအဖြစ် ဦးဆောင်၊ မောင်းနှင်နေရပြီ ဖြစ်ပါတယ်..။

“လက်ရှိအချိန်မှာ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ စီစဉ်နေတဲ့ စီမံချက်အဆင့်တွေဟာ မတူညီကြပါဘူး..။ ဒါကိုအားလုံးသိကြပါတယ်..။ မန်ချက်စတာ စီးတီးအသင်းဟာ တကယ့်ကို သက်သေပြသပြီး ထိပ်တန်းအဆင့် ကစားသမားတွေကို ဦးတည်တဲ့ စီမံချက်ဖြစ်ပါတယ်..။ ချယ်လ်ဆီးကတော့ လူငယ်စီမံချက်ပါ..။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေသလို အသင်းရဲ့ လက်ရှိစီမံချက်ဟာ ကျွန်တော်နဲ့လည်း အံဝင်ဂွင်ကျ ဖြစ်နေတယ်လို့ ခံစားမိနေပါတယ်..။

ဒီအသင်းကို မရောက်လာခင် အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ ခံယူချက်တွေ၊ စိတ်ဓါတ်တွေ၊ သူတို့ရဲ့အမူအကျင့်တွေကို မသိထားခဲ့ပါဘူး..။ ဒါပေမယ့် အသင်းနဲ့ဆွေးနွေးစဉ်ကတည်းက မန်ချက်စတာ စီးတီးအသင်း မှာတုန်းကထက် တာဝန်တွေပိုပြီးယူရလိမ့်မယ်.. ဆိုတာ စဉ်းစားမိခဲ့ပါတယ်..။”


အဲဒီလိုတွေးထားခဲ့တဲ့အတိုင်း အခုဆိုရင်သူဟာ ချယ်လ်ဆီးအသင်း ပရိသတ်တွေသာမက အခြားဘောလုံး ပရိသတ်အားလုံးရဲ့ အထူးအာရုံစိုက်မှုကို ခံယူနေရပါပြီ..။ ဒါပေမယ့် သူဟာအဲဒီလိုအများက အာရုံစိုက်ခံရတဲ့ အခြေအနေမျိုးကို သဘောကျ၊ နှစ်သက်ခြင်းမရှိဘူးလို့ ပြောပြပါတယ်..။

“ဘောလုံးကွင်းအပြင်ဘက် ရောက်နေတဲ့အချိန်ကျရင် လူတွေအားလုံး ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာ၊ ကျွန်တော့်အကြောင်းပဲ ပြောနေကြတာကို မကြိုက်ပါဘူး..။ ကျွန်တော်ဟာ ကိုယ့်ဟာကိုယ် သီးခြား၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပါတယ်..။ ကျွန်တော်ဟာ ကျွန်တော်ပဲ ဖြစ်နေရင် တော်ပြီပေါ့ဗျာ..။ ဒါပေမယ့် ကွင်းထဲ ရောက်သွားတဲ့အချိန်ကျရင် အဲဒီလိုမဟုတ်တော့ဘူးဗျ..။ မီးခလုပ်တစ်ခုကို နှိပ်လိုက်သလိုပါပဲ..။ ဘာကြောင့်အဲဒီလိုဖြစ်ရလဲ.. ကျွန်တော်လည်း မသိပါဘူး..။ ကွင်းထဲရှိနေချိန်တွေမှာ ဖိအားတွေရှိနေတာကို နှစ်သက်ပါတယ်..။”


အဲဒီလိုဖိအားတွေကို နှစ်သက်ပြီး ခံနိုင်ရည်ရှိတဲ့အချက်ဟာ သူ့ကိုသဘာဝအလျှောက် ဖန်ဆင်းပေးထားတဲ့ ပင်နယ်တီ ကန်သွင်းသူတစ်ယောက် ဖြစ်စေခဲ့ပြီး အသင်းမှာရှိနေတဲ့ ဝါရင့်ကစားသမားတွေကို ကျော်လွန်၊ တာဝန်ယူခဲ့ရပါတယ်..။ ဒါပေမယ့် အဲဒီလိုဖိအားတွေ ကြီးမားလှတဲ့ တာဝန်တစ်ခုဟာ သူ့အတွက် သာမာန်၊ ထသွား.. လာသွား အလုပ်တစ်ခုလောက် အဖြစ်သာ ခံစားရတဲ့အကြောင်း ခပ်ပြုံးပြုံးလေးနဲ့ ပြောပြပါတယ်..။

“ကွင်းထဲမှာ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် ကျွန်တော်ဟာ အမြဲတမ်းပဲ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ရှိနေပါတယ်..။ အသင်းဖော်တစ်ချို့ကို ခင်ဗျားတို့မေးကြည့်ရင်လည်း အဲဒီလိုပဲ ဖြေကြပါလိမ့်မယ်..။ ပွဲရဲ့အနေအထားအရ ဘယ်လိုပဲအရေးကြီးနေပါစေ.. ကျွန်တော်ဟာ ဘောလုံးကို အသာချပြီး ဂိုးဝင်အောင်ကန်သွင်းဖို့ တစ်ခုပဲ အာရုံရှိပါတယ်..။”

ဒါပေမယ့် တစ်ချို့ပင်နယ်တီ ပြစ်ဒဏ်ဘောတွေမှာ တခြားအပိုဖိအားတွေ ကျရောက်လာတတ်ပါတယ်..။ အာဆင်နယ် အသင်းနဲ့ပွဲတုန်းက ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ပါးမား ဟာ သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့တဲ့ ရာဟင်း စတာလင်း နဲ့ ယှဉ်လုခဲ့ရပါသေးတယ်..။

“ဘန်လေအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီကန်ချက်တုန်းက သူကကျွန်တော့်ကို ပေးကန်ခွင့်ပြုခဲ့တာပါ..။ အာဆင်နယ် အသင်းနဲ့ပွဲမှာကျတော့ သူကလည်း အဲဒီပင်နယ်တီကို ကန်သွင်းချင်နေပါတယ်..။ ရာဟင်း ကို ကျွန်တော်မလေးစား မလုပ်ချင်ပါဘူး..။ သူဟာကျွန်တော့်ထက် အများကြီးအသက်ကြီးသလို အောင်မြင်မှုကြီးတွေ အများကြီးဆွတ်ခူးထားခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်..။ ကျွန်တော်ဟာ ဘာကောင်မှ မဟုတ်သေးပါဘူး..။ ရာဟင်း ဟာ ငယ်စဉ်ကတည်းက ကျွန်တော့်ကို တောက်လျှောက် အကူအညီ ပေးလာခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဒါပေမယ့် နောက်ဆုံးမှာ သူ့ဘက်ကအငြင်းအခုန်.. အကျယ်အကျယ် မဖြစ်ချင်တာကြောင့် အဲဒီပင်နယ်တီကို ကျွန်တော်ပဲ ကန်သွင်းခဲ့ပါတယ်..။ ရာဟင်း ရဲ့ စိတ်ဓါတ်နဲ့အပြုအမူဟာ အင်မတန် လေးစားဖို့ ကောင်းပါတယ်..။”


အာဆင်နယ်အသင်းနဲ့ပွဲပြီးလို့ ရက်သတ္တပါတ် သုံးပတ်လောက်အကြာ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာလည်း အားလုံးရဲ့မျက်လုံးတွေဟာ ကိုးလ် ပါးမား လေးအပေါ်မှာ ထပ်မံ ကျရောက်ခဲ့ပြန်ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းနဲ့ လေးဂိုးစီ သရေကျနိုင်မယ့် နာကျင်အချိန်ပိုမှာရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းမယ့်အချိန် အခြားတစ်ဘက်ကလည်း သူ့ရဲ့အသင်းဟောင်းကို အားပေးနေကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ရှိနေကြပါတယ်..။

“မိသားစုဝင်တွေနဲ့ သူငယ်ချင်းအများစုကတော့ တကယ့်ပွဲကြီးပွဲကောင်း တစ်ပွဲရဲ့  အဆုံးအဖြတ် အခိုက်အတန့်ကို ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်တာကြောင့် ကျွန်တော့်အတွက် ကျေနပ်ခဲ့ကြပါတယ်..။ တကယ်လို့ အဲဒီပင်နယ်တီကိုသာ လွဲချော်ခဲ့မယ်ဆိုရင် အမုန်းတရားတွေ၊ မကောင်းတဲ့ တုံ့ပြန်မှုတွေ အများကြီးရရှိနိုင်မယ်ဆိုတာ ကျွန်တော်သိထားပါတယ်..။ ဒါပေမယ့် ပင်နယ်တီ ကန်သွင်းခါနီးမှာ အဲဒီအကြောင်းတွေ လုံးဝမစဉ်းစားခဲ့ပါဘူး..။ အဲဒီဘောလုံးကို ဂိုးဝင်အောင် ကန်သွင်းမယ်.. ဆိုတဲ့စိတ် တစ်ခုပဲ ရှိခဲ့ပါတယ်..။”

ဂိုးဝင်သွားပြီးတဲ့အချိန် စတန်းဖို့ဒ် ဘရစ်ချ်ပရိသတ်ရဲ့ ဘဝဂ်ညံမယ့် အသံတွေကြားထဲမှာ သူ့အနေနဲ့ ‘ဘာမှမတတ်နိုင်ဘူး..(restrained)’ ဆိုတဲ့ အဓိပ္ပါယ် ပခုံးတွန့်ပြပြီး အောင်ပွဲခံခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်ဟာ စီးတီးအသင်းနဲ့ သူ့ရဲ့ကြားမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ ဆက်နွယ်မှု၊ လေးစားမှုတွေ ပျောက်ဆုံးသွားရတဲ့ တဒင်္ဂဖြစ်ခဲ့ရပါတယ်..။ ဒါပေမယ့် အခုဆိုရင် အပြာရောင် ချယ်လ်ဆီးတွေနဲ့ သူ့ရဲ့ကြားမှာ ကြီးမားတဲ့ဆက်နွယ်မှုတစ်ခု စတင်ဖြစ်တည်နေပြီလို့ ယုံကြည်မိတဲ့အကြောင်း ပြောပြပါတယ်..။

“အသင်းဘက်က ကျွန်တော့်ကို ကစားခွင့်ပေးခဲ့တဲ့ မိနစ်တွေ၊ ပွဲစဉ်တွေရယ်.. အသင်းအတွက် ကျွန်တော့်ဘက်က ကူညီပံ့ပိုးပေးမှုတွေ၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကြောင့် စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်တွေနဲ့ ကျွန်တော့်ရဲ့ကြားမှာ ကြီးမားတဲ့ ဆက်သွယ်မှုတစ်ခုဟာ မြန်မြန်ဆန်ဆန်ကြီး ဖြစ်တည်လာနေတယ်လို့ ခံစားမိပါတယ်..။ အခုဆိုရင် နေ့စဉ်ပြုလုပ်နေတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ လာရောက်အားပေး နေကြတာဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ရောက်နေတဲ့အတိုင်းပါပဲ..။”


အခုဆိုရင် သူ့ရဲ့ဒုတိယမြောက် ပရီးမီးယားလိဂ် hattrick အပါအဝင် အဲဗာတန်အသင်းကို ၆ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း (၄) ဂိုး သွင်းယူပေးခဲ့ပြီးတဲ့နောက်မှာ သူဟာချယ်လ်ဆီးအသင်းအတွက် (၄၁) ပွဲကစား၊ သွင်းဂိုး (၂၅) ဂိုး၊ ဂိုးဖန်တီးမှု (၁၃) ကြိမ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ‘ရွှေဖိနပ်ဆုရှင် (Golden Boot)’ ဖြစ်လာဖို့ မျှော်လင့်လို့ ရလာပါပြီ..။ ဒါ့အပြင်အခုဆိုရင် မန်ချက်စတာ စီးတီးအသင်းမှာ ကစားခွင့်ရခဲ့တဲ့ မိနစ်ပေါင်းထက် ပိုပြီးကျော်လွန်အောင် ကစားခွင့်လည်း ရရှိခဲ့ပြီ ဖြစ်ပါတယ်..။

“ကျွန်တော့်ရဲ့ အရည်အသွေးကို ကိုယ်တိုင်သိထားပေမယ့် လက်ရှိရရှိထားတဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အရေအတွက်အပေါ် အံ့အားသင့်မိတာတော့ အမှန်ပဲဗျ..။ ဒါပေမယ့် အပြောင်းအလဲတွေ ချက်ချင်းဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်သိထားပါတယ်..။ အခုအတိုင်း ဆက်လက်စွမ်းဆောင်နိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်..။”

မန်ချက်စတာ စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ရာ မြက်ခင်းစိမ်းပေါ်မှာ အလွယ်တကူ ချောချောမွေ့မွေ့ အထိုင်ကျခဲ့ပေမယ့် ကွင်းပြင်ပ နေထိုင်မှုတွေမှာ အလွယ်တကူ မဖြစ်ခဲ့ပါဘူး..။

“လန်ဒန်မြို့ကို ရောက်လာခဲ့တဲ့အချိန် ကွင်းပြင်ပ နေ့စဉ်ကိစ္စရပ်တွေဟာ မလွယ်ကူခဲ့ပါဘူး..။ အဲဒီအခက်အခဲတွေကို လူတိုင်းမမြင်နိုင်ခဲ့ပါဘူး..။ ကွင်းထဲမှာ ကျွန်တော့်ရဲ့ခြေစွမ်း၊ ကစားပုံ အဆင်ပြေနေတာကြောင့် ကျွန်တော်ဟာ ဒီမှာအဆင်ပြေနေတာပဲ မြင်နေကြပါလိမ့်မယ်..။ ဒါပေမယ့် မိသားစုနဲ့ ခွဲခွာပြီး အခြေချရတာ..၊ ငယ်ဘဝတစ်လျှောက်လုံး ကြီးပြင်းလာခဲ့တဲ့ မန်ချက်စတာမြို့ ပတ်ဝန်းကျင်ကို စွန့်ခွာခဲ့ရတာဟာ မလွယ်ကူပါဘူး..။

ဥပမာဗျာ.. လေ့ကျင့်ကွင်းကနေ အိမ်ကိုပြန်ရောက်ပြီဆိုရင် ခါတိုင်းလိုကျွန်တော့်ရဲ့ မိဘတွေကို မမြင်ရဘူးပေါ့ဗျာ..။ နောက်ပြီးဘောလုံးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်လာပြီဆိုရင် အဖေ့ကိုချက်ချင်း တိုင်ပင်ပြီး သူ့ရဲ့အမြင်တွေကို မေးလို့မရဘူး..။ အဲဒီလို အသေးစိတ် အရာလေးတွေပေါ့ဗျာ..။ သူ့ကိုဖုန်းဆက်လို့ရတာ မှန်ပါတယ်.. ဒါပေမယ့် လူချင်းတွေ့ပြီး စကားပြောတာနဲ့ မတူပါဘူး..။


ဒါ့အပြင်တခြားမိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့လည်း လွယ်လွယ်ကူကူ မတွေ့ရဘူးပေါ့ဗျာ..။ ချယ်လ်ဆီးကိုရောက်ပြီးနောက်ပိုင်း ဖုန်းတွေပိုပြောဖြစ် လာပါတယ်..။ လန်ဒန်မြို့ကိုပြောင်းရွှေ့လာခဲ့တာဟာ ကျွန်တော့်ဘဝ ပိုပြီးတိုးတက်လာဖို့၊ ရင့်ကျက်လာဖို့အတွက် အထောက်အကူဖြစ်တာ မှန်ပါတယ်..။ ဒါ့အပြင်အခုလို ကျွန်တော့်ရဲ့ မိဘတွေနဲ့ ခေတ္တ၊ ခဏခွဲခွာရတာဟာလည်း ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ စဉ်းစားမိတာပါပဲ..။”

ကမ္ဘာကျော် အဆိုတော်ကြီး ဆာ အယ်လ်တန် ဂျွန် ဟာ နာမည်ကျော် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ နဲ့ တွေ့ဆုံခန်းအစီအစဉ်တစ်ခုမှာ သူ့ရဲ့အကြောင်းကို တခုတ်တရ ထည့်ပြောခဲ့ပြီး အခုလိုချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာမျိုးဟာ လူငယ်ကစားသမားလေးတွေရဲ့ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်ခဲ့တဲ့အကြောင်း၊ အင်္ဂလန်လက်ရွေးစင် အသင်းအတွက်ပါ အများကြီး အကျိုးရှိမယ့်အကြောင်းတွေကို ပြောကြားခဲ့ပါတယ်..။

“ဆာ အယ်လ်တန် ဂျွန် ရဲ့ အင်တာဗျူး လာနေတဲ့အချိန် ကျွန်တော့်ရဲ့အမေက အရင်ဆုံးမြင်မိပါတယ်..။ သူက ‘Oh.. my God..! သားရေ… ခဏကြည့်လိုက်ပါဦး..’ လို့ လှမ်းပြီးအသိပေးပါတယ်..။ သူ့ရဲ့တွေ့ဆုံခန်း ပြောကြားချက်ဟာ ကျွန်တော်တို့မိသားစု group chat ထဲ ရောက်သွားခဲ့ပြီး ကျွန်တော်တို့အားလုံး ရင်တုန်ပန်းတုန် ပီတိ ဖြစ်နေကြပါတယ်..။ အဲဒီအင်တာဗျူးကို ကြည့်မိလိုက်တဲ့အချိန် ကျွန်တော်ကိုယ်တိုင်လည်း ရူးမလို ဖြစ်သွားခဲ့ပါတယ်..။ ကျွန်တော်ဟာ ဆာ အယ်လ်တန် ဂျွန် ဆိုတာ ဘယ်သူမှန်း သိထားပေမယ့် သူ့ရဲ့သီချင်းတွေကို နားမထောင်ဖူးပါဘူး..။ သူဟာကျွန်တော်တို့ထက် အများကြီးအသက်အရွယ် ကြီးပါတယ်..။

သူပြောတာ မှန်ပါတယ်..။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို ကျွန်တော်ကောင်းကောင်း သိထားပြီး ဘယ်လိုအသင်းမှာပဲဖြစ်ဖြစ် ပွဲထွက်ခွင့်ရဖို့ အသင့်ရှိနေပြီလို့ ခံစားမိခဲ့ပါတယ်..။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းဟာ ဘယ်လောက်တောင် လူအင်အား တောင့်တင်းလဲ.. ခင်ဗျားတို့ကြတာပဲလေ.. ဒါ့ကြောင့်အဲဒီမှာ ပွဲထွက်ခွင့်ရဖို့ အင်မတန်မှ ခက်ခဲပါတယ်..။ အခွင့်အရေး သိပ်မရခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းက ကမ်းလှမ်းလာတဲ့အချိန်မှာ ကျွန်တော့်ကို အခွင့်အရေးပေးမယ်လို့ ပြောလာခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ တက်လမ်းအတွက် လိုအပ်နေတဲ့ လျှောက်လမ်းကို တွေ့ခဲ့ပြီလို့ အဲဒီခဏမှာပဲ ခံစားမိခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်မှာ အကြီးမားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီအသင်းအတွက် ကြိုးစားပေးခွင့်ရမယ့် အခွင့်အရေးကို ကျွန်တော်ဟာ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့သလို အခုဆိုရင် အဲဒီအတိုင်း သက်သေပြနိုင်ခဲ့ပါပြီ..။”


ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ချိန်မှာ အသင်းနည်းပြ မော်ရစ္စစီယို ပိုချက်တီနို ဟာ လူငယ်ကစားသမား အများအပြားကို အင်္ဂလန်လက်ရွေးစင်တွေ ဖြစ်လာအောင် ပြုစု၊ ပျိုးထောင်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိနေခဲ့ပါတယ်..။ အာဂျင်တီးနား နည်းပြကြီးရဲ့ တပည့်ဟောင်း တစ်ဦးဖြစ်ခဲ့သူ ဒယ်လီ အားလီ ကလည်း နည်းပြမော်ရစ္စစီယို နဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံကောင်းတွေကို ပြန်လည်ဝေမျှပေးခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်..။

“မော်ရစ္စစီယို ဟာ တကယ့်ကို ထိပ်တန်းမန်နေဂျာ တစ်ယောက် ဖြစ်တယ်ဆိုတဲ့အကြောင်း ဒယ်လီ အားလီ နဲ့အတူ တခြားကစားသမားတွေဆီကနေ ပြန်လည်ကြားသိခဲ့ရပါတယ်..။ အခုဆိုရင် သူတို့တွေ ဘာကြောင့်အဲဒီလို ပြောခဲ့သလဲ ကိုယ်တိုင်သေချာ သိလာခဲ့ပါပြီ..။”

ကိုးလ် ပါးမား ဟာ ချယ်လ်ဆီးအသင်းက ဘင် ချီးဝဲလ်..၊ ကော်နာ ဂါလက်ချာ၊ နိုနီ မာဒူအီကေး၊ လီဗိုင်း ကိုဝဲလ်.. တို့နဲ့အတူ အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မော်ရစ္စစီယို ပိုချက်တီနို လက်ထွက် တပည့်သာဝက စာရင်းဝင် ကစားသမား ဖြစ်လာခဲ့ပါပြီ..။ ဒါ့အပြင်အခုအချိန်ဟာ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်လူစာရင်း ရွေးချယ်တော့မယ့် အချိန်ကောင်းနဲ့လည်း တိုက်ဆိုင်လို့နေပါတယ်..။

“ကျွန်တော်ဟာ ဘောလုံးကစားခွင့်ရဖို့အတွက်ပဲ ရည်ရွယ်ပြီး ချယ်လ်ဆီးအသင်းကို လာရောက်ခဲ့တာပါ..။ ဘောလုံးကစားခွင့် ပုံမှန်ရရှိချင်ပါတယ်..။ တစ်ပွဲပြီးတစ်ပွဲ ကစားခွင့်ရနေရင် ပြီးတာပါပဲ..။ ဒီလိုအချိန်မှာ အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ဆင့်ခေါ်မှုကို ရရှိခဲ့တဲ့အခါမှာ ရူးသွပ်သွားသလိုပါပဲ…။ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့် ရချင်ရနိုင်ပါလိမ့်မယ်..။ အရမ်းကြီး မျှော်လင့်မထားပါဘူး..။

ကျွန်တော်ဟာ တစ်ပွဲချင်း အစွမ်းကုန် ကြိုးစားသွားမှာပါ..။ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကို အားလုံးသိထားပြီးသားပါ..။ ဒါ့ကြောင့်အဲဒီအကြောင်းကို အလေးအနက်ကြီး မစဉ်းစားထားပါဘူး..။”

ဒါပေမယ့် အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ ပြသနေတဲ့ခြေစွမ်း၊ သွင်းဂိုးတွေနဲ့ အသင်းကို ဦးဆောင်၊ မောင်းနှင်ပေးနေတဲ့ သူ့ရဲ့အရည်အသွေးတွေကြောင့် ရာသီကုန်တဲ့အချိန်မှာ နည်းပြဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန်အသင်း (၂၃) ယောက် နောက်ဆုံးလူစာရင်းမှာ ပါဝင်ခွင့်ရရှိသွားခဲ့ရင်လည်း အံ့ဩစရာ မဟုတ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ပါတယ်..။

(Mail Sports သတင်းဌာနမှ Adrian Kajumba ၏ “Inside the mind of the Premier League's top scorer COLE PALMER, who continues to show why Pep Guardiola was wrong to let him go” ဆောင်းပါးကို ပြန်ဆိုရေးသားပါသည်..။)