feature-image

Staines မှ Stamford Bridge သို့.. (သို့မဟုတ်) အမ်မာ ဟေးယက်စ် ၏ (၁၂) နှစ်တာ အပြာရောင်ခရီးစဉ်

ပုံပြင်လေးတစ်ပုဒ် အရင်ဆုံး ပြောပြပါမယ်..

အဲဒီနေ့က ချယ်လ်ဆီး အမျိုးသမီအသင်း ပွဲကန်ရမယ့်နေ့ ဖြစ်တာကြောင့် ကျွန်မဟာ ပေါလ် ဂရင်း (ချယ်လ်ဆီး အမျိုးသမီးအသင်း အထွေထွေ မန်နေဂျာ) နဲ့အတူ လန်ဒန်မြို့၊ Staines အရပ်မှာရှိတဲ့ ကျွန်မတို့ချယ်လ်ဆီး အမျိုးသမီးအသင်းရဲ့ အိမ်ကွင်း.. Wheatsheaf Park ကို စောစောစီးစီး ရောက်လာခဲ့ပါတယ်..။ ကျွန်မတို့ဟာ နေ့လည်ကျရင် လီဗာပူးလ်အသင်းနဲ့ ကန်ရဖို့ ရှိနေပါတယ်..။ မိုးကလည်း မယုံနိုင်လောက်အောင် သဲကြီးမဲကြီး ရွာသွန်းနေပါတယ်..။

အဲဒီအချိန်တုန်းက ကျွန်မတို့အသင်းရဲ့ ကွင်းနဲ့မြက်ခင်းတွေကို ပြင်ဆင်၊ ထိန်းသိမ်းပေးမယ့် ဝန်ထမ်းတွေ မရှိပါဘူး..။ ကဲ.. ကျွန်မတို့ ဘာလုပ်ကြမှာလဲ..? ကွင်းထဲမှာတော့ မိုးရေတဖွေးဖွေးနဲ့ မြက်ခင်းတစ်ခုလုံး ရေပြင်ကြီးပါပဲ..။ ကျွန်မတို့ မိုးတိတ်တဲ့အထိ ဒီအတိုင်း ထိုင်စောင့်နေရင် ပွဲကိုသေချာပေါက် ရွှေ့ဆိုင်းရပါလိမ့်မယ်..။ ကဲ.. ပေါလ် ရေ.. ဒလိမ့်တုံးတွေ ရှာကြစို့..။ ကျွန်မနဲ့ ပေါလ် တို့ ဦးဆောင်ပြီး ကွင်းမှာရှိတဲ့ ဒလိမ့်တုံးတွေ ကိုယ်စီကိုင်စွဲရင်း မြက်ခင်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ မိုးရေတွေကို ကိုယ့်အားကိုယ်ကိုး ရှင်းလင်းကြပါတယ်..။

ဒီလိုနဲ့ပွဲချိန်မရောက်ခင် နာရီပိုင်းအလိုမှာ ကွင်းထဲကမိုးရေတွေအကုန်လုံးကို အချိန်မှီရှင်းလင်းနိုင်ခဲ့ပါတယ်..။ ကျွန်မတို့လည်း ခြေကုန်လက်ပန်းကျသွားတာ ပွဲကန်မယ့်အချိန်ကိုတောင် သတိမမူနိုင်တော့တဲ့ အထိပါပဲ..။ ပြောချင်တာက ကျွန်မရဲ့ပွဲ ဖြစ်မြောက်ဖို့ဆိုရင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်.. ဘာမဆို လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့် ဖြစ်ပါတယ်..။



++++   ++++++    +++++

မနက်ဖြန်.. စနေနေ့.. စတန်းဖို့ဒ် ဘရစ်ချ်မှာတော့ အဲဒီဒလိမ့်တုံးတွေ လှိမ့်ပေးဖို့ လိုမှာမဟုတ်ပါဘူး..။ ဒီလိုအခြေအနေထိ ရောက်လာဖို့ ခရီးရှည်ကြီးကို ဖြတ်သန်း၊ ချီတက်ခဲ့ရပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း.. ကျွန်မရဲ့ နောက်ဆုံးပွဲမှာ ဘာစီလိုနာ အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်မယ်….၊ ချန်ပီယံလိဂ်ပြိုင်ပွဲ.. အကြိုဗိုလ်လုပွဲ…

ဒီလိုအခိုက်အတန့်တွေ ရရှိဖို့ ကျွန်မတို့ (၁၂) နှစ်တာ ကာလ.. ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ရတာ မဟုတ်ပါလား..? ကျွန်မရဲ့ ကစားသမားတွေနဲ့ ထိုက်တန်တဲ့ ချီးမြှောက်မှု..၊ ချယ်လ်ဆီးအသင်းနဲ့ ထိုက်တန်တဲ့နေရာ..၊ ကျွန်မတို့ ချယ်လ်ဆီးအသင်း ရှိနေရမယ့် အဆင့်အတန်းလည်း ဖြစ်ပါတယ်..။

မမှားဘူးဆိုရင် ကျွန်မတို့ရဲ့ ပြိုင်ဘက်ဟာ ကမ္ဘာ့အမျိုးသမီး ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်း ဖြစ်ပါတယ်..။ သူတို့ဟာ ကျွန်မတို့ကို လွှမ်းမိုးနိုင်ဖို့ နည်းမျိုးစုံနဲ့ ယှဉ်ပြိုင်လာမယ်..၊ ကြိုးစားခဲ့ကြပါလိမ့်မယ်..။ ခန္ဓာကိုယ် ကြံ့ခိုင်မှုချင်း၊ ခွန်အားသုံး ကစားပုံချင်း ယှဉ်ပြိုင်ရမှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း နိမ့်ပါးသွားလို့ မရပါဘူး..။ ခြေကုန်လက်ပန်းကျမယ်..၊ စိတ်ပန်းလူပန်း အင်အားအကုန် သုံးစွဲရပါလိမ့်မယ်..။ ဒီလိုအနေအထားမျိုးကို ကျွန်မတို့ အလိုရှိပါတယ်..။ အနိုင်ရဖို့အတွက် အစွမ်းကုန် ပေးဆပ်၊ ကြိုးစား၊ တိုက်ပွဲဝင်ရပါလိမ့်မယ်..။

ခင်ဗျားတို့ ရောက်အောင်လာခဲ့ပါ..။ စတန်းဖို့ဒ် ဘရစ်ချ်မှာ အပြာရောင်အလံတွေ လွှင့်တင်လိုက်ကြပါ…



++++   ++++++    +++++

၂၀၁၃ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲအဖြစ် ဝုလ်ဖ်ဘတ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ ယှဉ်ပြိုင်ကြတဲ့ပွဲကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျင်းပခဲ့ပါတယ်..။ အဲဒီပွဲကိုကြည့်နေရင်း တစ်နေ့ကျရင် ကျွန်မတို့အသင်းဟာ ဒီလိုပွဲမျိုးတွေ ကစားရတဲ့ အသင်းတစ်သင်း ဖြစ်ကိုဖြစ်လာရမယ်..၊ ကွင်းလုံးပြည့်လျံ အပြာရောင် အလံတွေ လွှင့်တင်နေတဲ့ အားပေးမှုတွေ ရကိုရရမယ်.. လို့ ကြွေးကြော်ရင်း သန္နိဌာန်ချမှတ်ခဲ့ပါတယ်..။ ကျွန်မတို့ရဲ့ ဒီခရီးလမ်း… ဖြစ်ခဲ့သလို အသင်းဘက်ကလည်း အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ခွင့် အပ်နှင်းခဲ့ပါတယ်..။

ကျွန်မရဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းနဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်ဟာ ဘာမင်ဂမ် စီးတီးအသင်းကို Staines မှာ ဧည့်ခံရတဲ့ပွဲစဉ် ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲကိုလာရောက်အားပေးတဲ့ အပြာရောင်ပရိသတ်ဟာ ရာဂဏန်းစွန်းစွန်းလေးပဲ ရှိပါလိမ့်မယ်..။ မြက်ခင်းဟာ အကောင်းဆုံး အခြေအနေမှာ မရှိပါဘူး..။ ဒါပေမယ့် ဒီလိုမြက်ခင်းစိမ်းလေးနဲ့ ကွင်းသေးလေးဟာ ကျွန်မတို့ရဲ့ နွေးထွေးတဲ့ ‘အပြာရောင်အိမ်’ လေးပါပဲ..။

Wheatsheaf Park ကွင်းလေးထဲမှာ မမေ့နိုင်မယ့် အမှတ်တရ အခိုက်အတန့်များစွာကို ဖြတ်သန်းခဲ့ရပါတယ်..။ ရာသီနောက်ဆုံးရက်မှာ ဆန်းဒါးလန်းအသင်းကို အနိင်ရပြီး အမှတ်ပေးချန်ပီယံဆုကို ဗိုလ်စွဲခဲ့တယ်.., ဖရန် ကာဘီ ရဲ့ နောက်ကျဂိုးနဲ့ ၂၀၁၆ ခုနှစ်၊ FA ဖလားအကြိုဗိုလ်လုပွဲအပြီး စတူးဝပ် ဆီးလ် (လက်ထောက်နည်းပြ) ရဲ့ ကွင်းဘေးစည်းတစ်လျှောက် လိပ်ခေါင်းထွက်မတတ် အော်ဟစ်ပြေးလွှား အောင်ပွဲခံခဲ့တဲ့ ဟန်ပန်တွေဟာလည်း ကျွန်မတို့ရဲ့ စိတ်အာရုံထဲမှာ ထာဝရတည်မြဲ နေဦးမှာပါ..။



++++   ++++++    +++++

Kingmeadows… ဒီကွင်းဟာ ကျွန်မတို့ရဲ့ အိမ်ကွင်းအဖြစ် နှစ်ပေါင်းများစွာ ဖြည့်ဆည်းပေးခဲ့ပါတယ်..။ Staines ကနေ Kingmeadows အထိ တိုးတက်လာတာဟာ ကျွန်မတို့အတွက် လိုအပ်နေတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။

အဲဒီကွင်းရဲ့ ဒီဇိုင်းကအစ ကျွန်မနဲ့ ပေါလ် တို့ဟာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သလို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ကျွန်မတို့ အမျိုးသမီးအသင်းရဲ့ လေ့ကျင့်ကွင်း အဆောက်အဦးကိုလည်း စိတ်တိုင်းကျအလှဆင်၊ စီစဉ်ခွင့်ရခဲ့ပါတယ်..။ အသင်းရဲ့လိုအပ်နေတဲ့ အခြေခံအဆောက်အဦးတွေ ဖြည့်ဆည်းရာမှာ တတပ်တအား ပါဝင်ခွင့်ရဖို့ အခွင့်အရေးဟာ အင်မတန်မှ ရှားပါးပါတယ်..။ ဒါပေမယ့် ကျွန်မတို့ဟာ အဲဒီလိုရတောင့်ရခဲ အခွင့်အရေးကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဂရုတစိုက် ပါဝင်ခဲ့ပြီး ကစားသမားတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနိုင်အောင် အကောင်းဆုံး စီစဉ်ပေးနိုင်ခဲ့ပါတယ်..။

Kingmeadows ကွင်းနဲ့ အဲဒီကွင်းမှာ ကျွန်မတို့ကို စွဲစွဲမြဲမြဲ လာရောက် အားပေးခဲ့ကြတဲ့ အပြာရောင် ပရိသတ်ကြီးကို ကျွန်မတို့ အထူးချစ်မြတ်နိုးပါတယ်..။ အဲဒီကွင်းမှာ ကျွန်မတို့ဟာ တကယ့်ကို ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်.. မမေ့နိင်မယ့် အမှတ်တရ အခိုက်အတန့်များစွာကို နှစ်ပေါင်းများစွာ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဒီလောက်နဲ့ မရပ်တန့်နေနိုင်ပါဘူး..။ ကျွန်မတို့ရဲ့ နောက်ခြေလှမ်းက အပြာရောင်တွေရဲ့ ဘူမိနက်သန်.. အသည်းနှလုံးနေရာဖြစ်တဲ့ ‘စတန်းဖို့ဒ် ဘရစ်ချ်’ ကွင်းသို့ လှမ်းချီနိုင်ဖို့ ဖြစ်ပါတယ်..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကျွန်မတို့ ခြေချတော့မယ်.. ဆိုတဲ့အချိန်မှာ ဒီလိုကြီးမားတဲ့ကွင်းကြီးမှာ ကျွန်မတို့ ကစားရဲပါ့မလား..? ဆိုပြီး သံသယစိတ်တွေနဲ့ တီးတိုးသဖန်းပိုးထိုးသံတွေ ကြုံခဲ့ရပါတယ်..။ ဒါပေမယ့် ကျွန်မတို့ဟာ အဲဒီဝေဖန်သံတွေကို အသံတိတ်စေခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ချ်နဲ့ ထိုက်တန်တဲ့၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းနဲ့ လျှော်ညီတဲ့ခြေစွမ်းကို ပြသနိုင်တဲ့အသင်းဖြစ်ကြောင်း အခုနှစ်ဘောလုံးရာသီမှာ သက်သေပြနိုင်ခဲ့ပါတယ်..။



++++   ++++++    +++++

“ဘာစီလိုနာအသင်းနဲ့ လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကျွန်မရဲ့နောက်ဆုံးပွဲ ဖြစ်လာမှာပါ..။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် အဲဒီအကြောင်းကို ကျွန်မအရမ်းကြီး မတွေးထားပါဘူး..။ ကျွန်မတို့ဟာ အဲဒီပွဲကို အနိုင်ရရှိအောင် ယှဉ်ပြိုင်ဖို့နဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်..။ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့.. ဆိုတဲ့ ခံစားမှုကပဲ ကျွန်မရဲ့ အတွေးတွေ..၊ ပြင်ဆင်မှုတွေအားလုံးကို လွှမ်းမိုး၊ ချုပ်ကိုင်ထားပါတယ်..။

ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ မြက်ခင်းစိမ်းပေါ်ကို ခြေချလိုက်ချိန်မှာ အပြာရောင်အလံတွေ၊ အဖြူရောင်အလံတွေ ဝံ့ဝံ့ကြွားကြွား လွင့်ပျံနေတာ..၊ ကစားသမားတွေရဲ့ နာမည်တွေကို အော်ဟစ် ကြွေးကြော်သံတွေ ကြားလိုက်ရတာနဲ့ လူတိုင်းဟာ ကျွန်မတို့ကို အစွမ်းရှိသမျှ ကြိုးစား၊ ပေးဆပ်ကြဖို့ ဟစ်အော် တိုက်တွန်းနေပြီလို့ပဲ ခံစားမိပါတယ်.။ အဲဒီအခိုက်အတန့်ကို စဉ်းစားလိုက်တာနဲ့တင် အသွေးထဲ၊ အသားထဲက အပြာရောင်သွေးတွေ ဆူပွက်လာပါတယ်..။

ကျွန်မအတွက် အလိုအပ်ဆုံးအရာက အဲဒီအရာပါပဲ..။”

- အမ်မာ ဟေးယက်စ်
 
(Chelsea Official website မှ တင်ဆက်ပေးခဲ့သော ချယ်လ်ဆီးအမျိုးသမီး အသင်းမန်နေဂျာ Emma Hayes ၏ ‘From Staines to Stamford Bridge: Emma Hayes on a 12-year journey’ ဆောင်းပါးကို ပြန်ဆိုရေးသားပါသည်..။)