feature-image

‘ချယ်လ်ဆီးကို ပုံကြီးချဲ့ တိုက်ခိုက်နေကြတယ်’ လို့ ပြောလိုက်တဲ့ နိုနီ မာဒူအီကေး နှင့် တွေ့ဆုံခန်း

နည်းပြသစ် အင်ဇို မာရက်စ်ကာ ၏ ညွှန်ကြားမှုဖြင့် ကဏ္ဍသစ် စတင်ဖွင့်လှစ်နေသည့် ချယ်လ်ဆီးအသင်းတွင် ဖြတ်သန်းနေရသည့် နေ့ရက်များနှင့် အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရသည့်အပေါ် တောင်ပံကစားသမား နိုနီ မာဒူအီကေး က Talk Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် အောက်ပါအတိုင်း ပြောပြခဲ့ပါသည်...။

မေး - နိုနီ ရေ… လက်ရှိဘောလုံးရာသီ စတင်ချိန်မှာ ခင်ဗျားဟာ ခြေစွမ်းကောင်းတွေ ရရှိနေသလို ဝုလ်ဖ်အသင်းနဲ့ပွဲမှာ သုံးဂိုးသွင်း.. hattrick ပါ ရရှိခဲ့ပါတယ်..။ အဲဒါကြောင့်လည်း နည်းပြလီ ကာ့စ်လေ က အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ခင်ဗျားရွေးချယ်ခဲ့တာပေါ့..။ အရင်ဆုံးမေးချင်တာက အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရတယ်.. တဲ့အကြောင်း အသိပေးခံရတဲ့ ဖုန်းခေါ်မှုရရှိခဲ့တဲ့အချိန် ခင်ဗျားရဲ့ခံစားမှုတွေကို ပြောပြပေးပါလား..?

အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခဲ့တဲ့အကြောင်း နည်းပြလီ ကာ့စ်လေ ဆီက အကြောင်းကြားစာ ရရှိလာတဲ့အချိန်မှာ ဆာဗက်တီ အသင်းနဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကို ရောက်ရှိနေပါတယ်..။ အဲဒီနေ့က မနက်စာစားပြီးတဲ့ အချိန်လောက်မှာ သူ့ဆီကနေ ‘အားတဲ့အချိန် ငါ့ဆီကို ပြန်ဆက်ပေးပါ’ လို့ အကြောင်းကြားလာတဲ့ text message ရခဲ့တာဗျ..။

အဲဒါနဲ့ကျွန်တော်သူ့ဆီကို ပြန်ပြီးဖုန်းဆက် လိုက်တဲ့အချိန်မှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ထားတဲ့အကြောင်း အသိပေးခဲ့တာပါ..။ သူ့ရဲ့စကားကို ကြားကြားချင်းမှာ အရမ်းကိုပျော်ရွှင်သွားခဲ့သလို မယုံနိုင်လောက်အောင်လည်း ဖြစ်နေခဲ့တာကြောင့် ‘ခင်ဗျားတကယ်ပြောနေတာလား..?’ ဆိုပြီး ပြန်မေးလိုက်ပါသေးတယ်..။ သူက ‘နောက်စရာလားကွ… တကယ်ပြောတာပါ..။ မကြာခင်မှာ ဆုံကြတာပေါ့’ လို့ အတည်ပြုပေးခဲ့ပါတယ်..။



မေး - ဟုတ်ကဲ့ပါ..။ အခုလိုပြန်ပြီး ကြားရတဲ့အချိန် ကျွန်တော်တို့ပါ ဝမ်းသာ၊ ကြည်နူးရတဲ့ အပျော်တွေ ကူးစက်ရပါတယ်..။ အခုအင်္ဂလန်အသင်းကို ကိုင်တွယ်နေတဲ့ ယာယီနည်းပြ လီ ကာ့စ်လေ ဟာ အင်္ဂလန်လူငယ်အသင်းမှာ ခင်ဗျားနဲ့လက်တွဲခဲ့ဖူးတာကြောင့် ခင်ဗျားရဲ့အကြောင်း၊ ခင်ဗျားရဲ့စွမ်းဆောင်ရည်ကို ကောင်းကောင်းသိထားတာဆိုတော့ အစစအရာရာ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်..

ဒါ့အပြင် အခုနှစ်ဘောလုံးရာသီမှာ ခင်ဗျားရဲ့စွမ်းဆောင်ရည် အထူးကောင်းမွန်နေခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတာဟာ ခင်ဗျားရဲ့ခြေစွမ်းကို အသိအမှတ်ပြုတဲ့သဘော ဖြစ်သလို ထိုက်တန်လို့ရော မခံစားမိဘူးလား..?

 အမှန်တော့ အခုရာသီအစပိုင်းမှာ အင်္ဂလန်အသင်းထက်စာရင် ချယ်လ်ဆီးအသင်းအတွက်ပဲ ပိုပြီးအာရုံစိုက်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းဟာ နည်းပြသစ်နဲ့ ကဏ္ဍသစ် စတင်နေတာ ဖြစ်တာကြောင့် နည်းပြမျက်စိကျလာအောင် စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်နေပါတယ်..။ ဒါ့ကြောင့်အခွင့်အရေး ရတဲ့အချိန်တိုင်း ခြေစွမ်းပြနိုင်ဖို့ အရေးကြီးပါတယ်..။ ကျွန်တော်ဟာ အားလုံးစိတ်ကျေနပ်မှုရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။

ချယ်လ်ဆီးလို ထိပ်တန်းအသင်းမှာ ပုံမှန်ကစားခွင့်ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပါတယ်..။ ဒါ့ကြောင့်အခွင့်ရတိုင်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ လိုအပ်သလို ဆက်လက်တိုးတက်နေအောင် အမြဲတမ်းကြိုးစားနေရပါမယ်..။ အခုနှစ်ရာသီအတွက် ရည်မှန်းချက်ကလည်း ကစားခွင့်ရနိုင်သမျှ အများဆုံးကစားခွင့်ရဖို့ ဖြစ်ပါတယ်..။



မေး - ခင်ဗျားက ‘ချယ်လ်ဆီး’ အသင်းဆိုပြီး ပြောလာလို့ပါ… အခုအချိန်မှာ ခင်ဗျားတို့အသင်းရဲ့ နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းတွေအများကြီး ထွက်ပေါ်နေပါတယ်..။ ခင်ဗျားတို့လို အသင်းရဲ့အတွင်းက ကစားသမားတွေအနေနဲ့ ကိုယ်တိုင်ကြုံတွေ့ နေရတဲ့အရာတွေဟာ အပြင်မှာ သတင်းထွက်နေတဲ့အတိုင်း ထပ်တူကျနေခဲ့လား..? တကယ်ပဲ ရူးသွပ်စရာ ကောင်းနေရဲ့လား..?

ခင်ဗျားတို့ပြင်ပကလူတွေရဲ့အမြင်၊ မီဒီယာတွေရဲ့ ရေးသား ဖော်ပြမှုတွေဟာ တကယ့်ဖြစ်နေတာထက် နည်းနည်းတော့ ချဲ့ကား၊ ပုံကြီးချဲ့တာတွေ ရှိပါတယ်..။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်း..၊ လေ့ကျင့်ကွင်း အဆောက်အဦးတွေဟာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ နေရာတွေ ဖြစ်သလို ကျွန်တော်တို့အားလုံးဟာ ကျေနပ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားနိုင်ကြပါတယ်..။

မှန်ပါတယ်..။ ပြီးခဲ့တဲ့ကာလအတွင်းမှာ အပြောင်းအလဲတွေအများကြီး ဖြစ်ခဲ့ပါတယ်..။ ကစားသမားအသစ်တွေ အများကြီးရောက်ရှိလာခဲ့သလို အသင်းရဲ့ဝန်ထမ်းတွေကြားမှာ အပြောင်းအလဲတွေ အများကြီးရှိခဲ့ပါတယ်..။ ကျွန်တော်တို့လို ကစားသမားတွေအတွက်က မြက်ခင်းစိမ်းပေါ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ဖို့ပဲ အာရုံစိုက်ရပါမယ်..။ ဒါ့ကြောင့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာအားလုံးကို ခေါင်းထဲထည့်ပြီး ကောင်းသည်၊ ဆိုးသည် စဉ်းစားနေဖို့ ခက်ခဲပါတယ်..။

ပြင်ပမှာဖြစ်နေတဲ့ အရာတွေကို သီးခြားနေရာတစ်ခု သတ်မှတ်ထားပြီး ခွဲခြားထားပါတယ်..။ ကျွန်တော်ကတော့ လေ့ကျင့်ကွင်းမှာ အမြဲတမ်းအကောင်းဆုံး ကြိုးစား၊ ပြင်ဆင်နေဖို့..၊ ကစားခွင့်ရတဲ့အချိန် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ကိုပဲ စိတ်နှစ်၊ အာရုံစိုက်ထားပါတယ်..။



မေး - ဟုတ်ကဲ့ပါ..။ မနှစ်ကဆိုရင် ခင်ဗျားတို့ဟာ အသင်းတစ်သင်းအနေနဲ့ အထိုင်တကျ ဖြစ်လာခဲ့ပြီပေါ့..။ အဲဒီအချိန်မှာ နောက်ထပ်ကစားသမားအသစ်တွေ ထပ်ပြီးရောက်ရှိလာသလို အခုဆိုရင် တောင်ပံတိုက်စစ်နေရာမှာ ပြိုင်ဆိုင်မှုတွေ ပိုပြီးပြင်းထန်လာဖို့ ရှိလာပါတယ်..။ အဲဒီလိုစိန်ခေါ်မှုတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖို့ စဉ်းစားထားလဲ..?

ကျွန်တော်တို့အသင်းဟာ စုစည်း၊ ကျစ်လျစ်ပြီး ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်..။ ကစားသမားအများစုဟာ ကျွန်တော်တို့ရဲ့ အသက်အရွယ်တူ၊ လူငယ်ကစားသမားလေးတွေ ဖြစ်ကြပါတယ်.။ ဒါ့ကြောင့် ကစားသမားသစ်တွေ‌ ရောက်လာရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး သူတို့တွေကို အသင်းနဲ့တသားတည်း ဖြစ်သွားအောင် အကူအညီပေးကြပါတယ်..။

ကျွန်တော်ကတော့ အသင်းမှာ ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်တာကို ကြိုက်နှစ်သက်ပါတယ်..။ ချယ်လ်ဆီးအသင်းလို ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းမှာ ပါဝင်ချင်တယ်ဆိုရင် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ အဲဒီလို စိန်ခေါ်မှုတွေကို စိုးရွံ့နေဖို့ မလိုပါဘူး..။

မေး - Yeah..! ခင်ဗျားဟာ အဲဒီလိုစိန်ခေါ်မှုတွေကို စိုးရိမ်နေမယ့်သူ မဟုတ်မှန်းသိပါတယ်..။ ဒါ့ကြောင့်ပီဒရို နက်တို နဲ့ ဂျေဒွန် ဆန်ချို တို့ ရောက်လာတာဟာ ခင်ဗျားအတွက် စိန်ခေါ်မှုထက်စာရင် တိုးတက်နိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ခံယူထားမယ်လို့ ထင်တာပဲ.. ဟုတ်တယ်မလား..?

ဒါပေါ့…၊ မှန်ပါတယ်..။ ကစားသမားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အရည်အသွေးမြင့်မားတယ်လို့ ခံယူထားမယ်ဆိုရင် ကိုယ်နဲ့တွဲဖက် ကစားမယ့် အသင်းဖော်တွေကိုလည်း ထိပ်တန်းကစားသမားတွေပဲ ဖြစ်စေချင်ပါလိမ့်မယ်..။ ဒါမှလည်း ကိုယ့်ရဲ့ခြေစွမ်း..၊ အဆင့်အတန်းဟာ ပိုပြီးတိုးတက်လာမှာပါ..။ ကစားသမား တစ်ယောက်ဟာ ဘယ်လိုပဲနေထိုင်နေပါစေ.. အချိန်တန်ရင် ပုံမှန်ကစားခွင့်ရမှာပဲ.. ဆိုတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုနည်းနဲ့မှ တိုးတက်မှုတွေ ရှာဖွေလို့ရနိုင်မှာ မဟုတ်ပါဘူး..။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့နေရာအတွက် ပြိုင်ဆိုင်မှုမရှိဘူးဆိုရင် ခြေစွမ်းဟာ ကျဆင်းသွားဖို့ပဲ ရှိပါတယ်..။ ဒါ့ကြောင့်အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတာ ကောင်းပါတယ်..။ ဒါမှလည်း ကျွန်တော်တို့တွေရဲ့ နေ့စဉ်လေ့ကျင့်ခန်း အဆင့်အတန်းတွေ တိုးတက်လာပြီး ကွင်းတွင်းကို ရောက်လာချိန်မှာ ပိုပြီးတိုးတက် ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်လာမှာပါ..။



မေး - ‘နည်းပြသစ် မျက်စိကျလာအောင် စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်တယ်..’ လို့ ခုနက ခင်ဗျားပြောခဲ့ပါတယ်..။ အင်ဇို မာရက်စ်ကာ ရဲ့လက်အောက်မှာ ကစားပေးရတာ ဘယ်လိုတွေထူးခြားမှုရှိခဲ့လဲ..? ခင်ဗျားတို့ရဲ့ နည်းပြသစ်အကြောင်း ပြောပြပေးပါလား..?

သူဟာထိပ်တန်း နည်းပြတစ်ယောက်၊ နည်းစနစ်ပိုင်းမှာ အလွန်ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ အသင်းကို ရောက်လာပြီးတဲ့နောက် ကျွန်တော့်ရဲ့ကစားပုံ ပိုပြီးကောင်းမွန်လာဖို့ အများကြီးအကူအညီ ပေးခဲ့တယ်..၊ အကြံဉာဏ်တွေ ပေးခဲ့ပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့ မစဉ်းစားမိခဲ့တဲ့ တကယ့်အသေးစိတ်လေးတွေမှာ ပိုပြီးတိုးတက်လာအောင် အထောက်အကူ ပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သွင်းဂိုးတွေ ပိုပြီးရရှိမယ်..၊ နောက်ခံလူတွေကို ပိုမိုကျော်ဖြတ်မှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။

မေး - အခုဒီနှစ်ဘောလုံးရာသီ ဝုလ်ဖ်အသင်းနဲ့ပွဲမှာ ခင်ဗျားဟာ သုံးဂိုးသွင်းပြီး hattrick ရခဲ့ပါတယ်..။ ခင်ဗျားရဲ့သွင်းဂိုးတွေမှာ အသင်းဖော် ကိုးလ် ပါးမား ရဲ့ ဖန်တီးမှုတွေ အထူးကောင်းမွန်ခဲ့တာဟာ ခင်ဗျားနဲ့သူနဲ့ကြားက ဆက်ဆံရေး ကောင်းမွန်မှု၊ လူငယ်အသင်းတွေမှာ နှစ်ပေါင်းများစွာ တွဲဖက်ကစားခဲ့ဖူးတဲ့ နားလည်မှုကောင်းတွေကြောင့်လို့ ပြောနိုင်ရဲ့လား..?

Yeah..! ကျွန်တော်နဲ့ ကိုးလ် ပါးမား တို့ တွဲဖက်ကစားခဲ့တာ အခုဆိုရင် (၈) နှစ်ထဲ ရောက်သွားပါပြီ..။ အရင်ကတည်းက သူရော၊ ကျွန်တော်ရော အခုကစားနေတဲ့ နေရာအတိုင်းပဲ ကစားခဲ့ကြတာပါ..။ ဒါ့ကြောင့်အခုဆိုရင် သူနဲ့ကျွန်တော်ဟာ အသင်းတစ်သင်းထဲမှာ အသင်းဖော်တွေ ဖြစ်လာခဲ့တော့ ‘အတိုင်းထက် အလွန်’ ပဲပေါ့ဗျာ..။ ကွင်းပြင်ပမှာလည်း သူနဲ့ဆက်ဆံရေး ကောင်းပါတယ်..။

ဒါပေမယ့် ကွင်းထဲမှာဆိုရင် ကျွန်တော်နဲ့သူ့ရဲ့ကြားက နားလည်မှုအရမ်းကောင်းပြီး တစ်ယောက်လိုချင်တဲ့ အနေအထားကို တစ်ယောက်က သိပြီးသားဖြစ်ပါတယ်..။ ဒါ့ကြောင့်သူနဲ့ တွဲဖက်ကစားရတာ ကျွန်တော့်အတွက် အရမ်းကိုလွယ်ကူတယ်လို့ ပြောရမှာပါ..။ ကျွန်တော်ဟာ ဘယ်လိုပုံစံ နေရာယူတတ်တယ်..၊ ပြေးထွက်ကစားတတ်တယ်.. ဆိုတာကိုလည်း ကောင်းကောင်း နားလည်ထားပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီနားလည်မှု အတွဲအစပ်ကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်သယ်ဆောင် သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။



မေး - အင်္ဂလန်အသင်းရဲ့ စိန့် ဂျော့ချ် လေ့ကျင့်ကွင်းကို ရောက်လာတဲ့အချိန် နည်းပြလီ ကာ့စ်လေ က ခင်ဗျားကို ဘယ်လိုညွှန်ကြားမှုတွေ၊ ဘယ်လိုအကြံဉာဏ်တွေ ပေးခဲ့သေးလဲ..?

လက်ရှိကစားနေတဲ့ ပုံစံအတိုင်း ကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ဖို့ ပြောကြားပါတယ်..။ ချယ်လ်ဆီးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းကြောင့်သာ အခုလိုအင်္ဂလန်အသင်းအတွက် ခေါ်ယူခံရတာ ဖြစ်တာကြောင့် သူကအပြောင်းအလဲ တစုံတရာပြုလုပ်ဖို့ တိုက်တွန်းတာ၊ အကြံပြုတာ မရှိပါဘူး..။ ကျွန်တော့်ရဲ့ ကစားဟန်အတိုင်း တောင်ပံတစ်လျှောက် ထိုးဖောက်ရင်း ဂိုးတွေသွင်းပေးနိုင်ဖို့နဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ရမှာပါ..။

မေး - ခင်ဗျားဟာ အမြဲတမ်းစိတ်လွတ်လက်လွတ် ကစားတတ်တဲ့သူ ဖြစ်ပါတယ်..။ ခင်ဗျားရဲ့ကစားသမား ဘဝတစ်လျှောက်မှာ နည်းပြတွေအများကြီးနဲ့ လက်တွဲခဲ့ရဖူးပါတယ်..။ အဲဒီနည်းပြတွေဆီကနေ ဘယ်လိုအရာတွေ သင်ယူခဲ့ရလဲ..? ပြီးတော့ခင်ဗျားအတွက် အမှတ်တရအဖြစ်ရဆုံး နည်းပြက ဘယ်သူဖြစ်မလဲ..?

နည်းပြဂရေဟမ် ပေါ်တာ က ကျွန်တော့်ကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်..။ အဲဒီအတွက် သူ့ကိုအမြဲတမ်း ကျေးဇူးတင်ရပါတယ်..။ သူဟာနည်းစနစ်ပိုင်း အရမ်းကိုထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်ပေမယ့် ချယ်လ်ဆီးမှာ အကြာကြီး လက်တွဲခွင့်မရလိုက်ပါဘူး..။ သူဟာနည်းပြကောင်းတစ်ယောက် ဖြစ်သလို ခင်မင်ဖို့ကောင်းပါတယ်..။

နည်းပြဖရန့် လမ်းပတ် ကတော့ ကျွန်တော့်ကို ချယ်လ်ဆီးအသင်းမှာ အမှန်တကယ် အခွင့်အရေး ပေးခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်..။ သူနဲ့အခုအချိန်ထိ အဆက်အသွယ် ရှိနေသေးသလို ဝုလ်ဖ်အသင်းနဲ့ပွဲမှာ hattrick ရပြီးတော့ ဖရန့် လမ်းပတ် က text message ပို့ပြီး ချီးကျူးစကား ပြောခဲ့ပါသေးတယ်..။ သူဟာအပြာရောင် အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ အသင်းရဲ့ဂန္ထဝင် ကစားသမားကြီး၊ အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်ကြီး.. ကျွန်တော်တို့ ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားကြီး ဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ ချယ်လ်ဆီးအသင်းရဲ့အကြောင်း အူမချေးခါးမကျန် အစအဆုံး အကုန်အစင် သိထားတဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့လက်အောက်မှာ ကစားခွင့်ရခဲ့တာလည်း သိပ်ကိုကျေနပ်ဖို့ ကောင်းခဲ့သလို (၇) ပွဲ၊ (၈) ပွဲလောက် ကစားခွင့်ရခဲ့တဲ့အတွက် သူ့ကိုအမြဲတမ်း ကျေးဇူးတင်နေရပါတယ်..။



ကျွန်တော်ဟာ မော်ရစ္စစီယို ပိုချက်တီနို ရဲ့ ညွှန်ကြားမှုတွေနဲ့အတူ ပိုမိုရင့်ကျက်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်..။ ဒါ့အပြင်သူ့ရဲ့လက်ထက်မှာ ကျွန်တော်ဟာ တာဝန်ပိုပြီး ယူခွင့်ရလာခဲ့တယ်..၊ အသင်းသားတွေရဲ့ ယုံကြည်အားထားရတဲ့ ကစားသမား တစ်ယောက်အဖြစ် တိုးတက်ခွင့် ရလာခဲ့ပါတယ်..။ နောက်ပြီးကျွန်တော်ဟာ ပွဲတွေဆက်တိုက် ကစားရတဲ့အခါ ကိုယ့်ရဲ့ခြေစွမ်းကို တည်ငြိမ်အောင် ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းရမယ်..၊ ပွဲကျပ်တွေမှာ ကိုယ့်ရဲ့ကြံ့ခိုင်မှုအခြေအနေ အကောင်းဆုံး အနေအထားမှာ အမြဲတမ်းရှိနေအောင် ဘယ်လိုထိန်းသိမ်းရမယ်.. ဆိုတာတွေကိုပါ သင်ကြားခွင့်ရခဲ့ပါတယ်..။

အခုနည်းပြ အင်ဇို မာရက်စ်ကာ ဟာ နည်းစနစ်ပိုင်းမှာ အရမ်းကိုထူးချွန်လှတဲ့ နည်းပြတစ်ယောက်ဖြစ်တာ အသေအချာပါပဲ..။ သူ့ရဲ့ညွှန်ကြားချက်တွေဟာ အရမ်းကိုရိုးရှင်းပြီး ရှင်းလင်းပြတ်သားတာကြောင့် ကျွန်တော်တို့ ကစားသမားတွေအတွက် သိပ်ကိုအဆင်ပြေပါတယ်..။

မေး - ဟုတ်ကဲ့ပါ..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ လက်ထက်မှာ အသင်းရဲ့ကစားပုံ ပြောင်းလဲသွားခဲ့တယ်လို့ ထင်မိပါတယ်..။ အဲဒီလိုပြောင်းလဲခဲ့တဲ့ ကစားပုံနဲ့ နည်းစနစ်ဟာ ခင်ဗျားအတွက် ပိုပြီးအထောက်အကူ ဖြစ်စေတယ်၊ သွင်းဂိုးတွေပိုပြီး ရရှိစေခဲ့တယ်လို့ ယူဆမိလား..?

ကျွန်တော်ဟာ တောင်ပံ ကစားသမား တစ်ယောက် ဖြစ်တာနဲ့အညီ နည်းပြအင်ဇို ရဲ့ တောင်ပံမှာပဲ အမြဲတမ်းနေရာယူပြီး တိုက်စစ်ဆင်ဖို့ အသင့်ရှိနေရမယ်.. ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့လို ကစားသမားတွေရဲ့ အိပ်မက်ပါပဲ..။ သူဟာကျွန်တော်တို့ကို ဘေးစည်းတစ်‌လျှောက် အမြဲတမ်းရှိနေပြီး နောက်ခံလူတွေကို 1 vs 1 တစ်ဦးချင်းကျော်ဖြတ်နိုင်ဖို့၊ လျှင်မြန်မှုနဲ့ ထိုးဖာက်ပြီး ခံစစ်ကြောင်းကို အန္တရာယ်ပေးနိုင်ဖို့ ညွှန်ကြားချက်တွေဟာ ကျွန်တော့်အတွက် ကစားရတာ အရမ်းကိုအဆင်ပြေစေပါတယ်..။ ဒါ့ကြောင့်သူ့လိုနည်းပြရဲ့ လက်အောက်မှာ ကစားခွင့်ရခဲ့တာလည်း ဆုလာဘ်တစ်ခုလို့ ပြောရမှာပါပဲ..။