feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (နီကိုလပ်စ် ဂျက်ဆင် နှင့် ချယ်လ်ဆီးအသင်း အလားအလာ)

ယခုတစ်ပါတ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသော ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၅) မှ နှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ၏ ခြေစွမ်းနှင့် ချယ်လ်ဆီးအသင်း၏ ရှေ့အလားအလာများကို အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက်၊ တော့တင်ဟမ်အသင်း ခေါင်းဆောင်နှင့် နည်းပြဟောင်း တင်မ် ရှားဝုဒ် နှင့် Daily Mirror သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဒါရင် လူးဝစ်စ် တို့က ‘Kelly & Wrighty Show’ အစီအစဉ်မှတဆင့် ယခုလိုသုံးသပ်၊ ဆွေးနွေးခဲ့ပါသည်..။

ကယ်လီ ကိတ် - အခုအပါတ် ပရီးမီးယားလိဂ်ပွဲစဉ် (၅) မှာ ချယ်လ်ဆီးအသင်းဟာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်..။ အဲဒီပွဲမှာ ကိုးလ် ပါးမား က တစ်ဂိုးသွင်းယူပေးခဲ့ပြီးကျန်တဲ့နှစ်ဂိုးကို တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် က သွင်းယူပေးခဲ့ပါတယ်..။ အဲဒီမှာပြောစရာရှိတာက တိုက်စစ်မှူး ဂျက်ဆင် ဟာ အပိုင်အခွင့်အရေးတွေ အများကြီးလွဲချော်ခဲ့တာကြောင့် အဝေဖန်ခံနေခဲ့ရပေမယ့် သူကစားခဲ့တဲ့ ပွဲရေအတွက်နဲ့ သွင်းဂိုးတွေကို နှိုင်းယှဉ်ကြည့်ရင် မဆိုးရွားတဲ့အထဲမှာ ပါဝင်ပါတယ်..။

အီယန် ရေ.. ဆီနီဂေါတိုက်စစ်မှူးလေးအပေါ် ဝေဖန်မှုတွေ များပြားနေတဲ့ ကာလတွေမှာတောင် သူ့ရဲ့ပင်ကိုယ်အရည်အချင်းရဲ့ အလားအလာကောင်းတွေကို ရှင်ကကြိုတင်မြင်မိခဲ့ပြီး သူ့ဘက်ကနေ ကာကွယ်ပေးခဲ့ပါတယ်..။ ဟုတ်တယ်မလားရှင့်..?

အီယန် ရိုက် - မှတ်မိပါတယ်ဗျ..။ ကျွန်တော်တို့ဟာ တိုက်စစ်မှူးတွေကို အကဲဖြတ်တဲ့နေရာမှာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေအပြင် သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းတွေ (capabilities) ကိုပါ ထည့်သွင်းစဉ်းစားရပါတယ်..။ တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးသွင်းအဆုံးသတ်ရာမှာ လွဲချော်သွားပြီဆိုရင် ‘ဟာ..!! ဒီလိုလေး သွင်းလိုက်ပါလား..၊ ဟိုဘက်ကို အသာလေး ကွန်သွင်းလိုက်ပါလား..’ စသဖြင့် အားမလို၊ အားမရနဲ့ ဝေဖန်ကြတာတွေ ရှိကြပါတယ်..။

နီကိုလပ်စ် နဲ့ ပတ်သက်ရင် ခုနက ကယ်လီ ပြောခဲ့သလိုပါပဲ.. သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ခံယူချက်၊ စိတ်ဓါတ်တွေအပြင် သူ့ရဲ့နဂိုအခံ… ပင်ကိုယ်ခြေစွမ်းကောင်းတွေလည်း ရှိနေတာကြောင့် အဲဒီဂိုးသွင်း.. အဆုံးသတ်တဲ့အပိုင်းကိုသာ ပိုပြီးကောင်းမွန်အောင် ဖြည့်စည်းနိုင်ခဲ့မယ်ဆိုရင် တကယ့်ကို အန္တရာယ်ပေးနိုင်မယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကြိုတင် မှန်းဆခဲ့ပါတယ်..။ သူဟာလျှင်မြန်မှုကောင်းမွန်တယ်..၊ ခွန်အားနဲ့ တစ်ဦးချင်းကျော်ဖြတ်နိုင်တဲ့သူ ဖြစ်တဲ့အပြင် အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားရာမှာ (link up play) ကောင်းမွန်သူလည်း ဖြစ်ပါတယ်..။



ဒါ့ကြောင့်စနေနေ့ပွဲကလို အဆုံးသတ်ပိုင်း သေချာသွားတဲ့အခါ တကယ့်ကိုစွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာခဲ့တာပေါ့ဗျာ..။ ဒါပေမယ့် အဲဒီပွဲမှာ ဝက်စ်ဟမ်းရဲ့ ကစားပုံကလည်း အတော်လေးကို ဆိုးရွားခဲ့ပါတယ်..။ ဒါကတစ်ပိုင်းပေါ့..။ နီကိုလပ်စ် ဂျက်ဆင် ဟာ ပင်ကိုယ်အရည်အသွေးကောင်းတွေ ရှိနေပြီးသားပါ..။ မှန်ကန်တဲ့သင်ကြားမှုနဲ့ အသင်းဖော်တွေနဲ့ အံဝင်ဂွင်ကျဖြစ်အောင် လိုအပ်နေတဲ့ နည်းစနစ်ပိုင်း ညွှန်ကြားမှုတွေ ပံ့ပိုးပေးနိုင်ခဲ့မယ်ဆိုရင် တကယ့်ကို ဂိုးသွင်းကောင်းမွန်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်..။

ဂိုးသွင်းကောင်းတဲ့ တခြားနာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာရီ ကိန်း၊ ရော်ဘီ ဖောင်လာ တို့ဆိုရင် ဂိုးဧရိယာထဲကို ရောက်လာတနာနဲ့ သူတို့လုပ်ဆောင်ရမယ့် အခြေခံလုပ်ဆောင်မှုတွေ (basics) ကို အမြဲတမ်းမှန်မှန်ကန်ကန် ပြုလုပ်သွားခဲ့တာကို ခင်ဗျားတို့သတိပြုမိကြမှာပါ..။ ဂျက်ဆင် ဆီမှာ တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်း ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိနေပြီးသားပါ..။ ဒါ့ကြောင့်သူဟာ ဂိုးဧရိယာထဲကို ရောက်လာပြီ.. ဆိုတာနဲ့ တိုက်စစ်မှူးတစ်ယောက် လုပ်ဆောင်သင့်တဲ့ အခြေခံလုပ်ဆောင်မှုတွေ အားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီအခြေခံအချက်တွေပြည့်စုံပြီး ဂိုးသွင်းရာမှာ ဆုံးဖြတ်ချက် မှန်ကန်ခဲ့မယ်ဆိုရင် စိတ်ချရတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ..။ ဒါ့ကြောင့်အခုဆိုရင် ချယ်လ်ဆီးက သူ့ကိုဘာကြောင့် (၉) နှစ်စာချုပ်နဲ့ သက်တမ်းတိုးခဲ့တယ်ဆိုတာ နားလည်လာပါပြီ.. ဟားဟား...။

ဒါရင် လူးဝစ်စ် - မနှစ်ကဘောလုံးရာသီက နီကိုလပ်စ် ဂျက်ဆင် ဟာ ပြင်သစ်တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာ အာဆင်နယ်အသင်းကို ရောက်လာခါစအချိန်ကို ပြန်ပြီးအမှတ်ရစေပါတယ်..။ အဲဒီအချိန်တုန်းက ခင်ဗျားတို့အာဆင်နယ် ပရိသတ်တွေဟာ သူ့ကိုသဘောမကျခဲ့ကြပေမယ့် အနယ်လ်ကာ ဆီမှာ ခုနကခင်ဗျားပြောခဲ့သလို တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် လက်နက်ကိရိယာတွေ၊ အင်္ဂါရပ်တွေ ရှိနေပြီးသားပါ..။ နည်းပြကြီးအာစင် ဝင်းဂါး ရဲ့ မှန်ကန်တဲ့ လမ်းညွှန်၊ သင်ကြားမှုအောက်မှာ သူဟာတကယ့်ကို ထူးချွန်၊ ထက်မြက်တဲ့ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်..။

အခုနှစ်ဘောလုံးရာသီမှာ ဂျက်ဆင် အတွက် အကောင်းဆုံး ဖြစ်လာခဲ့တဲ့အရာကတော့ ချယ်လ်ဆီးအသင်းဟာ ‘ဗစ်တာ အိုဆင်ဟမ်’ ကို မခေါ်ယူနိုင်ခဲ့တာပါပဲ..။ တကယ်လို့ အိုဆင်ဟမ် သာ ရောက်လာခဲ့မယ်ဆိုရင် အသင်းဟာ သူ့ကိုအာရုံစိုက်..၊ နေရာပေးရတော့မှာ ဖြစ်တဲ့အတွက် ဂျက်ဆင် ဟာ အလိုလိုနေရင်း ဘေးကိုရောက်သွားပါလိမ့်မယ်..။ အခုဆိုရင် သူဟာ ‘အသင်းရဲ့အဓိက တိုက်စစ်မှူး’ ဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းရွက်နိုင်ဖို့ ယုံကြည်မှုတွေပါ ရှိလာနေပြီပေါ့ဗျာ..။



အီယန် ရိုက် - မှန်တာပေါ့ဗျာ..။ တကယ်လို့ အသင်းမှာကိုယ့်ထက် အရည်အသွေးမြင့်တဲ့ တိုက်စစ်မှူးတစ်ယောက် ရှိနေမယ်ဆိုရင် ဂိုးပေါက်လွဲသွားတာနဲ့ လိုင်းအပ်ပျောက်သွားမလား..? ဆိုပြီး ရဲရဲရင့်ရင့် ဂိုးသွင်းအဆုံးသတ်ရဲဖို့ ယုံကြည်မှုရှိနေမှာ မဟုတ်ပါဘူး..။ အခုဆိုရင် သူဟာဂိုးကန်သွင်းချက်တွေ ရဲရဲဝံ့ဝံ့ ပြုလုပ်ရဲနေပြီ ဖြစ်သလို တစ်ဂိုးရလိုက်တာနဲ့ နောက်ထပ်သွင်းဂိုးတွေ ဆက်ပြီးရရှိနိုင်ဖို့ ယုံကြည်မှုတွေပါ ပိုပြီးများပြားလာပါတယ်..။

တင်မ် ရှားဝုဒ် - ဘုန်းမောက်အသင်းနဲ့ပွဲမှာ ခရစ္စတိုဖာ အန်ကွန်းကူ ဟာ အဆုံးအဖြတ်အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲပြီးတာနဲ့ နောက်ရက်တွေမှာ မန်နေဂျာရဲ့ ရုံးခန်းကိုသွားပြီး ‘ကျွန်တော်ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ပြီလား..?’ လို့ မေးခွန်းထုတ်ပါလိမ့်မယ်..။ အထူးသဖြင့် အဲဒီပွဲမှာ သူနဲ့အတူ လူစားဝင်ခဲ့ရပြီး သူ့ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂျေဒန် ဆန်ချို ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာကိုးဗျ..။ ဒါပေမယ့် မန်နေဂျာကတော့ ဂျက်ဆင် ကိုပဲ ဆက်လက်ယုံကြည်ခဲ့ပါတယ်..။

အဲဒီလိုနည်းပြရဲ့ ယုံကြည်မှုဟာ သူ့အတွက် တကယ့်ကိုကြီးမားတဲ့ ခွန်အား၊ တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် နည်းပြကလည်း အန်ကွန်းကူ ကိုပြန်ကြည့်ပြီး… ‘တွေ့လား..၊ ဒီလိုအကြောင်းကြောင့် ဂျက်ဆင် ကို ဦးစားပေး တိုက်စစ်မှူးအဖြစ် နေရာပေးခဲ့တာ’ လို့ ခပ်တင်းတင်း ပြောနိုင်ပြီပေါ့ဗျာ..။ ခုနကခင်ဗျားတို့ ပြောခဲ့သလို ဂျက်ဆင် ဆီမှာ ပင်ကိုယ်အရည်အသွေးကောင်းတွေ (attributes) ရှိနေပြီးသားပါ..။ ဒါပေမယ့် လူတွေက တစ်ခုခုဆိုရင် သူ့ကို ‘ဒီဒီယာ ဒရော့ဘာ’ နဲ့ သွားပြီးနှိုင်းယှဉ်နေကြပါတယ်..။ အဲဒီလိုနှိုင်းယှဉ်လို့မရသလို သူ့ရဲ့တိုးတက်မှု လမ်းကြောင်းက ဒီဒီယာ နဲ့ တူမှာမဟုတ်ပါဘူး..။ ‘ဒီဒီယာ ဒရော့ဘာ’ ဆိုတာ ချယ်လ်ဆီးရဲ့ ‘တစ်ခေတ်မှာတစ်ယောက်..’ ထွန်းပေါက်ခဲ့တဲ့ တိုက်စစ်မှူးပါဗျ,..။ ဒါပေမယ့် သူတို့ချန်ထားခဲ့တဲ့ အစဉ်အလာကောင်းတွေကို တစ်ယောက်ယောက်ကတော့ ဆက်ခံနိုင်ရပါမယ်..။

ဒါ့ကြောင့်အခုအချိန်မှာဆိုရင် နည်းပြရဲ့ယုံကြည်အားကိုးမှု၊ ထောက်ခံမှုတွေဟာ သူ့အတွက် စိတ်ဓါတ်ပိုင်းအရ ကြီးမားတဲ့ ခွန်အားတွေ ရရှိစေမှာ ဖြစ်သလို ကွင်းထဲမှာဆိုရင် ကိုးလ် ပါးမား တို့လို ဖန်တီးမှုအား ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေပါတယ်..။ အဲဒီအတွက် နောက်ပိုင်းမှာလည်း သွင်းဂိုးတွေအများကြီး ရရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။ ဒါပေမယ့် နီကိုလပ်စ် ဂျက်ဆင် နဲ့ ပတ်သက်ရင် ကျွန်တော်တို့တွေဘက်က ထိုက်တန်တဲ့ ချီးကျူး၊ ဂုဏ်ပြုမှုတွေ မပေးခဲ့ဖူးပါဘူး..။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဂိုးတွေပုံမှန်သွင်းယူပေးနေတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တယ်ဆိုတာ သက်သေပြနေပါတယ်..။

အားလင်း ဟာလန်း ကိုတော့ မမှီဘူးပေါ့ဗျာ..။ ဟာလန်း ရဲ့ ဂိုးသွင်းမှတ်တမ်းကို ဘယ်သူမှလိုက်မှီမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဂျက်ဆင် ရဲ့ သွင်းဂိုးမှတ်တမ်း၊ စွမ်းဆောင်ရည် အချက်အလက်တွေဟာ တခြားပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ ရင်ဘေင်တန်းနိုင်စွမ်း ရှိပါတယ်..။



ကယ်လီ ကိတ် - မှန်ပါတယ်ရှင့်..။ ဂျက်ဆင် ဟာ ပင်နယ်တီပြစ်ဒဏ်ဘောတွေကိုပါ ကန်သွင်းခွင့်ရခဲ့ရင် သူ့ရဲ့သွင်းဂိုးအရေအတွက် အခုထက်များလာမှာပါ..။ ဒါ့ကြောင့်ဟာလန်း နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပင်နယ်တီကနေ ရရှိတဲ့ဂိုးတွေမပါတဲ့ သွင်းဂိုးအရေအတွက်နဲ့ဆိုရင် ပိုပြီးအကြိတ်အနယ် ရှိလာမှာပေါ့..။ အဲဒီလိုအချက်အလက်တွေအရဆိုရင် ပြီးခဲ့တဲ့မေလနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့ထက်ပိုပြီး သွင်းဂိုးများတဲ့ တိုက်စစ်မှူးဆိုလို့ ‘အားလင်း ဟာလန်း’ တစ်ယောက်ထဲ ရှိပါတယ်..်

ဒါတောင်မှ အခုအပေါ်မှာ ပြထားတဲ့ပုံမှာ တွေ့ရတဲ့အတိုင်း ပရီးမီးယားလိဂ်ပွဲပေါင်း (၄၀) မှာ သွင်းဂိုး (၁၈) ဂိုး၊ ဂိုးဖန်တီးမှု (၇) ကြိမ်ဆိုတဲ့ စွမ်းဆောင်မှုဟာ ထိပ်ဆုံးအဆင့်တွေထဲမှာ ပါဝင်ပါတယ်..။ ဒီထက်ပိုပြီး အားတက်ဖို့ ကောင်းတာက သူဟာအခုထက်ပိုပြီး ဆက်လက်တိုးတက်နေဦးမှာ.. ဆိုတဲ့ ခံစားမှုကို ရရှိနေတာပါပဲ..။ သူ့ရဲ့တိုးတက်မှုဟာ အခုအတိုင်း ရပ်တန့်နေမှာ မဟုတ်ပါဘူး..။  

အီယန် ရိုက် - ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ လိဂ်ပြိုင်ပွဲတစ်ခုကို ရောက်လာတဲ့ တိုက်စစ်မှူးအသစ်တွေကို အခွင့်အရေးတွေ လွဲချော်တာနဲ့ ဝေဖန်ပြစ်တင်မှုတွေ အစောတလျင် ပြုလုပ်တာဟာ မကောင်းဘူးဗျ..။ တိုက်စစ်မှူးတစ်ယောက်ကို အချိန်တစ်ခုပေးဖို့ လိုအပ်ပါတယ်..။ တိုက်စစ်မှူးတွေရဲ့ သဘောသဘာဝဟာ ခံစစ်မှူးတွေ၊ ကွင်းလယ် ကစားသမားတွေနဲ့ မတူပါဘူး..။ ခံစစ်မှူးတွေဟာ အမှားတွေကျူးလွန်မိရင် အဲဒီအမှားတွေအတွက် ဝေဖန်ခံရတယ်..၊ ကွင်းလယ် ကစားသမားတွေဆိုရင် ဘောလုံးဖြန့်တာနှေးတယ်..၊ လိုအပ်တဲ့ ပေးပို့မှုတွေ မပြုလုပ်တတ်ဘူး.. စသဖြင့် သူတို့ရဲ့ကစားပုံကိုကြည့်ပြီး ဝေဖန်ခံရပါတယ်..။  တိုက်စစ်မှူးတွေကျတော့ အဲဒီလိုမဟုတ်ဘူးဗျ..။ ကစားပုံဆိုးရွားနေပေမယ့် အဆုံးသတ်ဂိုးသွင်း ကောင်းနေတယ်ဆိုရင် သူ့အတွက် အခွင့်အရေးတွေဆက်ပြီး ရရှိနေဦးမှာပါ..။  

ဒါရင် လူးဝစ်စ် - ကျွန်တော်ကတော့ သူ့ရဲ့သွင်းဂိုးတွေကို ကြိုက်နှစ်သက်ပါတယ်..။ ဂျက်ဆင် ရဲ့ သွင်းဂိုးတွေထဲမှာ အနီးကပ်၊ ပိတ်သွင်းရတဲ့ဂိုးတွေ (tap in goals) သိပ်မပါဘူး..။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ဂိုးတွေလို သေသေချာချာဆုံးဖြတ်ပြီး ကန်သွင်းရတဲ့ဂိုးတွေ ဖြစ်ပါတယ်..။ ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုအပ်တာပေါ့ဗျာ..။ အထူးသဖြင့် ဒုတိယဂိုးမှာဆိုရင် ညာခြေရဲ့အပြင်ဘက်နဲ့ ကန်သွင်းသွားခဲ့ (outside of right foot) တာဟာ ပထမဂိုးထက်တောင် ပိုပြီးသပ်ရပ်၊ လှပပါတယ်..။ အဲဒီဒုတိယဂိုးမှာဆိုရင် ဂိုးရမယ်ဆိုတဲ့ ယုံကြည်ချက် သူ့ဆီမှာအပြည့်အဝရှိနေတာ ခင်ဗျားတို့လည်း သတိပြုမိကြပါလိမ့်မယ်..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ အခုကျွန်မဆက်ပြီး ဆွေးနွေးချင်တာက ချယ်လ်ဆီးအသင်းရဲ့ ရှေ့အလားအလာ အနေအထားအပေါ်ကိုပါ..။ ပြီးခဲ့တဲ့ဝက်စ်ဟမ်းအသင်းနဲ့ပွဲက ခြေစွမ်းအပေါ် မူတည်ပြီး ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်းတွေ သတိထားရမယ့် အသင်းတစ်သင်း ဖြစ်လာပြီလို့ ပြောနိုင်ပြီလား..?

တင်မ် ရှားဝုဒ် - May be… ဖြစ်လာနိုင်ပါတယ်..။ အခုလက်ရှိအသင်းမှာ ကစားသမားတွေ များပြားလွန်းနေတဲ့ ပြဿနာရှိနေပါတယ်..။ ‘No.10’ တွေ၊ တောင်ပံ ကစားသမားတွေ အများကြီးရှိနေပြီး အသင်းတစ်သင်းအနေနဲ့ ဟန်ချက် (balance) အရမ်းကောင်းမနေဘူး..၊ ဒါ့အပြင်အသင်းမှာ ကစားခွင့်မရတဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ ဟာ ခိုင်မာတဲ့ကစားဟန်တစ်ခု ရရှိလာအောင် ရည်ရွယ်ပြီး ကျစ်လျစ်တဲ့ ကစားသမားအုပ်စုတစ်ခုကို ရွေးထုတ်လို့ အဲဒီပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်၊ ဖြေရှင်းခဲ့ပါတယ်..။

သူဟာအဲဒီလို လုပ်ချင်ခဲ့ပုံမရပါဘူး..။ ဒါပေမယ့် အသင်းရဲ့လူစာရင်း အရမ်းများနေရင် အုပ်ချုပ်၊ ထိန်းသိမ်းရတာ ခက်ခဲတဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်..။ ဒါ့ကြောင့်သူဟာ အခုရွေးချယ်ထားတဲ့ ကစားသမား (၂၅) ယောက်လား..? အဲဒီလူစာရင်းနဲ့ပဲ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ အခုအချိန်မှာတော့ သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါပဲ..။ လက်ရှိအနေအထားအရဆိုရင် ခိုင်မာတောင့်တင်းတဲ့ နောက်တန်းအထိုင် လေးယောက် ရရှိလာဖို့ လိုအပ်နေပါသေးတယ်..။

ညာတောင်ပံက မာလို ဂတ်စ်တို ဒဏ်ရာကြောင့် အနားယူနေရတာဟာ သူ့အတွက် အတော်နစ်နာခဲ့ပါတယ်..။ အရင်အပါတ်က အက်ဆယ်လ် ဒီဆာဆီ ကို ညာနောက်ခံလူအဖြစ် ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာ သူ့ကိုမထည့်သွင်းခဲ့ပါဘူး..။ ဒါပေမယ့် သူတို့ရဲ့ခံစစ် ကစားသမားတွေဟာ တွဲကစားလာတာ အချိန်ကြာလာတာနဲ့အမျှ နားလည်မှုပိုပြီး ကောင်းမွန်လာမယ်..၊ ပိုပြီးကျစ်လျစ်တဲ့ ခံစစ်ကြောင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်ဖို့ ရှိပါတယ်..။ တိုက်စစ်ပိုင်းမှာက အရင်ပွဲတွေမှာလည်း အခွင့်အရေးတွေ ဖန်တီးနေနိုင်ပါတယ်…။



ဒါ့ကြောင့်ဂျက်ဆင် သာ ဂိုးသွင်းအဆုံးသတ်ပိုင်း သေချာလာရင်၊ ပြီးခဲ့တဲ့ပွဲမှာ မြင်ရတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ မြင့်မားနေမယ်ဆိုရင် အမှတ်ဇယားထိပ်က အသင်းတွေကို အကောင်းဆုံး ဖိအားပေးနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ အသင်းရဲ့ရည်မှန်းချက်နဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေ မတွေ့ရသေးတာကြောင့် ထိပ်ဆုံးလေးသင်း ဝင်ရမယ်.. လို့ သေချာပေါက် မပြောချင်သေးပါဘူး..။

ချယ်လ်ဆီး ဆိုတာ အသင်းရဲ့အစဉ်အလာ၊ သမိုင်းကြောင်းတွေအရဆိုရင် မကြာသေးခင်ကအထိ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရည်မှန်းချက်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ အခုအချိန်မှာ သူတို့ဟာ ဆုဖလားစိန်ခေါ်နိုင်မယ့် အသင်းတစ်သင်း မဟုတ်သေးပေမယ့် ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက်ကို အနည်းဆုံးရည်မှန်းချက်အနေနဲ့ ထားရှိသင့်ပါတယ်..။

ဒါရင် လူးဝစ်စ် - ချယ်လ်ဆီးအသင်းရဲ့ အဓိကအားနည်းချက်က ခံစစ်ပိုင်းမှာ ဖြစ်ပါလိမ့်မယ်..။ ပြီးခဲ့တဲ့ရာသီတွေမှာလည်း ခံစစ်ကြောင်း လျော့ရဲမှုက သူတို့ကိုအစဉ်တစိုက် ဒုက္ခပေးခဲ့ကြတာပါ..။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ clean sheet ဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် အဝေးကွင်း (၁၈) ပွဲမှာ ဒုတိယမြောက် ပေးဂိုးမရှိခဲ့တဲ့ ပွဲဖြစ်ခဲ့တဲ့အပြင်ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့အပြီး နှစ်ပွဲဆက်တိုက် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ခံစစ်ပိုင်းမှာတိုးတက်လာတယ်.. ဆိုတဲ့ လက္ခဏာရပ်တွေ မြင်တွေ့နေရပါပြီ..။

ဘုန်းမောက်နဲ့ပွဲမှာ clean sheet ရခဲ့တယ်.. ဆိုပေမယ့် အိမ်ရှင်အသင်းဘက်က ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကိုသာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ရင် ပွဲအဖြေတစ်မျိုး ပြောင်းသွားလိမ့်မယ်လို့ ငြင်းစရာ ရှိပါတယ်..။ ဒါပေမယ့် clean sheet ရခဲ့တယ်.. ဆိုတဲ့ ပကတိပွဲအဖြေရလဒ်ရယ်..၊ ဝက်စ်ဟမ်းအသင်းကို သက်တောင့်သက်သာ အနိုင်ရခဲ့တဲ့ခြေစွမ်းကို ထည့်စဉ်းစားမယ်ဆိုရင် သူတို့ဟာ ပုံစံကောင်းတွေ ရရှိနေပြီလား..? စတင်စဉ်းစားရတော့မယ့်အချိန် ရောက်လာပြီလို့ သုံးသပ်ရမှာပါပဲ..။



ကယ်လီ ကိတ် - အခုလာမယ့် စနေနေ့မှာ ရင်ဆိုင်ရမယ့် ဘရိုက်တန်အသင်းနဲ့ပွဲစဉ်ဟာ ချယ်လ်ဆီးအတွက် ခက်ခဲမယ့် ပြိုင်ဘက်ဖြစ်နိုင်သလို နော့တင်ဟမ် ဖောရက်စ်၊ လီဗာပူးလ် တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေဟာ လွယ်ကူလှတဲ့ ပွဲစဉ်တွေ ဖြစ်မလာနိုင်ပါဘူး..။ ဒါပေမယ့်အောက်တိုဘာလ ပွဲစဉ်တွေဟာ သူတို့အတွက် အရမ်းကြီးခက်ခဲတဲ့ ပွဲစဉ်ဇယားလို့ ပြောလို့မရဘူးမလား..?

အီယန် ရိုက် - မှန်ပါတယ်..။ အရမ်းကြီးခက်ခဲတဲ့ပွဲစဉ်ဇယား မဟုတ်နိုင်ပါဘူး..။ တကယ်လို့ သူတို့ဟာ ဝက်စ်ဟမ်းနဲ့ပွဲကခြေစွမ်းကို ဆက်လက်သယ်ဆောင်ပြီး ကိုးလ် ပါးမား၊ နီကိုလပ်စ် ဂျက်ဆင် တို့ဟာ သူတို့ရဲ့လက်ရှိပုံစံနဲ့ ဂိုးသွင်းနှုန်းတွေအတိုင်း ဆက်လက်ထိန်းထားနိုင်မယ်..၊ ဆန်ချို ဟာ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ဘဝသစ်တစ်ခုကို အစွမ်းကုန်စတင် ဖူးပွင့်ဖို့ တာစူနေပါပြီ..။ ဒါ့အပြင်ဝက်စ်ဟမ်းနဲ့ပွဲမှာ ကိုင်ဆီဒို ဆိုရင် ကွင်းလယ်ကို လွှမ်းမိုးထိန်းချုပ်သွားပြီး အထူးခြေစွမ်းပြသွားခဲ့ပါတယ်..။

သူတို့ဟာ အဲဒီပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်..၊ နောက်တန်းခံစစ်ကြောင်းက ပိုပြီးကျစ်လျစ်လာမယ်..၊ နားလည်မှုပိုပြီးကောင်းမွန်လာခဲ့မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်းမရွေး တစစီချိုးဖျက်သွားနိုင်မယ့် အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်..။ မာရက်စ်ကာ ရဲ့ အသင်းဟာ မန်ချက်စတာ စီးတီးနဲ့တော့ ရင်ဆိုင်ပြီးသွားပြီ..၊ အာဆင်နယ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်တဲ့အခါ သူတို့ရဲ့အခင်းအကျင်း၊ ခြေစွမ်းကို စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆု တိုက်ပွဲဝင်နေတဲ့ အသင်းတွေကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် တိုးတက်လာပါလိမ့်မယ်..။