feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs ဝုလ်ဖ်)

တနင်္လာနေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက ဝုလ်ဖ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် အပယ်ခံ ကစားသမားဘဝမှ ပြန်လည်ပါဝင်နိုင်ချိန်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်အထိ ခြေစွမ်းပြခဲ့သည့် နောက်ခံလူ ထရေဗာ ချာလိုဘာ ၏ ခြေစွမ်းအပေါ် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမားဟောင်း အီမန်နူရယ် ပီတစ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports မှ တင်ဆက်သည့် Monday Night Football ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - အခုနှစ်ဘောလုံးရာသီမှာ ဝုလ်ဖ်အသင်းဟာ တည်ကန်ဘော (set pieces) တွေကနေ ဂိုးတွေအများဆုံးပေးနေရတဲ့အသင်း ဖြစ်နေသလို အခုဒီနေ့ပွဲမှာ သူတို့ရဲ့ (၁၈) ဂိုးမြောက်နဲ့ (၁၉) ဂိုးမြောက် set pieces ပေးဂိုးတွေ ခွင့်ပြုလိုက်ရပါတယ်..။ ချယ်လ်ဆီးအသင်းက အဲဒီအားနည်းချက်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် (၄) နေရာကို ပြန်လည် ရောက်ရှိသွားခဲ့ပါပြီ..။ ထူးခြားတဲ့အချက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အသင်း (၅) သင်းအထိ ပါဝင်ခွင့်ရနိုင်ဖို့ ရှိနေတာပါပဲ..။

အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ခရစ္စမတ်ပွဲကျပ်ကာလမှာ ရုန်းကန်ခဲ့ရပြီးတဲ့နောက် ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံး အနိုင်ပွဲကို ရရှိခဲ့ပါပြီ..။ ဂျေမီ ရေ.. ဒီနေ့ပွဲမှာ အနိုင်ရလဒ်ကို ဆောင်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပေးပါဦး..?
 
ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းဟာ ပွဲစကတည်းကနေ ပထမပိုင်းမိနစ် (၂၀)၊ (၂၅) မိနစ်လောက်အထိ ပွဲကိုအကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်..။ ပွဲချိန်မိနစ် (၃၀) လောက်ကစပြီး ဝုလ်ဖ်အသင်းဘက်က ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ပါတယ်..။ အဲဒီလိုနဲ့ ပထမပိုင်း ပြီးခါနီးမှာ ဂိုးသမား ဆန်းချက်ဇ် ရဲ့ အမှားကနေ ချေပဂိုးခွင့်ပြုလိုက်ရပါရော..။ ဒါ့ကြောင့်ဒုတိယပိုင်းစတဲ့အချိန် သူတို့ဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲဆိုတာ ခန့်မှန်းရ ခက်ခဲခဲ့တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်..။

ဒါ့အပြင် ဒီနေ့ပွဲမှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုဟာ အရမ်းကြီးစိတ်အားထက်သန်မှု မရှိလှတာကို သတိပြုမိပါတယ်..။ ဒါဟာပြီးခဲ့တဲ့ (၅) ပွဲမှာ ရလဒ်တွေ မကောင်းခဲ့တာနဲ့လည်း သက်ဆိုင်မှု ရှိနိုင်ပါတယ်..။ ဒါပေမယ့် ပွဲချိန်မိနစ် (၆၀) မှာ မာ့စ် ကူကူရယ်လာ က ဒုတိယဦးဆောင်ဂိုး ရရှိခဲ့တဲ့အချိန်ကစပြီး ချယ်လ်ဆီးအသင်း အနိုင်မရစရာ အကြောင်းမရှိတော့ဘူးလို့ တွေးမိတော့တာပါပဲ..။



ဒေးဗစ် ဂျုံးစ် - အီမန်နူရယ် ရေ.. ပရိသတ်တွေရဲ့ တက်တက်ကြွကြွ စိတ်အားထက်သန်မှုအပြည့်နဲ့ အားပေးမှုတွေ မရှိနေတာဟာ အခုနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် နည်းနည်းတော့ ပြဿနာရှိနိုင်လား..?
အီမန်နူရယ် ပီတစ် - မှန်ပါတယ်…။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေ ပရိသတ်တွေရဲ့ အားပေးမှု အားရစရာ မကောင်းလှပါဘူး..။ အဝေးကွင်းတွေမှာကျတော့ တကယ့်ဩဇာကြီးမားပြီး အသံကျယ်တဲ့ ပရိသတ်တွေရဲ့ ပုံမှန်အားပေးမှုတွေ ရှိနေတဲ့အပြင် အဝေးကွင်းတွေရဲ့ သဘောသဘာဝအရ ကစားသမားတွေနဲ့ အသင်းတွေကို ပိုပြီးအားပေးကြတဲ့ပုံ ရှိပါတယ်..။

ခုနကခင်ဗျားတို့ပြောတာ သဘောတူပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှု၊ အသံတွေ အရမ်းကိုတိတ်ဆိတ် ငြိမ်သက်လွန်းလှတာကြောင့် ဘောလုံးပွဲတစ်ပွဲနဲ့တောင် မတူလှပဲ သူဌေးတွေဇိမ်ခံတဲ့ ဖျော်ဖြေပွဲတစ်ပွဲလို ဖြစ်နေပါတယ်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ပရိသတ်တွေရဲ့ အားပေးမှုဟာ အသင်းရဲ့သွားနေတဲ့လမ်းကြောင်းအပေါ် သူတို့တွေရဲ့အမြင်တွေနဲ့ သက်ဆိုင်နိုင်တာပေါ့..။ ဒါပေမယ့် အသင်းရဲ့ရလဒ်ပိုင်း၊ စွမ်းဆောင်ရည်ပိုင်းတွေနဲ့ ပတ်သက်မှု သိပ်ပြီးမရှိနိုင်ပါဘူး..။ အဲ… အသင်းရဲ့ယုံကြည်မှုပိုင်းမှာ (confidence) ပိုပြီးကောင်းလာဖို့ အထောက်အကူ ဖြစ်နိုင်တာပေါ့..။   

အီမန်နူရယ် ပီတစ် - ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲကခြေစွမ်းဟာ သူတို့ရဲ့အကောင်းဆုံးခြေစွမ်း မဟုတ်ပါဘူး..။ ဒါပေမယ့် နောက်ခံလူတွေရဲ့ ကောင်းမှုနဲ့ သုံးမှတ်အပြည့် ရသွားခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ… ဒီနေ့ပွဲက သွင်းဂိုးတွေကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်ဗျာ..။ အစောကပြောခဲ့သလို.. ပွဲချိန် (၂၄) မိနစ်မှာ နောက်ခံလူ တိုဆင် အဒါယာဘိုင်ယိုရို သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးဟာ ထောင့်ကန်ဘောကတဆင့် ရရှိခဲ့တာပါ…။ ဝုလ်ဖ်အသင်းအတွက် တည်ကန်ဘောတွေ ကာကွယ်ဖို့ဟာ တကယ့်ကို ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်နေပြီလို့ ပြောရမလိုပဲဗျ..



ဂျေမီ ကာရေဂါ - မှန်ပါတယ်..။ ဝုလ်ဖ်အသင်းဟာ မန်နေဂျာအသစ်သာ ပြောင်းလဲသွားပေမယ့် ကစားသမားတွေက အရင်ကစားသမားတွေ ဖြစ်နေကြပါတယ်..။ တခါတလေမှာ ကံမကောင်းရင်လည်း ဂိုးတွေပေးရတတ်ပါတယ်..။ တည်ကန်ဘောတွေ ကာကွယ်တဲ့နေရာမှာ ကန်တင်လိုက်တဲ့ ဘောလုံးကို ပထမဆုံးထိချက်… (first contact) ဒါမှမဟုတ် ပထမဆုံး ကာကွယ်မှု ပြုလုပ်နိုင်ဖို့ အရေးကြီးပါတယ်..။ အဲဒီဂိုးမှာဆိုရင် သူတို့ဟာ first contact ရအောင် ပြုလုပ်နိုင်ခဲ့ပြီး ဖျက်ထုတ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ခေါင်းတိုက်ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ ဂိုးဧရိယာအပြင်ဘက် မရောက်သွားတာကြောင့် ကောင်းမွန်တဲ့ ဖျက်ထုတ်မှု မဟုတ်ခဲ့ပါဘူး..။

ပြန်ကျလာတဲ့ဘောလုံးကို ရိစ် ဂျိမ်းစ် က မနားတမ်းကန်သွင်းရာမှာ ရှေ့မှာပိတ်နေတဲ့လူတွေနဲ့ထိပြီး တိုဆင် ဆီ ရောက်သွားပါတယ်..။ စည်းကြပ်ဒိုင်က လူကျွံဘော ပေးခဲ့ပေမယ့် အနှေးပြကွက်တွေ.. ဒါမှမဟုတ် အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) ကို ကြည့်မယ်ဆိုရင် ဟိုးဘက်အစွန်ဆုံးမှာ ရှိနေတဲ့ မက်သီးယက်စ် ကွန်ညှာ ကျန်ရစ်နေခဲ့တာကြောင့် တိုဆင် ဟာ လူမကျွံပါဘူး..။ VAR က ဒီလိုနေရာတွေမှာ အသုံးဝင်တယ်ဗျ..။

 
ဒေးဗစ် ဂျုံးစ် - တိုက်စစ်ကစားသမားတွေဟာ ခံစစ်ပိုင်းစုဖွဲ့မှုပိုင်းမှာကျတော့ အမြင်စူးရှမှု အားနည်းပုံရပါတယ်..။ ကိုယ့်အသင်းဘက်က တည်ကန်ဘောကို ရှင်းထုတ်လိုက်တာနဲ့ အားလုံးဟာ တပြေးညီရှေ့ကို ပြေးတက်နိုင်ဖို့ လိုအပ်ပါတယ်..။
ဂျေမီ ကာရေဂါ - ဟုတ်တာပေါ့..။ ကွန်ညှာ ဟာ သူ့ရဲ့ရှေ့က နေရာလွတ်ကို ကာကွယ်နိုင်ဖို့ နောက်ကိုနည်းနည်းဆုတ်ပြီး နေရာယူထားပုံ ရပါတယ်..။ ဒါ့ကြောင့်ဘောလုံးကို ရှင်းထုတ်လိုက်တဲ့အချိန် ရှေ့ကိုပြေးတက်ရာမှာ နောက်ကျသွားတယ်.. ဆိုပေမယ့် ဒီလိုဘောလုံးတွေကို ချိန်သားကိုက် ဖျက်ထုတ်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ စက္ကန့်ပိုင်းရဲ့အပုံတစ်ရာလောက် အချိန်တိုလေးအတွင်းမှာ အားလုံးနဲ့တပြေးညီရှေ့ကိုအချိန်မှီပြေးတက်ဖို့ အတော်လေး ခက်ခဲပါတယ်..။

ဒေးဗစ် ဂျုံးစ် - အီမယ်နူရယ် ရေ… ချယ်လ်ဆီးအသင်း ပေးလိုက်ရတဲ့ ချေပဂိုးနဲ့ပတ်သက်ပြီး ရောဘတ် ဆန်းချက်ဇ် ရဲ့ ကာကွယ်ဖျက်ထုတ်မှု အမှားအယွင်းကို ပထမပိုင်းအပြီးမှာ ခင်ဗျားဝေဖန်ခဲ့သေးတယ်နော်..။ သူ့အနေနဲ့ ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ဂိုးအပေါ် သင်ခန်းစာကောင်းကောင်း ရသွားမယ်လို့ ထင်မိလား..?

အီမယ်နူရယ် ပီတစ် - ဂိုးပေးလိုက်ရတဲ့ ထောင့်ကန်ဘောမတိုင်ခင် ဝုလ်ဖ်ဘက်က ရရှိခဲ့တဲ့ ထောင့်ကန်ဘောတွေမှာ လက်သီးနဲ့ထိုးထုတ်ပြီး (punching the ball) မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်..။ ပေးလိုက်ရတဲ့ဂိုးမှာလည်း အဲဒီအတိုင်း ဆက်ပြီးပြုလုပ်သင့်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့အနားမှာ ဝုလ်ဖ်အသင်း ကစားသမားတွေ ရှိနေတဲ့အပြင် ဂိုးစည်းပေါ်မှာ ရပ်နေသလို ဖြစ်နေတာကြောင့် ဂိုးပေါက်နဲ့လည်း အရမ်းကိုနီးကပ်နေပါတယ်..။ အဲဒီလိုအနေအထားမှာ အမိဖမ်းနိုင်ဖို့ ကြိုးစားတယ်ဆိုတာ အန္တရာယ်ကြီးလွန်းတယ်လို့ ကျွန်တော်မြင်ပါတယ်..။ သူ့အနေနဲ့ အရင်ပြစ်ဒဏ်ဘောတွေ၊ ထောင့်ကန်ဘောတွေမှာ ကာကွယ်ခဲ့တဲ့အတိုင်း လက်သီးနဲ့ထိုးထုတ်ပြီး ရှင်းထုတ်သင့်ပါတယ်..။ ဘယ်လိုဖြစ်ပြီး စိတ်ပြောင်းသွားခဲ့တာလဲ..? စဉ်းစားလို့ မရပါဘူး..။



ဂျေမီ ကာရေဂါ - အခုခေတ် ဘောလုံးပွဲတွေမှာ set pieces တွေ ကန်တင်တဲ့အချိန် အမိဖမ်းရမလား..? ရှင်းထုတ်ရမလား..? ဆိုတာ ဂိုးသမားတိုင်းရဲ့ ပြဿနာပါ..။ ကျွန်တော်တို့၊ ခင်ဗျားတို့ခေတ်တုန်းက ဂိုးသမားတွေရဲ့အနားမှာ ကစားသမားတစ်ယောက်.. များသောအားဖြင့် အထောင်တိုက်စစ်မှူးကိုပဲ ကပ်ခိုင်းထားလေ့ ရှိပါတယ်..။ ဒါပေမယ့် အခုခေတ်မှာ ဂိုးသမားတွေရဲ့နားမှာ ကစားသမား နှစ်ယောက်၊ သုံးယောက်လောက် ပိတ်ဆို့ထားပြီး ဂိုးသမားတွေ ရှေ့တက်ရှင်းထုတ်လို့ မရအောင် ပိတ်ဆို့ထားကြတာဗျ..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ပထမပိုင်းရလဒ်ဟာ ဝုလ်ဖ်အသင်းအတွက် ကျေနပ်စရာလို့ ပြောရမှာပါ..။   ဒါပေမယ့် အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ဘယ်လိုတုံ့ပြန်လာမလဲ.. ဆိုပြီး ကျွန်တော်တို့အားလုံး စိတ်ဝင်စားခဲ့ကြပါတယ်..။ မိနစ် (၆၀) မှာ မာ့စ် ကူကူရယ်လာ သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးအကြောင်း ဆွေးနွေးပေးပါဦးလား..?

ဂျေမီ ကာရေဂါ - ဝုလ်ဖ်အသင်းမန်နေဂျာသစ် ဗစ်တာ ပါရဲယား ရဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြဖူးပါတယ်..။ အထူးသဖြင့် သူ့ရဲ့ wing backs တွေကို နေရာယူ ကစားပုံပေါ့ဗျာ..။ ဘယ်ဘက်က wing back အဖြစ် ရာယန် အတ် နိုရီ..၊ ညာဘက်မှာ နယ်လ်ဆင် ဆီမီဒို တို့နဲ့ ပွဲထွက်လာပါတယ်..။ ပွဲချိန် (၁၅) မိနစ်လောက် ရောက်တဲ့အချိန်မှာ အတ် နိုရီ နဲ့ ဆီမီဒို တို့ကို ဘယ်ဘက်နဲ့ ညာဘက်ပြောင်းပြီး side change ကစားခဲ့ပါတယ်..။ ဒါပေမယ့် အခုပြထားတဲ့ပုံ (ပုံ- ၂) မှာဆိုရင် သူ့ရဲ့ wing backs နှစ်ယောက်စလုံးဟာ ညာဘက်အခြမ်းမှာ ရောက်နေတာကို သတိပြုမိကြမှာပါ..။ အဲဒီလိုဟန်ချက်ပျက်နေတဲ့ အနေအထား (balance out) နည်းစနစ်ပိုင်းအရ မကောင်းဘူးပေါ့ဗျာ...။



အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်လမ်းကြောင်း ထိုးဖောက်မှုအများစုဟာ မွိုက်စ် ကိုင်ဆီဒို ဆီကနေ စတင်လာတာများတယ်.. လို့ ကျွန်တော်တို့ ပြောခဲ့ကြဖူးပါတယ်..။ အခုဒုတိယဂိုးမှာ ဆိုရင်လည်း ဝုလ်ဖ်အသင်းက ညာဘက်အခြမ်းကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားနေတဲ့အချိန် ကိုင်ဆီဒို ဟာ ကွင်းလယ်မှာ ဘောလုံးအရယူပြီး မာ့စ် ကူကူရယ်လာ ကို ထိုးပေးပါတယ်..။ အဲဒီအနေအထားမှာ     အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၃) မှာ မြင်ရသလို ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်စတင်ချိန် ဘောလုံးကို သယ်ယူလာတဲ့ မာ့စ် ကူကူရယ်လာ ဟာ သူ့ကိုလူကပ်ရမယ့် အတ် နိုရီ ရဲ့ရှေ့ကို အများကြီးရောက်နေပါပြီ..။



မာ့စ် ကူကူရယ်လာ ကနေ ကိုးလ် ပါးမား ကို ထိုးပေးပါတယ်..။ ကိုးလ် ပါးမား က ကွင်းလယ်ကနေ ညာခြမ်းမှာ လွတ်နေတဲ့ နိုနီ မာဒူအီကေး ဆီ ထိုးပေးပါတယ်..။ အခုအနေအထားမှာ အောက်မှာပြထားတဲ့ပုံ (ပုံ- ၄) အတိုင်း ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ မွိုက်စ် ကိုင်ဆီဒို၊ သူ့ရဲ့ရှေ့မှာ ကိုးလ် ပါးမား၊ ဒူးစ်ဘာရီ-ဟောလ် နဲ့ ဘယ်ခြမ်းက ‘No. 8’ နေရာမှာ မာ့စ် ကူကူရယ်လာ ရှိနေပါတယ်..။



ချယ်လ်ဆီးရဲ့ညာခြမ်းကနေ မာဒူအီကေး ထိုးဖောက်လာချိန်မှာ ဝုလ်ဖ်အသင်းရဲ့ wing back နှစ်ယောက်စလုံးဟာ ညာဘက်ကိုရောက်နေတာကြောင့် ဗဟိုနောက်ခံလူ အီမန်နူရယ် အက်ဂ်ဘာဒူ က ပြေးတက်ပြီး တားဆီးရပါတော့တယ်..။ သူတို့ရဲ့ခံစစ်အထိုင်မှာ ပြဿနာရှိနေတာက အတ် နိုရီ ရဲ့ ညာအစွန်မှာ ဖြစ်နေပါတယ်..(ပုံ- ၅)။



အတ် နိုရီ ဟာ ပီဒရို နက်တို နဲ့ မာ့စ် ကူကူရယ်လာ နှစ်ယောက်စလုံးနဲ့ 2 vs 1 ရင်ဆိုင်နေရသလို ဖြစ်နေတာကြောင့် အတွင်းဘက်ကို မဝင်ရဲပဲ ဖြစ်နေချိန်မှာ ဘယ်ဘက်ကွင်းလယ် ‘No. 8’ နေရာမှာ ရှိနေတဲ့ မာ့စ် ကူကူရယ်လာ ဟာ အတ် နိုရီ နဲ့ မတ် ဒိုဂါတီ နှစ်ယောက်ကြားက လွတ်နေတဲ့ နေရာလွတ်မှာ အသင့်နေရာယူနိုင်ခဲ့ပါတယ်..။ ဝုလ်ဖ်အသင်းဟာ back five အထိုင်မပျက်ဘူး ဆိုပေမယ့် ကူကူရယ်လာ ရဲ့ နေရာယူမှုကြောင့် out of position အထိုင်မှားနေသလို ဖြစ်ခဲ့ရပါတယ်..။ အဲဒီသွင်းဂိုးမှာ မာ့စ် ကူကူရယ်လာ ကို ‘No. 8’ နေရာ ကွင်းလယ်မှာ တက်ပြီးကစားခိုင်းခဲ့တဲ့ မန်နေဂျာရဲ့ နည်းစနစ်ပိုင်း အဆုံးအဖြတ်ကို ချီးကျူးရမှာပါ..။

မာ့စ် ကူကူရယ်လာ ဟာ လွန်ခဲ့တဲ့ဒီဇင်ဘာလတုန်းက ဘရန့်တ်ဖို့ဒ် အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အခုလိုပုံစံ.. မာဒူအီကေး ရဲ့ ဖြတ်တင်ဘောကနေ အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာကို ပြန်ပြီးအမှတ်ရမိကြပါလိမ့်မယ်..။ အခုဒီဂိုးမှာ အတ် နိုရီ ဟာ ကူကူရယ်လာ ရဲ့ နောက်ကို တောက်လျှောက် ဆင်းပြီးလိုက်လာပေမယ့် တကယ့်ကို ဝတ်ကျေတန်းကျေ ကစားတဲ့အလား အရှိန်လျော့ပြီး ဖြေးဖြေးလေး ပြေးလာခဲ့တာကြောင့် ကူကူရယ်လာ ကို ဖျက်ထုတ်နိုင်ဖို့ မမှီနိုင်တော့တာပါ..(ပုံ- ၆)။ အဲဒီလိုအသေးစိတ်လေးတွေကလည်း ပွဲတစ်ပွဲရဲ့ အနိုင်၊ အရှုံးရလဒ်တွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်..။



အီမန်နူရယ် ပီတစ် - သိပ်ကိုလွယ်ကူလွန်းနေခဲ့ပါတယ်..။ တကယ်တော့ အဲဒီအချိန်မှာ သူတို့ဟာ ချဘ်လ်ဆီးအသင်းကို သရေရအောင် ကစားထားနိုင်နေတာပါ..။ ဒါ့ကြောင့်ခံစစ်ကို ပြန်ပြီးဆင်းတဲ့နေရာမှာ အားသွန်ခွန်စိုက်ရှိနေဖို့ လိုပါတယ်..။ ခင်ဗျားက ဝုလ်ဖ်အသင်းရဲ့ ကစားကွက် အခင်းအကျင်းမှာ ဟန်ချက်မညီ (lack of balance) တဲ့အကြောင်း ထည့်ပြောသွားပါတယ်..။ အထူးသဖြင့် ဘောလုံးဆုံးရှုံးချိန်မှာ ပြိုင်ဘက်အသင်းက အလွယ်တကူ တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးတွေ ရရှိစေခဲ့ပါတယ်…။

အခုပေးလိုက်ရတဲ့ဂိုးမှာဆိုရင် အဲဒီလိုနည်းစနစ်ပိုင်း အားနည်းချက်ထက်စာရင် ကစားသမား တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်၊ စိတ်ဓါတ်နဲ့ အစွမ်းကုန်ပေးဆပ် ကြိုးစားမှု (commitment) တွေကလည်း အရေးကြီးပါတယ်..။ ကစားသမားတိုင်းဟာ ကိုယ့်အသင်းရဲ့ဂိုးပေါက်ထဲကို ဘောလုံးမရောက်သွားအောင် အသက်နဲ့လဲပြီး ကာကွယ်ရမယ်.. ဆိုတဲ့ ခံယူချက်မျိုးရှိနေရပါမယ်..။ ဒီလိုအဆင့် ပွဲစဉ်တွေမှာ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်..။ ဒါ့ကြောင့်အခုလိုမျိုး လုံလောက်တဲ့ အားထုတ်မှုတွေ မရှိခဲ့ဘူးလား..? ဆိုတဲ့ သံသယစိတ်တွေ ပေါ်လာရတာဟာ ကိုယ်တွေကစားနေတဲ့ အသင်းတစ်သင်းအတွက် ရလဒ်ကောင်းတွေ ဆောင်ယူပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါပဲ..။

ဒေးဗစ် ဂျုံးစ် - တကယ်တော့ မိနစ် (၆၀) မှာ တစ်ဂိုးပဲ အသာရတယ်… ဆိုတာဟာ တစ်သင်းနဲ့တစ်သင်းကြားမှာ ထူးထူးခြားခြား ကွာခြားချက် ဘာမှမရှိဘူးလို့ ပြောနိုင်ပါတယ်..။ အဲဒီလိုအနေအထားမှာ ထရေဗာ ချာလိုဘာ အတွက် တကယ့်ကို လှပ၊ ဆန်းပြားလွန်းတဲ့ အခိုက်အတန့်တစ်ခုနဲ့ ကြုံကြိုက်ရဖို့ တေ့လွဲလွဲသွားခဲ့တယ်.. လို့ ပြောရမလိုပါပဲ…

ဂျေမီ ကာရေဂါ - ဟွန်း..!! ဝုလ်ဖ်အသင်းရဲ့ တည်ကန်ဘောတွေ ကာကွယ်တဲ့နေရာမှာ အားနည်းမှုအကြောင်း ကျွန်တော်တို့တွေ အကြိမ်ကြိမ်အခါခါ ပြောခဲ့ကြပါတယ်..။ ဒါပေမယ့် အဲဒီလိုပေးဂိုးတွေ ဒလဟော ခွင့်ပြုနေရတဲ့ အကြောင်းရင်းတွေထဲမှာ ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကလည်း အကြောင်းရင်းတစ်ရပ် အနေနဲ့ ပါဝင်ခဲ့ပါတယ်..။ အခုပေးလိုက်ရတဲ့ဂိုးမှာဆိုရင် ဂိုးသမား ဟိုဆေး ဆားရ် ရဲ့ နေရာယူမှု အတော်လေး အားနည်းခဲ့ပါတယ်..။



ချာလိုဘာ ကတော့ သူ့ရဲ့အပြာရောင် အိမ်ပြန်ခရီးကို သွင်းဂိုးနဲ့အတူ ဖွင့်လှစ်နိုင်ခဲ့ပြီလို့ပဲ တွေးနေခဲ့ပါလိမ့်မယ်..။ ဂိုးဝင်သွားခါနီး အနှေးပြကွက်တွေမှာ သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို အတိုင်းသား တွေ့နေရပါတယ်..။ ကဲ… ထရေဗာ ချာလိုဘာ ရဲ့ သွင်းဂိုး ဖြစ်လာမယ့် ဘောလုံးကို အတင်းလုပြီး ခေါင်းတိုက်သွားခဲ့တာ ဘယ်သူလဲ…? ထရေဗာ ချာလိုဘာ ရဲ့ မျက်နှာကို သေသေချာချာ ကြည့်မယ်ဆိုရင် သူ့ရဲ့သွင်းဂိုးပဲ ဖြစ်လိမ့်မယ်.. ဆိုတဲ့ မျှော်လင့်ချက်တွေ အတိုင်းသား မြင်တွေ့နေရပါတယ်..။

နိုနီ မာဒူအီကေး ကတော့ အနီးကပ်ခေါင်းတိုက်သွင်းတယ်..၊ သူခေါင်းတိုက်လိုက်တဲ့အချိန် ဘောလုံးဟာ စည်းကျော်ပြီလား..? မကျော်သေးလား..? သေသေချာချာကြည့်ပြီးမှသာ သူ့ရဲ့သွင်းဂိုးအဖြစ် အောင်ပွဲခံခဲ့တာပါ..။ အင်းပါဗျာ… အဲဒီလိုအနေအထားကမှ သွင်းဂိုးရအောင် မယူနိုင်ခဲ့ရင် ဂိုးတွေဘယ်တော့မှ ထပ်ပြီးရလာတော့မှာ မဟုတ်ပါဘူးဗျာ…။ ဒါပေမယ့် သူ့ရဲ့နေရာမှာ တခြားသူဆိုရင်လည်း ကိုယ့်အသင်းရဲ့သွင်းဂိုးအဖြစ် သေချာအောင် လုပ်ရမှာပါပဲ..။ လူကျွံဘောမဖြစ်အောင်ပဲ ဂရုစိုက်ပေါ့ဗျာ..။

အီမန်နူရယ် ပီတစ် - တကယ်တော့ ချယ်လ်ဆီးအသင်း တတိယဂိုး ရရှိသွားခဲ့တဲ့ အခိုက်အတန့်မှာ နောက်တန်းလူတွေနဲ့ တိုက်စစ်မှူးတွေကြားက ခြားနားတဲ့ခံယူချက်တွေကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်လို့ ပြောရမှာပါပဲဗျ..။ တိုက်စစ်မှူးတွေဟာ သွင်းဂိုးတွေ..၊ ဂိုးဖန်တီးမှုတွေ..၊ စွမ်းဆောင်ရည် အချက်အလက်တွေကို ဂရုစိုက်တတ်ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ ကွင်းထဲရောက်လာရင် အနည်းနဲ့အများ တကိုယ်ကောင်းဆန် (selfish) ကြပါတယ်..။  

အခုအခိုက်အတန့်မှာဆိုရင် မာဒူအီကေး အတွက် သွင်းဂိုးတစ်ဂိုး ရရှိသွားခဲ့တာဟာ ကျေနပ်စရာပါ..။ သူ့ကိုလည်း အပြစ်မတင်ပါဘူး..။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် အမြင်နဲ့ဆိုရင် ထရောဗာ ချာလိုဘာ ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးအဖြစ်ပြောင်းလဲသွားအောင် သူ့အနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ပေးသွားသင့်တယ်လို့ ယူဆမိပါတယ်..။
ဂျေမီ ကာရေဂါ - ဒါတော့မဖြစ်နိုင်ပါဘူး..။ ခင်ဗျားလည်း သိပါတယ်…။



ဒေးဗစ် ဂျုံးစ် - ဟုတ်တဲ့ပါ..။ ချယ်လ်ဆီးအသင်းမှာ အပယ်ခံ ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့ ထရေဗာ ချာလိုဘာ ဟာ အသင်းမှာပြန်လည်ပါဝင်ခွင့်ရခဲ့တဲ့ ဒီနေ့ပွဲမှာပဲ ပွဲစဉ်အလိုက် အကောင်းဆုံးဆု ရရှိခဲ့ပါတယ်..။ ဒီနေ့ပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် အဲဒီလိုချီးမြှင့်ခံရတာဟာ ထိုက်တန်တယ်လို့ ပြောနိုင်တယ်မလား..?

အီမန်နူရယ် ပီတစ် - ထိုက်တန်တာပေါ့..။ ဒီနေ့ပွဲမှာ သူဟာအကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ခံစစ်ကြောင်းကို ဦးဆောင်နိုင်စွမ်းရှိကြောင်း ပြသနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုဟာ ထိုက်တန်ပါတယ်…။ တစ်ပွဲလုံးခြုံကြည့်ရင် နေရာယူမှားခဲ့တာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရှိခဲ့ပါတယ်..။ ဒါကလည်း အသင်းမှာ မပါဝင်တာကြာပြီဆိုတော့ အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ နားလည်မှုလွဲမှားတွေ ရှိတတ်ပါတယ်..။ ချာလိုဘာ ဟာ ခံစစ်ပိုင်းမှာ စိတ်ချရတဲ့အပြင် တည်ကန်ဘောတွေ ရရှိတဲ့အချိန်မှာ ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။

တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့အနိုင်ရလဒ်ဟာ နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်ကို ကျေးဇူးတင်သင့်ပါတယ်..။ သွင်းဂိုးသုံးဂိုးစလုံး.. မဟုတ်ဘူး.. မာဒူအီကေး ရဲ့ ခေါင်းတိုက်ဂိုးကို နှုတ်လိုက်ရင် နှစ်ဂိုးခွဲပေါ့ဗျာ.. ဟားဟား… နောက်တန်းလူတွေကပဲ ဂိုးတွေသွင်းပေးခဲ့တာပါ..။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်း ကစားသမားတွေအားလုံးရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်..။

ဂျေမီ ကာရေဂါ - တကယ်တော့ ထရေဗာ ချာလိုဘာ တို့လို အသက် (၂၅) နှစ်၊ (၂၆) နှစ်ဆိုတဲ့ အရွယ်ဟာ အဌားချသွားရောက်ပြီး အတွေ့အကြုံယူရတဲ့ အသက်အရွယ် မဟုတ်ပါဘူး..။ ဒီလိုအရွယ် ကစားသမားတစ်ယောက် အဌားထွက်ခွာရတယ်ဆိုတာ အသင်းမန်နေဂျာ၊ အားကစား ဒါရိုက်တာတွေက အသင်းအတွက် လုံလောက်တဲ့ အရည်အချင်းမရှိဘူးလို့ ယူဆနေတယ်.. ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်..။ နောက်ပြီးသူတို့အသင်းမှာ ဗဟိုခံစစ်မှူး လေးယောက်၊ ငါးယောက်လောက် ရှိနေတာကြောင့် မလိုအပ်ဘူးလို့ ယူဆနေတာလည်း ဖြစ်နိုင်ပါတယ်..။



ဒေးဗစ် ဂျုံးစ် - အဲဒီအချိန်တုန်းက အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအရ အဌားချလိုက်ရပါတယ်… လို့ အင်ဇို မာရက်စ်ကာ ပြောခဲ့တယ်နော်..
ဂျေမီ ကာရေဂါ - သူပြောတဲ့အဓိပ္ပါယ်ကို ကျွန်တော်နားလည်ပါတယ်..။ အဲဒီအချိန်တုန်းက သူတို့ဟာ ဗဟိုခံစစ်မှူး နောက်တစ်ယောက် အားဖြည့်ဖို့အတွက် စဉ်းစားနေတယ်..၊ အဲဒါကြောင့်အသင်းမှာရှိနေတဲ့ ဗဟိုခံစစ်မှူးတွေထဲက တစ်ယောက်ကို ရောင်းချမှဖြစ်မယ်ဆိုတဲ့ အနေအထား ဖြစ်နေခဲ့တာကိုးဗျ..။ ဒါပေမယ့် အဲဒီအချိန်တုန်းက ချာလိုဘာ..၊ ဒါမှမဟုတ် သူ့ရဲ့အေးဂျင့်တွေဟာ အသင်းနဲ့ထိပ်တိုက်တွေ့ပြီး အကြိတ်အနယ်တွေ ဖြစ်ခဲ့တာတွေ ရှိခဲ့ပါလိမ့်မယ်…။

ဒါ့ကြောင့်ထရေဗာ ချာလိုဘာ အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်မှားယွင်းခဲ့တယ်.. ဆိုတာပြန်ပြီး သက်သေပြချင်နေတဲ့ဆန္ဒ ပြင်းပြနေပါလိမ့်မယ်..။ တကယ်တော့ အသင်းဘက်က အပယ်ခံတစ်ယောက်လို စဉ်းစားပြီး စွန့်ပယ်ခံခဲ့ရတဲ့သူ တစ်ယောက်အတွက် အဝတ်လဲခန်းထဲကို ပြန်ပြီးလာရတာဟာ သူ့အတွက်လည်း သိပ်တော့လွယ်ကူလှတာ မဟုတ်ပါဘူး..။ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့တဲ့ သူ့ကိုချီးကျူးသင့်တာ အမှန်ပါပဲ..။

အီမန်နူရယ် ပီတစ် - သူဟာခရစ္စတယ် ပဲလေ့စ်အသင်းကို အဌားသွားရောက်ရချိန်မှာ ပုံမှန်နေရာတစ်နေရာရရှိနေပြီး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ကိုပြန်လာဖို့ ချယ်လ်ဆီးအသင်းက တောင်းဆိုတဲ့အချိန် သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုတွေ စဉ်းစားနေခဲ့မလဲ..? ကျွန်တော်သိချင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းမှာက ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တာကိုးဗျ..။ နောက်ပြီးသူ့ကိုခေါ်ယူလိုက်ရတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ဗဟိုခံစစ်မှူးတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့်လည်း ပါဝင်ပါတယ်..။ ဒါ့ကြောင့်အဲဒီကစားသမားတွေ ကြံ့ခိုင်မှုပြန်ပြီးကောင်းမွန်လာတဲ့ အချိန်ကျရင် ဘယ်လိုတွေဖြစ်ကြဦးမလဲ. မပြောတတ်ဘူးဗျ..။

ဒါပေမယ့် ဘောလုံးလောကမှာ အပြောင်းအလဲတွေဟာ အရမ်းကိုလျှင်မြန်ပြီး တဒင်္ဂအတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်..။ ထရေဗာ ချာလိုဘာ ဟာ ဒီနေ့ပွဲကခြေစွမ်းမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မန်နေဂျာကလည်း သူ့ကိုပွဲထွက်ကစားသမားအဖြစ် နေရာပေးဖို့ ထည့်သွင်းစဉ်းစားမှာ အမှန်ပါပဲ..။