feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs ဝက်စ်ဟမ်း ယူနိုက်တက်)

တနင်္လာနေ့၊ မနက်ပိုင်းက စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်း ယူနိုက်တက်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများ၊ အရေးပါခဲ့သည့် ဖြစ်ရပ်များနှင့် နောက်လာမယ့်ပွဲစဉ်များအတွင်း ချယ်လ်ဆီးအသင်း၏ အနေအထားတို့ကို ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် တောင်ပံ ကစားသမား ပီဒရို နက်တို တို့က Premier League Production မှ တင်ဆက်သည့် Matchday Live ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပထမပိုင်းပြီးတဲ့အချိန် ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အနိုင်ရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပြီး နောက်ဆုံယှဉ်ပြိုင်ခဲ့တဲ့ (၈) ပွဲအတွင်း ဒုတိယမြောက်အနိုင်ပွဲရလဒ် ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်အခုဆိုရင် အင်ဇို မာရက်စ်ကာ ရဲ့ အသင်းဟာ လက်ကျန် (၁၅) ပွဲကျန်တဲ့အချိန် ရမှတ် (၄၃) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၄) နေရာ ပြန်လည်ရောက်ရှိခဲ့ပါတယ်..။ ဂျိုး ရေ… ခင်ဗျားတို့အသင်းနောက်ခံလူ လီဗိုင်း ကိုဝဲလ် ကတော့ ဂျာရော့ဒ် ဘိုဝင် သွင်းယူပေးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အဖွင့်ဂိုးကို ပြန်ပြီးကြည့်ချင်စိတ်ရှိမှာ မဟုတ်ဘူးဗျ..။ ဟုတ်တယ်မလား..?

ဂျိုး ကိုးလ် - အဲဒီလက်ဆောင်ဂိုး မတိုင်ခင်မှာလည်း သူဟာလိုရာမရောက်ခဲ့တဲ့ ပေးပို့မှုအမှားတစ်ခု ကျူးလွန်မိခဲ့ပါသေးတယ်..။ အဲဒါကိုသင်ခန်းစာ မယူနိုင်ခဲ့ဘူးလို့ ပြောရမှာပါ..။ ဒါတွေဟာ တစ်ဦးချင်းစီရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု (concentration) နဲ့ သက်ဆိုင်ပါတယ်..။ ပေးလိုက်ရတဲ့ဂိုးမှာ ကိုးဝဲလ် ကို တောက်လျှောက်လိုက်ပါ ဖိအားပေးနိုင်ခဲ့တဲ့ မိုဟာမက် ကူးဒူ့စ် ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ် ပြုရမှာပါ..။

ကိုးဝဲလ် အနေနဲ့ အဲဒီလိုအနေအထားမှာ သူ့အတွက် လုံခြုံစိတ်ချမှုအရှိဆုံးဖြစ်မယ့်ဟာကို အရင်ဆုံးစဉ်းစားရပါမယ်..။ ဥပမာဗျာ- ဂိုးသမားက ဘယ်ခြေနဲ့ရှင်းထုတ်လို့ရအောင် ခင်းပေးလို့လည်း ရနေတာပါပဲ..။ နောက်ခံလူ တစ်ယောက်အနေနဲ့ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာရှေ့ကို ပြန်ပြီးချပေးတယ်.. ဆိုတာဟာ အန္တရာယ်တွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ..။



အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် တည်ငြိမ်ရင့်ကျက်မှုရှိဖို့ အများကြီး လိုအပ်နေပါသေးတယ်..။ ဒါ့ကြောင့်အခုလို အမှားအယွင်းတွေကို ကျွန်တော်တို့ မကြာခဏ မြင်တွေ့နေရတာပါ..။ ယုတ်စွအဆုံးဗျာ.. သိပ်မသေချာရင် ဘေးကန်ထုတ်ပစ်လိုက်ပေါ့ဗျာ..။ တကယ်တော့ ဝက်စ်ဟမ်းအသင်းဟာ ချယ်လ်ဆီးအသင်း အမှားတွေ ကျူးလွန်မယ့်အချိန်စောင့်ပြီး ကစားနေခဲ့တာပါ..။ ဒါ့ကြောင့်လီဗိုင်း အတွက် တကယ့်အိပ်မက်ဆိုးလို့ ပြောရမှာပါပဲ..။

မိုက်ကယ် အိုဝင် - ဂျာရော့ဒ် ဘိုဝင် ရဲ့ အဆုံးသတ်ကန်သွင်းချက်ကလည်း အတော့်ကို သပ်ရပ်ကောင်းမွန်ပါတယ်..။ သူ့ရဲ့ကန်သွင်းချက်မှာ လှည့်စားမှု (deceptive pace) ပါဝင်သလို တိကျမှုကို (accuracy) ဦးစားပေး ကန်သွင်းသွားခဲ့တာပါ..။ ကန်ချက်ရဲ့ပြင်းအား (power) ကလည်း အနေတော်ပါပဲ..။ ဒါ့ကြောင့်အဲဒီအချက် (၃) ချက်နဲ့ ပြည့်စုံတဲ့ အဆုံးသတ်ကန်သွင်းမှုကို ဂိုးသမား ဂျော်ဂျင်ဆန် ကာကွယ်ဖို့ ဘာမှမတတ်နိုင်ပါဘူး..။

တိုက်စစ်မှူးအများစုဟာ သွင်းဂိုးတွေ အများကြီးသွင်းယူနိုင်ကြသလို အခွင့်အရေးတွေ အများကြီး လွဲချော်ကြပါတယ်..။ ဒါပေမယ့် ဘိုဝင် ဟာ အဆုံးသတ်ဂိုးသွင်းရာမှာ အတော်လေး သေချာတဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်လို့ ပြောရမှာပါ..။

စတိဗ် ဘိုးဝါး - ဝက်စ်ဟမ်းအသင်းဟာ ရလာတဲ့ အခွင့်အရေးကို မလွတ်တမ်း အသုံးချနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘိုဝင် ကို ကျေးဇူးတင်ရမှာ ဖြစ်သလို ကိုးလ် ပါးမား ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို လှလှပပ ပုတ်ထုတ်ပေးနိုင်ခဲ့တဲ့ ဂိုးသမား အယ်လ်ဖွန်ဆို အာရီယိုလာ ရဲ့ ကာကွယ်မှုကိုလည်း အသိအမှတ်ပြုရမှာပါ..။

ဂျိုး ကိုးလ် - အားးး… သေချာတာပေါ့ဗျာ..။ ကန်သွင်းတဲ့သူကလည်း တကယ့်ကို လှပတဲ့ကန်ချက်နဲ့ သွင်းယူခဲ့သလို ဂိုးသမားရဲ့ ကာကွယ်မှုကလည်း တကယ့်ကို ထိပ်တန်းအဆင့်ဗျ..။ ပါးမား ရဲ့ကန်ချက်က ဂိုးတိုင်ရဲ့အပေါ်ထောင့်ထဲကို အတိအကျ.. စိုက်ပြီးကျလာခဲ့တာ.. အရမ်းကိုလှပတာပါ..။ ဒါပေမယ့် မရရအောင် ပုတ်ထုတ်သွားတဲ့ သူ့ရဲ့ကာကွယ်မှုကလည်း အတိုင်းထက်အလွန် သိပ်ကိုကောင်းမွန်လှပါတယ်..။



မိုက်ကယ် အိုဝင် - Yes.. မှန်တာပေါ့ဗျ..။ ဂိုးသမား အာရီယိုလာ အနေနဲ့ လူတံတိုင်းကိုကျော်ပြီး အပေါ်ထောင့်ကို အတိအကျ ဝင်လာတဲ့ ဘောလုံးကို အခုလိုကာကွယ်နိုင်ဖို့ဆိုရင် နည်းနည်းတော့ စွန့်စားမှုယူရပါလိမ့်မယ်..။ ကြိုတင်ခန့်မှန်းပြီး ဒိုင်ဗင်ပစ်တားမှ ရမယ့်ပုံစံပါပဲ..။ လူတံတိုင်းကျော်တဲ့အချိန်ကျမှ လှမ်းပြီးပုတ်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် မှီနိုင်မှာမဟုတ်ပါဘူး..။ မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့တဲ့ ကာကွယ်မှု ဖြစ်ပါတယ်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး အနိုင်ရလဒ်ရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပွဲချိန် (၆၄) မိနစ်မှာ ပီဒရို နက်တို သွင်းယူပေးခဲ့တဲ့ ချေပဂိုးရရှိဖို့ တိုက်စစ်စတင်ချိန် ချယ်လ်ဆီးကွင်းဘက်ခြမ်းမှာ ဂျာရော့ဒ် ဘိုဝင် ကို လီဗိုင်း ကိုဝဲလ် က ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ကွင်းလယ်ဒိုင်လူကြီး စတူးဝပ် အတ်ဝဲလ် က အရေးမယူခဲ့ပါဘူး..။ ဝက်စ်ဟမ်းအသင်းကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတဲ့အကြောင်း ပြောခဲ့ပါတယ်..။

မိုက်ကယ် အိုဝင် - ဘောလုံးမပါပဲနဲ့ ပြေးလမ်းပိတ်ဆို့သလို ဖြစ်ခဲ့တာကြောင့် ပြစ်ဒဏ်ဘော ပေးရလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်..။ လီဗိုင်း ကိုဝဲလ် က အသားလွတ်ကြီး တွန်းလှဲလိုက်သလိုပါပဲ..။
ဂျိုး ကိုးလ် - ဘိုဝင် က ဖြတ်ပြေးမှာကို တားဆီးဖို့ကြိုးစားရင်း လူချင်းတိုက်မိတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါမျိုးတွေက ဖြစ်နေကျပါ..။ ဒိုင်လူကြီး အရေးမယူခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောရမှာပါပဲ..။ အဲဒီဘောလုံးကို မွိုက်စ် ကိုင်ဆီဒို က ကွင်းလယ်ကြောအတိုင်း ဆွဲတက်လာပြီး ညာဘက်မှာရှိနေတဲ့ မာလို ဂတ်စ်တို..၊ အဲဒီကနေ ညာအစွန်မှာ နေရာယူထားတဲ့ ပီဒရို နက်တို ဆီ ပေးပို့လိုက်ပါတယ်..။

နက်တို က ဘယ်ဘက်ကို တစ်ချက်ခေါက်ပြီး ဂိုးဧရိယာထဲကို ဖြတ်တင်ဘော ပေးပို့လိုက်ပါတယ်..။ အဲဒီအချိန်မှာ ခုနကပြစ်ဒဏ်ဘော ပေးရမလား..? ဆိုတဲ့ အငြင်းပွားစရာ အခိုက်အတန့်နဲ့ မသက်ဆိုင်တော့ဘူး..။ နောက်ထပ်တစ်ဆင့် (next phase of play) ဖြစ်သွားပါပြီ..။ ဂိုးဧရိယာထဲ ပြန်ကျလာတဲ့ ဘောလုံးကို ပီဒရို နက်တို ရဲ့ အဆုံးသတ်ကန်သွင်းချက်ကလည်း တိကျ၊ ကောင်းမွန်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ မိုက်ကယ် ပြောခဲ့တဲ့ မှတ်ချက်ကို သဘောတူပါတယ်..။



မိုက်ကယ် အိုဝင် - ဒိုင်လူကြီး အတ်ဝဲလ် ဟာ အဲဒီဖြစ်ရပ်ကို မြင်ကွင်းကောင်းကောင်းနဲ့ မြင်နိုင်တဲ့နေရာမှာ ရှိနေရက်နဲ့ ပြစ်ဒဏ်ဘော မပေးခဲ့တာဆိုတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောရမှာပဲ..။ ကိုဝဲလ် ဟာ ဘိုဝင် ကို ခန္ဓာကိုယ်ခုပြီး နောက်ကျောကနေ တွန်းလိုက်ပါတယ်..။ သူ့ရဲ့ဖျက်ထုတ်မှုဟာ အရမ်းကြီးဆိုးရွားတဲ့ ဖျက်ထုတ်မှု မဟုတ်ပေမယ့် ဘောလုံးရှိတဲ့နေရာနဲ့ ဘာမှမဆိုင်ဘူးလေ..။ ဒါ့အပြင်သူဟာ ဘိုဝင် အပေါ် ပြစ်ဒဏ်ကျူးလွန်မယ်.. ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြေးနေတဲ့ပုံစံ၊ လမ်းကြောင်းကို ပြောင်းလဲခဲ့တာဗျ..။

VAR ပြန်ကြည့်တယ်.. ဆိုပေမယ့် phase of play ကိုပဲ ကြည့်တာ ဖြစ်တဲ့အတွက် အဲဒီပြစ်ဒဏ် ကျူးလွန်လား..? ဆိုတဲ့အထိ မရောက်တော့ဘူး..။ ပီဒရို နက်တို ရဲ့ ဖြတ်တင်ဘောကို အလယ်မှာရှိနေတဲ့ မာ့စ် ဂီယူ က ခေါင်းတိုက်ဖို့ ကြိုးစားတဲ့အချိန် ဘယ်ဘက်အစွန်ဆုံးမှာရှိနေတဲ့ မာ့စ် ကူကူရယ်လာ လူကျွံ၊ မကျွံ VAR ပြန်ကြည့်ပါတယ်..။ ဒါ့ကြောင့် VAR ဒိုင်အဖွဲ့မှာ ပြဿနာမရှိပါဘူး..။

စတိဗ် ဘိုးဝါး - ဟုတ်ပါတယ်..။ ဂိုးဝင်သွားတဲ့အချိန် တိုက်စစ်ဆင်မှုဟာ မူလပြစ်ဒဏ်ဘော ကျူးလွန်တယ်.. လို့ ယူဆရတဲ့ အခိုက်အတန့်ရဲ့ နောက်ထပ်တစ်ဆင့်.. (next phase of attacking play) ဖြစ်သွားပါတယ်..။ အဲဒီအခိုက်အတန့်နောက်ပိုင်းကနေ ဂိုးဝင်တဲ့အချိန်အထိ ချယ်လ်ဆီးအသင်းဘက်က မတူညီတဲ့ ကစားသမား (၇) ယောက် ဘောလုံးထိခဲ့ပြီးပါပြီ..။ ဒါ့ကြောင့်အဲဒီနေရာအထိ VAR ပြန်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး..။
မိုက်ကယ် အိုဝင် - မှန်ပါတယ်..။ ကျွန်တော်ကလည်း VAR ကို အပြစ်ပြောနေတာ မဟုတ်ပါဘူး..။ ဒိုင်လူကြီးရဲ့ ကနဦးဆုံးဖြတ်ချက် မှားယွင်းသွားတယ်.. ဆိုတာ ထောက်ပြရုံပါပဲ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ အဲဒီအရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ပီဒရို နက်တို နဲ့ ပြောကြည့်ရအောင်ဗျာ..။ ဟယ်လို,.. နက်တို ရေ.. အရင်ဦးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်မှုကို အခုလက်ခံ ဖြေကြားပေးတာ အထူးကျေးဇူးတင်မိပါတယ်လို့ ပြောကြားလိုပါတယ်..။ ဒီနေ့ပွဲမှာ မင်းဟာလူစားဝင် ကစားသမားအဖြစ်နဲ့ အသင်းအပေါ် ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တဲ့အပေါ် ကျေနပ်အားရမိရဲ့လား..?

ပီဒရို နက်တို - မှန်ပါတယ်..။ ဒီနေ့ပွဲစတဲ့အချိန် ကျွန်တော်ဟာ အရန်ခုံမှာထိုင်နေရတယ်.. ဆိုပေမယ့် ဘယ်ကစားသမားမဆို တတ်နိုင်တဲ့အချိန်၊ တတ်နိုင်တဲ့နေရာကနေ အသင်းကို အကူအညီပေးနိုင်ရပါမယ်..။ ဒါ့အပြင်ဒီနေ့ပွဲမတိုင်ခင် (၇) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်တဲ့အတွက် အခုပွဲစဉ်ဟာ သိပ်ကိုအရေးပါတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်…။ ဒါ့ကြောင့်အခုလို ပထမပိုင်းအပြီး တစ်ဂိုးရှုံးနေရာကနေ အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ကစားသမားတွေရဲ့ ယုံကြည်မှုပိုပြီး မြင့်မားလာဖို့ အထောက်အကူ ဖြစ်စေမှာပါ..။



ဂျိုး ကိုးလ် - မင်းရဲ့ကန်သွင်းချက်က တကယ့်ကိုသပ်ရပ်၊ လှပပါတယ်..။ ဒါ့အပြင်လူစားဝင်လာပြီးနောက်ပိုင်း မင်းရဲ့ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုဟာ ပွဲရဲ့အဖြေကို ပြောင်းလဲစေနိုင်တဲ့အထိ အရေးပါခဲ့ပါတယ်..။ ပထမပိုင်းပြီးတဲ့အချိန်… ဒါမှမဟုတ် ကွင်းထဲဝင်မယ့်အချိန် နည်းပြအင်ဇို မာရက်စ်ကာ က မင်းတို့ကို ဘယ်လိုမှာကြားမှုတွေ ပြုလုပ်ခဲ့သေးလဲ..? တိုက်စစ်ထိုးဖောက်တဲ့အပိုင်းကို ပိုပြီးအားထည့်ဖို့..၊ ဒါမှမဟုတ် အဆုံးသတ် ဂိုးသွင်းရာမှာ သေသေချာချာ ဂရုစိုက်ဖို့… စသဖြင့်ပေါ့ဗျာ..။ နည်းပြရဲ့ မှာကြားချက်တွေကို သိခွင့်ရနိုင်မလား..?

ပီဒရို နက်တို - နည်းပြကြီးက အသင်းဟာ ကြိုတင်စီစဉ်ထားတဲ့ ပွဲချဉ်းကပ်ပုံအတိုင်း ပြိုင်ဘက်အသင်းကို ရင်ဆိုင်နေတယ်လို့ ပထမပိုင်းအပြီးမှာ ပြောခဲ့ပါတယ်..။ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ လိုချင်တဲ့လျှင်မြန်မှု၊ အရှိန်အဟုန်မရပဲ ဘောလုံးပေးပို့မှုတွေ နှေးကွေးနေတာပဲ ရှိနေပါတယ်..။ နောက်ပြီးကျွန်တော်တို့ရဲ့ အမှားအယွင်းတစ်ခုကနေ သူတို့ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်..။

ဒါပေမယ့် နည်းပြကြီးဟာ ဒုတိယပိုင်းကိုလည်း မူလအစီအမံအတိုင်း ဆက်ပြီးယှဉ်ပြိုင်ဖို့ပဲ မှာကြားခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အသင်းဟာ တည်ငြိမ်မှုနဲ့ အတွေ့အကြုံ ရင့်ကျက်မှုပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ပြောင်းလွယ်၊ ပြင်လွယ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်..။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ဟာ မူလကစားကွက်.. အစီအမံအတိုင်း ဆက်ပြီးသွားခဲ့ပါတယ်..။ ဘောလုံးပေးပို့မှုတွေ ပိုပြီးပြုလုပ်နိုင်ဖို့ပဲ ပြင်ဆင်ခဲ့ပါတယ်..။ ဝက်စ်ဟမ်းအသင်းဟာ ဒုတိယပိုင်းကျရင် ခံစစ်ပိုင်းကို ပိုပြီးအားပြုလိမ့်လို့ ကြိုတင်၊ ခန့်မှန်းနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ချေပဂိုးတွေ၊ အနိုင်ဂိုးတွေရရှိနိုင်ဖို့ ပိုပြီးအားသွန်ခွန်စိုက် ထိုးဖောက်ရမယ်..၊ ဂိုးရဖို့ပိုပြီး ခက်ခဲလိမ့်မယ်ဆိုတာ သိထားခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ မူလအစီအမံအတိုင်း ဆက်လက်ကစားနေရင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိခဲ့တာပါ..။

မိုက်ကယ် အိုဝင် - မင်းတို့အသင်းမန်နေဂျာ ဟာ လူစားလဲမှုတွေ ပြုလုပ်ရာမှာ ပွဲချိန်နောက်ပိုင်းကျမှ ပြုလုပ်လေ့ ရှိပါတယ်..။ ခုနကဂျိုး ရဲ့ မေးခွန်းက အဲဒီအချက်ကို ပြောချင်နေပုံ ရပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ နည်းပြကြီးဟာ လူစားလဲမှုတွေကို စောစောစီးစီး ပြုလုပ်ခဲ့ပါတယ်..။ ဒါ့ကြောင့်မင်းဟာအခုလို ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ခဲ့တာ.. လို့ရော မထင်မိဘူးလား..?



ပီဒရို နက်တို - Yes.. ခင်ဗျားပြောသလိုပါပဲ..။ စောစောစီးစီး ဝင်ကစားရရင် အသင်းအတွက် ထိရောက်တဲ့ပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ အချိန်ပိုရတာပေါ့ဗျာ..။ နည်းပြကတော့ သူ့အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်မယ်.. လို့ ထင်မြင်တဲ့အချိန်မှာ လူစားလဲမှုတွေ၊ နည်းစနစ် ပြောင်းလဲမှုတွေ ပြုလုပ်မှာပါပဲ..။ ဒါပေမယ့် ဒီနေ့ပွဲမှာ နည်းပြရဲ့လူစားလဲမှု အပြောင်းအလဲတွေဟာ အထူးအရေးပါခဲ့တယ်လို့ ကျွန်တော်ထင်မိပါတယ်..။ ထရေဗာ ချာလိုဘာ ဆိုရင် ပွဲပြီးခါနီး (၅) မိနစ်လောက်လိုမှ ဝင်ကစားခဲ့ရတယ်.. ဆိုပေမယ့် အတော်လေးကို ကြိုးစားပမ်းစား ကစားသွားခဲ့ရတာ တွေ့လိုက်ပါတယ်..။

ကျွန်တော်ဆိုရင် (၁၀) မိနစ်၊ (၁၅) မိနစ်၊ (၂၅) မိနစ်၊ မိနစ် (၄၀).. စသဖြင့် ကစားခွင့် ဘယ်လောက်ရရပေါ့ဗျာ.. ကိုယ်ကစားခွင့်ရတဲ့ အချိန်လေးအတွင်းမှာ အသင်းကိုအကောင်းဆုံး ကူညီပေးနိုင်ဖို့ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်..။ အဲဒီလိုတစ်ဦးချင်း၊ တစ်ယောက်ချင်း အစွမ်းကုန်ကြိုးစားမှ ကျွန်တော်တို့ရဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်တစ်ဆင့်မြင့်.. ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်မှာပါ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ပီဒရို ရေ.. ကျွန်တော်တို့ရဲ့ မေးမြန်းချက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတာ ကျေူဇူးပဲနော်..။ ချေပဂိုးပြီးတော့ အနိုင်ဂိုးမှာ ကံတရားရဲ့ ဖေးမမှု ပါဝင်ခဲ့တယ်.. ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ခင်ဗျားတို့ယူဆတယ်မလား..?

ဂျိုး ကိုးလ် - ဒီနေ့ပွဲစဉ်ရဲ့ ခြေစွမ်းအရဆိုရင် ချယ်လ်ဆီးအသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်.။ အဲဒီအပေါ် အငြင်းပွားစရာရှိမှာ မဟုတ်ပါဘူး..။ အထူးသဖြင့် အိမ်ကွင်းမှာလည်း ဖြစ်နေတယ်..၊ အသင်းမှာရှိနေတဲ့ ကစားသမား အင်အားအရ သူတို့ပဲအနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြမှာပါပဲ..။ ဝက်စ်ဟမ်းအသင်းကလည်း ဒီနေ့ပွဲမှာ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အရန်ကစားသမားအင်အား စကားပြောသွားပါတယ်..။ ချယ်လ်ဆီးမှာက ပီဒရို နက်တို လို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) တန် ကစားသမားမျိုးကို လူစားလဲနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပါတယ်..။



 ပီဒရို နက်တို ဟာ လူစားဝင်ပြီးနောက်ပိုင်း ညာတောင်ပံကနေ ဝက်စ်ဟမ်းအသင်း ခံစစ်ကြောင်းကို တောက်လျှောက် ဖိအားပေး၊ ဒုက္ခပေးနိုင်ခဲ့ပါတယ်..။ ပွဲချိန် (၇၄) မိနစ်မှာ ရရှိခဲ့တဲ့ ဒုတိယအနိုင်ဂိုးကလည်း သူ့ရဲ့ညာတောင်ပံ ဖြတ်တင်ဘောကတဆင့် ရရှိခဲ့တာလို့ ပြောရမှာပါလို..။ ဝက်စ်ဟမ်းအသင်း ခံစစ်ကြောင်းကို ကျော်ပြီးကျလာတဲ့ဘောလုံးကို ဘယ်အစွန်မှာရှိနေတဲ့ မာ့စ် ကူကူရယ်လာ က ဂိုးဧရိယာထိပ်မှာရှိနေတဲ့ ကိုးလ် ပါးမား ဆီကို ချပေးပါတယ်..။

တကယ်တော့ ကိုးလ် ပါးမား လို ကစားသမားကို မျက်ခြေမပြတ် သေသေချာချာ လူကပ်ထားဖို့ လိုအပ်တာပေါ့..။ ဒါပေမယ့် အဲဒီအချိန်ရောက်လာတဲ့အခါ ချယ်လ်ဆီးအသင်းက လူစားဝင် ကစားသမားတွေကြောင့် လန်းဆန်းတက်ကြွနေပြီး ကစားအား ပိုကောင်းလာခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က သူတို့ကိုလိုက်ပြီး မပိတ်နိုင်တော့ဘူးဗျ..။ ကိုးလ် ပါးမား ဟာ ဖြတ်တင်ဘော မကန်တင်ခင် ဘောလုံးထိချက် (၄) ကြိမ် ရရှိခဲ့ပါတယ်..။ သူ့လိုကစားသမားကို အဲဒီလိုလွှတ်ထားပေးလို့ မရပါဘူး..။ သူ့ရဲ့ကန်တင်ချက် အတော့်ကို ကောင်းမွန်သလို ကံကောင်းတာလည်း ပါတာပေါ့ဗျာ..။

မိုက်ကယ် အိုဝင် - ပါးမား ဟာ ဂိုးရှေ့ကိုအနိမ့်ဘော.. အပြင်းကန်တင်ပြီး ဖြတ်တင်ဘော ပေးပို့လိုက်တာ သေချာပါတယ်..။ အဲဒီဘောလုံးသာ ပင်နယ်တီ ဧရိယာ.. (၆) ကိုက်စည်းထဲ ရောက်လာခဲ့ရင် ဘယ်နည်းနဲ့မှ ဂိုးဝင်မှာ မဟုတ်ပါဘူး..။ ဝမ်-ဘီဆာကာ လည်း အဲဒီလိုဖြတ်ထုတ်ဖို့ ကြိုးစားတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား ဆိုတာက ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား တစ်ယောက် မဟုတ်လားဗျ..။ သူ့ရဲ့ကစားပုံဟာ ပရိသတ်တွေကိုပါ ဖျော်ဖြေမှုအပြည့်ပေးနိုင်စွမ်း ရှိပါတယ်..။

ဒီနေ့ပွဲပထမပိုင်းက သူ့ရဲ့ပြစ်ဒဏ်ဘောကန်ချက်ဟာ တကယ့်ကိုလှပပြီး တိကျ၊ ကောင်းမွန်လှပါတယ်..။ ဒါ့အပြင် နောက်ထပ်အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးမရခဲ့တာကြောင့် နည်းနည်တော့ စိတ်ပျက်နေပါလိမ့်မယ်..။ ပါးမား ဟာ ဒီနေ့ပွဲမှာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ပေမယ့် သူဟာပွဲရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်..။



စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ…။ ပွဲပြီးတဲ့အချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ က သူတို့အသင်းဟာ နည်းစနစ်ပိုင်းအရရော၊ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအရပါ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ယူဆတဲ့အကြောင်း ပြောကြားခဲ့ပါတယ်..။ အထူးသဖြင့် လူငယ်ကစားသမားတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းအနေနဲ့ ပထမပိုင်းပြီးခါနီးလို အချိန်မျိုးမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးပေးလိုက်ရတဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့တာဟာ ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုလို့ သတ်မှတ်နိုင်တယ်မလားဗျ..?

မိုက်ကယ် အိုဝင် - Yes.. မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ အင်ဇို မာရက်စ်ကာ တို့အတွက် ဒီနေ့ပွဲဟာ ကြီးမားတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်အရှုံးရလဒ်ကို ပြန်လှန်ပြီး အနိုင်ယူနိုင်ခဲ့တာဟာ ကျေနပ်စရာပါ..။ အထူးသဖြင့် သူ့အသင်းရဲ့ အရန်ကစားသမား အင်အားဟာ ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်..။ ပွဲချိန် (၅၂) မိနစ်မှာ လူစားဝင်ခဲ့ပြီး အထူးခြေစွမ်းပြခဲ့တဲ့ ပီဒရို နက်တို ဆိုရင် ဒီလိုခြေစွမ်းမျိုး ပြသနိုင်ပါရက်နဲ့ ဘယ်လိုနည်းနဲ့ အရန်ကစားသမား ဖြစ်နေတာလဲ..? ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်..။

ဒါပေမယ့် ဒီနေ့ပွဲက ခြေစွမ်းမျိုးနဲ့ဆိုရင် အနည်းဆုံးတော့ နောက်လာမယ့်ပွဲမှာ ပွဲထွက်ကစားသမား နေရာရဖို့ သေချာလောက်ပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာအနိုင်ရလဒ်ကို ပြန်လည်အရယူနိုင်ခဲ့သလို နောက်လာမယ့်ပွဲတွေမှာ ဒီဇင်ဘာလဆန်းပိုင်း ကာလတုန်းကလိုမျိုး ရလဒ်ကောင်းတွေဆက်တိုက် အရယူနိင်လိမ့်ဦးမယ်လို့ အခိုင်အမာ ယုံကြည်နေမိပါတယ်…။ ဘာဖြစ်လို့လည်းဆိုတော့ နောက်လာမယ့်ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ရမယ့် အသင်းတွေရဲ့ အနေအထားနဲ့ အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ အင်အားဟာ အဲဒီလိုရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ပြီး ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရနိုင်မယ့် ခြေစွမ်းရှိပါတယ်..။



စတိဗ် ဘိုးဝါး - ဂျိုး ရေ.. ခင်ဗျားတို့အသင်းဟာ ဒီဇင်ဘာလတုန်းကလို ရလဒ်ကောင်းတွေ ဆက်တိုက်ပြန်လည်ရယူနိုင်မယ်လို့ မျှော်မှန်းထားလား..?

ဂျိုး ကိုးလ် - Yes.. ကျွန်တော်လည်း ယုံကြည်မိပါတယ်..။ အခုဆိုရင် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ပြန်လည်ပါဝင်နိုင်ပြီ ဖြစ်သလို လက်ရှိအသင်းမှာ ထိပ်ဆုံးလေးအသင်းနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ လုံလောက်တဲ့ခြေစွမ်း၊ ကစားသမားအင်အား ရှိနေပါတယ်..။ ဗဟိုခံစစ်နေရာမှာ ဝက်စ်လေ ဖိုဖားနား ကို ဒဏ်ရာကြောင့် ကာလရှည်ကြာ ထပ်မံဆုံးရှုံးရတာဟာ အသင်းအတွက် နစ်နာမှုကြီးမားခဲ့ပါတယ်..။

တကယ်လို့ သူဟာရှိနေမယ်ဆိုရင် လီဗိုင်း ကိုဝဲလ် နဲ့ အတွဲအဖက်ညီပြီး အင်္ဂလန်လူငယ် နောက်ခံလူကို အကောင်းဆုံး ကူညီပေးနိုင်မှာပါ..။ ဝက်စ်လေ ဖိုဖားနား ဟာ အကောင်းဆုံးခြေစွမ်း ရရှိနေတဲ့အပြင် လီဗိုင်း ကိုဝဲလ် ထက် အသက်နည်းနည်းသာကြီးတယ်.. ဆိုပေမယ့် အတွေ့အကြုံပိုများတယ်..၊ ပိုပြီးတော့လည်း တည်ငြိမ်ပါတယ်..။ သူတို့နှစ်ယောက်သာ ရှိနေမယ်ဆိုရင် အဲဒီခိုင်မာတဲ့ခံစစ်ကြောင်း.. အခြေခံအုတ်မြစ်ပေါ် မူတည်ပြီး အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်ပါလိမ့်မယ်..။

အခုဆိုရင် ထရေဗာ ချာလိုဘာ လည်း ပြန်လည်ပါဝင်နိုင်နေပါပြီ..။ သူဟာဒီနေ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။ ဒါ့ကြောင့်လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့အင်အား၊ သူတို့လိုအရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေကို ရင်းနှီးမြုပ်နှံထားရတဲ့ ငွေကြေးပမာဏအရ ကျွန်တော်တို့အသင်းဟာ ထိပ်ဆုံး (၄) သင်းနေရာထဲကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ တကယ်လို့ အခုဒီနှစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ထပ်မံလွဲချော်ခဲ့မယ်ဆိုရင် ‘ကပ်ဆိုက်ပြီ’ လို့ ပြောနိုင်ပါပြီ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ အခုလိုအချိန်ပေးပြီး ဆွေးနွေးပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားပါရစေ..။ အထူးသဖြင့် ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်း ဆိုတဲ့ ဂျိုး ကိုးလ် ရဲ့ ဒါဘီပြိုင်ဘက်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၇) ပွဲအတွင်း ပထမဆုံးအကြိမ် အနိုင်ပွဲပြန်လည်ရရှိခဲ့ပြီး အဆင့် (၄) နေရာကို ပြန်လည်အရယူနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း တင်ဆက်ရင်း နောက်အပါတ်မှာ ထပ်မံဆုံစည်းကြတာပေါ့ဗျာ..။