၂၀၂၄/၂၅ ဘောလုံးရာသီ၏ ဇန်နဝါရီအပြောင်းအရွှေ့ကာလအပြီး ထပ်မံအဌားချခဲ့သည့် ကစားသမား (၅) ယောက် အပါအဝင် ဥရောပနှင့် အင်္ဂလန်ပြည်တွင်းပြိုင်ပွဲဝင် အသင်းများဆီသို့ အဌားစေလွှတ်ထားသည့် ကစားသမားများ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စွမ်းဆောင်ရည်များကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။
ဘရာဇီးလ်ကွင်းလယ် ကစားသမား အင်ဒရေ ဆန်းတို့စ် မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ့ဂ်အသင်းတွင် ခြေစွမ်းပြသလျှက်ရှိပြီး ယခုနှစ်ရာသီတွင် (၂၅) ပွဲကစား၊ (၉) ဂိုးသွင်း၊ (၁) ဂိုး ဖန်တီးပေးထားနိုင်ခဲ့သည်..။ ထို့အပြင် အန်းဂါးစ်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပြင်သစ်ဖလား (Coupe de France) တွင် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူခဲ့ရပြီး စထရာ့ဘာ့ဂ်အသင်း၏ တစ်လုံးတည်းသောဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ အသက် (၂၀) အရွယ်ရှိ လူငယ်ကွင်းလယ် ကစားသမားမှာ မတ်လတွင် ယှဉ်ပြိုင်ရန်ရှိနေသည့် ဘရာဇီးလ်လက်ရွေးစင် အသင်းကြီးအတွက်ပါ ရွေးချယ်ခံထားရပါသည်..။
ဆားဗီးယား ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ် မှာ စထရာ့ဘာ့ဂ်အသင်း၏ ပွဲထွက်ဂိုးသမားအဖြစ် (၂၄) ပွဲကစားခွင့် ရရှိထားပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် အော်ဇေးလ် အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲအပါအဝင် နောက်ဆုံး (၄) ပွဲဆက်တိုက် ပေးဂိုးမရှိ clean sheet ရယူထားနိုင်ခဲ့သည်..။ ဂိုးသမား ပက်ထရိုဗစ် မှာ ပြင်သစ်လီဂူး (၁) ပွဲစဉ်များအတွင်း ဂိုးပေါက်ကာကွယ်မှု ရာခိုင်နှုန်း (save percentage) (၇၂. ၉ %) စွမ်းဆောင်ထားနိုင်ပြီး လီဂူး (၁) ပြိုင်ပွဲ၏ အကောင်းဆုံး ကာကွယ်မှု ပြုလုပ်ထားသည့် ထိပ်ဆုံးဂိုးသမား (၅) ဦးထဲတွင် ပါဝင်လျှက် ရှိပါသည်..။
ကွင်းလယ် ကစားသမား ကာနေး ချူကွီမီးကား မှာ စပိုးတင်း လစ္စဘွန်းအသင်းအား အဝေးကွင်းတွင် ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခွင့် ရခဲ့ပြီး ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) တွင်ပါ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေပါသည်..။
ပေါ်တူဂီတိုက်စစ်မှူး ဂျာအို ဖဲလစ် မှာ အေစီ မီလန်အသင်းအတွက် ပွဲထွက်ခွင့် (၄) ပွဲ အပါအဝင် ပြိုင်ပွဲစုံ (၈) ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး (၁) ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်..။ အဆိုပါသွင်းဂိုးမှာ ရိုးမားအသင်းအား ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် Coppa Italia ဖလားပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သော်လည်း အေစီ မီလန်အသင်းမှာ ကိုပါ အီတာလီယာ ဖလားပွဲစဉ်တွင်သာမက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဖီယန်နုအသင်းအား ရှုံးနိမ့်ပြီး ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသည်..။ ထို့အပြင် အီတလီစီးရီးအေပြိုင်ပွဲတွင် နောက်ဆုံး (၃) ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၉) နေရာသို့ ရောက်ရှိနေပါသည်..။
ပေါ်တူဂီနောက်ခံလူ ရီနာတို ဗီယေဂါ မှာ ဂျူဗင်တပ်စ်အသင်းသို့ အဌားရောက်ရှိခဲ့ပြီးနောက်ပိုင်း ပွဲစဉ် (၄) ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။ သူ၏ဂျူဗင်တပ်စ်အသင်းနှင့် ပဉ္စမမြောက် ပွဲစဉ်ဖြစ်သော ပီအက်စ်ဗွီအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် အနားယူနေရပါသည်..။
ပြင်သစ်နောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ မှာ ဖေဖော်ဝါရီလတွင် အက်စ်တွန် ဗီလာအသင်းသို့ အဌားရောက်ရှိပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲဆက်တိုက် ပွဲချိန်ပြည့် ကစားခွင့်ရရှိခဲ့သည်..။ ထို့အပြင် ဘယ်လ်ဂျီယမ်လိဂ်မှ ဘရုဂေးအသင်းနှင့် မနေ့ညက ယှဉ်ပြိုင်ရသည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင်လည်း ပွဲချိန် (၆၄) မိနစ်အထိ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။
နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အာဆင်နယ်အသင်းသို့ အဌားသွားရောက်နိုင်ခဲ့သည့် တိုက်စစ်မှူး ရာဟင်း စတာလင်း မှာ အာဆင်နယ်အသင်းနှင့် ပြိုင်ပွဲစုံ (၂၂) ပွဲ ကစားခွင့်ရရှိထားပြီး (၉) ပွဲတွင် ပွဲထွက်ခွင့် ရရှိထားသည်..။ အသက် (၃၀) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူးမှာ ဘော်လ်တန်အသင်းအား ၅ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော လိဂ်ဖလားပွဲစဉ်တွင် သွင်းဂိုး (၁) ဂိုး၊ ဂိုးဖန်တီးမှု (၁) ကြိမ်နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ထားနိုင်သေးသည်..။
စပိန်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ ချယ်လ်ဆီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ဘုန်းမောက်အသင်းသို့ ဩဂုတ်လတွင် အဌားရောက်ရှိခဲ့သည်..။ ဂိုးသမား ကက်ပါ မှာ ဘုန်းမောက်အသင်းတွင် ယခင် ဘီလ်ဘာအိုအသင်း နည်းပြဟောင်း အန်ဒိုနီ အီရာယိုးလား နှင့် ပြန်လည်ဆုံစည်းခဲ့ပြီး ယခုအချိန်ထိ စုစုပေါင်း (၂၃) ပွဲ ကစား၊ clean sheet (၆) ပွဲ ရရှိထားသည်..။ ဘုန်းမောက်အသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အမှတ်ပေးဇယား အဆင့် (၇) နေရာ ရောက်ရှိနေပြီး FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်တွင် မန်ချက်စတာ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရပါမည်..။
ဆောက်ပ်သမ်တန်အသင်းသို့ အဌားသွားရောက်နေသည့် ပြင်သစ်ကွင်းလယ် ကစားသမား လက်စ်လေ အူဂိုချူကူ မှာ တဖြည်းဖြည်းနဲ့ အသင်းတွင် ပုံမှန်နေရာရရှိနေပြီး ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားပြိုင်ပွဲများတွင် စုစုပေါင်း (၂၁) ပွဲကစား၊ ပွဲထွက်ခွင့် (၁၃) ပွဲ ရရှိထားပါသည်..။
လူငယ်အကယ်ဒမီ နောက်ခံလူ အယ်လ်ဖီ ဂေးလ်ခရစ် မှာ ပထမရာသီဝက်အတွင်း ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရှက်ဖီးလ် ယူနိုက်တက်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း အသင်း၏အဌားချ ကစားသမား အရေအတွက် ကျော်လွန်နေခြင်းနှင့် ဒဏ်ရာပြဿနာကြောင့် ဖေဖော်ဝါရီလမှစတင်ပြီး ကစားခွင့်မရရှိတော့ပေ..။ အသက် (၂၁) နှစ်အရွယ် ညာနောက်ခံလူမှာ လက်ရှိအချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာ ကုသမှုခံယူရန်အတွက် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ပြန်လည်ရောက်ရှိနေပါသည်..။
လူငယ်အကယ်ဒမီ နောက်ခံအစွန်လူ ဘာရှား ဟမ်းဖရေး မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဘန်လေအသင်း၏ ဘယ်နောက်ခံလူအဖြစ် ပုံမှန်ပါဝင်ခွင့် ရရှိနေပါသည်..။ ဘန်လေအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မတ်လဆန်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပရက်စ်တန်အသင်းနှင့်ပွဲမတိုင်မီအထိ (၁၂) ပွဲဆက်တိုက် ပေးဂိုးမရှိ (clean sheet) စံချိန်ရယူနိုင်ခဲ့သလို ချန်ပီယံရှစ်ပြိုင်ပွဲ (၃၅) ပွဲအတွင်း ပေးဂိုး (၁၀) ဂိုးသာ ခွင့်ပြုထားရသေးသည်..။ ထို့အပြင် ဘာရှား ဟမ်းဖရေး မှာ ဟူးလ် စီးတီးအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဘယ်ခြေကန်ချက်ဖြင့် ကိုက် (၂၀) အကွာမှ အပြင်းကန်သွင်းပြီး အနိုင်ဂိုးတစ်ဂိုး ရယူပေးခဲ့သေးသည်..။ ဘန်လေအသင်းမှာ EFL ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယနေရာမှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းထက် (၁) ပွဲလျော့၊ (၅) မှတ်လျော့ဖြင့် တတိယနေရာ ရောက်ရှိနေပါသည်..။
ဇန်နဝါရီ အပြောင်းအရွှေ့ရာသီတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် အောက်စ်ဖို့ဒ် ယူနိုက်တက်အသင်းသို့ အဌားရောက်ရှိခဲ့သည့် ကွင်းလယ် ကစားသမား အဲလက်စ် မားတို့စ် မှာ အသင်းအတွက် (၁၀) ပွဲကစားခွင့် ရရှိထားပြီး ပွဲထွက်ကစားသမားအဖြစ် (၃) ပွဲကစားခွင့် ရရှိထားသည်..။
ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် မီးလ်ဝေါလ်အသင်းသို့ အဌားရောက်ရှိနေခဲ့သည့် ဘယ်နောက်ခံလူ ဇက်ခ် စတာ့ဂျ် မှာ ဖေဖော်ဝါရီလအတွင်းက ဒါဘီ ကောင်တီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ် (၁) ပွဲထဲသာ လူစားဝင် ကစားသမားအဖြစ် မိနစ် (၃၀) ခန့် ကစားခွင့် ရရှိထားသေးသည်..။
ဇန်နဝါရီလအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဝက်ဒ်ဖို့ဒ်အသင်းသို့ အဌားရောက်ရှိခဲ့သည့် အမေရိကန် လူငယ်နောက်ခံလူ ကာလက်ဘ် ဝီလီ မှာ စတုတ် စီးတီးအသင်းနှင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် အသင်းလူစာရင်း ထည့်သွင်းရာတွင် ပါဝင်ခဲ့သော်လည်း ပါဝင်ကစားခွင့် မရရှိသေးပေ..။
League One ပြိုင်ပွဲဝင် ဘာတန် အယ်လ်ဘီယွန်အသင်းသို့ အဌားသွားရောက်နေသည့် လူငယ်အကယ်ဒမီ ဘယ်နောက်ခံလူ ဒိုင်လန် ဝီလီယံစ် မှာ ဖေဖော်ဝါရီလအတွင်း လူစားဝင်ကစားသမားအဖြစ် (၁) ပွဲသာ ပါဝင်ခွင့် ရရှိထားပါသည်..။
League One ပြိုင်ပွဲဝင် ရှူးဘယ်ရီ တောင်းအသင်းသို့ ရောက်ရှိနေသည့် တိုက်စစ်အားသန် ကွင်းလယ် ကစားသမား လီယွန် ကာဆယ်ဒိုင်း မှာ ပထမရာသီဝက်တွင် ပရိသတ်နှစ်ခြိုက်သော ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ဇန်နဝါရီလကုန်တွင် ရရှိခဲ့သော ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး ကုသမှုခံယူရန် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ပြန်လည်ရောက်ရှိနေပါသည်..။
ဇန်နဝါရီလတွင် League Two ပြိုင်ပွဲဝင် ဂီလီဟမ်အသင်းသို့ အဌားရောက်ရှိခဲ့သည့် လူငယ်တိုက်စစ်မှူး ဂျင်မီ-ဂျေး မော်ဂန် မှာ ပွဲထွက်ခွင့် (၄) ပွဲ အပါအဝင် (၈) ပွဲကစားခွင့် ရရှိထားပြီး သွင်းဂိုး (၁) ဂိုး ရယူထားပါသည်..။
အခြားကစားသမားများ
======
တက်ဒီ ရှားမန်း လိုဝေး (ဂိုး) – League Two ပြိုင်ပွဲဝင် ဒွန်ကက်စ်တာ ရိုဗားအသင်း
မက်စ် မားရစ်ခ် - National League (South) ပြိုင်ပွဲဝင် Hampton & Richmond အသင်း