ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စု ( D ) ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက လော့စ် အိန်းဂျယ်လိစ် FC အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ရရှိသွားခဲ့သည့် အနိုင်ဂိုး ၂ဂိုးစလုံးတွင် ပါဝင်ပတ်သက်ခဲ့သည့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် နှင့် လီယန် ဒီလပ် တို့၏ ကစားပုံ၊ နည်းပြမာရက်စ်ကာ ၏ အခင်းအကျင်းတွင် ဘယ်နောက်ခံလူ မာ့စ် ကူကူရယ်လာ ၏ နေရာယူ ကစားပုံ နည်းစနစ်ပိုင်း သုံးသပ်ချက်များကို DAZN Football ရုပ်သံဌာနမှ တင်ဆက်သည့် The Press အစီအစဉ်တွင် Football YouTuber ဂျိမ်းစ် အယ်လ်ကော့တ်၊ အားကစား ကလောင်ရှင် ဂျူလီယန် လော်ရင်စ် နှင့် လီယက်စ် ဘူဇီဒီ တိုက အောက်ပါအတိုင်း သုံးသပ်ခဲ့ကြပါသည်..။
ဂျိမ်းစ် အယ်လ်ကော့တ် - အင်္ဂါနေ့မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အုပ်စု ( D ) ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းက လော့စ် အိန်ဂျယ်လိစ် FC အသင်းကို အနိုင်ရခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၁၀) ပွဲမှာ (၉) ပွဲအနိုင်ဆိုတဲ့ မှတ်တမ်းကောင်းကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ စတာလင်ပေါင်သန်း (၃၀) နဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး လီယန် ဒီလပ် ကို ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ ကတော့ နီကိုလပ်စ် ဂျက်ဆင် နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်..။
သူတို့နှစ်ယောက်စလုံးဟာ အရည်အသွေးမြင့် တိုက်စစ်မှူးကောင်းတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်သူတို့နှစ်ယောက်ရဲ့ နေရာယူလှုပ်ရှားမှုတွေ၊ အားသာချက်တွေ၊ တိုးတက်ဖို့ လိုအပ်နေတဲ့နေရာတွေကို သုံးသပ်ပြီး ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဦးစားပေး တိုက်စစ်မှူးဟာ ဘယ်သူဖြစ်သင့်လဲ..? ဆိုတာ ဆွေးနွေးသွားပါမယ်..။
ပထမဆုံးအနေနဲ့ နီကိုလပ်စ် ဂျက်ဆင် ဟာ အသင်းရဲ့ အထောင်တိုက်စစ်မှူးနေရာနဲ့ ပွဲထွက်ခွင့်ကို ဆက်လက် ဆုတ်ကိုင်နိုင်ဦးမလား..? ဆိုတဲ့ မေးခွန်းရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကစားနည်းစနစ်မှာ အထောင်တိုက်စစ်ကစားမယ့် တိုက်စစ်မှူးဟာ စွယ်စုံရတိုက်စစ်မှူးဖြစ်နေဖို့ လိုအပ်တာကြောင့်ပါပဲ..။ ခင်ဗျားတို့ရော အဲဒီအချက်ကို သဘောတူရဲ့လား..?
ဂျူလီယန် လော်ရင်စ် - Absolutely.. လုံးဝသေချာတာပေါ့…။ ဒါ့ကြောင့်လည်း နည်းပြအင်ဇို ဟာ တိုက်စစ်မှူးကောင်း တစ်ယောက်အားဖြည့်ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်..။ သူ့ရဲ့အခင်းအကျင်းမှာ အထောင်တိုက်စစ်မှူးအပေါ် တောင်းဆိုမှုတွေက အတော်များတယ်ဗျ..။ နစ်ကိုလပ်စ် ဂျက်ဆင် ရော၊ ဒီလပ် ရော.. နှစ်ယောက်စလုံးဟာ တိုက်စစ်မှူးကောင်းတွေ ဖြစ်ကြပါတယ်..။ သူတို့နှစ်ယောက်ဆီမှာ တူညီတဲ့ကစားပုံတွေ ရှိနေသလို သိသိသာသာ ကွဲပြားနေတဲ့အချက်တွေလည်း ရှိနေပါတယ်..။
ဂျိမ်းစ် အယ်လ်ကော့တ် - ဟုတ်ပါတယ်..။ အသိအသာဆုံးအချက်က ဂျက်ဆင် ဟာ ကွင်းလယ်အထိဆင်းပြီး ဘောလုံးရယူရတာ..၊ ဘောလုံးနဲ့အတူ ဆွဲပြေးရတာကို (drop deep) နှစ်သက်ပြီး လီယန် ဒီလပ် ကတော့ နောက်တန်းလူတွေကြားထဲကနေ လှည့်ထွက်ပြေးရတာကို (channeling) ပိုပြီးနှစ်သက်ပုံ ရပါတယ်..။
ကဲ.. အရင်ဆုံးအနေနဲ့ ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် ကို သုံးသပ်ကြည့်ရအောင်ဗျာ..။ ယေဘူယျအားဖြင့် သူဟာဒီနေ့ပွဲမှာ ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်လို့ ပြောနိုင်တယ်မလား..? အထူးသဖြင့် တိုက်စစ်မှူးအသစ် တစ်ယောက် ရောက်လာတာ ဖြစ်တဲ့အတွက် သူ့ဆီမှာ အနည်းနဲ့အများတော့ ဖိအားတွေရှိနေတာ အသေအချာပဲဗျ..
ဂျူလီယန် လော်ရင်စ် - မှန်ပါတယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီ နှစ်ရာသီမှာ သူဟာအသင်းရဲ့ တစ်ဦးတည်းသော တိုက်စစ်မှူး ဖြစ်နေတာကြောင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ..၊ ခြေစွမ်းပြသည်ဖြစ်စေ.. မပြနိုင်သည်ဖြစ်စေ.. အချိန်တန်ရင် နေရာရနေတာပဲ.. ဆိုတဲ့ သဘောမျိုး ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ သူခြေစွမ်းမပြနိုင်တာနဲ့ နောက်ထပ်တစ်ယောက်က သူ့ရဲ့နေရာကို ချက်ချင်းအစားထိုး ဝင်ရောက်သွားလိမ့်မယ်ဆိုတာ နားလည်ထားပါလိမ့်မယ်..။
ဒီနေ့ပွဲမှာ သူ့ရဲ့နေရာယူ၊ ရွှေ့လျားမှုတွေ ကောင်းမွန်ပေမယ့် ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲကို ရောက်သွားတဲ့အချိန် နောက်ဆုံးအဆုံးသတ် ကန်သွင်းချက်၊ ပေးပို့ချက်တွေဟာ အမှားအယွင်းတွေ ဖြစ်နေဆဲပါ..။ တောင်ပံတွေကို ပြေးထွက်ပြီး ဘောလုံးလက်ခံယူတာ၊ နောက်တန်းလူတွေနဲ့ ယှဉ်ပြိုင်ပြီး ဘောလုံးကို အရယူတာ (hold up play) တွေလည်း ကောင်းပါတယ်..။ အဆုံးသတ် ကန်သွင်းချက်တွေ (finishing) ညံ့ဖျင်းမှုကပဲ သူ့ကိုဆွဲချသလို ဖြစ်နေပါတယ်..။
လီယက်စ် ဘူဇီဒီ - ပွဲချိန် (၃၄) မိနစ်မှာ ပီဒရို နက်တို သွင်းယူသွားခဲ့တဲ့ အဖွင့်ဂိုးမှာ ပေါ်တူဂီ တောင်ပံ ကစားသမားရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ပေးပို့လိုက်တဲ့ ဘောလုံးဟာ အရမ်းကိုကောင်းပါတယ်..။ အဲဒီပေးပို့မှုကို ကြည့်မယ်ဆိုရင် သူဟာတစ်ဦးချင်းစွမ်းရည် ကောင်းမွန်သလို နည်းစနစ်ပိုင်းအမြင်လည်း ကောင်းမွန်ပါတယ်..။ သူနဲ့ပတ်သက်ပြီး သဘောအကျဆုံးအချက်က ‘တစ်ကိုယ်ကောင်း မဆန်တာ (unselfish)’ တာပဲဗျ..။ သူဟာအသင်းဖော်တွေနဲ့ တွဲလုံးတွေ ဖန်တီးတဲ့နေရာမှာ သိပ်ကိုထူးချွန်ပါတယ်..။ ဒါ့ကြောင့် မာဒူအီကေး၊ ပီဒရို နက်တို တို့လို အဆုံးသတ်ဂိုးသွင်းတာ အားသန်တဲ့ တောင်ပံ ကစားသမားတွေအတွက် သူဟာတကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ပါလိမ့်မယ်..။
သူ့ရဲ့အားနည်းချက်က အဆုံးသတ်ဂိုးသွင်းနိုင်ဖို့ ဂိုးဧရိယာထဲမှာ နေရာယူတဲ့အပိုင်း ဖြစ်နေပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၁) မှာဆိုရင် မာဒူအီကေး ဘယ်တောင်ပံကနေ ဘောလုံးဆွဲယူလာချိန်မှာ သူဟာနောက်တန်းလူ နှစ်ယောက်ကြားကနေ ပြေးထွက်သွားခဲ့တာကို မြင်ကြပါလိမ့်မယ်..။ သူ့ရဲ့ရွှေ့လျားမှုဟာ နောက်ခံလူနှစ်ယောက်ကို ဆွဲထုတ်ပြီး နောက်က ကစားသမားတွေအတွက် နေရာလွတ် ဖန်တီးပေးနိုင်တာ မှန်ပါတယ်..။ ဒါပေမယ့် မာဒူအီကေး အတွင်းကို ပြန်ချိုးပေးလိုက်ချိန်မှာ ချိန်သားကိုက် အဆင်သင့် အဆုံးသတ်နိုင်အောင် ဂျက်ဆင် ဟာ နောက်မှာချန်နေခဲ့ပြီး နေရာလွတ် ဖန်တီးပေးမယ်..၊ အဆုံးသတ် ကန်သွင်းဖို့ အသင့်ဖြစ်အောင် နေရာယူထားနိုင်မယ်ဆိုရင် အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပါတယ်..(ပုံ - ၂) ။
ဂျိမ်းစ် အယ်လ်ကော့တ် - မာဒူအီကေး က အတွင်းကိုပြန်ချိုး ပေးလိုက်တဲ့အချိန် ဂိုးဧရိယာထဲမှာ အဆုံးသတ်ပိတ်သွင်းပေးမယ့်သူ အသင့်ရှိမနေတာကြောင့် အဲဒီဘောလုံးဟာ အလဟသ ဖြစ်သွားခဲ့ရပါတယ်..(ပုံ- ၃)။ ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီး တစ်သင်းရဲ့ နံပါတ်တစ် ဦးစားပေး တိုက်စစ်မှူး ဖြစ်လာဖို့ အဆုံးသတ်ဂိုးသွင်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်..။ ဒီနေ့ပွဲမှာ တိုက်စစ်မှူးနှစ်ယောက်စလုံး ဂိုးမရခဲ့ဘူးပေါ့ဗျာ..။ ဒါပေမယ့် အခြားတိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ လီယန် ဒီလပ် ဝင်ရောက်လာချိန်မှာ သူ့ရဲ့ဘောလုံးလက်ခံယူပုံ၊ ဘောလုံးလမ်းကြောင်းဖွင့် နေရာယူပုံတွေဟာ ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲထွက်လှခဲ့တယ်လို့ ပြောနိုင်တယ်မလား..?
ဂျူလီယန် လော်ရင်စ် - လီယန် ဒီလပ် က တိုက်စစ်မှူးတစ်ယောက်ရဲ့သွေး အပြည့်ပါဝင်နေပါတယ်..။ ဒါ့ကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေ၊ ရွှေ့လျားမှုတွေဟာ သဘာဝအတိုင်း.. အလိုအလျှောက် (very natural) ဖြစ်နေသလို သက်တောင့်သက်သာ ရှိလှပါတယ်..။ သူကမှ တကယ့်အထောင်တိုက်စစ်မှူး.. ‘No. 9’ စစ်စစ်ဗျ..။ နီကိုလပ်စ် ဂျက်ဆင် ဟာ တိုက်စစ်မှူးအစစ် မဟုတ်ပါဘူး..။ အခုအောက်မှာပြထားတဲ့ပုံ (ပုံ- ၄) မှာဆိုရင် သူဟာနောက်တန်းလူတွေကြားက ပြေးထွက်ဖို့ အသင့်ပြင်လိုက်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ပြေးလမ်းထဲကို ဘောလုံးရောက်မလာချိန်မှာ ကွင်းလယ်ကနေ သူ့ဆီကိုပေးပို့နိုင်ဖို့ နောက်မှာချန်နေခဲ့ပါတယ်..။ ပြီးမှသူ့ကိုကပ်ထားတဲ့ နောက်ခံလူရဲ့ ဘေးကနေ ပတ်ပြေးပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို အရယူ၊ ဆွဲထုတ်သွားခဲ့ပါတယ်..။
သူဟာနောက်ခံလူတွေကို တစ်ဦးချင်း ကျော်ဖြတ်ရာမှာလည်း ကောင်းမွန်ပြီး ဂိုးဧရိယာထဲ ရောက်လာတဲ့အချိန် နောက်ကပြေးတက်လာတဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ ရှေ့ကို အတိအကျ ပေးပို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် တိကျမှု နည်းနည်းလေး အားနည်းသွားခဲ့တာကြောင့် အာဂျင်တီးနား ကွင်းလယ်လူဟာ အဆုံးသတ် ကန်သွင်းခွင့် မရခဲ့ပါဘူး..။ ဒါပေမယ့် ကွင်းလယ်ကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို အရယူဖို့ မြွေလိမ်မြွေကောက် ပြေးထွက်သွားခဲ့တဲ့ သူ့ရဲ့ရွှေ့လျားမှုက သိပ်ကိုလှပလွန်းပါတယ်ဗျာ..။
ဂျိမ်းစ် အယ်လ်ကော့တ် - မှန်တာပေါ့…။ ဂျက်ဆင် နဲ့ကွာတာ အဲဒီနေရာပဲဗျ..။ ဆီနီဂေါ တိုက်စစ်မှူးရဲ့ ရွှေ့လျားမှုတွေဟာ လှည့်စားမှု မပါဘူးဗျ..။ ပြေးပြီဆိုတာနဲ့ အရှိန်လျော့တာလည်းမရှိ..၊ နောက်ခံလူရဲ့ အရိပ်အကဲ ကြည့်တာလည်းမရှိ.. ဒုန်းစိုင်းပြေးတော့တာပါပဲ..။ ခုနကခင်ဗျား ပြောပြသွားတဲ့ ဒီလပ် ရဲ့ ရွှေ့လျားမှုမှာဆိုရင် ပထမဆုံးမှာ ပြေးထွက်မယ့် အယောင်ပြတယ်..၊ ဒုတိယ.. နောက်ခံလူရဲ့ မျက်ကွယ်.. (blind side) ကနေ လက်ခံယူမယ့် အယောင်ပြပြီးမှ တခြားတစ်ဘက်ကနေ လှည့်ပြီးပြေးထွက်သွားတာဆိုတော့ လှည့်စားမှုတွေ အများကြီးပါပဲ..။ နောက်ပြီး ကိုးလ် ပါးမား နဲ့ နားလည်မှု၊ တွဲလုံးတွေ ဖန်တီးနိင်စွမ်းရှိမှုက အသင်းအတွက် အများကြီးအကျိုး ရှိပါလိမ့်မယ်..။
လီယက်စ် ဘူဇီဒီ - မှန်ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ မန် စီးတီး လူငယ်အကယ်ဒမီ၊ အင်္ဂလန်လူငယ်အသင်း အဆင့်ဆင့်မှာ နှစ်ပေါင်းများစွာ အတူတွဲဖက် ကစားခဲ့ကြတယ်..၊ အောင်မြင်မှုတွေအများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒီလပ် ဟာ ဒီနေ့ပွဲမတိုင်ခင် အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ် တစ်ကြိမ်၊ နှစ်ကြိမ်ပဲ တွဲဖက်လေ့ကျင့်ရသေးပေမယ့် သူနဲ့ပါးမား ရဲ့ ကြားမှာ စိတ်ချင်းဆက်သွယ်နေတဲ့ နားလည်မှု (telepathic link) ရှိနေတယ်ဆိုတာ အသေအချာပဲဗျ..။
တကယ်တမ်း ပင်ကိုယ်ပါရမီ အရည်အသွေး၊ တစ်ဦးချင်းစွမ်းရည်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေမှာ နီကိုလပ်စ် ဂျက်ဆင် က ပိုပြီးသာလွန်ပါတယ်..။ ဒါပေမယ့် လီယန် ဒီလပ် ရဲ့ ကစားပုံဟာ တိုက်စစ်မှူးတစ်ယောက်နဲ့ ပိုပြီးတူညီပါတယ်..။ ထင်ရှားတဲ့ ဥပမာတွေအနေနဲ့ဆိုရင် ခုနကခင်ဗျားတို့ နမူနာပြခဲ့တဲ့ ပြေးထွက်ပုံမျိုးပေါ့ဗျာ..။ သူဟာပွဲချိန် (၆၅) မိနစ်မှာ လူစားဝင်လာပြီးနောက်ပိုင်း အချိန်တိုလေးအတွင်း အဲဒီလိုရွှေ့လျားမှုတွေ အများကြီးပြုလုပ်သွားခဲ့ပါတယ်..။ တကယ်တမ်းသာ ပွဲချိန်အများကြီး ကစားခွင့်ရမယ်ဆိုရင် ပါးမား ရဲ့ ဖန်တီးပေးမှုတွေကတဆင့် သူဟာဂိုးတွေသွင်းပေးပါလိမ့်မယ်..။
ဂျိမ်းစ် အယ်လ်ကော့တ် - ဂျူလီယန် ရေ.. ခုနကခင်ဗျားပြောခဲ့တဲ့ ‘နီကိုလပ်စ် ဂျက်ဆင် ဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်ဘူး’ ဆိုတဲ့ စကားကို နည်းနည်းလေး ရှင်းပြပေးပါဦး..။
ဂျူလီယန် လော်ရင်စ် - Yeah..! မှန်ပါတယ်..။ ကျွန်တော်ကတော့ သူဟာ တိုက်စစ်မှူး ‘No. 9’ စစ်စစ် မဟုတ်ဘူးလို့ပဲ မြင်မိပါတယ်..။ အဲဒီအထောင်တိုက်စစ်မှူးနေရာ အတွက်ဆိုရင် ဒီလပ် က ပိုပြီးသင့်တော်ပါတယ်..။ ဂျက်ဆင် က နောက်ချန်တိုက်စစ်မှူး (second striker)..၊ ဒါမှမဟုတ် ‘No. 10’ နေရာနဲ့တောင် ပိုပြီးတူနေသလားလို့ပါ..။ ဥပမာ- နက်တို ကို ဖန်တီးပေးလိုက်တဲ့ ပေးပို့မှုမျိုးပေါ့ဗျာ..။ ဒီလပ် ဆိုရင် အဲဒီလိုပေးပို့မှုမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး..။
နစ်ကိုလပ်စ် ဂျက်ဆင် ဟာ တစ်ဦးချင်းစွမ်းရည်ကောင်းတယ်..၊ ပင်ကိုယ်အရည်အချင်းနဲ့ နည်းစနစ်ပိုင်း အမြင်စူးရှပါတယ်..။ နေရာကျဉ်းကျဉ်းလေးတွေထဲမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိပါတယ်..။ အဆုံးသတ် ဂိုးသွင်းတဲ့ အပိုင်းမှာပဲ လိုအပ်ချက်တွေရှိနေပြီး သူ့ကိုဆွဲချနေတာပါ..။ ဒီလပ် ကတော့ အဆုံးသတ်ဂိုးသွင်း (finishing) ပိုပြီးကောင်းမွန်တယ်လို့ ယူဆထားပါတယ်..။
လီယက်စ် ဘူဇီဒီ - တိုက်စစ်မှူးတစ်ယောက်ရဲ့ အဆုံးသတ်ဂိုးသွင်းစွမ်းရည် (finishing quality) ဆိုတာ ကစားသမား တစ်ယောက်ရဲ့ အလိုအလျောက် ပြုမူနိုင်တဲ့စိတ် (instinct) ပေါ် ပိုပြီး မူတည်ပါလိမ့်မယ်..။ နေရာယူကောင်းဖို့..၊ အဆုံးသတ်ကောင်းဖို့ သင်ပေးလို့ရနိုင်တယ်လို့ ကျွန်တော်မထင်ပါဘူး..။
ဂျိမ်းစ် အယ်လ်ကော့တ် - ခဏလေးဗျ... ကြားထဲကနေ ကျွန်တော်ညှိပေးပါမယ်..။ ဒီလပ် ဟာ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာအောင် ငယ်စဉ်ကတည်းက အကောင်းဆုံး လူငယ်အကယ်ဒမီတွေမှာ စနစ်တကျ ပြုစု၊ ပျိုးထောင်လာတဲ့သူ ဖြစ်ပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ကျတော့ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာတဲ့ အချိန်အတိုင်းအတာ သိပ်ကိုလျှင်မြန်လွန်းခဲ့ပါတယ်..။
အဲဒီလိုအရှိန်အဟုန်နဲ့ နေရာတစ်ခုကို အမြန်ဆုံးရောက်လာခဲ့တော့ အကျိုးဆက်အနေနဲ့ ဖိအားတွေ ပါလာပြန်ရော..။ ကဲ.. အခုမေးချင်တာက အခုလာမယ့်ရာသီကုန်ချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဦးစားပေး တိုက်စစ်မှူးဟာ ဘယ်သူဖြစ်မလဲ..? လီယန် ဒီလပ် လား..? ဒါမှမဟုတ် နီကိုလပ်စ် ဂျက်ဆင် ပဲလား..?
လီယက်စ် ဘူဇီဒီ - နှစ်ယောက်စလုံးက တိုက်စစ်မှူးကောင်းတွေပါ..။ မတူညီတဲ့ အရည်အသွေးကောင်းတွေ ရှိကြပါတယ်..။ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပထမဦးစားပေး တိုက်စစ်မှူးဖြစ်မလဲ..? ဆိုတဲ့ အဖြေအတွက်ကျတော့ အသင်းဖော်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါသေးတယ်ဗျ..။ နီကိုလပ်စ် ဂျက်ဆင် ဆိုရင် အသင်းဖော်တွေနဲ့ တွဲလုံးတွေ ဖန်တီးတာ ကောင်းတယ်..၊ အပြန်အလှန်တွဲဖက် ကစားတတ်ပါတယ်..။ ဒါပေမယ့် တိုက်စစ်မှူး တစ်ယောက်အနေနဲ့ဆိုရင် ပီဒရို နက်တို တို့လို တောင်ပံ ကစားသမားတွေ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်လိုက်တဲ့ ပေးပို့မှုတွေ (crosses) ကို အကောင်းဆုံး အသုံးချ၊ အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်..။ သူဟာအခွင့်အရေးတွေကို အဆုံးသတ်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်..။
ဒါ့ကြောင့်လီယန် ဒီလပ် က ချယ်လ်ဆီးအသင်းမှာ ရှိနေတဲ့ တောင်ပံ ကစားသမားတွေနဲ့ ပိုပြီးသင့်တော်တယ်လို့ ကျွန်တော်ယူဆတာပါ..။ ဒါ့အပြင်သူဟာ ကိုးလ် ပါးမား ရဲ့ သူမတူအောင် ကောင်းမွန်တဲ့ ကစားကွက် ဖန်တီးနိုင်မှု စွမ်းရည်ကို ပိုပြီးတောက်ပလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ နောက်ဆုံးမှာတော့ ဘယ်သူဂိုးတွေ ပိုသွင်းပေးနိုင်မလဲ..? ပေါ့ဗျာ..။ အဆုံးသတ်ဂိုးသွင်းစွမ်းရည် ပိုကောင်းတဲ့ တိုက်စစ်မှူးက နေရာရမှာပါပဲ.။ ကျွန်တော်ကတော့ လီယန် ဒီလပ် ကို ပိုပြီးကြိုက်ပါတယ်..။
ဂျူလီယန် လော်ရင်စ် - အဲဒီကိစ္စက ငြင်းစရာတောင် မလိုပါဘူး..။ ဒီနေ့ပွဲမှာ နီကိုလပ်စ် ဂျက်ဆင် ပွဲထွက်ခွင့်ရတယ်ဆိုတာ အသင်းရဲ့ပွဲထွက် ကစားသမား ဖြစ်နေတာကြောင့် သူ့ကိုပဲ နေရာဆက်ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်..။ ဒီလပ် က အခုမှပူပူနွေးနွေး ရောက်လာတာပါ..။ ဒါပေမယ့် အချိန်ကြာလာရင် အဖြေပေါ်သွားပါလိမ့်မယ်..။ ကျွန်တော်ကတော့ ငြင်းခုန်ရမယ့်အရာ မဟုတ်ဘူးလို့ပဲ မြင်မိပါတယ်..။
လီယက်စ် ဘူဇီဒီ - လီယန် ဒီလပ် ကို ခေါ်ယူလိုက်တာကြောင့် ချယ်လ်ဆီးအသင်းမှာ ပွဲထွက်တိုက်စစ်မှူး နေရာအတွက် ပြိုင်ဆိုင်မှု ပိုပြီးပြင်းထန်လာမလား..? ဆိုပြီး မာရက်စ်ကာ ကို မေးနေကြတာ တွေ့မိပါတယ်..။ အထောင်တိုက်စစ်မှူးနေရာဟာ အလှည့်ကျကစားလို့ရတဲ့နေရာမျိုး မဟုတ်ပါဘူး..။ တကယ်လို့ တိုက်စစ်မှူးတစ်ယောက်က ခြေစွမ်းကောင်း၊ ပုံစံကောင်းတွေ ရနေမယ်..၊ ဂိုးတွေပုံမှန်သွင်းနေမယ်ဆိုရင် ဘယ်နည်းပြကမှ သူ့ကိုဖယ်ထားရဲမှာ မဟုတ်ပါဘူး.။
ဂျိမ်းစ် အယ်လ်ကော့တ် - ဟုတ်ပါတယ်..။ သေချာတာက နီကိုလပ်စ် ဂျက်ဆင် ဟာ သူကစားခွင့်ရတဲ့ ပွဲစဉ်တွေမှာ ဂိုးတွေသွင်း၊ ဂိုးတွေဖန်တီးပေးနိုင်ဖို့ မဖြစ်မနေ လိုအပ်လာပါလိမ့်မယ်..။ ဒီလိုမှမဟုတ်ရင် လီယန် ဒီလပ် ကို မလွဲမသွေ နေရာပေးလိုက်ရမှာပါပဲ..။
ကဲ.. အခုဆက်ပြီး မေးချင်တာက လော့စ် အိန်းဂျယ်လိစ် FC အသင်းနဲ့ပွဲစဉ်မှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ မာ့စ် ကူကူရယ်လာ ကို တာဝန်ပေး၊ နေရာချထားပေးတဲ့အပေါ်ကိုပါ..။ ခင်ဗျားတို့ရဲ့အမြင်တွေကို ပြောပြပေးပါလား..?
ဂျူလီယန် လော်ရင်စ် - အဲဒီအကြောင်းကို ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး ကစားပေမယ့် (position football) အရင်ရက်က ကစားသွားတဲ့ ပီအက်စ်ဂျီအသင်းလို ညက်ညောမှု (fluidity) မရှိသေးပါဘူး..။ ကစားကွက်စပြီး တည်တဲ့အချိန် (build up phase) မှာ အောက်ကပူးတွဲပုံ (ပုံ- ၅) မှာ ပြထားသလို ၃- ၂- ၄- ၁ နဲ့ ခင်းကျင်းခဲ့ပါတယ်..။
အဲဒီမှာ ဘယ်နောက်ခံလူဖြစ်တဲ့ မာ့စ် ကူကူရယ်လာ ဟာ ဘယ်ခြမ်းက half space ထဲမှာ နေရာယူ ကစားနေပြီး out of position ဖြစ်နေတာကို တွေ့ရမှာပါ (ပုံ- ၆)..။ ဒါပေမယ့် ကိုယ့်အသင်းရဲ့ ခြေထဲမှာ ဘောလုံးရှိနေတဲ့အချိန် သူဟာ တိုက်စစ်မှူးတစ်ယောက်လိုပဲ ကစားလေ့ရှိပြီး တခါတလေဆိုရင် နီကိုလပ်စ် ဂျက်ဆင် အနားထိတောင် တက်ကစားပါတယ်..။
နည်းပြမာရက်စ်ကာ ဟာ အဲဒီ half space ကို သူ့ကိုပဲ အပိုင်စားပေးထားပြီး တခြားဘယ်သူကမှ အဲဒီနေရာဝင်ပြီး ကစားတာ မတွေ့မိပါဘူး..။ ကူကူရယ်လာ ကလည်း ကိုယ့်အသင်းရဲ့ခြေထဲ ဘောလုံးရောက်လာတာနဲ့ သူ့ရဲ့အပိုင် half space ထဲကိုပဲ ဝင်ပြီးကစားနေတာ တွေ့ခဲ့ရပါတယ်..။ တခါတလေကျရင် ရောဘတ် ဆန်းချက်ဇ် ဆီက ဘောလုံးကို လက်ခံယူဖို့ တောင်ပံဘက်ကို ဆင်းသွားတာ ရှိပေမယ့် အဲဒီနေရာကိုပဲ ပြန်ပြီးဝင်ရောက် ကစားပါတယ်..။ နောက်ပြီးဘောလုံးနဲ့အတူ တိုက်စစ်အထိ လိုက်ပါလေ့ရှိပြီး သမာရိုးကျ နောက်ခံအစွန်လူ (full back) တစ်ယောက်ရဲ့ ကစားပုံမျိုး မဟုတ်ပါဘူး..။
ဂျိမ်းစ် အယ်လ်ကော့တ် - မေးချင်တာက အဲဒီလိုကစားပုံဟာ အကျိုးရောရှိရဲ့လား..? အဲဒီ ဘယ်ဘက်က left space မှာ မာ့စ် ကူကူရယ်လာ ဝင်ပြီးကစားတာဟာ ကျန်တဲ့ကစားသမားတွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ..?
လီယက်စ် ဘူဇီဒီ - ‘ဘောလုံးပွဲတစ်ပွဲမှာ နောက်ခံလူတွေရဲ့ ခြေထဲမှာပဲ ဘောလုံးတွေ အများဆုံးရှိနေတာဟာ ကောင်းတယ်လို့ ပြောလို့ရလား..?’ ဆိုပြီး မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ် က မေးခွန်းထုတ်ဖူးပါတယ်..။ ဒါ့ကြောင့်အဲဒီ half space ကို တိုက်စစ်အားသန်တဲ့ ကွင်းလယ် ကစားသမား တစ်ယောက်၊ ဒါမှမဟုတ် တိုက်စစ်မှူးနောက်ထပ် တစ်ယောက်ကို တာဝန်ပေးရင် ပိုပြီးမကောင်းဘူးလား.? လို့ မေးစရာရှိပါတယ်..။
ဒါပေမယ့် ကူကူရယ်လာ ဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ရာသီကုန်ခါနီးပွဲစဉ်တွေမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ အသင်းကို ကယ်တင်ပေးခဲ့တယ်လို့တောင် ပြောလို့ရပါတယ်..။ ဒါပေမယ့် သူဟာအဲဒီလို half space ကနေ တိုက်စစ်ကိုလိုက်ပါနေတာဟာ အသင်းအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်လဲ..? ဆိုတဲ့အချက်ကတော့ တိုင်းတာရခက်ခဲပါလိမ့်မယ်..။
ဂျိမ်းစ် အယ်လ်ကော့တ် - ပြီးခဲ့တဲ့နှစ်တွေမှာ ဘောလုံးကစားနည်းရဲ့ နည်းစနစ်ပိုင်း ပြောင်းလဲမှုတွေအရ နောက်ခံအစွန်လူ (full backs) တွေရဲ့ အခန်းကဏ္ဍဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ကွင်းလယ်ကို ဝင်ပြီးကစားတဲ့ inverted full back..၊ ဗဟိုနောက်ခံလူနေရာကိုပါ တွဲဖက်ယူတဲ့ full back..၊ နောက်ပြီး လူးဝစ်စ် အင်းနရစ်ခ် ရဲ့ ပီအက်စ်ဂျီအသင်းက ဟာကင်မီ၊ နူနို မန်းဒက်စ် တို့လို ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ full backs တွေအထိ ပြောင်းလဲလာပါတယ်..။
မာ့စ် ကူကူရယ်လာ ကတော့ အာချ်ရပ် ဟာကင်မီ တို့လို ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်မယ့် full back မျိုး မဟုတ်ပါဘူး..။ နောက်ပြီးသူ့ရဲ့နေရာကို အစားထိုးဝင်ရောက် ကစားနိုင်မယ့် အရန်ကစားသမား ရှိနေဖို့လည်း လိုအပ်ပါသေးတယ်..။
ဂျူလီယန် လော်ရင်စ် - ဒုတိယပိုင်းမှာ ရိုမီယို လာဗီးယား ရဲ့နေရာကို အင်ဇို ဖာနန်ဒက်စ် ဝင်လာပြီးတဲ့နောက် ကူကူရယ်လာ ဟာ inverted full back အနေနဲ့ မွိုက်စ် ကိုင်ဆီဒို နဲ့တွဲပြီး double pivot နေရာ ဝင်ရောက် ကစားခဲ့ပါတယ်..(ပုံ - ၇)။ ဒါ့ကြောင့်သူ့ရဲ့ဒုတိယပိုင်း ကစားပုံဟာ out of position ဖြစ်နေဆဲ.. ဆိုပေမယ့် ပထမပိုင်းနဲ့ အတော်လေးကို ခြားနားသွားပြန်ရောဗျ..။
ဂျိမ်းစ် အယ်လ်ကော့တ် - စိတ်ဝင်စားစရာပဲဗျ..။ အခုကျင်းပနေတဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာ့စ် ကူကူရယ်လာ နဲ့ ချယ်လ်ဆီးအသင်းဟာ ဘယ်လောက်အထိ ရှေ့ဆက်နိုင်မယ်..၊ အောင်မြင်မှုတွေ ရနိုင်မယ်.. ဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ..။