feature-image

ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမား ‘ရောဘတ် ဆန်းချက်ဇ်’

စပိန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးနောက်ပိုင်း သူ့ရဲ့အကောင်းဆုံးလက်စွမ်းကို ပြသသွားခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲစဉ်တစ်ပွဲကိုပဲ အာရုံစိုက်၊ ချီးကျူးခဲ့မယ်ဆိုရင် ပြိုင်ပွဲတစ်လျှောက်လုံးမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို မျက်ကွယ်ပြုရာ ကျသွားပါလိမ့်မယ်..။

လော့စ် အိန်းဂျယ်လိစ် FC အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ သူဟာပြင်သစ်တိုက်စစ်မှူး ဒင်းနစ် ဘူအန်းဂါး ရဲ့  အနီးကပ်ကန်သွင်းချက်ကို ညာခြေနဲ့တားဆီးပြီး အပိုင်ဂိုးတစ်ဂိုးကို ကာကွယ်ပေးနိုင်ခဲ့သလို တစ်ပွဲလုံးမှာ ဂိုးကာကွယ်မှု (၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ 

ဖလာမင်ဂိုအသင်းနဲ့ပွဲမှာတော့ အနီးကပ်ကန်သွင်းမှု (၃) ကြိမ်ကို ပေးဂိုးတွေအဖြစ် ခွင့်ပြုခဲ့ရပေမယ့် ချေပဂိုးမပေးရခင်အထိ ကာကွယ်မှု (၆) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီကာကွယ်မှုတွေထဲမှာ ဖလာမင်ဂို တောင်ပံ ကစားသမား ဂွန်ဇာလို ပါလက်တာ ရဲ့ ဂိုးဧရိယာအတွင်း (၁၂) ကိုက်အကွာက အပိုင်ကန်သွင်းချက်ကို လျှင်မြန်လှတဲ့ တုံ့ပြန်မှုနဲ့အတူ ကာကွယ်ခဲ့မှုလည်း ပါဝင်ခဲ့ပါတယ်..။ Esperance Tunis အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ သူ့ရဲ့နေရာမှာ ဖိလစ် ဂျော်ဂျင်ဆင် က ဂိုးပေါက်ကို တာဝန်ယူခဲ့ပါတယ်..။

ဘင်ဖီကာအသင်းနဲ့ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဆန်းချက်ဇ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို ပြန်လည်တာဝန်ယူခဲ့ပြီး ပင်နယ်တီကန်ချက်တစ်ကြိမ်ကိုပဲ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်..။ ပါးလ်မီးရက်စ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ခွင့်ပြုလိုက်ရတဲ့ အက်စ်တီဗာအို ရဲ့ အပြင်းကန်ချက်ဟာ ဂိုးသမား ကာကွယ်ထားတဲ့ ထောင့်ကျဉ်းထဲ.. ဆိုပေမယ့် အဲဒီကန်ချက်ကို ကမ္ဘာပေါ်က ဘယ်ဂိုးသမားကမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး..။



ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ ဖလူမင်နက်စီအသင်းနဲ့ အကြိုဗိုလ်လုပွဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ တောင့်တင်းလှတဲ့ ခံစစ်ကြောင်း ကစားပုံကြောင့် ဆန်းချက်ဇ် ဟာ ကာကွယ်မှုတွေ သိပ်မလုပ်ခဲ့ရပါဘူး..။ ဒုတိယပိုင်းမှာ တိုက်စစ်မှူး အီဗာရယ်လ်ဒို ရဲ့ ကန်ချက်တစ်ကြိမ်ကိုသာ ကာကွယ်ခဲ့ရပါတယ်..။ အဲဒီပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် ဒုတိယမြောက် ပေးဂိုးမရှိ clean sheet ရခဲ့တဲ့ပွဲစဉ် ဖြစ်ပါတယ်..။

တနင်္ဂနွေနေ့က ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့ပထမဆုံး ကာကွယ်မှုဟာ ပွဲရဲ့အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကိုးလ် ပါးမား ရဲ့ အဖွင့်ဂိုးမရခင် အချိန်လေးမှာ သူဟာ ပြင်သစ်လူငယ် တိုက်စစ်မှူး ဒီဆိုင်းရား ဒူရေး ရဲ့ ကန်သွင်းချက်ကို လှလှပပ ကာကွယ်ပေးနိုင်ခဲ့တာပါ..။ ဒါ့အပြင် ဒုတိယပိုင်း ပွဲအစမှာ တိုက်စစ်မှူး အို့စ်မာနေး ဒမ်ဘယ်လေး ရဲ့ ကန်သွင်းချက်ဟာ ဂိုးဝင်တော့မယ်.. လို့ အားလုံးက ထင်မှတ်ထားတဲ့အချိန်မှာပဲ ဆန်းချက်ဇ် ဟာ သူ့ရဲ့ညာလက်နဲ့ မရရအောင် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်..။ အဲဒီကာကွယ်မှုဟာ ဗိုလ်လုပွဲစဉ်ရဲ့ အကောင်းဆုံး ကာကွယ်မှု ဖြစ်ခဲ့သလို ပြိုင်ပွဲတစ်ခုလုံးရဲ့ အကောင်းဆုံး ဂိုးကာကွယ်မှု ဖြစ်နိုင်ပါတယ်..။ အထူးသဖြင့် ပီအက်စ်ဂျီအသင်းရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်လိုက်တဲ့ ကာကွယ်မှုလို့လည်း သတ်မှတ်လို့ ရပါတယ်..။



ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲစဉ်ပြီးတဲ့အချိန် ပြိုင်ပွဲတစ်လျှောက်လုံး စွမ်းဆောင်ရည် အချက်အလက်တွေအရ ဂိုးသမား ဆန်းချက်ဇ် ဟာ ပြိုင်ပွဲဝင်အသင်း ဂိုးသမားအားလုံးရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ရာမှာ ချယ်လ်ဆီးအသင်းက စပိန်ဂိုးသမားဟာ ဂိုးပေါက်တည့်ကန်ချက် (၂၇) ကြိမ်မှာ (၂၂) ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ကာကွယ်နိုင်မှု ရာခိုင်နှုန်း (save percentage) (၈၁.၅ %) ရာခိုင်နှုန်း ရှိခဲ့ပါတယ်..။

ဒါ့အပြင်ကစားပွဲတွေက အချက်အလက်တွေကို ဆန်းစစ်ပေးနေတဲ့ Opta ကုမ္ပဏီရဲ့ xG ဒေတာ တွက်ချက်မှုအရ အဲဒီဂိုးပေါက်တည့်ကန်ချက် (၂၇) ကြိမ်ထဲမှာ ပေးသင့်တဲ့ဂိုး (၉.၂) ဂိုး ရှိခဲ့ပါတယ်..။ တကယ်တမ်း ပေးလိုက်ရတာ (၅) ဂိုးပဲ ရှိတာကြောင့် ပေးသင့်တဲ့ဂိုး (၄.၂) ဂိုး ကာကွယ်ပေးနိုင်တယ်.. ဆိုတဲ့ ခြားနားချက် (differential) ရှိခဲ့ပါတယ်..။

အခုကျင်းပခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရောဘတ် ဆန်းချက်ဇ် ရဲ့ ဘောလုံးဖြန့်ဝေမှုတွေ ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် နောက်ဆုံးဗိုလ်လုပွဲမှာ သူ့ရဲ့အဝေးကန်ချက်တွေဟာ တန်ပြန်တိုက်စစ်တွေအတွက် လက်နက်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။


ဆန်းချက်ဇ် ရဲ့ ပေးပို့မှုတွေဟာ ချယ်လ်ဆီးအသင်း ရရှိသွားတဲ့ သုံးဂိုးစလုံးမှာ ပါဝင်ခဲ့ပြီး သူဟာပြိုင်ပွဲတစ်လျှောက် ဘောလုံးပေးပို့မှု တတိယအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမားအဖြစ်နဲ့ပါ မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်..။ 

ဒါ့ကြောင့်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဟာ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ အပြာရောင်တွေရဲ့ ဂိုးပေါက်ကာကွယ်ရာမှာရော၊ အသင်းရဲ့ကစားကွက်နဲ့ တိုက်စစ်ပိုင်း ပံ့ပိုးမှုတွေမှာပါ အကောင်းဆုံး စွမ်းဆောင်ရည်ပြသခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ချ်အသင်းနဲ့ ဒုတိယရာသီကို အကောင်းဆုံး ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း တင်ဆက်လိုက်ပါတယ်..။ 



(Chelsea FC Official Website မှ တင်ဆက်သော ‘The reasons behind Robert Sanchez’s Golden Gloves award’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)