ချယ်လ်ဆီးအသင်းနည်းပြ အင်ဇို မာရက်စ်ကာ မှာ မကြာသေးမီက Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတစ်ခုတွင် အီတလီဘောလုံးလောက၏ နည်းစနစ် အပြောင်းအလဲ ရွှေ့လျားမှုများ၊ ဂန္ထဝင်နည်းပြကြီးများ ဖြစ်ကြသော အာရီဂို ဆက်ခီ၊ မာဆယ်လို လစ်ပီ တို့ထံမှ သင်ယူ ဆည်းပူးခဲ့ရသည့် အတွေ့အကြုံများ၊ အီတလီ ဘောလုံးလောကနှင့် စပိန်ဘောလုံးလောက၏ ခြားနားချက်များနှင့် သူ၏နည်းစနစ်ပိုင်း အယူအဆများကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်.။
မေး - အင်ဇို ရေ.. ပထမဆုံးအနေနဲ့ ရှင်တို့အီတလီ ဘောလုံးလောက၊ အီတလီနည်းပြတွေဟာ နည်းစနစ်တွေအပေါ် အထူးခုံမင်၊ နှစ်သက်ကြသလို နည်းစနစ်တွေအပေါ်မှာ စိတ်ရောကိုယ်ပါ ရင်းနှီးမြုပ်နှံခဲ့ကြလေ့ရှိပါတယ်..။ ဒါ့အပြင်အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း နည်းစနစ်ပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ အဓိက ဆွေးနွေးလေ့ ရှိကြပါတယ်..။ ရှင်တို့တွေဟာ ဘာဖြစ်လို့နည်းစနစ်တွေအပေါ် အထူးခုံမင်၊ နှစ်သက်ခဲ့ကြတာလဲ..?
ကျွန်တော်တို့ အီတလီဘောလုံးလောကရဲ့ နည်းစနစ်ပိုင်း အယူအဆတွေမှာ (၉၅ %) ရာခိုင်နှုန်းလောက်ဟာ ခံစစ်ပိုင်းနဲ့ ပတ်သက်တဲ့ နည်းစနစ်တွေ (defensive tactics) ဖြစ်ကြပါတယ်..။ အီတလီနည်းပြ သင်တန်းကျောင်းတွေမှာလည်း ‘Catenacchio’ ခံစစ်ဦးစားပေး နည်းစနစ်တွေနဲ့ အလားတူ ခံစစ်ပိုင်းနဲ့ နှီးနွယ်တဲ့ နည်းစနစ်တွေကို အဓိကထား သင်ကြားပေးကြပါတယ်..။ ဘယ်လိုပုံစံနဲ့ တိုက်စစ်ဆင်ကြမယ်.. ဆိုတဲ့ အပိုင်းက (၅ %) ရာခိုင်နှုန်းလောက်ပဲ ပါဝင်ပါလိမ့်မယ်..။
မေး - ဟုတ်ကဲ့ပါရှင့်..။ ရှင်ပြောခဲ့တဲ့ ‘Catenacchio’ ခံစစ်ပိုင်း နည်းစနစ်တွေမှာ libero.. ဒါမှမဟုတ် sweeper ထည့်သွင်း ကစားလေ့ရှိပါတယ်..။ အခုနောက်ပိုင်း ခံစစ်နည်းဗျူဟာတွေမှာ အဲဒီလို libero..၊ sweeper တွေရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားခဲ့တာလား..? ဒါမှမဟုတ် ပျောက်ဆုံးသွားခဲ့ပြီလား..?
ခင်ဗျားပြောခဲ့တဲ့ libero ကစားသမားတွေဟာ ခံစစ်မှူးကြောင်းတွေရဲ့နောက် ကိုက် (၂၀)၊ (၂၅) ကိုက်လောက်မှာ နေရာယူလေ့ရှိပြီး အခုခေတ်မှာ အဲဒီလိုကစားပုံ ပျောက်ကွယ်သွားပြီလို့ ပြောလို့ရပါတယ်..။ ကျွန်တော့်ရဲ့ ခံစစ်ပိုင်းအယူအဆကတော့ ‘အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ဖြစ်တယ်..’ ဆိုတဲ့ ဒဿန (philosophy) ဖြစ်ပါတယ်..။ ဒါ့ကြောင့်ပွဲပြင်ဆင်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း ကိုယ့်ဘက်က တိုက်စစ်ဆင်နေတဲ့အချိန်မှာ ခံစစ်ကိုချက်ချင်းပြောင်းလဲနိုင်ဖို့ အသင့်ဖြစ်နေရမယ်.. လို့ ကျွန်တော်အမြဲတမ်း ပြောလေ့ရှိပါတယ်..။
မေး - အီတလီဘောလုံးလောကမှာ ရှင်ပြောခဲ့တဲ့ဒဿနကို မျိုးစေ့ချပေးခဲ့တဲ့သူဟာ ‘အာရီဂို ဆက်ခီ’ ဖြစ်ပါတယ်..။ ကျွန်မက catenacchio ခံစစ်နည်းဗျူဟာအကြောင်း မေးတဲ့အခါ ရှင်ကအဲဒီခံစစ်နည်းဗျူဟာကို ချေဖျက်တဲ့ နည်းစနစ်ဒဿနနဲ့ တုံ့ပြန်ခဲ့ပါတယ်..။ ကျွန်မသိရသလောက် အေစီ မီလန်အသင်းမှာ အာရီဂို ဆက်ခီ နည်းပြနေတဲ့အချိန်တုန်းက ရှင်ဟာ လူငယ်ကစားသမားအဖြစ်နဲ့ အဲဒီအသင်းကနေ ထွက်ခွာခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ဆက်ခီ ရဲ့ အေစီ မီလန်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ငယ်စဉ်ဘဝမှာကတည်းက ဆက်ခီ ရဲ့ နည်းစနစ် အယူအဆတွေဟာ ရှင့်အပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိခဲ့သလဲ..?
ခင်ဗျားတို့မသိသေးတဲ့ အရာတစ်ခု ပြောပြပါမယ်..။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ကစားသမားဘဝကနေ ကျွန်တော်အနားယူခဲ့ပါတယ်..။ နောက်ထပ်တစ်လအကြာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာရီဂို ဆက်ခီ ရဲ့ နေအိမ်မှာ (၄) နာရီ၊ (၅) နာရီလောက် သူ့ဆီကနေ ပညာတွေဆည်းပူးခဲ့ပါတယ်..။ အဲဒီ (၄) နာရီ၊ (၅) နာရီအတွင်း သင်ကြားခဲ့ရမှုတွေဟာ အင်မတန်မှကို အဖိုးတန်လှတဲ့ သင်ကြားမှုတွေ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုဟာ ည (၉) နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်..။ ပြီးလည်းပြီးရော.. ‘မင်းဘာတွေထပ်ပြီး သိချင်သေးလဲ..? ဒါမှမဟုတ် လုံလောက်ပြီလို့ ထင်ပြီလား..?’ လို့ မေးမြန်းခဲ့ပါသေးတယ်..။
ဒါ့ကြောင့်ဆက်ခီ ဟာ လူငယ်နည်းပြတွေကို သင်ကြားပေးဖို့၊ ပညာဖြန့်ဝေပေးဖို့ စိတ်အားထက်သန်မှုအပြည့် ရှိနေဆဲပါပဲ..။ အခုဆိုရင် ကျွန်တော်လည်း အသက် (၄၅) နှစ်ကျော်လာတဲ့အခါ သူ့ရဲ့သင်ကြားမှုအလုံးစုံကို မမှတ်မိတော့ဘူးပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော့်ရဲ့နည်းစနစ်ပိုင်း အယူအဆတွေဟာ ဂျိုဟန် ခရပ်ခ်၊ အာရီဂို ဆက်ခီ နဲ့ ပက်ပ် ဂွာဒီယိုလာ တို့ရဲ့ သင်ကြားမှုတွေ ဖြစ်ပါတယ်..။ သူတို့တွေဟာ နည်းစနစ်ပိုင်းမှာ ပါရမီရှင်တွေ၊ ဂုရုကြီးတွေ ဖြစ်ကြပါတယ်..။
နောက်ပြီးသူတို့တွေဟာ ကျွန်တော်တို့၊ ခင်ဗျားတို့ မမြင်နိုင်တဲ့အရာတွေကို ကြိုတင်မြင်ထားလေ့ ရှိကြတာကြောင့် အမြဲတမ်းခြေတစ်လှမ်းမက ရှေ့ပြေးနေလေ့ရှိပါတယ်..။ ဒါ့ကြောင့်သူတို့တွေရဲ့သင်ကြားမှုတွေ၊ သူတို့ပြောခဲ့တဲ့ တစ်ချို့အရာတွေဆိုရင် အခုအချိန်ကျမှ ကျွန်တော်တို့ နားလည်ခဲ့ကြတာပါ..။
မေး - ဒါဆိုရင် တစ်ဦးတစ်ယောက်ကောင်း.. ဒါမှမဟုတ် ပါရမီရှင် ကစားသမား တစ်ယောက်ရဲ့စွမ်းရည် (individualism) ကို အသင်းမှာအကျိုးရှိလာအောင် ဘယ်လိုပုံစံနဲ့ ပေါင်းစပ်ညှိနှိုင်းခဲ့လဲ..? ရှင့်..။ ဘာဖြစ်လို့လည်းဆိုတော့ ‘တစ်ယောက်ကောင်း ကစားတာတွေ မလိုချင်ဘူး..’ လို့ ဆက်ခီ အမြဲတမ်း ပြောလေ့ရှိခဲ့တာကြောင့်ပါ..။ ဘောလုံးအသင်းတစ်သင်းဟာ သံစုံတီးဝိုင်း (orchestra) တစ်ခုနဲ့ တူတယ် ဆိုတဲ့ သူ့ရဲ့ဆိုရိုးစကားအတိုင်း တစ်ဦးချင်းအရည်အသွေးကို အသင်းရဲ့လုပ်အားနှုန်းနဲ့ ဟန်ချက်ညီအောင် ဘယ်လိုပုံစံ ထိန်းညှိခဲ့ပါသလဲ..?
Yes.. မှန်ပါတယ်..။ အသင်းကောင်းတစ်သင်းဟာ သံစုံတီးဝိုင်းကောင်းတစ်ခုနဲ့ အလားသဏ္ဍာန်တူပါတယ်..။ ဒါပေမယ့် အဲဒီသံစုံတီးဝိုင်းထဲမှာ တစ်ကိုယ်ရည်စွမ်းရည်ပြနိုင်စွမ်းရှိတဲ့ပညာရှင် တစ်ယောက်၊ နှစ်ယောက်တော့ ပါလေ့ရှိတာပါပဲ..။ သူတို့တွေရဲ့ ထိုးထွင်း ဖန်တီးမှုတွေ၊ အသေးစိတ် ပံ့ပိုးမှုလေးတွေဟာ ဂီတတေးသွားတွေကို ပိုပြီးကောင်းမွန်၊ ပြည့်စုံသွားစေပါတယ်..။
ကျွန်တော့်ရဲ့အသင်းတွေမှာ နည်းပြတွေ၊ ကစားသမားတွေဟာ တူညီတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေရပါမယ်..။ အဲဒီလိုတစ်သွေးထဲ၊ တစ်သားတည်း ဖြစ်နေတဲ့ အသင်းထဲမှာ တစ်ဦးချင်းစွမ်းရည်နဲ့ ပွဲရဲ့အဖြေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကိုးလ် ပါးမား၊ အက်စ်တီဗာအို တို့လို ပါရမီရှင် ကစားသမားတွေ လိုအပ်ပါတယ်..။
မေး - ရှင့်ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ထိပ်ထိပ်ကြဲ မန်နေဂျာတွေနဲ့ ဆုံစည်းခဲ့ပါတယ်..။ ဂျူဗင်တပ်စ်အသင်းမှာဆိုရင် နည်းပြကြီး မာဆယ်လို လစ်ပီ နဲ့အတူ ဘယ်လိုအရာတွေကို သင်ကြားခွင့်ရခဲ့ပါလဲ…?
Yeah,,! ဂျူဗင်တပ်စ်အသင်းမှာ ကျွန်တော်ရှိစဉ်က ဇီနီဒီ ဇီဒိန်း၊ ဒယ်လ်ပီယာရို၊ အင်ဇာဂီ၊ ဂိုးသမားက ဂျီဂျီ ဘူဖွန်၊ အသင်းခေါင်းဆောင် အန်တိုနီယို ကွန်တီ၊ အက်ဂါ ဒေးဗစ် တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီးရှိနေတဲ့ ထိပ်တန်းအသင်းကြီးဖြစ်ပါတယ်..။ မန်နေဂျာတွေဆိုရင်လည်း ကာလို အန်စလော့တီ၊ ပြီးတော့ မာဆယ်လို လစ်ပီ တို့နဲ့ ဆုံစည်းခဲ့ပါတယ်..။ မာဆယ်လို လစ်ပီ ဟာ ကစားသမားတွေကို စွဲဆောင်နိုင်စွမ်းရှိတဲ့ (charismatic) ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်..။ တကယ့်ကို အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့တဲ့ အချိန်ကာလတွေပါပဲ..။
မေး - နည်းစနစ်ပိုင်းအရဆိုရင် လစ်ပီ က ပိုပြီးပြောင်းလွယ်၊ ပြင်လွယ် (flexibility) ရှိတယ်လို့ ပြောနိုင်တယ်မလား..?
Yeah..! Yeah..! မှန်ပါတယ်..။ မာဆယ်လို လစ်ပီ ဟာ နည်းစနစ်ပိုင်းကို အရမ်းကြီးဦးစားမပေးဘူးဗျ..။ သူဟာအခြေအနေအလိုက် ပြောင်းလွယ်၊ ပြင်လွယ်ရှိတယ်..၊ ကစားသမားတွေ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေအပေါ် ပိုပြီးအာရုံစိုက်ပါတယ်..။ ဒါပေမယ့်တပြိုင်နက်တည်းမှာပဲ သူဟာနည်းစနစ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်ပါတယ်..။
မေး - ကာလို အန်စလော့တီ ဆိုရင် ကစားသမား အုပ်ချုပ်မှုပိုင်းမှာ သိပ်ကိုထူးချွန်တဲ့ နည်းပြတစ်ယောက်အဖြစ် သိထားကြပါတယ်..။ သူနဲ့လက်တွဲခဲ့စဉ်မှာ အန်စလော့တီ ရဲ့ အလုပ်လုပ်ပုံအကြောင်း ဝေမျှပေးပါဦးလား..?
ကာလို ဟာ သိပ်ကိုထူးချွန်တဲ့ ထိပ်တန်းမန်နေဂျာ တစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး..။ ဒါ့အပြင်လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့လည်း သိပ်ကိုခင်မင်၊ ရင်းနှီးဖို့ကောင်းတဲ့ သူတစ်ယောက် ဖြစ်ပါတယ်..။
မေး - အီတလီဘောလုံးလောကနေ စပိန်ဘောလုံးလောကကို ပြောင်းလဲ၊ အခြေချစဉ်မှာ အသားကျအောင် ဘယ်လိုပုံစံ ပြင်ဆင်ခဲ့ရလဲရှင့်..? ဘာဖြစ်လို့လည်းဆိုတော့ စပိန်ဘောလုံးလောကရဲ့ ကစားပုံ၊ နည်းစနစ်ပိုင်း အယူအဆ၊ သင်ကြားမှုတွေဟာ အီတလီနဲ့ လုံးဝခြားနားတယ်လို့ သိထားကြတာကိုးရှင့်..။ ဆီဗီးလား အသင်းက မစ်ဒယ်လ်ဘရော့ အသင်းကို အနိုင်ရခဲ့တဲ့ UEFA ဖလား၊ ဗိုလ်လုပွဲစဉ်ကို ကျွန်မကြည့်ခဲ့ပါသေးတယ်..။ အဲဒီပွဲစဉ်မှာ ရှင်ဟာတိုက်စစ်ကိုလိုက်ပါတဲ့ ကွင်းလယ် ကစားသမားအဖြစ်နဲ့ ဂိုးဧရိယာထိပ်မှာ နေရာယူ ကစားခဲ့တယ် မဟုတ်လားရှင့်..?
Box to box midfielder အဖြစ်နဲ့ ကစားခဲ့တာပါ..။
မေး - အဲဒီလိုခံစစ်နဲ့တိုက်စစ် မျှတအောင် ကစားရတဲ့ box to box ကစားသမားအဖြစ် စပိန်မှာ သင်ယူခဲ့ရတာလား..?
ကျွန်တော်ဟာ သာမာန် ကစားသမား တစ်ယောက်ပါပဲ..။ ကောင်းတဲ့အချက်က ခံစစ်ပိုင်းမှာ ကူညီပေးနိုင်သလို တိုက်စစ်ကိုလည်း လိုက်ပါနိုင်စွမ်း ရှိပါတယ်..။ ကွင်းလယ် ကစားသမားတွေထဲမှာ ခံစစ်ပိုင်းကူညီမှု၊ ဘောလုံးအဖျက်အတောက် အရမ်းကောင်းတဲ့သူတွေရှိတယ်..၊ တိုက်စစ်ပံ့ပိုးမှုမှာ အရမ်းထူးချွန်တဲ့သူတွေ ရှိပါတယ်..။ ကျွန်တော်ကတော့ ခံစစ်မှာရော၊ တိုက်စစ်မှာပါ တဖက်ကမ်းခတ် ထူးချွန်နေတဲ့သူ မဟုတ်ပါဘူး..။
မေး - ဒါဆိုရင် box to box midfield ကစားသမား တစ်ယောက်အတွက် ဘယ်အချက်က အရေးအကြီးဆုံး ဖြစ်မလဲ..?
အင်ဇို ဖာနန်ဒက်စ် ဟာ အကောင်းဆုံး ဥပမာပေါ့ဗျာ..။ အစောပိုင်းမှာ ချိန်သားကိုက် နေရာယူမှု၊ ဂိုးဧရိယာထဲကို ချိန်သားကိုက် ရောက်ရှိအောင် ဘယ်လိုနေရာယူ၊ ရွှေ့လျားရမလဲ…၊ အဆုံးသတ်ဂိုးသွင်းနိုင်မယ့်နေရာကို ဘယ်လိုပုံစံနဲ့ ရောက်ရှိရမယ်.. ဆိုတာ သူမသိခဲ့ပါဘူး.။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူဟာဂိုးသွင်း အဆုံးသတ်နိုင်မယ့် နေရာတွေမှာ အဆင်သင့်ရောက်ရှိလာပါပြီ..။ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို ခြိမ်းခြောက်၊ အန္တရာယ်ပေးနိုင်တဲ့ ကစားသမားအဖြစ် တိုးတက်လာပါပြီ..။ ဒါ့ကြောင့် box to box ကွင်းလယ် ကစားသမား တစ်ယောက်အတွက် ဂိုးဧရိယာအတွင်း အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိနိုင်မှုဟာ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါလိမ့်မယ်..။
ကွင်းထဲမှာ ဘယ်နေရာမှာ ကစားသည်ဖြစ်ပါစေ.. ဂိုးဧရိယာအတွင်းကို ရောက်ရှိ၊ နေရာယူလို့ ရပါတယ်..။ ဒါပေမယ့် ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေမယ်ဆိုရင် ဂိုးတွေရမှာ မဟုတ်ပါဘူး..။ ဂိုးသွင်းအဆုံးသတ်နိုင်မယ့်နေရာ၊ ဘောလုံးရောက်ရှိလာမယ့် နေရာတွေကို သိရှိနေမှသာ သွင်းဂိုးတွေ လွယ်လွယ်ကူကူ ရရှိနိုင်မှာ ဖြစ်ပါတယ်..။ ဒါ့အပြင်တောင်ပံ ကစားသမားတွေအနေနဲ့လည်း အင်ဇို ရဲ့ နေရာယူ၊ လှုပ်ရှားမှုတွေကို နားလည်မှသာ ဘယ်လိုနေရာကို ဖြတ်တင်ဘောတွေ ပေးပို့ရမယ်.. ဆိုတာ သိရှိကြမှာပါပဲ..။
မေး - ရှင်ဟာ မာလာဂါအသင်းမှာ မန်နူရယ် ပယ်လီဂရီနီ နဲ့ ဆုံစည်းခဲ့ပါသေးတယ်..။ သူဟာရှင့်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုရှိတဲ့အကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးပါတယ်..။ သူ့ရဲ့ထူးခြားချက်က ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခွင့် (freedom) ပေးတတ်တာပါပဲ..။ ဒါ့ကြောင့်ကစားသမားတွေကို ဘယ်အချိန်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးမယ်..၊ ဘယ်လိုပုံစံနဲ့ သူတို့ရဲ့လွတ်လွတ်လပ်လပ် ကစားခွင့်ကို ထိန်းချုပ်မယ်.. ဆိုတဲ့ အစီအမံတွေကို ပြောပြပေးနိုင်မလား..?
ကျွန်တော်တို့ရဲ့ ကစားနည်းစနစ်၊ ပုံစံထဲမှာ ကစားသမားတွေအနေနဲ့ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ကစားနိုင်မယ့် အခြေအနေတွေကို အမြဲတမ်းဖန်တီးပေးနိုင်ဖို့ ကြိုးစားပါတယ်..။ အဲဒီလိုကစားနိုင်ဖို့ဆိုရင် ကစားသမားတွေအနေနဲ့ ဘောလုံးကိုပိုပြီး ကိုင်ထားခွင့်ရဖို့၊ ဘောလုံးတွေများများ လက်ခံရရှိဖို့၊ နေရာလွတ်တွေ များများ ရရှိဖို့.. စတဲ့ အချက်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်..။
မေး - ဒါဆိုရင်အသင်းသားတွေရဲ့ ကိုယ့်ရဲ့နေရာအလိုက် ကစားတာ (positional play) နဲ့ လွတ်လွတ်လပ်လပ် ကစားတာ (freedom) ဆိုတဲ့ အစွန်းနှစ်ဘက်ကြားမှာ ဘယ်လိုထိန်းညှိလေ့ရှိလဲ..? အတော်လေး ခက်ခဲမယ်လို့ ထင်တာပဲရှင့်..
မဟုတ်ဘူးဗျ..။ positional play နဲ့ ကစားသမား တစ်ယောက်ချင်းစီ လွတ်လွတ်လပ်လပ် ကစားတာကို ခွဲခြားပြီး ပြောနေတာကိုက မှားတယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ကစားသမား တစ်ယောက်ဟာ လွတ်လွတ်လပ်လပ် ကစားပြနိုင်ဖို့ နေရာလွတ်ပိုပြီး ရရှိရမယ်..၊ ဘောလုံးများများလက်ခံရရှိရပါမယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ကစားတယ်.. ဆိုတာဟာ ဘောလုံးကိုင်ပြီး တစ်ကွင်းလုံးလျှောက်ပြေးနေတာ မဟုတ်ပါဘူး..။
ကျွန်တော်ဟာ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခွင့် (freedom) ပေးပါတယ်..။ ဒါပေမယ့် အဲဒီကစားသမားဟာ ဘောလုံးလက်ခံရယူပြီးရင် သူ့ရဲ့နေရာ (position) မှာပဲ စိတ်တိုင်းကျ ကြိုက်သလို ကစားလို့ရပါတယ်..။ နောက်ပြီးဘောလုံးနဲ့အတူ တိုက်စစ်ဆင်ပြီဆိုတာနဲ့ ခံစစ်ကိုဘယ်လိုပုံစံ ပြင်ဆင်ရမယ်.. ဆိုတဲ့အချက်ကိုပါ တပြိုင်နက်ပြင်ဆင်ရမယ်..၊ တွေးထားရပါမယ်..။
ဒါ့ကြောင့်ကျွန်တော့်အတွက် ‘freedom’ ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘောလုံးနဲ့အတူ ရှေ့ကိုသွားလို့ရတယ်..၊ ရှေ့ကိုပေးပို့လို့ရတယ်..၊ ဘယ်ဘက်ကို ပေးလို့ရတယ်..၊ ဘယ်ဘက်ကိုသွားလို့ရတယ်..၊ ညာဘက်ကို သွားမယ်ဆိုရင်လည်း ရပါတယ်..။ ဒါဟာ freedom ပါ..။ ဒါပေမယ့် နောက်ပြန်သွားလို့ မရပါဘူး..။ မြက်ခင်းပေါ်မှာ နောက်ပြန်သွားတာ ‘နွား’ တွေပဲ ရှိပါတယ်..။
ကစားသမားတွေ လွတ်လွတ်လပ်လပ် ကစားတာကို ကျွန်တော်လည်း နှစ်သက်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ မှန်ကန်တဲ့နေရာမှာပဲ လွတ်လွတ်လပ်လပ် ကစားရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းတစ်သင်းမှာ အရေးအကြီးဆုံးက အသင်းလိုက်ဟန်ချက် (team balance) ရှိနေဖို့ ဖြစ်ပါတယ်..။ တစ်ဦးတစ်ယောက်ထဲ ဟန်ချက်ကောင်းနေလို့ မရပါဘူး..။
မေး - အသင်းလိုက်ဖွဲ့စည်းပုံ (structure) ကောင်းနေဖို့ လိုအပ်တယ်လို့ ဆိုလိုချင်တာပေါ့…
ကျွန်တော်ဟာ ကစားသမားတွေရဲ့ နေရာအလိုက် ကစားပုံ၊ တစ်ဦးချင်းစီရဲ့ နေရာအလိုက် ကစားပုံတွေကို ပေါင်းစပ်ခြင်းကို ဦးစားပေးပါတယ်..။ ဒီလိုနည်းအားဖြင့် သူတို့တွေဟာ ကစားကွက်အမြင် ပိုပြီးကောင်းလာမယ်..၊ နေရာလွတ်တွေကို ပိုပြီးနားလည်လာပါမယ်..။
မေး - မန်နေဂျာတွေအချင်းချင်း အယူအဆတွေ၊ ဒဿနတွေ ဖလှယ်ကြတာ ရှိသေးလား..?
မန်နေဂျာအချင်းချင်းတင်မကပဲ ကစားသမားတွေနဲ့ပဲ အယူအဆတွေ ဖလှယ်ကြတယ်..၊ ဆွေးနွေးကြပါတယ်..။ အခြေအနေတစ်ခုချင်းနဲ့ ပတ်သက်ရင်လည်း ကစားသမားတွေရဲ့အမြင် ဘယ်လိုရှိလဲ.. ကျွန်တော်အမြဲတမ်း မေးမြန်းလေ့ရှိတယ်..၊ ဆွေးနွေးကြပါတယ်..။ အခြအနေတွေကို ဘယ်လိုဖြေရှင်းကြမလဲ..? ပူးပေါင်းအဖြေရှာတာတွေလည်း ရှိကြပါတယ်..။ ကစားသမားတွေဆီကနေ အခက်အခဲတွေရဲ့ အဖြေကိုရှာဖွေတာ..၊ သူတို့တွေရဲ့ အကြံဉာဏ်တွေနဲ့ ဖြေရှင်းခဲ့တာတွေ ရှိခဲ့ပါတယ်..။
မေး - ဘောလုံးကစားနည်းမှာ အသစ်ဖန်တီးမှုတွေ အဆုံးသတ်သွားမယ့်အချိန် (limit to creation) တစ်ခု ရောက်ရှိသွားနိုင်လား..?
No.. ကျွန်တော်ကတော့ အဲဒီလိုဖြစ်လာမယ်လို့ မထင်ပါဘူး..။ ကျွန်တော်ကိုယ်တိုင်လည်း အခြေအနေအရပ်ရပ်ကို မတူညီတဲ့အမြင်နဲ့ ရှုမြင်နိုင်အောင် ကြိုးစားလေ့ရှိသလို အသစ်တွေကိုလည်း အမြဲတမ်း ရှာဖွေ၊ လေ့လာပါတယ်..။ ကျွန်တော့်အတွက် ‘အသစ်ဖန်တီးတယ်..’ ဆိုတာ ဘယ်ဘက် တစ်မီတာတိုးပြီး ဘောလုံးလက်ခံယူတာ..၊ ညာဘက်ကို တစ်မီတာတိုးပြီး ဘောလုံးလက်ခံယူတာ.. တွေလည်း ဖြစ်နိုင်ပါတယ်..။ ဒါတွေဟာ ကျွန်တော့်အတွက် အသစ်ဖန်တီးမှုတွေ ဖြစ်လာတတ်ပါတယ်..။ အခြေအနေတိုင်းမှာ ကိုယ့်အတွက် ဖြည့်ဆည်းစရာတွေ ရှိနေမယ်..၊ သင်ယူစရာတွေ.. ဆိုတာ ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ပါဘူး..။
မေး - ဟုတ်ကဲ့ပါရှင့်..။ အဲဒါကြောင့်လည်း ဟိုးအရင်တုန်းက ခေတ်တုန်းပြီ.. ဆိုတဲ့ အယူအဆတွေ၊ ဒဿနတွေ (ideas) ဟာ အသစ်တဖန် ပြန်လည်ရှင်သန်လာတာတွေ ရှိတတ်သလို ကစားကွက်ပုံစံတွေ၊ အခင်းအကျင်းတွေ ဆိုတာလည်း အဖန်ဖန်လည်နေတာပါပဲ..။ ဒါ့ကြောင့်ဘောလုံးကစားနည်းမှာ ပြောင်းလဲမှုတွေရှိနေဖို့ အမြဲတမ်း လိုအပ်တယ်.. (evolving) လို့ ဆိုလိုချင်တာလား..?
ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်..။ အသင်းတစ်သင်းဟာ အကောင်းဆုံး၊ အပြည့်စုံဆုံး.. ဆိုတဲ့ ကစားကွက်၊ ကစားဟန်နဲ့ အောင်မြင်မှုကြီးတွေ ရယူခဲ့ပါမယ်..။ ဒါပေမယ့် တစ်နှစ်၊ အများဆုံးနှစ်နှစ်ပဲဗျ..။ တခြားအသင်းတွေက အဲဒီကစားကွက်ကို ဘယ်လိုချေဖျက်ရမယ်..၊ ဘယ်လိုရပ်တန့်ရမယ်.. ဆိုတဲ့အဖြေကို အနှေးနဲ့အမြန် ရှာတွေ့သွားကြတာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အမြဲတမ်းအသစ်ရှာဖွေနေရမယ်..၊ ပြောင်းလဲနေရပါမယ်..။ ရပ်တန့်လိုက်တဲ့ တစ်နေ့ဟာ ခင်ဗျားရဲ့အဆုံးသတ်.. နေ့ရက်ပါပဲ..။
(Sky Sports သတင်းဌာန၏ ‘Cruyff, Sacchi and Pep" | Enzo Maresca discusses his tactics at Chelsea and coaching influences’ တွေ့ဆုံခန်းအား ဆီလျော်အောင် ပြန်ဆိုပါသည်..။)