ချယ်လ်ဆီးအသင်းမှာ ၂၀၂၆ ခုနှစ်၊ နှစ်သစ်တွင် နည်းပြသစ် လီယန် ရိုဆီနာ ကို စထရာ့ဘာ့ဂ်အသင်းမှ ခေါ်ယူခဲ့သလို အသင်းနှင့် စာချုပ်ချုပ်ထားသည့် ဗဟိုနောက်ခံလူ (၈) ဦး ရှိနေသော်လည်း နောက်ခံလူသစ်တစ်ဦး ထပ်မံရှာဖွေနေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်..။
ချယ်လ်ဆီးအသင်းမှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် ရန်းန်အသင်းမှ အသက် (၂၀) အရွယ် လူငယ်နောက်ခံလူ ဂျယ်ရမီ ဂျက်ကေး အား ခေါ်ယူရန် ကြိုးပမ်းနေပြီး စတာလင်ပေါင် (၄၃) သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်..။ သို့သော်ရန်းစ်အသင်းမှာ အသင်း၏အကောင်းဆုံး နောက်ခံလူကို ရာသီဝက်ကာလတွင် ရောင်းချရန် ဝန်လေးလျှက်ရှိပါသည်..။ အဆိုပါ ခေါ်ယူရန် ကြိုးစားမှု၏ နောက်ကွယ်မှ ပိုမိုကျယ်ပြန့်သော မေးခွန်းမှာ - ချယ်လ်ဆီးအသင်း ဘာကြောင့် ဗဟိုနောက်ခံလူတစ်ဦး ထပ်မံခေါ်ယူရသနည်း? ဟူသောအချက် ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလီ နှင့် Clearlake Capital အဖွဲ့တို့ ပိုင်ဆိုင်သော BlueCo ကုမ္ပဏီက ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ခံစစ်နေရာအတွက် စုစုပေါင်း စတာလင်ပေါင် (၂၂၂.၄) သန်းအထိ သုံးစွဲထားခဲ့သည်။ လက်ရှိအသင်း၌ လီဗိုင်း ကိုးဝဲလ်၊ ဝက်စ်လေ ဖိုဖားနား၊ ထရေဗာ ချာလိုဘာ၊ တိုဆင် အဒါယာဘိုင်ယိုရို၊ ဘင်နွိုက် ဘာဒီယာရှီးလ်၊ ဂျော့ရှ် အာချီယမ်ပေါင်း၊ ဂျိုရယ်လ် ဟာတိုနှင့် အက်ဆယ်လ် ဒီဆာဆီ တို့ ရှိနေသည်။ ထို့အပြင် အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို နှင့် ပူပူနွေးနွေး အာဖရိကချန်ပီယံ မာမာဒူ ဆားရ် တို့ကို ဘိုရုရှား ဒေါ့မွန်နှင့် စထရာ့ဘာ့ဂ်အသင်းများထံ အဌားစေလွှတ်ထားပါသည်..။
အဓိကနောက်ခံလူအဖြစ် ရည်ရွယ်ထားသည့် ကိုးဝဲလ်မှာ ကာလရေရှည်ဒဏ်ရာဖြင့် အနားယူနေရပြီး ဟာတိုမှာ ဘယ်နောက်ခံလူအဖြစ် ကစားနေရသည်။ ဒီဆာစီမှာ အပယ်ခံကစားသမားအုပ်စု ‘Bomb Squad’ တွင် ရှိနေခဲ့ရာမှ ယခုအခါတွင် အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်နေပြီဖြစ်ကြောင်း နည်းပြ လီယန် ရိုဆီနာ က ပြောကြားခဲ့သည်။ သို့သော် ချယ်လ်ဆီးအသင်းမှာ ဒီဆာဆီ ကို ရောင်းချလိုဆဲ ဖြစ်သလို တိုဆင် မှာ ပေါင်ခြံဒဏ်ရာ ရရှိထားသဖြင့် လာမည့် ရက်သတ္တပတ်အနည်းငယ်အထိ ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြကြီးက ပြောကြားထားပါသည်။
ထိုသို့သော အနေအထားတွင် ချယ်လ်ဆီးအသင်းက နောက်ခံလူသစ် ရှာဖွေနေရသည့် အကြောင်းရင်းများကို စစ်ကြည့်ပါမည်..။

ချယ်လ်ဆီးအသင်း၏ အကြောင်းပြချက်များ..
ချယ်လ်ဆီးအသင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘုန်းမောက်အသင်းမှ (ယခု ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိနေသည့်) နောက်ခံလူ ဒင်း ဟုဂျ်ဆန် ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သည်..။ သိုသော်မအောင်မြင်ခဲ့ဘဲ သူ၏နေရာတွင် အစားထိုးရန် သင့်တော်မည့်သူကို ရှာဖွေရန် ရုန်းကန်ခဲ့ရသည်..။ လီဗီုင်း ကိုးဝဲလ် မရှိသည့်အချိန်တွင် ခံစစ်ကြောင်း၏ အလယ်ဗဟိုမှ (Central centre-back) ဘောလုံးကို ကျွမ်းကျင်စွာ ကိုင်ကစားနိုင်ပြီး တိုက်စစ်လမ်းကြောင်း စတင်နိုင်မည့် ပေးပို့မှုများ ပြုလုပ်ပေးနိုင်သည့် နောက်ခံလူမျိုးကို အသင်းက အလိုရှိနေကြောင်း BBC Sport က နားလည်ထားသည်။ ထို့အပြင် အရပ် (၆) ပေ (၃) လက်မရှိသည့် ဂျယ်ရမီ ဂျက်ကေး ဖြင့် အသင်း၏ ခံစစ်ပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုမိုတောင့်တင်းလာစေရန် (Physicality) ရည်ရွယ်ထားသည်။
ချယ်လ်ဆီးအသင်းမှာ လွန်ခဲ့သည့်သြဂုတ်လကတည်းက ထိုကဲ့သို့ ကစားသမားမျိုးကို ခေါ်ယူရန် လမ်းဖွင့်ထားခဲ့သည်..။ သို့သော်လီဗိုင်း ကိုးဝဲလ် ဒဏ်ရာရရှိပြီးနောက် အပြောင်းအရွှေ့ တိုးတက်မှုမရှိခြင်းအပေါ် စိတ်ပျက်မိကြောင်း နည်းပြမာရက်စကာ က လူသိရှင်ကြား ထုတ်ဖော်၊ ပြောကြားခဲ့သည်..။ ထိုအခါ အသင်း၏ အဆင့်မြင့်တာဝန်ရှိသူများက "ဈေးကွက်ထဲက သင့်တော်မယ့် ကစားသမားကို ပြောပြပါ.." ဟု ပြန်လည် တုံ့ပြန်ခဲ့သော်လည်း မည်သည့်ရွေးချယ်မှုကိုမျှ တင်ပြနိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် အထက်ပါ ထုတ်ဖော်ပြောဆိုမှုများသည် အလိုရှိနေသည့် ကစားသမားကို ခေါ်ယူနိုင်ရန်အတွက် ချယ်လ်ဆီးအသင်း၏ ညှိနှိုင်းနိုင်မှု အနေအထားကို အားနည်းသွားစေခဲ့သည်ဟု သုံးသပ်ခဲ့ကြပါသည်..။
ထိုအချိန်တွင် ပြိုင်ဘက် မန်ချက်စတာ စီးတီး၊ လီဗာပူး၊ စပါးနှင့် နယူးကာဆယ်တို့မှာလည်း ဗဟိုနောက်ခံလူ ခေါ်ယူရန် ရုန်းကန်ခဲ့ရသောကြောင့် အသင်းအတွင်းရှိ ပုဂ္ဂိုလ်များက ၎င်းတို့၏ ရပ်တည်ချက် မှန်ကန်ခဲ့သည်ဟု ယုံကြည်နေခဲ့ကြသည်။ လာမည့်နွေရာသီ ကာလရောက်ရှိချိန်တွင် ထိပ်တန်းကစားသမား အပြောင်းအရွှေ့များအများအပြား ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသဖြင့် ဗဟိုနောက်ခံလူ ဈေးကွက်မှာ သိသိသာသာ လှုပ်ခတ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း အဆိုပါ အကြောင်းပြချက်များမှာ ပြင်ပမှပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်..။ ဘာဒီယာရှီးလ် နှင့် တိုဆင် တို့မှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မျိုး မပြသနိုင်ခြင်း မရှိသေးပေ..။ ဟာတို မှာ တိုးတက်လာနေသော်လည်း အသင်းသစ်တွင် အထိုင်ကျရန် ရုန်းကနေရဆဲဖြစ်သည်ဟု ဝေဖန်သူတို့က ထောက်ပြကြသည်။ ဖိုဖားနား မှာအသင်းကို ရောက်ရှိချိန်မှစ၍ ဒဏ်ရာများနှင့်သာ ရုန်းကန်နေခဲ့ရသည်..။ ယခုရာသီတွင် ဦးခေါင်းထိခိုက်မှုနှင့် ဖျားနာမှုကြောင့် ပွဲစဉ်အချို့ လွဲချော်ခဲ့ခြင်းမှလွဲ၍ ဒဏ်ရာပြဿနာ ကင်းစင်နေသော်လည်း သုံးရက်တပွဲ ကစားနိုင်မယ့် ကြံ့ခိုင်မှုအခြေအနေ ရရှိနိုင်ရန် တည်ဆောက်နေရဆဲဖြစ်သည်။
ထို့အပြင်အသင်းကို ရောက်ရှိလာမည့် နောက်ခံလူသစ်မှာ ဂျော့ရှ် အာချီယမ်ပေါင်း၊ မာမာဒူ ဆားရ် နှင့် အေရွန် အန်ဆယ်လ်မီနို တို့၏ တိုးတက်ရာလမ်းကြောင်းကို မပိတ်ပင်မိစေရန် အထူးသတိပြုရပါမည်..။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆီနီဂေါအသင်းနှင့် အာဖရိကဖလား ရရှိခဲ့သည့် ဆားရ် နှင့် ပတ်သက်ပြီး စထရာ့ဘာ့ဂ်အသင်းတွင် လက်တွဲခဲ့ဖူးသူ နည်းပြ ရိုဆီနာ က "ဗိုလ်လုပွဲကတော့ တကယ့်ကို ရူးသွပ်လောက်တဲ့ပွဲပါ..။ အဲဒီပွဲမှာ သူ့ရဲ့ကစားပုံ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ လက်တွဲခဲ့ဖူးတာကြောင့် သူ့ရဲ့ခြေစွမ်းကို မအံ့ဩမိပါဘူး..။ ဒါပေမယ့် စထရာ့ဘာ့ဂ်အသင်းနဲ့ နည်းပြ ဂယ်ရီ အိုနေးလ် တို့အပေါ် လေးစားမှုရှိတဲ့အတွက် ကစားသမားတွေနဲ့ သူတို့ရဲ့အနာဂတ်တွေအကြောင်း ကျွန်တော် မပြောကြားလိုပါဘူး..။" ဟု ဖြေကြားခဲ့သည်။
ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်မှာ ခံစစ်ပိုင်းထက် ပိုမိုကောင်းမွန်နေပြီး ခံစစ်ပိုင်း လျော့ရဲမှုကြောင့် ခြေစွမ်းတည်ငြိမ်မှု အားနည်းနေခဲ့သည်..။ ထို့အပြင် ရလဒ်ပိုင်းအနေဖြင့် မနှစ်ကရာသီဝက် စွမ်းဆောင်ရည်ထက် ပိုပြီးသိသိသာသာ တိုးတက်လာအောင် မစွမ်းဆောင်နိုင်ပဲ ဖြစ်နေခဲ့သည်..။

မာ့စ် ဂူဟီ ကို ချယ်လ်ဆီးအသင်း ဘာကြောင့် လက်လွှတ်ခဲ့ရသလဲ?
ယခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် မန်ချက်စတာ စီးတီးအသင်းမှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီထွက် နောက်ခံလူဟောင်း မာ့စ် ဂူဟီ အား ခရစ္စတယ် ပဲလေ့စ်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၀) ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ အဆိုပါပြောင်းရွှေ့ကြေး ပမာဏမှာ အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပုံမှန်ရွေးချယ်ခံနေရသည့် အဓိကနောက်ခံလူ တယောက်အတွက် ဈေးပေါလွန်းနေသည်ဟု ထင်မြင်စရာရှိပါသည်..။
သို့သော် မန် စီးတီးအသင်းမှာ ဂူဟီ ၏ စာချုပ်သက်တမ်းမကုန်မီ (၆) လအလိုတွင် စောစောစီးစီး လှုပ်ရှားခဲ့ပြီး "အလွတ်ပြောင်းရွှေ့ကြေး (Free-agent terms)” ကဲ့သို့ ကမ်းလှမ်းမှုမျိုးဖြင့် သဘောတူညီမှု ရရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်..။ ထို့ကြောင့်ကစားသမားအတွက် အပြောင်းအရွှေ့ကြေး ပမာဏမှာ စတာလင်ပေါင်သန်း (၂၀) သာ ရှိသော်လည်း အေးဂျင့်ခများ၊ လက်မှတ်ထိုးကြေးများနှင့် တစ်ပတ်လုပ်ခ စတာလင်ပေါင် (၃၀၀,၀၀၀) အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ အလွန်မြင့်မားခဲ့ပါသည်..။
အကယ်၍ ချယ်လ်ဆီးအသင်းကသာ အဆိုလုပ်ခ၊ လစာအတိုင်း ကမ်းလှမ်းခဲ့မည်ဆိုပါက မာ့စ် ဂူဟီ မှာ တစ်ပတ်လျှင် စတာလင်ပေါင် (၂၅၀,၀၀၀) ရရှိနေသည့် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကို ကျော်တက်၍ အသင်း၏ လစာအများဆုံး ကစားသမား ဖြစ်လာပါမည်..။ အဆိုပါ အခြေအနေများကြောင့် ချယ်လ်ဆီး သာမက လာမည့်ဇွန်လတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကြိုးစားနေသည့် လီဗာပူးလ်၊ အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့၏ ဂူဟီ ကို ခေါ်ယူရန် အစီအစဉ်များ ပျက်ပြားသွားခဲ့သည်။ ထို့အပြင် ယခုကဲ့သို့ မြင့်မားသည့် လစာပေးခြင်းကြောင့် အသင်း၏ အဝတ်လဲခန်းအတွင်း ပြဿနာများ ဖြစ်လာနိုင်ပါသည်..။ မွိုက်စ် ကိုင်စီဒို၊ အင်ဇို ဖာနန်ဒက်စ် နှင့် ကိုးဝဲလ် တို့မှာ လစာတိုးမြှင့်ပေးရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုထားသော်လည်း ချယ်လ်ဆီးအသင်းဘက်က အဆိုပါဆွေးနွေးမှုများကို လာမည့်နွေရာသီမှသာ ပြုလုပ်ရန် တုံ့ပြန်ထားခဲ့သည်..။
ထို့အပြင် မာ့စ် ဂူဟီ ၏ ကစားဟန်မှာ ကိုးဝဲလ် နှင့် ဆင်တူလွန်းသည်ဟု ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက ယူဆခဲ့ကြသည်..။

ချယ်လ်ဆီးအသင်းမှာ အေဘရာမိုဗစ်ခ်ျ လက်ထက်နောက်ပိုင်း လုပ်ခလစာများကို လျှော့ချရန် ကြိုးပမ်းနေသောကြောင့် အဆိုပါမူဝါဒအပြောင်းအလဲမှာ အသင်း၏ ထိပ်တန်းအဆင့် ကစားသမား ခေါ်ယူနိုင်စွမ်းကို ထိခိုက်နေသလား? ဆွေးနွေးစရာ ဖြစ်လာခဲ့ပါသည်။ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် ကစားသမားအတွက် တနှစ်စာလုပ်ခလစာ စုစုပေါင်းမှာ စတာလင်ပေါင် (၃၃၈) သန်းရှိပြီး ပရီးမီးယားလိဂ်တွင် စတုတ္ထအများဆုံးဖြစ်သည်..။ သို့သော်ယခင်နှစ်က စတာလင်ပေါင် (၄၀၄) သန်း ထက်စာလျှင် လျော့ကျသွားခဲ့သည်။
ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘဏ္ဍာရေး စည်းမျဉ်းများကိုလည်း သတိပြုနေရပါသည်..။ ချယ်လ်ဆီးအသင်းမှာ အသင်းဝင်ငွေ၏ (၇၂.၂ %) ရာခိုင်နှုန်းကို လုပ်ခလစာပေးရန် သုံးစွဲနေရပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး (၆) သင်း (Big Six) ထဲတွင် အမြင့်ဆုံးဖြစ်နေပါသည်..။ အသင်းပိုင် စတန်းဖို့ဒ် ဘရစ်ချ် အားကစားကွင်းမှာ ဟောင်းနွမ်းနေပြီး ပြိုင်ဘက်ကလပ်များ၏ ကွင်းအသစ်များကဲ့သို့ ဝင်ငွေမရှာပေးနိုင်ခြင်းမှာ အသင်းတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အဓိကအချက်ဟု ဆိုကြသည်..။ ထို့အပြင် ယခုအချိန်အထိ အင်္ကျီရင်ဘတ် စပွန်ဆာ မရှိသေးသည့် ချယ်လ်ဆီးအသင်းမှာ ကစားသမား အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့်သာ အသင်း၏ ဘဏ္ဍာရေးကို ထိန်းညှိနေရပါသည်..။
ထို့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရေးမှာ အသင်း၏ ဝင်ငွေတိုးပွားလာစေရန် အဓိကလမ်းကြောင်းဖြစ်နေခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ကစားသမားများကို စာချုပ်ချုပ်ဆိုရာတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှုအပေါ် မူတည်၍ ခံစားခွင့်များပေးအပ်ရန် ထည့်သွင်းထားခဲ့သည်..။ ထို့ကြောင့်လက်ရှိအချိန်တွင် အသင်း၏ကနဦး အဓိကရည်မှန်းချက်မှာ ပြီးခဲ့သည့်ရာသီများကဲ့သို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း (သို့မဟုတ်) ထိပ်ဆုံးငါးသင်းအတွင်း ဝင်ခွင့်ရရှိရန် ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(BBC Sports သတင်းဌာနမှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Why do Chelsea want another centre-back?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)