feature-image

‘ချယ်လ်ဆီးကို တာဝန်ယူခွင့်ရတာ ဂုဏ်ယူမိတယ်..’ ဆိုတဲ့ လီယန် ရိုဆီနာ နှင့် တွေ့ဆုံခြင်း

အင်္ဂလိပ်လူငယ်နည်းပြ လီယန် ရိုဆီနာ မှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အသင်းနှင့်အသားကျအောင် ဆောင်ရွက်နေမှုများ၊ ရာထူးသစ်အပေါ် ယုံကြည်မှုအပြည့် ရှိနေရသည့် အကြောင်းရင်း၊ အပြာရောင်တို့နှင့် သူ၏ရည်မှန်းချက်များကို မစ်ဒယ်လ်ဘရော့ ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ မတ်စ်တိုး၊ ဝင်ဘယ်လ်ဒန်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီ အားလ် တို့နှင့် ပြုလုပ်ခဲ့သော NBC Sports သတင်းဌာန၏ ‘The 2 Robbies Podcast’ တွေ့ဆုံခန်း၌ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။ 

ရော်ဘီ မတ်စ်တိုး - ဟုတ်ကဲ့ပါ လီယမ်၊ ကျွန်တော်တို့နဲ့ အတူရှိပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အခုကျွန်တော်တို့တွေ့ဆုံခန်း ပြုလုပ်န‌ချေိန်မှာ ခင်ဗျားဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြတာဝန် စတင်ခဲ့တာ နှစ်ပါတ်ရှိသွားပြီပေါ့။ အသင်းမှာ ဘယ်လိုအသားကျနေပြီလဲ၊ ချယ်လ်ဆီးအသင်းနဲ့ ကစားသမားတွေရဲ့အကြောင်းကို လေ့လာရင်း ခင်ဗျားရဲ့ ကနဦးအမြင်တွေက ဘယ်လိုရှိသလဲခင်ဗျာ။

လီယမ် ရိုဆီးနား - တကယ်ကို ပျော်စရာကောင်းပါတယ်။ လက်ရှိရာသီရဲ့ အချိန်ကာလနဲ့ ကစားခဲ့ရတဲ့ ပွဲအရေအတွက်တွေကြောင့် တကယ့်ကို စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် အခုထိ အချိန်တိုင်းကို အပြည့်အဝ နှစ်သက်မိပါတယ်။ ပိုပြီးပျော်စရာကောင်းအောင် လုပ်ပေးတာကတော့ ကျွန်တော်နဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ ကစားသမားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကလည်း အရမ်းကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ဒါ့ကြောင့်ဒီကိုရောက်နေတာ နှစ်ပတ်ထက် ပိုပြီးကြာနေပြီလို့ ခံစားရတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပေါ့။ ကစားသမားတွေနဲ့ အတူအလုပ်လုပ်ရတာ၊ သူတို့ရဲ့ တက်ကြွမှုနဲ့ ကျွန်တော်တို့ ဘာကိုအောင်မြင်အောင် လုပ်ချင်သလဲဆိုတာကို သူတို့ နားလည်သဘောပေါက်တာတွေကို မြင်ရတာ တကယ်ကို ကျေနပ်မိပါတယ်။



ရော်ဘီ အားလ် - လီယမ်၊ ခင်ဗျားဟာ ဒါဘီ၊ ဟားလ်စီးတီး၊ စထရာဘတ် အသင်းတွေကို နည်းပြခဲ့ဖူးပါတယ်။ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်ခုဖြစ်တဲ့ ချယ်လ်ဆီးလို အသင်းမျိုးမှာ အဆင့်မြင့်မြင့် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလို့ ခင်ဗျားကို ဘာက ယုံကြည်မှု ပေးခဲ့တာလဲ။

လီယမ် ရိုဆီးနား - ဟုတ်ကဲ့၊ လူတိုင်းမှာ ကိုယ်စီ သမိုင်းကြောင်းတွေ ရှိကြတာပါပဲ။ လူတိုင်းက တစ်နေရာရာကနေ စတင်ခဲ့ကြတာပါ။ အဲဒီကလပ်အသင်းတွေမှာ ကျွန်တော် ဘာတွေအောင်မြင်အောင် လုပ်ခဲ့သလဲ၊ ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ ကျွန်တော့်ရဲ့ သမားစဉ်ကို ကြည့်မယ်ဆိုရင် အသင်းရဲ့ မူလအခြေအနေနဲ့ နှိုင်းယှဉ်ရင် အမြဲတမ်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီမှာရော ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ဘောလုံးပွဲဆိုတာ ဘောလုံးပွဲပါပဲ။

ကစားသမားတွေနဲ့ နားလည်မှု တည်ဆောက်နိုင်မယ်၊ ကိုယ်ဘာလုပ်ချင်သလဲဆိုတာကို ရှင်းလင်းတဲ့ အတွေးအခေါ်နဲ့ နားလည်မှု ရှိမယ်ဆိုရင် ရပြီလေ။ အောင်မြင်ခဲ့တဲ့ နည်းပြအများကြီးဟာလည်း မတူညီတဲ့ လမ်းကြောင်းတွေကနေ လာခဲ့ကြပြီး အောင်မြင်မှု ရခဲ့ကြတာပါ။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အောင်မြင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ရော်ဘီ မတ်စ်တိုး - လီယမ်၊ အခုထိ ကစားခဲ့တဲ့ ပွဲအများစုကို ကြည့်ရသလောက်တော့ ကစားသမားတွေရဲ့ ကစားဟန်၊ ပုံစံတွေနဲ့ လှုပ်ရှားမှုတွေက အရင်နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကစားပုံ၊ အခင်းအကျင်းနဲ့ ဆင်တူနေသလိုပဲ။ ဒါဟာ လီယမ် ရိုဆီးနားရဲ့ နှစ်သက်တဲ့ ကစားကွက်လား၊ ဒါမှမဟုတ် ကလပ်အသင်းရဲ့ မူဝါဒလား? ဒါကို ဘယ်လိုမျိုး ဆုံးဖြတ်သလဲ? အသင်းမှာ အပြောင်းအလဲ အများကြီး မရှိတာကို သိပေမယ့် ချယ်လ်ဆီးအသင်းအတွက် ဒီလိုကစားဟန်မျိုးကို ဘယ်လိုမျိုး သတ်မှတ်ခဲ့တာလဲ?

လီယမ် ရိုဆီးနား - ကျွန်တော့်မတိုင်ခင်က အင်ဇို ဟာ တကယ်ကို ထူးချွန်တဲ့ အလုပ်တွေကို လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ နည်းဗျူဟာပိုင်းအရ သူကစားခိုင်းခဲ့တဲ့ ပုံစံက တကယ့်ကို တည်ငြိမ်မှုရှိပါတယ်။ အခုခေတ်ရဲ့ ကစားဟန်တွေက အာဆင်နယ်က မီကယ်လ် အာတီးတာ၊ ဘိုင်ယန်က ဗင်းဆင့်၊ ပက် (ဂွါဒီယိုလာ) ဒါမှမဟုတ် လီဗာပူးက ဆလော့ တို့ပဲဖြစ်ဖြစ် အသင်းတွေ လုပ်ဆောင်နေတဲ့ အရာတွေမှာ တူညီတဲ့အချက်တွေ ရှိနေပါတယ်။



ဖိအားပေးပုံ (Pressing) မှာ ကွဲပြားတာ ရှိနိုင်ပေမယ့် ကစားသမားတွေရဲ့ နေရာယူပုံတွေကတော့ အကုန်လုံး တော်တော်လေး ဆင်တူပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အတွေးအခေါ်က အရင်နည်းပြနဲ့ သိပ်မကွာပါဘူး။ ကျွန်တော်က လူတစ်ယောက်အနေနဲ့ စရိုက်မတူတာရယ်၊ with the ball နဲ့ without the ball မှာ တောင်းဆိုတဲ့အချက်တွေ မတူတာရယ်ပဲ ရှိပါတယ်။ ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူတာမို့ သဘာဝကျပါတယ်။ ဒါဟာ ကလပ်ရဲ့ မူဝါဒကြောင့် မဟုတ်ပါဘူး။ စထရာဘာ့ဂ်၊ ဟားလ် ဒါမှမဟုတ် ဒါဘီ အသင်းတွေမှာ ကစားခဲ့တဲ့ ရှင်းလင်းတဲ့ ပုံစံ (Identity) ကြောင့် ကျွန်တော့်ကို ဒီကို ခေါ်ခဲ့တာပါ။ အဲဒီပုံစံအတိုင်းပဲ ချယ်လ်ဆီးအသင်းမှာ အကျိုးသက်ရောက်မှု ရှိအောင် လုပ်ဆောင်သွားချင်ပါတယ်။

ရော်ဘီ အားလ် - အဲဒီအချက်နဲ့ ပတ်သက်ပြီး တစ်ခုလောက် ထပ်မေးချင်ပါတယ်။ နောက်တန်းကနေ ဘောလုံးတည်ဆောက်ပြီးကစားတဲ့ ပုံစံ (Philosophy) နဲ့ ပတ်သက်လို့ပေါ့။ ခင်ဗျားတို့အသင်းဟာ ကွင်းထဲမှာ နေရာအပြည့် အကျယ်ကြီးဖြန့်ပြီး ကစားတာ ကြည့်လို့တော့ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ပွဲကနှေးကွေးနေတဲ့အခါမျိုးမှာရော ဒီပုံစံကိုပဲ ဆက်သွားမှာလား၊ ဒါမှမဟုတ် ပြောင်းလဲကစားဖို့ အစီအစဉ်ရှိသလား? ဒါဟာ ခင်ဗျား တကယ်ယုံကြည်တဲ့ ပုံစံလား? ဒါမှမဟုတ် တချို့ပွဲတွေမှာ စိတ်ရှည်လက်ရှည် စောင့်ပြီး ထိုးဖောက်နေမယ့်အစား ရှေ့ကို စောစောစီးစီး ဘောလုံးပေးပို့ပြီး ကစားတာမျိုးရော ရှိနိုင်မလား? ဒီကစားဟန် တိုးတက်ပြောင်းလဲလာမယ့်အပေါ် ဘယ်လိုမြင်မိလဲ?

လီယမ် ရိုဆီးနား - ဟုတ်ကဲ့၊ ကျွန်တော့်အသင်းတွေ ကစားပုံနဲ့ ဘောလုံးတည်ဆောက်ပုံကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ အဝေးဘောပေးပို့မှု (Long option)၊ အလတ်စားပေးပို့မှု (Mid-range option) နဲ့ အနီးကပ်ပေးပို့မှု (Short option) ဆိုပြီး ရွေးချယ်စရာ သုံးမျိုးလုံး ရှိပါတယ်။ ကျွန်တော်က အကြောင်းပြချက်မရှိပဲနဲ့ နောက်တန်းမှာပဲ play from the back ကစားခိုင်းနေတာ မဟုတ်ပါဘူး။ အဓိကကတော့ ကွင်းထဲမှာ ဘယ်နေရာမှာ နေရာလွတ် (Space) ရှိသလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ နေရာလွတ်ရှိတဲ့ဆီကိုပဲ ဘောလုံးပို့ရမှာပါ။

ဘောလုံးပွဲတစ်ပွဲကို အနိုင်ရဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်က ‘ဒါမှဒါ (dogmatic)’ဆိုပြီး ခေါင်းမာတတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော် အနိုင်ရချင်ပါတယ်။ ဒါပေမယ့် ပွဲတွေကို အနိုင်ရဖို့ဆိုတာ နောက်တန်းကနေ တည်ကစားဖို့ နေရာလွတ်ရှိရင် အဲဒီအတိုင် ကစားရပါမယ်။ တကယ်လို့ တစ်ဖက်အသင်းက ကျွန်တော်တို့ကို တားဆီးဖို့အတွက် ခံစစ်ဇုန်ထဲထိ အတင်းလိုက် ဖိအားပေးလာပြီဆိုရင် (High press) နေရာလွတ်က သူတို့ရဲ့ နောက်တန်းမှာ ပေါ်လာပါပြီ။ 

အဲဒီအချိန်မျိုးကို သိဖို့က အရေးကြီးပါတယ်။ ကစားသမားတစ်ယောက်ဟာ လက်တွေ့အခြေအနေနဲ့ မကြုံမချင်း ဘာကိုမှ သင်ယူလို့မရပါဘူး။ အဝေးဘော ပေးရမလား၊ အနီးကပ်ပေးရမလားဆိုတာကို သိနိုင်ဖို့ ကျွန်တော်က သူတို့ကို အခြေအနေတွေ ဖန်တီးပေးပြီး သင်ယူစေရမှာပါ။ အဲဒီလိုနည်းနဲ့ပဲ အသင်းက တသမတ်တည်း တိုးတက်လာမှာ ဖြစ်ပါတယ်။



ရော်ဘီ အားလ် -
ကစားသမားတွေ သင်ယူမှုနဲ့ ခင်ဗျားရဲ့ စနစ်အကြောင်း ပြောတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့ အမြဲတမ်း နားလည်ရခက်နေတဲ့ ကစားသမားတစ်ယောက်ကတော့ အင်ဇို ဖာနန်ဒက်ဇ် ပါပဲ။ သူက ‘No. 6’ နေရာ (Deep-lying) လား? ‘No. 8’ (Box-to-box) လား? ဒါမှမဟုတ် ‘No.10’ (Playmaker) လား? သူ့ရဲ့ အရည်အချင်းတွေကို ခင်ဗျား ဘယ်လိုမြင်လဲ? ခင်ဗျားရဲ့ ကစားကွက်မှာ သူ့ကို ဘယ်နေရာမှာ ထားချင်သလဲ?

လီယမ် ရိုဆီးနား - အင်ဇိုကို ကျွန်တော် သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ခုနုကပြောသွားတဲ့ နေရာအားလုံးမှာ သူကကမ္ဘာ့အဆင့်မီ ကစားနိုင်လို့ပါ။ သူ့ကို နောက်တန်းကနေ ဘောလုံးကိုင်ပြီး တစ်ပွဲကို ပေးပို့မှု အကြိမ် (၁၀၀) လောက်လုပ်နိုင်တဲ့ ‘No. 6’ နေရာမှာ ကစားခိုင်းလို့ရသလို၊ ပြိုင်ဘက် ဂိုးဧရိယာထဲထိ တက်ရောက်ပြီး ဂိုးသွင်းနိုင်သလို ကိုယ့်ဂိုးဧရိယာကိုလည်း ပြန်လည်ကာကွယ်နိုင်တဲ့ ‘No. 8’ နေရာမှာလည်း ထားလို့ရပါတယ်။ ဒါ့အပြင် ကစားကွက်ဖော်တာ၊ ဂိုးဖန်တီးတာနဲ့ ဂိုးသွင်းတာတွေ လုပ်နိုင်တဲ့ ‘No.10’ နေရာမှာလည်း ကစားခိုင်းလို့ရပါတယ်။

သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဘောလုံးသမားပါ။ သူက မတူညီတဲ့ ပြိုင်ဘက်တွေအပေါ် မူတည်ပြီး ကျွန်တော့်ကို နည်းဗျူဟာပိုင်း ပြောင်းလွယ်ပြင်လွယ်ရှိအောင် ကူညီပေးပါတယ်။ ကျွန်တော့်အလုပ်ကတော့ အသင်းက သူ့ကြောင့် အကောင်းဆုံး လည်ပတ်နိုင်ဖို့အတွက် သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘယ်လိုကစားသမားတွေနဲ့ ဘယ်လိုပုံစံ ပေါင်းစပ်ရမလဲဆိုတာကို ရှာဖွေဖို့ပါပဲ။

ရော်ဘီ မတ်စ်တိုး - လီယမ်၊ အခုက အပြောင်းအရွှေ့ကာလ ရောက်နေပြီဆိုတော့ နည်းပြချုပ်တွေဆီကနေ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒတွေနဲ့ ဒါတွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ကြားရဖို့ အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပစ်မှတ်ထားတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ဘောလုံးဒါရိုက်တာတွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သလဲဆိုတာကို အနည်းငယ်လောက် ပြောပြပေးနိုင်မလား။

လီယမ် ရိုဆီးနား - ဟုတ်ကဲ့၊ ဇန်နဝါရီ ဈေးကွက်က အရမ်းမြန်တဲ့အတွက် တစ်နေ့ကို သုံး၊ လေးကြိမ်လောက် အမြဲတမ်း ဆွေးနွေးမှုတွေ လုပ်ဖြစ်ပါတယ်။ ကိုယ်မမျှော်လင့်ထားတဲ့ အခြေအနေတွေ ပေါ်လာနိုင်သလို၊ ကိုယ့်ကစားသမားတွေအတွက် မမျှော်လင့်ထားတဲ့ ကမ်းလှမ်းမှုတွေလည်း ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါတယ်။ ဒီနေ့မှာ နေ့လည် (၂) နာရီ မထိုးသေးဘူး၊ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ကြိမ်လောက် ဆွေးနွေးပြီးသွားပါပြီ။ အသင်းအတွက် အဝင်ပဲဖြစ်ဖြစ်၊ အထွက်ပဲဖြစ်ဖြစ် မှန်ကန်တယ်လို့ ယူဆရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချသွားမှာပါ။



ရော်ဘီ အားလ် - လီယမ်၊ ခင်ဗျားက အရင်တုန်းက ကျွန်တော်တို့ NBC ရဲ့ မိတ်ဖက်ဖြစ်တဲ့ Sky Sports မီဒီယာမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံက အခုလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရဲ့ ဝေဖန်စစ်ဆေးမှု၊ ဖိအားတွေကြားမှာ အလုပ်လုပ်ရတဲ့အခါ အထောက်အကူ ဖြစ်စေသလား။

လီယမ် ရိုဆီးနား - ဟုတ်ကဲ့၊ ကိုယ်ပေးချင်တဲ့ သတင်းစကားက ဘယ်လောက်အရေးကြီးသလဲ၊ မီဒီယာအတွက် ကိုယ်က ဘယ်လိုလူလဲဆိုတာကို နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မီဒီယာမှာ အလုပ်လုပ်ခဲ့တာက ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ Sky မှာ အံ့ဩစရာကောင်းတဲ့ လူတွေနဲ့အတူ အလုပ်လုပ်ရင်း တစ်နှစ်တာ အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီအလုပ်ရဲ့ အရေးကြီးဆုံးအပိုင်းကတော့ လေ့ကျင့်ရေးကွင်းထဲမှာ ကစားသမားတွေနဲ့ ရှိနေဖို့ပါပဲ။ အခုလို ပွဲစဉ်တွေအများကြီး ဆက်တိုက်ကစားရမယ့် ရာသီရဲ့ ဒီအပိုင်းမှာတော့ ကျွန်တော် အဲဒါကိုပဲ အဓိက အာရုံစိုက်သွားမှာပါ။

ရော်ဘီ အားလ် - အရင်တုန်းက ခင်ဗျားရဲ့ဖခင် လီရွိုင်းနဲ့ ကျွန်တော်တို့တွေဟာ ဘောလုံးလောကရဲ့ နယ်ပယ်အသီးသီးမှာ လူမျိုးစုံ ကိုယ်စားပြုပါဝင်နိုင်ခွင့် (Representation) အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အခု ပရီးမီးယားလိဂ်မှာ လူနည်းစု လူမျိုးနွယ်စုထဲက နည်းပြချုပ် တစ်ယောက်အနေနဲ့ ခင်ဗျားမှာ အပိုတာဝန်ရှိတယ်လို့ ခံစားရသလား။ ကိုယ့်လူမျိုးစုကို ကိုယ်စားပြုနေတယ်လို့ ခံစားရပါသလား။

လီယမ် ရိုဆီးနား - တကယ်ကောင်းတဲ့ မေးခွန်းပါ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ကိုယ်စားပြုနေကြတာပါ။ ကိုယ်က ဘယ်သူလဲ၊ ဘယ်ကလာသလဲဆိုတာကို အမြဲတမ်း ဂုဏ်ယူသင့်ပါတယ်။ ကျွန်တော့်ရဲ့ မျိုးရိုးအစဉ်အလာနဲ့ နောက်ခံသမိုင်းကြောင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်အဖြစ်နဲ့ပဲ အောင်မြင်ချင်တာပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်အတိုင်း ရိုးရိုးသားသား နေထိုင်လုပ်ကိုင်ဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။ တခြားလူတွေကတော့ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်ရတာကိုတင် အရမ်းကို ဂုဏ်ယူနေပါပြီ။



ကျွန်တော် သက်သေပြချင်တာက ခင်ဗျားဘယ်ကလာသလဲ? အသားအရောင်က ဘာလဲ? ကျား/မ ခွဲခြားမှုက ဘာလဲ? ဆိုတာ အဓိက မဟုတ်ပါဘူး။ ကိုယ့်အလုပ်မှာ ကိုယ်အောင်မြင်အောင် လုပ်နိုင်ရင် ဘယ်သူမဆို မိမိဝါသနာပါတဲ့အရာမှာ အောင်မြင်နိုင်တယ်ဆိုတာကိုပါပဲ။

ရော်ဘီ မတ်စ်တိုး - လီယမ်၊ အောင်မြင်မှုအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုလောက် မေးပါရစေ။ အခုက အစောကြီး ရှိသေးတယ်ဆိုတာ သိပေမယ့် ဒီရာသီနဲ့ နောက်ထပ် နှစ်ရာသီစာအတွက် လက်တွေ့ကျကျ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲ? အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ အသက်အရွယ်နဲ့ သူတို့ တိုးတက်လာမယ့် အခြေအနေတွေကို ကြည့်ပြီး ဒီရာသီနဲ့ နောက်နှစ်တွေအတွက် ဘာတွေ မျှော်လင့်ထားသလဲဆိုတာ ပြောပြပေးပါဦး..

လီယမ် ရိုဆီးနား - အောင်မြင်တဲ့ ဘယ်အသင်းမဆို အဓိက အာရုံစိုက်ရမှာကတော့ နောက်လာမယ့်ပွဲမှာ အနိုင်ရဖို့ပါပဲ။ ဒါက အရမ်းကို ရိုးရှင်းလွန်းတယ်လို့ ထင်ရပေမယ့် ဒါဟာ အမှန်တရားပါ။ ခင်ဗျားအနေနဲ့ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြိုတွေးပြီး အဲဒီအတွက် တည်ဆောက်ချင်တာ မှန်ပေမယ့် လက်ရှိအချိန်ကိုပဲ အာရုံစိုက်ရပါမယ်။ ကျွန်တော့်အလုပ်ကတော့ နောက်ပွဲမှာ အနိုင်ရဖို့ပါပဲ။

ဒီအသင်းဟာ ဆုဖလားတွေ ရယူခဲ့တဲ့ သမိုင်းကြောင်းရှိသလို၊ ဆုဖလားတွေ ရရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ အခု ကျွန်တော် နည်းပြဖြစ်လာတဲ့ အချိန်မှာလည်း ဒါက မပြောင်းလဲပါဘူး။ ဒါပေမဲ့ အဲဒီပန်းတိုင်ကို ရောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ နောက်ပွဲကို အနိုင်ရဖို့ပဲ ဖြစ်ပါတယ်။



ရော်ဘီ မတ်စ်တိုး - ခင်ဗျားဟာ အရင်တုန်းကလည်း လူငယ်ကစားသမားတွေနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်ဆိုတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖြစ်နိုင်ခြေတွေကို မြင်ဖူးမှာပါ။ အခု ချယ်လ်ဆီးအသင်းနဲ့ ဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး (Ceiling) က ဘယ်လောက်ထိ ရှိမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်သေးဘူး။ ဒါဟာခင်ဗျားမှာ အတွေ့အကြုံ ရှိထားတဲ့ အရာလည်း ဖြစ်ပါတယ်။

လီယမ် ရိုဆီးနား - ဟုတ်ပါတယ်၊ အဲဒါကြောင့်လည်း ကျွန်တော် ဒီကို ရောက်နေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို မသိသေးတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ လှပတဲ့ အချက်တစ်ခုပေါ့။ ကျွန်တော့်အလုပ်က သူတို့ တစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ အဖွဲ့လိုက် စွမ်းဆောင်ရည်ကို အမြင့်ဆုံး ဖြစ်လာအောင် လုပ်ပေးဖို့ပါပဲ။ ကျွန်တော်တို့မှာ ရှိနေတဲ့ ပါရမီရှင်တွေနဲ့သာ ဒါကို လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ရှေ့မှာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အနာဂတ်တစ်ခု ရှိနေပါတယ်။

ရော်ဘီ အားလ် - လီယမ်၊ ဒီအလုပ်ကို စလုပ်ကတည်းက ခင်ဗျားကို တကယ်ကို အံ့အားသင့်စေခဲ့တဲ့ အရာတစ်ခု ရှိသလား? လေ့ကျင့်ရေးမှာပဲဖြစ်ဖြစ်၊ မီဒီယာပိုင်းမှာပဲဖြစ်ဖြစ်၊ နည်းဗျူဟာပိုင်း ဒါမှမဟုတ် ပရီးမီးယားလိဂ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ခင်ဗျားအတွက် တကယ်ကို ထူးထူးခြားခြား သတိထားမိတဲ့အရာ ရှိခဲ့သေးလား?

လီယမ် ရိုဆီးနား -ကစားသမားတွေရဲ့ နှိမ့်ချမှုနဲ့ သင်ယူလိုစိတ်ပါပဲ။ သူတို့ဆီမှာ မာန်မာန လုံးဝမရှိကြဘူး။ ဒီကစားသမားတွေနဲ့ အတူအလုပ်လုပ်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ သူတို့က တိုးတက်ချင်စိတ် အရမ်းရှိကြတယ်။ ဒါကတော့ အခုထိ ကျွန်တော့်အတွက် အကြီးမားဆုံးနဲ့ အကောင်းဆုံး အံ့အားသင့်မှုပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာတွေအပေါ် သူတို့ရဲ့ တက်ကြွစွာ ပါဝင်မှုက ကျွန်တော်တို့ကို အတူတူ အောင်မြင်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို အခိုင်အမာ ပေးပါတယ်။