ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) အဖြစ် ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဆဲလ်ဟတ်စ် ပါ့ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှ သွင်းဂိုးများနှင့် ပွဲချိန်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်အချို့ကို ချယ်လ်ဆီးအသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports သတင်းဌာနမှ တင်ဆက်သည့် Super Sunday ပွဲပြီးသုံးသပ်စကားဝိုင်း (နောက်ထပ်ပွဲရှိနေဖြင့် စကားဝိုင်းအတို) အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။
မားကပ်စ် ချက်ပ်မန်း - ဒီရလဒ်ကြောင့် အမှတ်ပေးဇယား အခြေအနေ ဘယ်လိုပြောင်းသွားသလဲ..? ဆိုတာ ကြည့်ရအောင်ပါ။ ချယ်လ်ဆီးက လီဗာပူးလ်ကို ကျော်ပြီး စတုတ္ထနေရာကို ရောက်သွားပါပြီ။ အက်စတွန်ဗီလာနဲ့ (၉) မှတ်အကွာပေါ့။ ဗီလာကတော့ လီဗာပူးထက် (၁၀) မှတ်၊ မန်ချက်စတာ ယူနိုက်တက်ထက် (၁၁) မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီနေ့ညမှာ နောက်ကျပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရပါဦးမယ်..။ ဂျေမီ... ရေ.. ပထမဂိုးအကြောင်း ပြန်ကြည့်ရအောင်။ ပဲလေ့စ်အသင်းဟာ ပထမပိုင်း ကစားပုံကောင်းနေပြီးမှ ကိုယ့်ခြေထောက်ကိုယ် သေနတ်နဲ့ ပြန်ပစ်သလိုမျိုး ဖြစ်သွားတယ်လို့ ပြောလို့ရတယ်မလား?
ဂျေမီ ကာရေဂါ - ဟုတ်တယ်၊ နောက်တန်းမှာ လူကပ်ပုံကစားပုံ မှားယွင်းသွားတာပါ..။ သူတို့အချင်းချင်း နားလည်မှု လွဲသွားကြတယ်ဗျ..။ ချယ်လ်ဆီးအသင်း ကွင်းဘက်ခြမ်းမှာရရှိတဲ့ ပြစ်ဒဏ်ဘောကို ဘရန်နန် ဂျွန်ဆင်က ကန်တင်ပေးတယ်၊ သူက အခု ခံစစ်နေရာမှာ ရောက်နေတာ။ တိုင်ရစ်ခ် မစ်ချယ်လ်နဲ့ ဂျေဒီ ကန်ဗိုတ့် တို့လည်း ရှိနေတယ်။ ကန်ဗိုတ့် က တိုက်စစ်ကို လိုက်ပါနေတဲ့ အနေအထားမှာ ရှိနေပေမယ့် ဘယ်လိုစိတ်ကူးနဲ့ နောက်ပြန်ပေးလိုက်သလဲ မသိဘူးဗျ..။

ဘောလုံးပေးလိုက်တဲ့အချိန် ဘာတွေတွေးနေလဲဆိုတာ ဘုရားပဲသိပါလိမ့်မယ်။ ဒါပေမဲ့ ပွဲကြည့်နေရင်းနဲ့ ဂယ်ရီ ကာဟေးလ် ပြောခဲ့သလိုပါပဲ..။ မစ်ချယ်လ် ရဲ့ နေရာယူပုံ တကယ်ကို ညံ့ဖျင်းပါတယ်။ အက်စတီဗာအို ဘက်ကကြည့်ရင်တော့ တကယ့်ကို ပြောင်မြောက်တဲ့ သွင်းဂိုးပေါ့ဗျာ..။ မစ်ချယ်လ် ကို ဘာလုပ်ရမလဲ? စဉ်းစားဖို့တောင် အချိန်မပေးခဲ့ဘူး။ အဲဒီလို အနေအထားမျိုးမှာ ခင်ဗျား အမြဲတွေးမိတာက အနီကတ်ပဲ မဟုတ်လား။ အက်စတီဗာအိုအတွက်ကတော့ ဒါဟာ တကယ့်ကို အံ့မခန်း အခွင့်အရေးပါပဲ။ ဟုတ်တယ်မလား.. ဂယ်ရီ ရေ.?
ဂယ်ရီ ကာဟေးလ် - ဟုတ်တယ်၊ ကျွန်တော် သဘောတူပါတယ်။ သူက နောက်ခံလူနဲ့ ဝေးရာကို ဘောလုံးကို ဆွဲထုတ်သွားတာ။ နောက်ခံလူအနေနဲ့ လူကပ်ဖို့ ဒါမှမဟုတ် ဖျက်ထုတ်ဖို့ တကယ်ကို ခက်ခဲသွားစေတယ်။ ပဲလေ့စ်ဘက်က ကြည့်ရင်တော့ ဒါဟာ တကယ့်ကို ပေါ့ဆလို့ ပေးလိုက်ရတဲ့ ဂိုးပါ။
မားကပ်စ် ချက်ပ်မန်း - ခရစ္စတယ်ပဲလေ့စ်က ပထမပိုင်းရဲ့ ပွဲချိန်အတော်များများမှာ အသာစီးက ကစားနိုင်ခဲ့တာ မဟုတ်လား။ နောက်ပြီး ပထမပိုင်း (၈) မိနစ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဘင်နွိုက် ဘာဒီယာရှီးလ် ရဲ့ အမှားကနေတဆင့် ဖိလစ်ပ် မာတီးတာ ဟာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် နဲ့ တစ်ယောက်ချင်းတွေ့ပြီး အပိုင်ကန်သွင်းခွင့်ရခဲ့ပါတယ်..။ သူတို့အနေနဲ့ အဲဒီအခွင့်အရေးကို အဖွင့်ဂိုးအဖြစ် အသုံးချနိုင်ခဲ့သင့်တယ်ဗျ..
ဂယ်ရီ ကာဟေးလ် - ဟုတ်ပါတယ်..။ ပဲလေ့စ်အသင်းဟာ ဘာဒီယာရှီးလ် ရဲ့ အမှားကို အခွင့်ကောင်း ယူနိုင်ခဲ့သင့်တယ်။ မာတီးတာ တစ်ယောက်တည်း ကျွံထွက်သွားတာလေ။ ဂိုးသမား ကာကွယ်သွားတာ ကောင်းတယ်ဆိုပေမယ့် မာတီးတာအနေနဲ့ အဲဒီဘောလုံးကို ဂိုးထဲ ရောက်အောင် ကန်သွင်းသင့်တာ။ (၇) ကိုက်အကွာကနေ အဲဒီလို တစ်ယောက်တည်း ကျွံထွက်သွားရင် ဂိုးရမယ်လို့ပဲ အားလုံးက မျှော်လင့်ထားကြတာ။ ဒါပေမယ့် ချယ်လ်ဆီးဘက်ကလည်း ဘောလုံးပိုင်ဆိုင်မှုမှာ တော်တော်လေး ပေါ့ဆခဲ့တယ်။ ဘောလုံးတွေ အများကြီး အလဟဿ ပေးနေခဲ့ရတယ်။ ပဲလေ့စ်ဘက်က ပထမပိုင်းမှာ အဲဒီဂိုးသာ ပေးမလိုက်ရရင် သူတို့အတွက် အတော်လေးကို ကျေနပ်စရာကောင်းတဲ့အခြေအနေ ဖြစ်လာမှာပါ။

မားကပ်စ် ချက်ပ်မန်း - ဒုတိယပိုင်းအစမှာပဲ ဂျာအို ပီဒရို က လှပတဲ့ အဆုံးသတ်ကန်ချက်နဲ့ ချယ်လ်ဆီးအသင်းကို အသက်ရှူချောင်စေခဲ့ပါတယ်။ တကယ်တော့ အက်စတီဗာအို ဟာ ဂျာအို ပီဒရို အတွက် လှပတဲ့ဖန်တီးမှု မပြုလုပ်ပေးခင် လူကျွံထောင်ချောက် မမိအောင် နေနိုင်ခဲ့တာကလည်း အဓိကကျခဲ့ပါတယ်..။
ဂယ်ရီ ကာဟေးလ် - ဂျာအို ပီဒရို ဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အထဲကို ချိုးဝင်သွားခဲ့တာဗျ..။ ကျွန်တော်ကိုယ်တိုင်လည်း ဝေါ်လ်တန်ရဲ့ နေရာမျိုးမှာ ကြုံဖူးပါတယ်။ ဘောလုံးကို ကျောခိုင်းပြီး ပြန်လှည့်ရတဲ့အချိန်မှာ အရှိန်နည်းနည်း လျော့သွားတတ်တယ်၊ အဲဒီမှာတင် နှစ်ကိုက်၊ သုံးကိုက်လောက် ကွာသွားပြီး ပီဒရိုအတွက် အေးအေးဆေးဆေး အဆုံးသတ်ဖို့ ဖြစ်သွားတာ။ ဒုတိယပိုင်းမှာ ပီဒရိုက တကယ်ကို ကောင်းခဲ့ပါတယ်။
မားကပ်စ် ချက်ပ်မန်း - ကဲ... ပွဲချိန် (၅၉) မိနစ်မှာ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီအကြောင်း ဆွေးနွေးကြရအောင်ဗျာ..။ ဂျေဒီ ကန်ဗော့တ် ဟာ ဂျာအို ပီဒရို ရဲ့ကန်ချက်ကို လက်နဲ့တားမိတာကြောင့် ကွင်းလယ်ဒိုင်လူကြီး ဒါရင် အင်္ဂလန် က ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့ကို ရှင်းပြတာက ‘ဘောလုံးဟာ ဂိုးထဲဝင်တော့မယ့် အနေအထားမို့ မတော်တဆ လက်ထိဘော (Accidental handball) ဆိုရင်တောင် အဝါကတ်ပြရမယ်’ လို့ ပြောပါတယ်။ ဂိုးထဲဝင်မယ့် လမ်းကြောင်းဖြစ်နေလို့ တခြားအချက်တွေကို ပယ်ဖျက်လိုက်တာလို့ ရှင်းလင်းသွားတယ်ဗျ..။
ဂျေမီ ကာရေဂါ - အဲဒီလို ပြောတာ ကျွန်တော်လည်း ကြားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က ဖူလ်ဟမ်ပွဲက VAR ဆုံးဖြတ်ချက်ကို သွားသတိရမိတယ်။ မျဉ်းတွေက နည်းနည်း ထူနေလို့ပါ.. ဆိုပြီး ပြောသလိုမျိုးပေါ့။ အခုလည်း ဒီလိုအခြေအနေမျိုးနဲ့ အဝါကတ်ပြတာကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဆိုပါစို့... လက်ကိုထိပြီး ဂိုးထဲဝင်မယ့် ဘောလုံးကို တားလိုက်တာမို့ ပင်နယ်တီ ပေးတာကို လက်ခံနိုင်ပါတယ်..။ ဒါပေမယ့် ဘာဖြစ်လို့ အဝါကတ်ပြတာလဲ? ကျွန်တော် နားမလည်ပါဘူး။ ကစားသမားက ဘာလုပ်ရမှာလဲ?

မားကပ်စ် ချက်ပ်မန်း - တမင်တကာ ရည်ရွယ်ချက်ရှိရှီ လက်နဲ့တားတာ ဆိုရင် အနီကတ်၊ အဲဒီလိုမဟုတ်ရင် အဝါကတ်လို့ စည်းမျဉ်းမှာ ရှိနေလို့ပါ။ ဒါပေမဲ့ ကိုယ်မသိလိုက်ပဲ ဖြစ်သွားတဲ့အရာအတွက် အပြစ်ပေးခံရတာလဲဆိုတာ ထူးဆန်းမနေဘူးလား..?
ဂယ်ရီ ကာဟေးလ် - ကျွန်တော်လည်း အဲဒီအချက်ကို သဘောမကျပါဘူး။ ခံစစ်သမား တစ်ယောက်အနေနဲ့ တိုက်စစ်မှူးရဲ့ကန်ချက်ကို ပိတ်ဆို့တဲ့အခါ လက်ကိုဘယ်လိုထားရမလဲ? ဘောလုံးက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အရင်ထိပြီးမှ လက်ကိုမှန်တာဆိုရင် ဒါကသဘာဝအတိုင်း နေရာယူမှုပဲ မဟုတ်ဘူးလား? ကျွန်တော့်ရဲ့ လက်ကြီးကို အပြင်ထုတ်ပြီး ကာကွယ်ခိုင်းရမှာလား? ဒါက တကယ့်ကို သဘာဝမကျပါဘူး။
မားကပ်စ် ချက်ပ်မန်း - ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းဟာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေတာပါ။ လီယမ် ရိုဆီးနား အတွက်တော့ ဒုတိယပိုင်းမှာ အသင်းရဲ့ တုံ့ပြန်ပုံဟာ တကယ့်ကို စိတ်ကျေနပ်စရာပါ။
ဂယ်ရီ ကာဟေးလ် - ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ အရမ်းကောင်းပါတယ်။ ကျွန်တော် သဘောကျမိတယ်။ သူတို့ ကစားကွက်ကို တစ်ဆင့်မြှင့်လိုက်နိုင်ပြီး ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်။ ဘောလုံးပေးပို့မှုတွေလည်း ပိုပြီး သေသပ်လာပါတယ်။ ဒုတိယပိုင်းကစားပုံအတွက် လီယမ် နဲ့ ချယ်လ်ဆီးအသင်းကို ချီးကျူးရမှာပါ။ သူတို့အတွက် နောက်ထပ် အဖိုးတန် သုံးမှတ်ပေါ့ဗျာ..။

မားကပ်စ် ချက်ပ်မန်း - ပဲလေ့စ်အသင်းဟာ သုံးဂိုးပြတ်နေပေမယ့် အားမလျော့ပဲ ဆက်လက်ကြိုးစား၊ ကစားခဲ့တာကြောင့် ပွဲချိန် (၈၈) မိနစ်မှာ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်..။ အဲဒီဂိုးဟာ ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာ အတွက် ဖြေသိမ့်စရာ တချက်ရသွားတော့ပေါ့ ဂျေမီ.. ရေ..
ဂျေမီ ကာရေဂါ - ဟုတ်တယ်ဗျ..။ ပဲလေ့စ်ဘက်က တစ်ဂိုးပြန်ရလိုက်တဲ့အချိန် ချယ်လ်ဆီးကစားသမားတွေ နည်းနည်း ပျာယာခတ်သွားသလို ခံစားမိလိုက်တယ်။ ဂိုးသမားဆန်းချက်ဇ် ကလည်း အင်ဇို ဖာနန်ဒက်ဇ်ကို တော်တော်လေး စိတ်ဆိုးနေတာဗျ..။ ဘာလို့လဲဆိုတော့ အင်ဇို က ကွင်းထဲမှာ လဲကျနေပြီး ဂိုးသမားကို ပိတ်ဆို့၊ ခလုတ်တိုက်မိစေလို့ပါပဲ..။ သူက အဲဒါကိုပြောပြီး အော်ဟစ်နေခဲ့တာ..။
မားကပ်စ် ချက်ပ်မန်း - ပဲလေ့စ်အသင်းက ကွင်းလယ် ကစားသမား အဒမ် ဝေါ်လ်တန် ဟာ မွိုက်စ် ကိုင်ဆီဒို ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပထမတစ်ကြိမ် အဝါကတ်ဒ် အပြခံရပြီး နောက်ထပ် (၅) မိနစ်ပဲခြားလို့ ဒုတိယအဝါကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်..။ ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာ အနေနဲ့ သူ့ရဲ့အဓိက ကွင်းလယ် ကစားသမား တစ်ယောက်ဟာ နောက်လာမယ့် အရေးကြီးတဲ့ပွဲကို လွဲချော်မှာ ဖြစ်တဲ့အတွက် တော်တော်လေး စိတ်ပျက်မိပါလိမ့်မယ်။
ဂျေမီ ကာရေဂါ - ပဲလေ့စ်ရဲ့ နောက်ပွဲက နော့တမ်ဟမ် ဖောရက်စ် နဲ့ မဟုတ်လား။ အဲဒီပွဲက သူတို့အတွက် အရမ်းအရေးကြီးပါတယ်။ ဝေါ်လ်တန်က သူ့မှာ အဝါကတ်ရှိနေမှန်း သိရဲ့နဲ့ မြေပြင်ပေါ် လျှောထိုး၊ ဖျက်ထုတ်တာမျိုးက ပြဿနာတက်ဖို့ များပါတယ်။ ထိတွေ့မှု သိပ်မရှိဘူးဆိုပေမယ့် ဒိုင်လူကြီးအတွက် အနီကတ်ဒ်နဲ့ ထုတ်ပယ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။