feature-image

ကိုးလ် ပါးမား ၏ ထူးခြားခဲ့သည့် စံချိန်မှတ်တမ်းနှင့် အခက်အခဲများကို ကျော်ဖြတ်ခြင်း..

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပွဲစဉ် (၂၅) အဖြစ် ချယ်လ်ဆီးအသင်းက ဝုလ်ဖ်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား မှာ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုး (၃) ဂိုးစလုံးကို သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်း ကစားသမားဘဝတွင် စတုတ္ထမြောက် hat-trick ရယူနိုင်ခဲ့သည်..။ ထိုသို့ထူးခြားသည့် စံချိန်မှတ်တမ်းများကို ဆက်လက်ရယူနေခြင်းအပေါ် သူက "ကျွန်တော် ဟက်ထရစ်တွေ ဆက်ပြီးသွင်းနေသရွေ ပျော်ရွှင်နေမှာပါ" ဟူ၍ ချယ်လ်ဆီးအသင်း၏ ‘No. 10’က ရယ်မော၊ ပြုံးရွှင်စွာ ပြောကြားခဲ့ပါသည်။

ဝုလ်ဖ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ အသက် (၂၃) နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်အတွက် အမှတ်တရ ဖြစ်ခဲ့သည့်အပြင် နည်းပြသစ် လီယမ် ရိုဆီနာ အတွက်လည်း ပရီးမီးယားလိဂ် (၄) ပွဲဆက်တိုက် အနိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်..။ ထို့သို့အမှတ်တရများနှင့် ပြည့်စုံနေခဲ့သည့်ပွဲစဉ်နှင့် ပတ်သက်ပြီး သူ၏ခံစားချက်များကိုလည်း ဆက်လက် ဖွင့်ဟခဲ့ပါသည်..။



"ရမှတ် ၃ မှတ် ရခဲ့သလို ဂိုးတွေလည်း သွင်းနိုင်ခဲ့လို့ အရမ်းကို စိတ်ကျေနပ်စရာ ကောင်းပါတယ်။ ဒီနေ့လို ခက်ခဲတဲ့ ရာသီဥတုအခြေအနေမှာ ကောင်းမွန်တဲ့ရလဒ်လို့ ပြောလို့ရပါတယ်..။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ်ကို ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံနည်းနည်း ကျဆင်းသွားခဲ့ပေမယ့် ကျွန်တော့်အနေနဲ့ သွင်းဂိုးတွေပြန်လည်ရရှိခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော်က စံချိန်တွေ၊ မှတ်တမ်းတွေအပေါ် သိပ်ပြီးအာရုံမစိုက်တတ်ပါဘူး..။ ဒါပေမယ့်အဲဒီလို ထူခြားတဲ့ ကြည်နူးဖွယ်မှတ်တမ်းတွေကို မြင်ရတဲ့အခါ တကယ့်ကို ကြည်နူးဖို့ကောင်းပါတယ်။”

ပါးမား မှာ သူ၏ပထမနှစ်ဂိုးကို ပင်နယ်တီပြစ်ဒဏ်ဘောများမှ သွင်းယူခဲ့ခြင်းဖြစ်ပြီး အဆိုပါပြစ်ဒဏ်ဘောများမှာ တွဲဖက်တိုက်စစ်မှူး ဂျာအို ပီဒရို ၏ ထိုးဖောက်မှုများကို တားဆီးရာမှ ရရှိခဲ့ခြင်းဖြစ်သည်..။ အဆိုပါပွဲစဉ်တွင် ခြေစွမ်းပြပြီး ဝုလ်ဖ်အသင်း ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့သော ဘရာဇီးလ် တိုက်စစ်မှူး၏ခြေစွမ်းကိုလည်း ထုတ်ဖော်၊ ချီးကျူးခဲ့ပါသည်..။

“ကျွန်တော်ဟာ ဂျာအို ပီဒရို နဲ့ တွဲဖက် ကစားရတာကို အရမ်းသဘောကျပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကွင်းပြင်ပမှာလည်း သူငယ်ချင်းကောင်းတွေဖြစ်တာကြောင့် ကွင်းထဲမှာ ပိုပြီးအဆင်ပြေခဲ့ပါတယ်..။ ရှေ့ဆက်ပြီးတော့လည်း အခုလိုသွင်းဂိုးတွေဆက်လက်ရရှိဖို့ မျှော်လင့်ပါတယ်။”



ကိုးလ် ပါးမား မှာ ယခုဘောလုံးရာသီတွင် ကြုံတွေ့ခဲ့ရသည့် ဒဏ်ရာပြဿနာ၊ အခက်အခဲများနှင့် အဆိုပါအခက်အခဲများကို ကျော်ဖြတ်ခဲ့ရပုံများကိုလည်း ချယ်လ်ဆီးပရိသတ်များ သိရှိအောင် ပြောကြားခဲ့ပါသည်..။ အထူးသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ကြံ့ခိုင်မှုအကောင်းဆုံး အခြေအနေရရှိအောင် အစွမ်းကုန် ပံ့ပိုးပေးခဲ့သည့် အသင်းမှနည်းပြအဖွဲ့ဝင်များ၊ ဝန်ထမ်းများကိုလည်း ချီးကျူးစကား ပြောကြားခဲ့ပါသည်..။

“ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ကာလရှည်ဒဏ်ရာ တစ်ခါမှ မရဖူးပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေခဲ့လို့ ဘယ်လိုရင်ဆိုင်၊ ဖြတ်သန်းရမလဲ? ဆိုတာ လေ့လာနေရတုန်းပါ။ အခုဘောလုံးရာသီမှာ ကျွန်တော်ဟာ (၁၀၀ %) ရာခိုင်နှုန်း ကြံ့ခိုင်မှုအပြည့်နဲ့ ကစားခဲ့ရတဲ့ပွဲ တစ်ပွဲမှမရှိသေးဘူးလို့ ခံစားနေခဲ့ရပါတယ်..။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ပွဲကန်မယ့်နေ့ ရောက်ပြီဆိုရင် ‘ဝင်ကစားနိုင်ဖို့ ဖြစ်ပါ့မလား? ကြံ့ခိုင်မှုစစ်ဆေးတာကို ကျော်နိုင်ပါ့မလား?' ဆိုပြီ စိုးရိမ်စတ်တွေနဲ့ တွေးနေမိတာမျိုးတွေ ရှိခဲ့ပါတယ်။

အသင်းက ဝန်ထမ်းတွေနဲ့ ဆေးအဖွဲ့ဝင်တွေကတော့ တကယ့်ကိုကောင်းမွန်ကြပြီး နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို ကူညီပေးနေကြပါတယ်။ အဲဒီအတွက် သူတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါ။ ဆင်ခြေတွေပေးနေတာ မဟုတ်ပါဘူး။ ကြံ့ခိုင်မှုအကောင်းဆုံး အခြေအနေမှာ ဘာတွေလုပ်ပြနိုင်မလဲ? ကျွန်တော်ကောင်းကောင်း သိပါတယ်။ အခုလောလောဆယ်မှာတော့ ဒဏ်ရာကို ထိန်းချုပ်ကစားရင်း အကောင်းဆုံးပုံစံ ပြန်ရအောင် အစွမ်းကုန်ကြိုးစားနေပါတယ်။"


(Chelsea FC official website မှ တင်ဆက်သော 'Cole Palmer on making Chelsea history and his challenging season' ဆောင်းပါးကို ပြန်ဆိုပါသည်..။)