feature-image

သူ့ရဲ့သွင်းဂိုးတွေအပေါ် ဂျာအို ပီဒရို ရဲ့ ပြန်လည်သုံးသပ်ချက်..

“ကျွန်တော့်မှာ ဂိုးသွင်းဖို့နည်းလမ်း တစ်ခုတည်းရှိတာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိကြပါတယ်…။”

ဂျာအို ပီဒရို ဟာ ကလပ်များ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေမှာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိလာခဲ့ပြီး အဲ့ဒီအချိန်ကတည်းကစလို့ သူဟာဂိုးသွင်းယူရာမှာ အမြင်စူးရှတဲ့သူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာတင် အသင်းဟောင်း ဖလူမင်နက်စီအသင်းဘက်ကို နည်းစနစ်ကျမှုနဲ့ ပြင်းထန်တဲ့အားပါမှုတို့ကို ပေါင်းစပ်ထားခဲ့တဲ့ အလန်းစား သွင်းဂိုးနှစ်ဂိုးနဲ့အတူ ချယ်လ်ဆီးအသင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် နယူး ယောက်ခ်မြို့တော်မှာကစားတဲ့ ဗိုလ်လုပွဲစဉ်မှာလည်း ပီအက်စ်ဂျီအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်အောင် ပါးနပ်လွန်းတဲ့ အဆုံးသတ်မှုနဲ့ တတိယဂိုး ရယူပေးခဲ့ပြန်ပါတယ်။ အဲဒီအချိန်တုန်းက သူဟာချယ်လ်ဆီးအသင်းရဲ့ ကစားသမားဘဝ တစ်ပါတ်သာ ရှိနေသေးပေမယ့်  ဘယ်လိုပုံစံမျိုးနဲ့မဆို ဂိုးသွင်းယူနိုင်စွမ်း ရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

ပြည်တွင်းပွဲစဉ်တွေ စတင်ချိန်မှာလည်း ဘယ်ခြေ၊ ညာခြေ ဒါမှမဟုတ် ခေါင်းတိုက်လို့ပဲဖြစ်ဖြစ်၊ အဝေးကန်ချက်.. အနီးကပ်ပိတ်သွင်းမှုတွေနဲ့ သူ့ရဲ့ဂိုးသွင်းယူပုံ အမျိုးမျိုးကို ချယ်လ်ဆီးပရိသတ်တွေ အပြည့်အဝ မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။



ချယ်လ်ဆီးအသင်းကို နည်းပြသစ် လီယန် ရိုဆီနာ တာဝန်ယူခဲ့တဲ့ ဇန်နဝါရီလကစပြီး ဘရာဇီးလ် တိုက်စစ်မှူး သွင်းယူပေးခဲ့တဲ့ သွင်းဂိုး (၆) ဂိုးကိုပဲ ကြည့်လိုက်မယ်ဆိုရင် ဘရန့်တ်ဖို့ဒ် နဲ့ နာပိုလီ (ပထမဂိုး) အသင်းတွေကို မိုးကြိုးပစ်သလို ပြင်းထန်တဲ့ အဝေးကန်ချက်တွေနဲ့ ဂိုတွေအရယူပေးခဲ့သလို ခရစ်စ်တယ် ပဲလေ့စ်၊ လိဒ် ယူနိုက်တက် နဲ့ နာပိုလီ (ဒုတိယဂိုး) အသင်းတွေအပေါ် ပါးပါးနပ်နပ်နဲ့ အနီးကပ် အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဝက်စ်ဟမ်းနဲ့ပွဲက ပါးနပ်တဲ့ ခေါင်းတိုက်ဂိုးတွေဟာ နည်းမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို သက်သေခံနေတဲ့ သွင်းဂိုးတွေပဲ ဖြစ်ခဲ့ပါတယ်။

လန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးတွေ ပေးလိုက်ရပေမယ့် နောက်ကပြန်လိုက်ပြီး အနိုင်ရလဒ်ရယူနိုင်အောင် အစပျိုးပေးခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးမှာ သူ့ရဲ့ပါးနပ်တဲ့လှုပ်ရှားမှုနဲ့ ဘောလုံးလမ်းကြောင်းကို မှန်းဆနိုင်ပြီး လိုရာရောက်အောင် ခေါင်းတိုက်နိုင်ခဲ့တဲ့ သူ့ရဲ့ကျွမ်းကျင်မှုကို မြင်တွေ့ခွင့်ခဲ့ပါတယ်။ သူဟာ ဝက်စ်လေ ဖိုဖားနား ရဲ့ ဖြတ်တင်ဘောကို ခုန်အားကောင်းကောင်းနဲ့ အရှိန်ရော၊ ဘောလုံးလမ်းကြောင်းပါ အတိအကျမှန်ကန်တဲ့ ခေါင်းတိုက်ချက်နဲ့အတူ ဂိုးသွင်းယူပေးခဲ့ပါတယ်..။

“လီယန် ဒီလပ် က အလယ်ကို ပိုပြီးရောက်နေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ နောက်ခံလူရဲ့ အနောက်ဘက်ကိုပြေးထွက်၊ နေရာယူခဲ့ပါတယ်..။ နောက်ပြီး ဝက်စ်လေ ဖိုဖားနား ရဲ့ ဖြတ်တင်ဘောကလည်း တကယ်ကို ကောင်းမွန်ခဲ့လို့ပါ…" ဆိုပြီး လိဒ်အသင်းနဲ့ပွဲစဉ်အတွက် ထုတ်ဝေခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ လက်ကမ်းစာစောင် (Matchday programme) မှာ ပြောကြားခဲ့ပါတယ်။



“ကျွန်တော် ပြေးထွက်လိုက်တဲ့အချိန်မှာ ဘောလုံးက ကျွန်တော့်ဆီ ရောက်မလာလောက်ဘူးလို့ ထင်ခဲ့ပါသေးတယ်..။ ဒါပေမယ့် သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူနဲ့ နောက်တန်းညာအစွန်လူရဲ့ကြားမှာ နေရာလွတ်ရှိမယ်ဆိုတာကို ကျွန်တော် သိနေခဲ့တယ်။ ဒါ့ကြောင့်အဲဒီနေရာလွတ်ကိုကြိုတင် ရောက်ရှိနေအောင် လှုပ်ရှားလိုက်တာ ဖြစ်ပါတယ်..။

ပုံမှန်အားဖြင့် ဖြတ်တင်ဘောတွေဟာ အဝေးဂိုးတိုင် (Far post) ဘက်ကို ရောက်လာရင် ဂိုးသမားတွေဟာ အဲ့ဒီဂိုးတိုင်ဘက်ကို အမြန်ဆုံးရောက်ရှိအောင် ပြေးလေ့ရှိပါတယ်..။ ဒါကြောင့် ကျန်တဲ့ ဂိုးပေါက်တစ်ဖက်ခြမ်းက ပွင့်နေမယ်ဆိုတာ ကြိုပြီးတွေးနိုင်တာပေါ့။ ဘောလုံးက အရမ်းမြင့်နေတာကြောင့် အဲဒီခေါင်းတိုက်ဂိုးဟာ ခက်ခဲခဲ့သလို တကယ့်ကိုကောင်းမွန်တဲ့ ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ် ရဲ့ ပေးပို့မှုဟာ သိပ်ကိုတိကျ၊ ပြောင်မြောက်ခဲ့ပါတယ်..။”

တကယ်တော့ ချယ်လ်ဆီးအသင်းအတွက် ဂျာအို ပီဒရို ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပထမဆုံး သွင်းဂိုးတွေဟ, ခေါင်းတိုက်ဂိုးတွေ ဖြစ်ခဲ့ပြီး သြဂုတ်လအတွင်း ဝက်စ်ဟမ်း နဲ့ ဖူးလ်ဟမ်းအသင်းတို့ကိုသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ခေါင်းတိုက်ကျွမ်းကျင်ခြင်းဟာ သူ့ရဲ့ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်တွေထဲက တစ်ခုဖြစ်ပါတယ်..။ အသင်းဖော်တွေနဲ့ နားလည်မှု ပိုပြီးကောင်းလာတာနဲ့အမျှ သူတို့တွေရဲ့ ဘောလုံးပေးပို့မှုတွေ ဘယ်နေရာကို ရောက်လာမလဲ? ဆိုတာ ပိုပြီး ကြိုတင်ခန့်မှန်းနိုင်မှာတဲ့အတွက် သူ့ရဲ့ဂိုးသွင်းစွမ်းရည် ပိုပြီးတော့တောင် တိုးတက်လာဦးမှာ ဖြစ်ပါတယ်။

ကိုးလ် ပါးမား ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်၊ သက်သာလာတာဟာလည်း ဂျာအို ပီဒရို အတွက် သိသိသာသာ အကျိုးရှိစေခဲ့ပါတယ်။ အသင်းရဲ့ အကောင်းဆုံး ဖန်တီးရှင် ကျောနံပါတ် ‘No. 10’ ကစားသမားရဲ့ တိကျတဲ့ through passes ပေးပို့မှုတွေကတဆင့် နာပိုလီနဲ့ လိဒ် ယူနိုက်တက်အသင်းတွေဘက်ကို အေးအေးဆေးဆေး၊ သပ်သပ်ရပ်ရပ်နဲ့ အဆုံးသတ်ပြီး ဂိုးတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။



“လူငယ်အကယ်ဒမီမှာတုန်းက ကျွန်တော်ဟာ ‘No. 6’၊ ‘No. 8’ နဲ့ ‘No. 10’ နေရာတွေအပြင် ဘယ်တောင်ပံမှာလည်း ကစားခဲ့ဖူးပါတယ်..။" လို့ ဂျာအို ပီဒရို က ရှင်းပြပါတယ်။ “အဲ့ဒီလိုနေရာစုံ ကစားခဲ့ရတာဟာ ကျွန်တော့်ကို အများကြီးအထောက်အကူ ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာတွေမှာ ကစားနိုင်ဖို့ဆိုရင် နည်းစနစ်ပိုင်း ပိုကောင်းဖို့နဲ့ အဆုံးသတ်ပိုင်း ပိုသေသပ်ဖို့ လိုအပ်ခဲ့တာကြောင့်ပါပဲ။ ပြီးတော့ဘောလုံးအထိန်းအသိမ်းနဲ့ ထိချက်တွေ အမှားခံလို့ မရပါဘူး။

ဒါကြောင့် အခု တိုက်စစ်မှူးနေရာမှာ ကစားတဲ့အခါ ဘောလုံးအထိန်းအသိမ်း တစ်ချက်ဟာ ပွဲရဲ့ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ အဆုံးသတ်ဖို့အတွက် ဘောလုံးအထိန်းအသိမ်းနဲ့ ထိချက်တွေ (touches) ကောင်းမယ်ဆိုရင် ဂိုးတွေအများကြီး သွင်းနိုင်မှာပါ..။

တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ဘောလုံးက ဘယ်ကနေ ရောက်လာမလဲ? ဘယ်ခြေဆီကို ရောက်လာမှာလား? ဒါမှမဟုတ် ညာခြေဆီကို ရောက်လာမလား..? ဆိုတာ ကြိုတင်မသိနိုင်ဘူး။ ဒါကြောင့်ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် ချက်ချင်းတုံ့ပြန်နိုင်ဖို့ အမြဲတမ်းအဆင်သင့် ဖြစ်နေရပါမယ်။ ကျွန်တော်အမြဲတမ်း ကြိုးစား၊ အားထုတ်နေတာလည်း အဲ့ဒီအချက်ပါပဲ..။ ကျွန်တော်တို့ဟာ အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်အတွက် အသင့်ဖြစ်ရပါမယ်..။”


ဂျာအို ပီဒရို ရဲ့ ဂိုးဖန်တီးပေးနိုင်မှုစွမ်းရည်ကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ သူဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။ (အဲ့ဒီဖန်တီးမှုတွေထဲမှာ ပြိုင်ဘက်နောက်ခံလူတွေကို အမှားလုပ်မိအောင် ဆွဲဆောင်ပြီး ရယူခဲ့တဲ့ ပင်နယ်တီ (၃) ကြိမ်လည်း ပါဝင်ပါတယ်)။ အဲ့ဒီဂိုးဖန်တီးမှုတွေထဲမှာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အင်ဇို ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့ အနိုင်ဂိုးအတွက် ဖန်တီးပေးမှုက အကောင်းဆုံးဂိုးဖန်တီးမှု ဖြစ်ခဲ့ပါတယ်..။



သူ့ရဲ့နေရာမှာ တခြားတိုက်စစ်မှူးတွေဆိုရင် ကိုယ်တိုင်ဂိုးကန်သွင်းဖို့ပဲ ကြိုးစားကြမှာပါ။ ဒါပေမယ့် ဂျာအို ပီဒရို ကတော့ သူကိုယ်တိုင်ကန်ရင် ပိတ်ဆို့ခံရဖို့များတယ်ဆိုတာ သိမြင်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ဧရိယာထဲကို ဘောလုံးချပေးလိုက်တာက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်ဆိုတာကို နားလည်ခဲ့ပါတယ်။

“ကျွန်တော် တချက်လှမ်းကြည့်လိုက်ပေမယ့် သူ့ကိုတော့ အတိအကျ မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် အဲ့ဒီနေရာမှာ နေရာလွတ်ရှိနေမယ်၊ သူ (အင်ဇို) ရောက်လာမယ်လို့ တွေးမိခဲ့ပါတယ်..။ တကယ်လို့ သူမဟုတ်ရင်တောင် တခြားတစ်ယောက်ယောက် ရောက်လာလိမ့်မယ်ဆိုတာ သိနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒီအတိုင်း လေ့ကျင့်ထားခဲ့လို့ပါ။” ဆိုပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးက အဲ့ဒီပြောင်မြောက်တဲ့ ဂိုးဖန်တီးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဂျာအို ပီဒရို ဟာ ဇာတိမြေဘရာဇီးလ်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ကစားခဲ့ရတဲ့ ဘောလုံးပညာ အခြေခံတွေဟာ ခန္ဓာကိုယ်အရွယ်အစား အမျိုးမျိုးရှိတဲ့ နောက်ခံလူတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အကူအညီဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်မှာ ကျင်လည်နိုင်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု (Muscle)၊ ပါးနပ်တဲ့ လှုပ်ရှားမှု (Movement) နဲ့ နည်းစနစ်ပိုင်း အရည်အသွေး (Technical quality) တို့ကို ပေါင်းစပ်၊ အသုံးပြုရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက စိန့် ဂျိမ်းစ် ပါ့ခ်ကွင်းမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ ချေပဂိုးဟာ အဲ့ဒီအရည်အသွေးအားလုံးကို စုစည်း၊ ပေါင်းစပ်ပြသွားတဲ့ သာဓကကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ သူဟာ ပြိုင်ဘက်နောက်ခံလူကို ခန္ဓာကိုယ်ချင်းယှဉ်တိုက်ပြီး အမြန်နှုန်းနဲ့ပါ ဖြတ်ကျော်ကာ ပါးနပ်စွာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။



“ခင်ဗျားကိုလူကပ်ကစားတဲ့ နောက်ခံလူကို ကျော်ဖြတ်နိုင်ဖို့အတွက် အကြိမ်တိုင်းမှာ အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်တစ်ခါတလေမှာ ကျွန်တော်ဟာ အရမ်းလှပတဲ့ဂိုးတွေ သွင်းနိုင်သလို၊ တစ်ခါတလေမှာတော့ ရိုးရိုးရှင်းရှင်းဂိုးတွေ သွင်းယူခဲ့တာ ဖြစ်တယ်လို့ ထင်မိပါတယ်။

ဥပမာ နာပိုလီနဲ့ပွဲမှာဆိုရင် ကျွန်တော့်ရဲ့ အားမသန်တဲ့ဘယ်ခြေနဲ့ ကန်သွင်းဖို့ နေရာလွတ် ပိုပြီးရရှိခဲ့ပါတယ်..။ ဝက်စ်ဟမ်းနဲ့ပွဲမှာကျတော့ ကျွန်တော့်ဂိုးက ခေါင်းတိုက်ဂိုး ဖြစ်နေခဲ့တယ်။ ဒါကြောင့်ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေတာပါ။ ခင်ဗျားမှာဂိုးသွင်းနိုင်ဖို့ တခြားနည်းလမ်းတစ်ခုခု အမြဲတမ်းရှိနေမယ်ဆိုရင် ခင်ဗျားရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ပိုပြီးလွယ်ကူသွားမှာပါ..။

လူတိုင်းက ကျွန်တော့်ဆီကနေ သွင်းဂိုးတွေရဖို့ မျှော်လင့်ထားကြတာပါ။ ဒါကြောင့် ပွဲကန်တဲ့အချိန်မှာ အသင့်ဖြစ်နေဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်း အစွမ်းကုန် ကြိုးစားနေရပါတယ်။ ဒါဟာခက်ခဲမှန်း သိပေမယ့် ဆက်လက်ပြီး ကြိုးစားသွားရမှာပါ..။ ဒီလိုနည်းနဲ့ ထိပ်တန်းအဆင့်တစ်ခုကို ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအခြေအနေမှာလည်း တော်တော်လေး ကောင်းမွန်နေပါတယ်။ ကျွန်တော်ဟာ ခြေစွမ်းပြနေနိုင်သလို ဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးနိုင်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ အခုထက်ပိုပြီး စွမ်းဆောင်ပြချင်တာပါ..။”

ဂျာအို ပီဒရို ဟာ အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၃) ဂိုး သွင်းယူထားပြီး ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ပြိုင်ပွဲစုံမှာ သူပြုလုပ်ထားတဲ့ ဂိုးဖန်တီးမှု (၈) ကြိမ်ကိုပါ ထည့်တွက်မယ်ဆိုရင် အခုဘောလုံးရာသီမှာ ပျမ်းမျှ မိနစ် (၁၂၀) တိုင်းမှာ ဂိုးတစ်ဂိုး (သွင်းဂိုး သို့မဟုတ် ဖန်တီးမှု) မှာ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ထူးချွန်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နှုန်းထားဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်ဝတ်စုံနဲ့ ပထမဆုံးရာသီမှာ ဂျာအို ပီဒရို ရဲ့ သက်ရောက်မှု ဘယ်လောက် ကြီးမားနေလဲ? ဆိုတာကိုပါ သက်သေပြနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(ချယ်လ်ဆီးအသင်း Official website မှ တင်ဆက်သော ‘Analysis: The multifaceted finishing of Joao Pedro’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)