ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဘန်လေအသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သောပွဲစဉ်မှ ဘန်လေအသင်း၏ တည်ကန်ဘောများကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရသော ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းအပေါ် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် က BBC Sports သတင်းဌာန၏ Match of the Day အစီအစဉ်မှတဆင့် အောက်ပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ပါသည်..။
မားကပ်စ် ချက်ပ်မန်း - အခုအောက်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁) ပါ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ အနိုင်ရရှိနေရာကနေ ပြန်ပြီးဆုံးရှုံးသွားတဲ့ ရမှတ်ပေါင်း (၁၇) မှတ်အထိ ရှိနေပြီး ပရီးမီးယားလိဂ်မှာ အနိုင်ရလဒ်ကနေ ရမှတ်ဆုံးရှုံးမှု အများဆုံးအသင်း ဖြစ်နေပါတယ်..။ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး နည်းပြလီယန် ရိုဆီနာ ကလည်း ဒီနေ့ပွဲအပြီးမှာ အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်..။
သူ့ရဲ့ပြောကြားချက်မှာ နည်းပြကြီးက ကစားသမားတွေရဲ့ ခံစစ်ပိုင်း ကစားပုံကို လက်ခံလို့ရပေမယ့် တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ အနိမ့်ဆုံး အခြေခံလိုအပ်ချက်တွေကို လိုက်နာခဲ့ခြင်းမရှိဘူး..၊ သူတို့ဟာ ပေးအပ်ထားတဲ့ အသေးစိတ် တာဝန်တွေကို ကျေပွန်ခဲ့ခြင်းမရှိဘူး.. လို့ ပြောသွားခဲ့ပါတယ်.. မီကယ် ရေ..
မီကာ ရစ်ချက် - သူ့ရဲ့ဝေဖန်ချက်ဟာ ‘ပြင်းထန်တယ်’ လို့ ပြောလို့ရပေမယ့် တကယ်ဖြစ်ပျက်နေတဲ့ အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့တာပါ…။ ဘာဖြစ်လို့လည်းဆိုတော့ ဘန်လေအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့ပုံစံဟာ အဆင်မပြေခဲ့ပါဘူး..။ အခုအောက်က ပူးတွဲပုံ (ပုံ- ၂) မှာ ဆိုရင် ပထမပိုင်း (၇) မိနစ်မှာ ဘန်လေအသင်းက ထောင့်ကန်ဘော ကန်တင်မယ့်အချိန် ချယ်လ်ဆီးအသင်းရဲ့ နေရာယူထားပုံကို တွေ့ရမှာပါ..။

အဲဒီပုံထဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ပင်နယ်တီဧရိယာထဲမှာ ကစားသမား (၁၀) ယောက် ရှိနေပြီး ဘန်လေအသင်းဘက်က (၅) ယောက်နဲ့ ‘10 vs 5’ အနေအထား ဖြစ်နေပါတယ်..။ ဘန်လေအသင်းက ကစားသမား (၃) ယောက်ကို ဂိုးဧရိယာရဲ့ အပြင်ဘက်မှာ နေရာယူခိုင်းထားပါတယ်..။
ထောင့်ကန်ဘောကို ကန်တင်မယ့်အချိန် (၆) ကိုက်စည်းရဲ့ အပြင်ဘက်မှာ ဘန်လေအသင်းက ဂျိုးလ် ဝိုရယ်လ် နဲ့ ဇီယန် ဖလမ်းမင်း တို့ ရှိနေပြီး သူတို့နှစ်ယောက်ကို ရိစ် ဂျိမ်းစ် နဲ့ မွိုက်စ် ကိုင်ဆီဒို တို့က လူကပ်ထားရမှာ ဖြစ်ပါတယ်..(ပုံ- ၃)။

ဘန်လေအသင်းဘက်က ထောင့်ကန်ဘောကို ကန်တင်လိုက်တာနဲ့ ဂျိုး ဝိုရယ်လ် က (၆) ကိုက်စည်းထဲကို တည့်တည့်ပြေးဝင်သွားပါတယ်..(ပုံ- ၄)။ ဒါ့ကြောင့်ရိစ် ဂျိမ်းစ် က သူနဲ့အတူ လိုက်ပါသွားရပါတယ်..။

အခုဆိုရင် ဝိုရယ်လ် ရဲ့ လှုပ်ရှားမှုကြောင့် လွတ်သွားတဲ့ နေရာလွတ်ထဲကို ဇီယန် ဖလမ်းမင်း က ပြေးဝင်လာပြီး ခေါင်းတိုက်ဂိုးသွင်းဖို့ အနေအထားကောင်းတစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်..(ပုံ- ၅)။ ဘာမှရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘူးဗျ..။ ဘန်လေအသင်းအတွက် အခွင့်အရေး ဖန်တီးနိုင်ဖို့ သိပ်ကိုလွယ်လွန်းခဲ့ပါတယ်..။ ပွဲအစ (၇) မိနစ်ပဲ ရှိသေးတယ်ဗျ..။
ဇီယွန် ဖလမ်းမင်း ရဲ့ ခေါင်းတိုက်ချက်ဟာ ထိချက်မမှန်ခဲ့ပါဘူး..။ ချော်ထွက်သွားတဲ့ ဘောလုံးကို ကွင်းလယ် ကစားသမား အူဂိုချူကူ က ထောင့်ဖြတ်ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးလွန်ဘော ဖြစ်သွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်း သက်သာခဲ့ရပါတယ်..။

ကဲ… ချယ်လ်ဆီးအသင်းဘက်က ချေပဂိုးပေးလိုက်ရတဲ့ ထောင့်ကန်ဘောကို ကြည့်ရအောင်ဗျာ..။ အခုပူးတွဲပုံ (ပုံ- ၆) မှာဆိုရင် ဂိုးဧရိယာထဲမှာ ရှိနေတဲ့ ဘန်လေအသင်း ကစားသမားသုံးယောက်က ထောင့်ကန်ဘော ကန်တင်ပေးမယ့် ဝက်ဒ်- ပရောက်စ် ကို ဂိုးဧရိယာထဲကို ပေးပို့ဖို့ အချက်ပြနေတာ တွေ့ရမှာပါ..။

အဲဒီအချိန်မှာ ဝက်စ်လေ ဖိုဖားနား အထုတ်ခံလိုက်ရတာကြောင့် တစ်ယောက်လျော့နေပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂိုးဧရိယာထဲမှာ (၉) ယောက်နဲ့ ကာကွယ်မှာဖြစ်ပြီး ဘန်လေအသင်းဘက်က (၅) ယောက် (9 vs 5) ရှိနေပါတယ်..(ပုံ- ၇)။

ဘန်လေအသင်းဘက်က ခေါင်းတိုက်မယ့်သူတွေက ဂျိုး ဝိုရယ်လ် နဲ့ ဇီယန် ဖလမ်းမင်း တို့ပါပဲ..။ ဒီတစ်ခါမှာတော့ သူတို့ကို လူကပ်ဖို့ တာဝန်ကျတာက အန်ဒရေ ဆန်းတို့စ် နဲ့ မွိုက်စ် ကိုင်ဆီဒို တို့ ဖြစ်နေပါတယ်..(ပုံ- ၈)။ သူတို့နှစ်ယောက်ဟာ ဘန်လေအသင်းဘက်က ခေါင်းတိုက်မယ့်သူတွေကို ပြေးထွက်လို့မရအောင် တားဆီးနိုင်ခဲ့သင့်ပါတယ်..။

ဝက်ဒ်- ပရောက်စ် ကန်တင်လိုက်တဲ့အချိန်မှာ ယောင်ပြပြေးထွက်သွားခဲ့တဲ့ ဝိုရယ်လ် ရဲ့ နောက်ကို မွိုက်စ် ကိုင်ဆီဒို လိုက်ပါသွားခဲ့ပါတယ်..(ပုံ- ၉)။ အမှန်တကယ် ခေါင်းတိုက်မယ့် ဖလမ်းမင်း ရဲ့နောက်ကို ဘယ်သူကမှ (အထူးသဖြင့် အင်ဒရေ ဆန်းတို့စ်) လိုက်ပါခဲ့ခြင်း မရှိခဲ့တာကြောင့် ဘန်လေတိုက်စစ်မှူးဟာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်၊ ဂိုးသွင်းခွင့် ရခဲ့ပါတယ်..။
မားကပ်စ် ချက်ပ်မန်း - ရှင်းရှင်းလေးပါလားဗျ..။ ဘာမှခက်ခက်ခဲခဲ မလုပ်လိုက်ရပဲ ခေါင်းတိုက်ခွင့် ရသွားခဲ့တာဗျ..။
မီကာ ရစ်ချက် - မှန်ပါတယ်..။ ချယ်လ်ဆီးဘက်က တစ်ယောက်လျော့သွားလို့ ဘန်လေအသင်းက လူအင်အား အသာစီးနဲ့ (overload) ခေါင်းတိုက်ခွင့် အရယူသွားခဲ့တယ်.. လို့ ထင်စရာ ရှိပါတယ်..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁၀) မှာ အင်ဒရေ ဆန်းတို့စ် ရဲ့ နေရာယူထားပုံကို တွေ့နိုင်ပါတယ်..။ အဲဒီပုံမှာဆိုရင် ဆန်းတို့စ် နဲ့ အချီယမ်ပေါင်း တို့ဟာ ခေါင်းတိုက်သွားမယ့် ဇီယန် ဖလမ်းမင်း ကို စောင့်ကြည့်ဖို့ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြီး တာဝန်ပေးနေကြပါတယ်..။

ဒါပေမယ့် တကယ်တမ်း ခေါင်းတိုက်ဖို့ ပြေးဝင်လာတဲ့အချိန် ဆန်းတို့စ် ဟာ သူ့ရှေ့ကဖြတ်ပြေးသွားတဲ့ ဘန်လေတိုက်စစ်မှူးကို သတိပြုမိလိုက်ပုံ မရခဲ့ပါဘူး..(ပုံ- ၁၁)။ ဖလမ်းမင်း ရဲ့ ခေါင်းတိုက်ချက်ကလည်း သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။

ဂိုးပေးလိုက်ရပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ခံစစ်ကြောင်း အားနည်းချက်ကို မပြင်နိုင်ခဲ့ပါဘူး..။ နာကျင်အချိန်ပို (၉၀ + ၆) မိနစ်မှာ ဘန်လေအသင်းဘက်က နောက်ထပ်တစ်ကြိမ် ထောင့်ကန်ဘော ကန်တင်ခွင့်ရခဲ့ပါတယ်..။ ဝက်ဒ်- ပရောက်စ် ကန်တင်မယ့်အချိန် နှစ်သင်းစလုံးရဲ့ နေရာယူထားပုံဟာ အတူတူပါပဲ..။
ဒီတစ်ကြိမ်မှာလည်း အမှန်တကယ် ခေါင်းတိုက်မယ့် ဘရန်း လာဆင် ရဲ့ ပြေးလမ်းကို လိုက်လံပိတ်ဆို့မယ့် ကစားသမား တစ်ယောက်မှ ရှိမနေပါဘူး.. (ပုံ- ၁၂)။ လူစားဝင်တိုက်စစ်မှူး ဘရန်း လာဆင် ဟာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် ဂိုးဘားတန်းကျော်သွားလို့ သက်သာရာရခဲ့ပါတယ်..။ တကယ်လို့ အဲဒီအလုံးသာ ဂိုးပေါက်တည့်ခဲ့ရင် ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲနဲ့ရင်ဆိုင်သွားရမှာပါ..။

သူတို့ဟာ အဲဒီလိုအသေးစိတ်လေးတွေကို ဂရုမစိုက်ဘူး.. ဆိုရင် ချန်ပီယံလိဂ်လို အမှားမခံတဲ့ ပွဲကြီးတွေမှာ အကြောင်းဆိုးသွားပါလိမ့်မယ်..။ ကျွန်တော်တို့လို နောက်ခံလူဟောင်း တစ်ယောက်အနေနဲ့ ခံစစ်ကစားသမားတွေရဲ့ ပေါ့လျော့မှုတွေ၊ အာရုံစူးစိုက်မှု အားနည်းတာတွေ မြင်တွေ့နေရတာ စိတ်ပျက်စရာပါပဲ..။ ဒါတွေဟာ အသင်းရဲ့အတွင်းမှာ ခေါင်းဆောင်မှုပိုင်း (leadership) နဲ့ အသင်းလိုက်စုစည်းမှု (organization) လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောလို့ရပါတယ်..။
တကယ်တော့ ဘန်လေအသင်းဟာ လူတစ်ယောက်အသာရနေတာကို အခွင့်အရေးယူပြီး ထိုးဖောက်၊ ဂိုးသွင်းသွားခဲ့တာ မဟုတ်ပါဘူး..။ ပေးလိုက်ရတဲ့ အခွင့်အရေးတွေဟာ တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ခံစစ်ကစားသမားတွေ ပြုလုပ်ရမယ့် အခြေခံလှုပ်ရှားမှုလေးတွေ (basics) ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်..။
မားကပ်စ် ချက်ပ်မန်း - ခင်ဗျားအဓိကပြောသွားတဲ့ သုံးသပ်ချက်အရဆိုရင် ခံစစ်ပိုင်းအခြေခံအချက်တွေကို နောက်ခံလူတွေတင်မကပဲ ခံစစ်ကိုဆင်းကူတဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေကပါ လိုက်နာဖို့ လိုအပ်နေတဲ့ပုံပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ဖလမ်းမင်း ခေါင်းတိုက်သွားခဲ့တဲ့ ချေပဂိုးဟာ အင်ဒရေ ဆန်းတို့စ် ရဲ့ အားနည်းချက်ကြောင့် ခွင့်ပြုလိုက်ရသလို ဖြစ်နေတာကိုးဗျ..။
ဒါ့အပြင်ချယ်လ်ဆီးအသင်းရဲ့ နောက်ထပ်ပြဿနာတစ်ချက်က နောက်တန်းခံစစ်ကြောင်း အတွဲအစပ်တွေကို တချိန်လုံးပြောင်းလဲနေတာပဲဗျ..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၁၃) မှာဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲနဲ့တစ်ပွဲမှာ ပွဲထွက်လာတဲ့ နောက်ခံလူတွေ မတူညီတာ မြင်တွေ့ရမှာပါ..။ ခုနကခင်ဗျားပြောတဲ့ အသင်းလိုက် စုစည်းမှု၊ နားလည်မှုနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ ခံစစ်ကြောင်း ပွဲထွက်လူစာရင်းနဲ့ စတင်သင့်တယ်.. လို့ မထင်မိဘူးလား..?

ဝိန်း ရူနီ - မှန်ပါတယ်..။ တစ်ခုရှိတာက အင်ဇို မာရက်စ်ကာ လက်ထက်တုန်းကလည်း အခုလိုပုံစံအတိုင်းပဲ ခံစစ်ကြောင်း ပွဲထွက်ပုံ တစ်ပွဲနဲ့တစ်ပွဲ မတူညီခဲ့ပါဘူး..။ ဒါဟာသူတို့အသင်းမှာရှိနေတဲ့ များပြားလှတဲ့ ကစားသမားတွေကို အခွင့်အရေးပေးနိုင်ဖို့ အသင်းရဲ့အုပ်ချုပ်သူတွေက ဖိအားပေးထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာဖို့၊ ဒါမှမဟုတ် ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့.. ဆိုရင် အသင်းရဲ့ခံစစ်ကြောင်းဟာ တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်.. လို့ ထင်မြင်မိပါတယ်..။
ကွင်းလယ် ကစားသမားတွေကို အလှည့်ကျ ကစားခိုင်းလို့ ရနိုင်တယ်..၊ တိုက်စစ်ကစားသမားတွေကို တစ်လှည့်စီ ပွဲထုတ်ဖို့လည်း ဖြစ်နိုင်ပါသေးတယ်..။ ဂိုးသမားလည်း ရသေးတယ်.. ဆိုပေမယ့် အသင်းတစ်သင်းမှာ ကစားသမားတွေကို အလှည့်ကျပွဲထုတ်တာ များလွန်းရင် အချင်းချင်းကြားမှာ နားလည်မှုနဲ့ စုစည်းကျစ်လျစ်မှု ဘယ်လိုနည်းနဲ့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး..။
မီကာ ရစ်ချက် - အလှည့်ကျပွဲထုတ်ဖို့ ဖိအားတွေ ရှိနေခဲ့တယ်.. ဆိုရင်တောင် အနည်းဆုံး ကိုယ့်အသင်းရဲ့ အကောင်းဆုံး ခံစစ်ကစားသမား (၄) ယောက်ကို ရှာဖွေ၊ တွေ့ရှိထားနိုင်ရပါမယ်..။
ဝိန်း ရူနီ - နောက်ပြီး ခံစစ်ကြောင်းတစ်ခုလုံးရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးမယ့် ခေါင်းဆောင်က ဘယ်သူလဲ..? အဲဒါကိုတော့ သိထားမှ ဖြစ်ပါမယ်..။ ချယ်လ်ဆီးအသင်းမှာ ဗဟိုခံစစ်မှူးတွေကို ကြည့်လိုက်ရင် အကုန်လုံးက တစ်ပုံစံတည်းလို ဖြစ်နေတာဗျ..။ အားလုံးထက်ပိုပြီး ထူးထူးခြားခြား ချွန်ထွက်နေတဲ့ နောက်ခံလူလည်း ရှိမနေခဲ့ပါဘူး..။