feature-image

ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအခက်အခဲတွေအပေါ် ဂန္ထဝင်ကစားသမား တစ်ယောက်ရဲ့အမြင်..

ဗုဒ္ဓဟူးနေ့က Sky Sports သတင်းဌာနမှ တင်ဆက်ခဲ့သော The Premier League Show အစီအစဉ်တွင် ချယ်လ်ဆီးအသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် က လက်ရှိနည်းပြ လီယမ် ရိုဆီနာ အပေါ် အကြံပြုချက်၊ ချယ်လ်ဆီးအသင်း၏ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အလားအလာ၊ အသင်း၏ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ၊ အိမ်ကွင်းမှာ ရမှတ်များ ဆုံးရှုံးနေသည့်အပေါ် ထင်မြင်ချက်များကို အောက်ပါအတိုင်း ပြောပြခဲ့သည် .။

မေး - ဂျင်မီ ရေ.. ရှင့်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးနဲ့ပဲ စလိုက်ရအောင်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာ မဟုတ်လား? လီယမ် ရိုဆီနာ ဟာ ဇန်နဝါရီလတုန်းက အသင်းကိုတာဝန်ယူခဲ့ပြီး သူဟာအတော်လေး ကောင်းမွန်တဲ့ အစပြုမှုမျိုး ရှိခဲ့တယ်လို့ ချီးမွမ်းခဲ့ကြတယ်မလား..။ သူ့ရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုအကဲဖြတ်မလဲ?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - ဟုတ်ကဲ့... သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ တာထွက်ဟာ အတော်လေး ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲကိုတော့ နည်းနည်းစိတ်ပျက်မိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရွက်ပေါ်မှာ ကြည့်မယ်ဆိုရင် အဲဒီပွဲတွေကနေ (၆) မှတ် အပြည့်ရလိမ့်မယ်လို့ မျှော်လင့်ထားမှာဖြစ်လို့ပါပဲ။ လိဒ် ယူနိုက်တက်နဲ့ပွဲမှာ သူတို့ဟာ ၂- ၀ နဲ့ နိုင်နေခဲ့တာပါ၊ အဲဒါကို လိဒ်က ၂- ၂ ဖြစ်အောင် ပြန်လိုက်လာပြီး ရလဒ်ကောင်းတစ်ခုကို ဖျက်ဆီးသွားခဲ့တာပေါ့။

ဘန်လေနဲ့ပွဲမှာလည်း အလားတူပါပဲ။ ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့တယ်၊ အိမ်ကွင်းမှာကစားနေတာ ဖြစ်တယ်၊ စောစောစီးစီး အဖွင့်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူတို့အလိုရှိသလောက် အရာတွေအားလုံး ဖြစ်မလာခဲ့ပါဘူး။ နောက်ထပ်အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ကြဘူး၊ အဲဒီအချက်ကို စိတ်ပျက်မိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။



ဒါ့အပြင်ဒုတိယပိုင်းမှာရခဲ့တဲ့ အနီကတ်ဟာ သူတို့အတွက် အထောက်အပံ့ မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ (၃) မှတ်နဲ့အတူ ပွဲကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေတုန်းပါပဲ။ အဲဒီပွဲနှစ်ပွဲက ရလဒ်တွေအတွက် သူဟာ တကယ့်ကို စိတ်ပျက်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ ရောက်လာတဲ့အချိန်မှာ လူတော်တော်များများက အံ့ဩတကြီး စိတ်ဝင်စားခဲ့ကြပါတယ်။ သူဟာ တစ်နေ့နေ့ကျရင် အသင်းကြီးတစ်သင်းရဲ့ နည်းပြအဖြစ် ဆက်ခံနိုင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ခံစားခဲ့ရပေမယ့် အခုလိုချက်ချင်းကြီး ဖြစ်လာမယ်လို့ ထင်မှတ်ထားခဲ့တာ မဟုတ်တာကြောင့်ပါပဲ..။

မေး - တကယ်လို့ လီယမ် ဟာ အချိန်စောပြီး ရောက်လာတာဆိုရင်၊ ရှင့်ရဲ့အမြင်အရ မာရက်စကာ ကရော အသင်းကနေ စွန့်ခွာသွားခဲ့တာ အရမ်းစောခဲ့လား?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - ဒီလိုအလုပ်မျိုး (ချယ်လ်ဆီးနည်းပြတာဝန်) ကို ရဖို့ ‘စောလွန်းတယ်..’ ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ အခွင့်အရေး ရချင်ရမယ်၊ မရချင်ရင် မရဘူး။ ခင်ဗျား အခွင့်အရေး ရလာတဲ့အခါမှာတော့ ခင်ဗျားဟာ ရေကူးတတ်ဖို့ လိုအပ်သလို ခင်ဗျားရဲ့ခေါင်းကို ရေပေါ်မှာ အမြဲရှိနေအောင် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်.. ဒါဟာကြီးမားတဲ့ အလုပ်တစ်ခုပါ။ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သလို မျှော်လင့်ချက်တွေကလည်း ကြီးမားပါတယ်။ လူတိုင်းက ပွဲစဉ်တိုင်းကို အနိုင်ရချင်ကြတာပါ။ ချယ်လ်ဆီးအသင်းအတွက် ဆုဖလားတွေဟာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိထားကြပါတယ်။

လီယမ် ဟာ ချယ်လ်ဆီးအသင်းနဲ့ တာထွက်ကောင်းခဲ့တယ်ဆိုတာ သူကိုယ်တိုင်သိပါတယ်။ ဒါပေမယ့် အသင်းမှာ သူ့ရဲ့ကိုယ်ပိုင် အမှတ်အသား၊ သင်္ကေတ (stamp) ကို ချပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဘယ်လိုအရာမျိုးတွေ ဖြစ်စေချင်လဲ? ဘယ်လိုပုံစံ ကစားစေချင်လဲ? စသဖြင့်ပေါ့ဗျာ..။ သူ့ရဲ့ကစားဟန်ဟာ မာရက်စ်ကာ နဲ့ အတော်လေး ဆင်တူနေပေမယ့် သူဟာ ကိုယ်ပိုင်ပင်ကိုယ်စရိုက် (own person) ရှိတဲ့သူ ဖြစ်ပါတယ်..။ အဲဒီပင်ကိုယ်စရိုက်ဟာ ချယ်လ်ဆီးအပေါ်မှာ သိသာ၊ ထင်ရှားတဲ့ အမှတ်သင်္ကေတတစ်ခုအဖြစ် သက်ရောက်စေရမှာဖြစ်ပြီး ခင်ဗျားမှာ အချိန်အများကြီး မရပါဘူး။ ပွဲတွေနိုင်နေမှသာ အချိန်ရမှာဖြစ်ပြီး အဲဒီအခါကျမှ အပြောင်းအလဲတွေ လုပ်နိုင်မှာပါ။ ဒါကြောင့် ယှဉ်ပြိုင်ရတဲ့ပွဲတွေ အနိုင်ရဖို့လိုအပ်ပြီး အဲဒီနောက်မှာတော့ ခင်ဗျားအလိုရှိတဲ့အတိုင်း ဖြည်းဖြည်းချင်း အနည်းငယ်စီ ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။



မေး -
ကောင်းပါပြီ။ ဒါဆိုရင် အခုဘောလုံးရာသီမှာရော သူတို့ဘာတွေလုပ်ဖို့ လိုအပ်နေလဲ? Opta ရဲ့ စူပါကွန်ပျူတာ မှာ ဖော်ပြထားချက်အရ ချယ်လ်ဆီးအသင်းဟာ အဆင့် (၄) နေရာရဖို့ အခွင့်အရေး (၁၅ %) ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ သူတို့ကတော့ ချယ်လ်ဆီးဟာ ထိပ်ဆုံး အဆင့် (၄၊ ၅) နေရာကနေ ပြုတ်သွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရမှာမဟုတ်ဘူး.. လို့ မှန်းဆထားပါတယ်..။ ခင်ဗျားရော စူပါကွန်ပျူတာရဲ့ မှန်းဆချက်ကို သဘောတူလား?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - အင်း... စူပါကွန်ပျူတာနဲ့တော့ ပြိုင်ပြီးမငြင်းချင်ပါဘူး..။ သူ့ရဲ့အစား ခင်ဗျားနဲ့ပဲ ငြင်းခုံရတော့မှာပဲ။ ကြည့်ပါ... ဘောလုံးပွဲတစ်ပွဲမှာ ဘယ်သူနဲ့ကန်တယ်.. ဆိုတာထက် ပွဲစဉ်တွေကို အနိုင်ရဖို့ကပဲ ပိုပြီးအရေးကြီးပါတယ်..။ လက်ကျန်ပွဲစဉ်တွေထဲမှာ တကယ့်ကိုခက်ခဲမယ့် ပွဲစဉ်တချို့ ရှိနေပါတယ်။ ဟုတ်ပါတယ်...၊ ခင်ဗျားရဲ့ နောက်ဆုံး (၁၁) ပွဲပေါ့ဗျာ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အရင်ကလည်း အဲဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ဖူးပြီး သူတို့တွေ အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါဆိုရင် အခုရော ဘာလို့ မဖြစ်နိုင်ရမှာလဲ?

Yes.. ဟုတ်ပါတယ်၊ သူတို့ဟာ တည်ငြိမ်တဲ့ခြေစွမ်း (form) ပြန်ရှာတွေ့ဖို့ လိုအပ်နေပါတယ်..၊ ဂိုးတွေ ပိုသွင်းဖို့ လိုအပ်သလို ဂိုးမပေးရအောင် (clean sheets) ပိုပြီးထိန်းထားနိုင်ဖို့လည်း လိုအပ်ပါတယ်။ လီယမ် ရိုဆီနာ ဟာ အဲဒါကိုသိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ဖြစ်နိုင်ပါတယ်။

ကျွန်တော့်ကတော့ အဲဒီ (၁၅ %) ရာခိုင်နှုန်းဆိုတဲ့ မှတ်ချက်ကို အဝတ်လဲခန်းထဲမှာ အသုံးချပြီး 'ကြည့်စမ်း... ငါတို့ကို ဒီလိုတွေ ပြောနေကြပြီ..၊ ဘာလုပ်ကြမလဲ...? ကဲ.. အစွမ်းကုန် ကြိုးစားကြည့်ရအောင်' ဆိုပြီး ပြောမိမှာပဲ။ လူတွေမှားတတ်တယ်.. ဆိုတာ သက်သေပြဖို့ အဲဒီမှတ်ချက်ကို အသုံးချရမှာပါ။ ဒါကြောင့် တစ်ခါတလေမှာ လူတိုင်းက ခင်ဗျားနဲ့ဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါမျိုးက ပိုကောင်းတတ်ပါတယ်..။



မေး - ဒါပေမယ့် ဒါကကွန်ပျူတာကြီးလေ ဂျင်မီ ရဲ့..၊ လူတိုင်းက ရှင်တို့နဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ ဟားဟား..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - ဟုတ်ပါပြီ။ ဒါပေမယ့် အခုချိန်မှာ အရာအားလုံးက အဲဒီဘက်ကိုပဲ ဦးတည်နေတာ မဟုတ်လား။ အခုခေတ် ဘောလုံးလောကမှာ အရာအားလုံးကို တွက်ချက်နေကြပါတယ်..။ အဲဒီတွက်ချက်မှုတွေကနေ ရရှိလာတဲ့ ရာခိုင်နှုန်းတွေဟာ တခြားအရာတွေဆီ ဦးတည်နေတာပါ။ အဲဒီတွက်ချက်မှုတွေကိုလည်း ကြည့်ရပါမယ်..။ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ ဒေတာတွေ၊ တွက်ချက်မှုတွေအပေါ်မှာ (၁၀၀ %) ရာခိုင်နှုန်း အခြေခံမှာ မဟုတ်ပေမယ့် အချက်အလက် (data) တွေကို ကြည့်ရပါမယ်။

တခါတလေမှာ အဲဒီ အချက်အလက်တွေကတဆင့် ခင်ဗျားအတွက်ရော၊ ကစားသမားတွေကိုပါ ပြန်လည်ပြင်ဆင်ဖို့ (reset) နှိုးဆွတဲ့အနေနဲ့ 'ဟေ့ လူတို့... ဟိုအပြင်မှာ ငါတို့အကြောင်း ဒီလိုတွေ ပြောနေကြတယ်၊ အစွမ်းကုန် ကြိုးစားကြစို့' ဆိုပြီး ပြောနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ကိရိယာ (tool) တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ အဲဒီခန့်မှန်းချက်တွေကို အပြုသဘောဆောင်တဲ့ ဘက်ကနေ အသုံးချနိုင်ပါတယ်။ ကျွန်တော်သာဆိုရင်တော့ အဲဒီလိုပဲလုပ်မှာပါ။

မေး - အချက်အလက်တွေအရ ‘ကိုးလ် ပါးမား သာ ကြံ့ခိုင်မှုရှိပြီး ဂိုးတွေသွင်းနေမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပိုပြီးကောင်းမွန်တဲ့အသင်း ဖြစ်တယ်’ လို့ ညွှန်ပြနေပါတယ်။ ဒါဆိုရင် ကျန်ရှိတဲ့ပွဲစဉ်တွေမှာ ပါးမား ဟာ သူတို့အတွက် တကယ့်ကို အရေးပါတဲ့ အဓိကသော့ချက် ဖြစ်လာမှာလား..?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - အချက်အလက်တွေက တကယ့်ကို ကောင်းလှပါလားဗျ..!! ချယ်လ်ဆီးကတော့ ပွဲစဉ်တိုင်းအနိုင်ရဖို့ လိုအပ်နေတာပါ။ ဟုတ်ပါတယ်၊ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ ကိုးလ် ပါးမား၊ (၁၀၀ %) ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိတဲ့ ကိုးလ် ပါးမား ရှိနေရင် ချယ်လ်ဆီးအသင်းဟာ ပိုပြီးကောင်းတဲ့အသင်း ဖြစ်တယ်လို့ ကျွန်တော် အမှန်တကယ် ယုံကြည်ပါတယ်။ အခုအချိန်မှာ သူဟာ (၁၀၀ %) ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်သေးဘူးလို့ ကျွန်တော် ယူဆပါတယ်..၊ ဟုတ်တယ်မလား?



ကိုးလ် ပါးမား ဟာ သူ့ရဲ့အကောင်းဆုံး ကြံ့ခိုင်မှုအခြေအနေ ရရှိဖို့ ပွဲကစားနိုင်စွမ်း (match fitness) ရဲ့ နောက်ဆုံးအပိုင်းလေး ရရှိဖို့ပဲ လိုပါတော့တယ်။ အဲဒါကတော့ ပွဲတွေကစားခြင်းအားဖြင့်သာ ရနိုင်မှာပါ။ အဲဒါကို ရရှိသွားတဲ့ အချိန်မှာ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ခင်ဗျား သိတဲ့အတိုင်းပဲ... အခုချိန်မှာ သူတို့ဟာ ဒဏ်ရာရနေတဲ့ အက်စတီဗာအို ကိုလည်း လက်လွှတ်ထားရပါတယ်…။ သူဘာတွေ စွမ်းဆောင်နိုင်လဲ? ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါကြောင့် တကယ်လို့ ကိုးလ် ပါးမား နဲ့ အက်စ်တီဗာအို တို့ နှစ်ယောက်စလုံး ရှိနေမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

အရင်ကလည်း အဲဒီစွမ်းဆောင်ပြနိုင်ခဲ့တာကျွန်တော်တို့ မြင်ခဲ့ဖူးပါတယ်။ လူတိုင်းက သူတို့ကိုအပြတ်အသတ် အရေးနိမ့် (slaughtered) တော့မယ်လို့ ထင်မှတ်ထားကြချိန်မှာ သူတို့ဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ယူခဲ့ပါတယ်..။ ဒါကြောင့်ဂိုးတွေ မြူးနေတဲ့ ကိုးလ် ပါးမား တစ်ယောက်ရှိနေခြင်းဟာ ချယ်လ်ဆီးသာမက ဘယ်အသင်းကိုမဆို အများကြီး ပိုကောင်းသွားစေပါတယ်။

မေး - ဘယ်အသင်းကိုမဆို..’ ဆိုတဲ့အထဲမှာ မန်ချက်စတာ ယူနိုက်တက် ရော ပါရဲ့လား..? ပါးမား ဟာ ချယ်လ်ဆီးမှာ ပျော်ရဲ့လားဗျ..? သူဟာမန်ချက်စတာ ယူနိုက်တက်ကို ရောက်သွားနိုင်လား..?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - သူဟာ မန်ယူ ပရိသတ် တစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်..။ ဒါဟာခွင့်ပြုလို့ရတဲ့ကိစ္စပါ။ ခင်ဗျားသိတဲ့အတိုင်း သူဟာ မန်ချက်စတာ မှာပဲ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးမှာ သူ့ရဲ့အိမ်ကို ရှာဖွေတွေ့ရှိသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ မန်ချက်စတာ မှာတုန်းကတော့ လမ်းပျောက်နေခဲ့တယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ သူဟာသူ့ကိုယ်သူ ဖိအားတွေ အများကြီးပေးထားပါတယ်..။ ပွဲစဉ်တိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြချင်လွန်းလို့ လူစားလဲခံရတဲ့အခါတိုင်း သူဟာ စိတ်ပျက်နေခဲ့တာပါ။

ဒါကြောင့် ကျွန်တော်တို့ဟာ သူ့အပေါ်က ဖိအားတွေကို နည်းနည်းလောက် လျှော့ချပေးဖို့ လိုကောင်းလိုနိုင်သလို 'မစိုးရိမ်ပါနဲ့၊ အဆင်ပြေလာမှာပါ' လို့ အားပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူဟာ ချယ်လ်ဆီးကို အမှန်တကယ် ချစ်မြတ်နိုးသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ သူဟာအိမ်ကို ရောက်နေတာပါ။ မန်ချက်စတာ စီးတီး မှာတုန်းက အခွင့်အရေး မရခဲ့တာကို မမေ့ပါနဲ့။ ဒါ့ကြောင့် တခြားတစ်နေရာမှာ သူ့ရဲ့ကစားသမားဘဝကို ရှာဖွေနိုင်ဖို့ အသင်းကနေ ထွက်ခွာခဲ့ရပါတယ်..။ အဲဒီအခွင့်အရေးကို ချယ်လ်ဆီးက ပေးခဲ့တာပါ။ ချယ်လ်ဆီးက သူ့ကို ဘယ်တော့မှ.. ဘယ်တော့မှ.. ဘယ်တော့မှ ရောင်းချလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

အထူးသဖြင့် အင်္ဂလန်က အသင်းတစ်သင်းကိုတော့ သေချာပေါက် မရောင်းပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မန်ယူကို နှုတ်ဆက်လိုက်လို့ ရပါတယ်။ အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်လုံးဝ မစိုးရိမ်ပါဘူး။ သူ့ကိုချယ်လ်ဆီးအသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာ မြင်တွေ့ခွင့်ရဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..။



မေး - ကောင်းပါပြီ။ ဒါဆိုရင် အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကိုရော စိုးရိမ်ပါလား? ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအချိန်မှာ အဲဒါကသူတို့အတွက် ပြဿနာတစ်ခုလို ဖြစ်နေလို့ပါ။ ကိုင်စီဒို ဟာ အဝါကတ် (၁၀) ကတ်ဒ် ပြည့်ဖို့ (၂) ကတ်ဒ်ပဲ လိုတော့တာကို ကျွန်တော်သတိပေးပါရစေ..။ အဓိပ္ပါယ်က အလိုအလျောက် (၂) ပွဲ ပယ်ခံရမှာ ဖြစ်ပါတယ်။ ရှင်ပြောခဲ့တဲ့ အာဆင်နယ်၊ ဗီလာ၊ နယူးကာဆယ်၊ အဲဗာတန်၊ မန် စီးတီး တို့နဲ့ ကစားရမယ့် နောက်ထပ် (၅) ပွဲမှာ မွိုက်စ် ကိုင်ဆီဒို မပါဝင်ပဲနဲ့ ခင်ဗျားတိုအသင်း တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဒါဟာပြဿနာတစ်ခုလို့ ယူဆမိလားရှင့်?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - မှန်ပါတယ်၊ ကျွန်တော်မငြင်းပါဘူး။ ဖိုဖာနာ ရဲ့ အနီကတ်ဒ်ဆိုရင် မဖြစ်သင့်ပါဘူး..။ သူကပိုပြီး သိသင့်တာပေါ့ဗျာ..။ အဝါကတ်ဒ် တစ်ကတ်ဒ် ရှိနေပြီးသား အခြေအနေမှာ မလိုအပ်တဲ့လုပ်ရပ်ပါ။ နောက်ပြီးကိုယ့်အသင်းက ပွဲကိုထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေတာပဲလေ..။ နည်းနည်းလောက် ပိုပြီးပါးနပ်ဖို့ (cuter) လိုအပ်ပါတယ်။ အဲဒီအမြင်အရဆိုရင် ချယ်လ်ဆီးက စည်းကမ်းပိုင်းမှာ ပိုပြီးတိုးတက်ဖို့ လိုအပ်နေပါတယ်။

ကိုင်စီဒိုနဲ့ ပတ်သက်ရင်တော့ သူဟာ အဲဒီလိုကစားသမားမျိုးပါ။ စွန့်စားမှုယူပြီး ဓါးသွားပေါ်မှာ ကစားတတ်သူ ဖြစ်တာကြောင့် သူ့ဆီကနေ အဲဒီအချက်ကို ဖယ်ထုတ်ပစ်ဖို့ မလိုလားပါဘူး။ ဟုတ်ပါတယ်၊ အခုလိုအချိန်မျိုးမှာ သူ့ကိုလက်လွှတ်ရမှာကို ဘယ်သူကမှ လိုချင်မှာမဟုတ်ပါဘူး။ တစ်ပွဲတည်းတောင် မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ခင်ဗျားက သူ့ကို hand brake ဆွဲထားသလို ပုံစံနဲ့လည်း မကစားစေချင်ပါဘူး။ သူ့ကို လွတ်လွတ်လပ်လပ် ကစားစေချင်တာပါ။ ကိုင်ဆီဒို ဟာ လွတ်လွတ်လပ်လပ် ကစားတဲ့အခါ သူဟာဖျတ်ထုတ်တယ်၊ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်တွေကို ရပ်တန့်တယ်၊ အဲဒီလိုစွမ်းဆောင်ပေးနိုင်ဖို့ သူဟာစွန့်စားမှုရယူပြီး ကစားတာပါ။



မေး - ဒါဆိုရင် နည်းပြတစ်ယောက်အနေနဲ့ ဘာလုပ်မလဲ? ရှင်သာဆိုရင် အဲဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲ?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - အဲဒီအချက်ကို ပိုပြီးအသေးစိတ် ထောက်ပြလေလေ၊ သူ့အတွက်ပြဿနာ ပိုကြီးလာလေလေ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအအချိန်ကျရင် သူရဲ့စိတ်ထဲမှာ အဲဒါကိုစွဲနေပြီး ကစားတော့မှာမို့လို့ပါ။ ကျွန်တော်ဆိုရင်တော့ ဘာမှပြောမှာမဟုတ်ဘူး။ သူ့ကို ခါတိုင်းကစားနေကျ ပုံစံအတိုင်းပဲ ကစားခွင့်ပေးလိုက်ပါမယ်။

ပြီးတော့... တစ်ဦးချင်း ခေါ်ပြောတာမျိုး မဟုတ်ပဲ တခြားနည်းလမ်းနဲ့ပဲ ချဉ်းကပ်ရမယ်,,။ 'ဟေ့.. သတိထားဦးနော်၊ နောက်ထပ် အဝါကတ်ဒ် (၂) ကတ်ဒ်ဆိုရင် (၂) ပွဲ ပယ်ခံရတော့မှာ' ဆိုတာမျိုးပေါ့ဗျာ..။ ခင်ဗျားက အဲဒီအကြောင်းကို အများကြီးပြောလိုက်တာနဲ့ အဲဒီအတိုင်း တကယ်ဖြစ်သွားမှာပါ။ ဒါမှမဟုတ် လေ့ကျင့်ကွင်းမှာ သူရဲ့ဖျက်ထုတ်မှု နည်းနည်းကြမ်းတမ်းသွားတဲ့အခါမျိုးမှာ တခြားနည်းလမ်းတစ်ခုခုနဲ့ ကိုင်တွယ်ရမှာပေါ့။ ဒါပေမယ့် ကိုင်စီဒို ဟာ ကိုင်စီဒိုပဲ ဖြစ်ရပါမယ်။ သူ့ကို hand brake ဆွဲထားပြီး မကစားစေချင်ပါဘူး။ ကျွန်တော်လည်း အဲဒီလိုမလုပ်ချင်ဘူး။ သူကစားနေကျအတိုင်း အရှိန်အဟုန်အပြည့်နဲ့ပဲ ရှေ့ဆက်စေချင်ပါတယ်။

မေး - ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ ပတ်သက်တဲ့ အလွန်တိကျတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ‘အနိုင်ရလဒ်ကို ထိန်းထားနိုင်မှု (seeing off results)’ ပါပဲ။ အဲဒီအချက်က ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခြင်း၊ မရခြင်း ကို အဆုံးအဖြတ် ဖြစ်သွားနိုင်မလား?  စတန်းဖို့ဒ် ဘရစ်ချ်မှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘန်လေကို ပွဲပြီးခါနီး ချေပဂိုး ပေးလိုက်ရလို့ (၂) မှတ် ဆုံးရှုံးခဲ့ပါသေးတယ်။

အခုပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာ ဦးဆောင်ဂိုး ရထားတဲ့ အနေအထားကနေ (၁၇) မှတ်အထိ ဆုံးရှုံးခဲ့ရပြီး အနိုင်ရလဒ်ကနေ အမှတ်ဆုံးရှုံးမှုအများဆုံးအသင်း ဖြစ်နေပါတယ်..။ အဲဒီတော့ ‘အနိုင်ရလဒ်ကို ထိန်းထားနိုင်ဖို့ (seeing out results)’ ဆိုတာ ချယ်လ်ဆီးအတွက် ပြဿနာတစ်ခု ဖြစ်နေတာလား? ဘန်လေနဲ့ ပွဲမှာ ကြုံခဲ့ရတဲ့ ပြဿနာကို ကျွန်တော်တို့ မြင်ခဲ့ရသလို လိဒ်စ်ယူနိုက်တက်နဲ့ ပွဲအကြောင်းလည်း ရှင်ပြောခဲ့ပါသေးတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ (sort that out) လိုအပ်နေပြီလား?



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - သေချာပေါက် ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီကိန်းဂဏန်းဟာ မကောင်းပါဘူး။ ဘယ်လိုနည်းမှ မကောင်းပါဘူး။ ခင်ဗျားသိတဲ့အတိုင်း ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သလို ကစားသမားကောင်းတွေရှိတဲ့ အသင်းကြီးပါ။ သူတို့ဟာ ဦးဆောင်ဂိုး ရထားပြီးတဲ့အခါမျိုးမှာ ပွဲကိုအနိုင်ရလဒ်နဲ့ အဆုံးသတ်နိုင်ရပါမယ်။ ဒါကြောင့် တစ်ခုခုတော့ မှားယွင်းနေတာ သေချာပါတယ်..။ အဲဒါဘာလဲ? ဆိုတာတော့ ကျွန်တော်မသိဘူးဗျ..။

ဆုံးရှုံးသွားတဲ့ (၁၇) မှတ်လုံးကို ပြန်ရဖို့ မလွယ်ပါဘူး..။ ဒါပေမယ့် သူတို့ဟာ အဲဒီထက်အများကြီး ပိုကောင်းခဲ့သင့်ပါတယ်။ တကယ်လို့ (၈) မှတ်လောက် ပိုပြီးရခဲ့မယ်ဆိုရင် အခုအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရှိနေမှာပါ။ ဒါကြောင့် တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။"

မေး - 
ကျွန်မစဉ်းစားထားတဲ့ သီအိုရီတစ်ခုရှိတယ်..။ အခုပဲ ခေါင်းထဲပေါ်လာတာပါ၊ ရှင်တို့ဝိုင်းလှောင်ကြမလား.. မသိဘူး.. ဟားဟား..။ အဲဒါက လက်ရှိအသင်းမှာ လူငယ်ကစားသမားတွေ အများကြီး ရှိနေလို့များလား? အိမ်ကွင်းမှာ ကစားရတဲ့အခါ မိသားစုတွေ၊ သူငယ်ချင်းတွေ အပါအဝင် လူအများကြီးက ခင်ဗျားကို ပိုပြီးကောင်းစေချင်ကြပါတယ်..။ အဲဒါကြောင့် အဝေးကွင်းထက်စာရင် အိမ်ကွင်းပွဲစဉ်တွေမှာ ပိုပြီး ဖိအားတွေ (added pressure) များနေတာမျိုးလား..?

မိသားစုတွေ လာကြည့်နေပြီး အိမ်ကွင်းပရိသတ်တွေက ကိုယ့်အားပေးနေချိန်မှာ အမှားတစ်ခုခု လုပ်လိုက်မိရင် ကိုယ့်အတွက် အရေးပါတဲ့လူတွေရဲ့ရှေ့မှာ အမှားလုပ်သလို ဖြစ်နေတာမျိုးပေါ့။ ဒါကကျွန်မရဲ့သီအိုရီ.. ယူဆချက်ပါ။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘန့်ခ် - အဲဒါမျိုးက ‘ဖိအား’ လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်ကတော့ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာဟာ ‘အတွေ့အကြုံ’ ပိုင်းနဲ့ ပိုဆိုင်တယ်လို့ ထင်ပါတယ်။ ၁-၀ နဲ့ နိုင်နေချိန်မှာ ဒုတိယဂိုးအတွက် ဆက်ကြိုးစားဖို့၊ ပွဲက ဝ-၀ ပဲ ရှိသေးသလိုမျိုး၊ ဂိုးသွင်းဖို့ လိုနေသေးသလိုမျိုး သဘောထားပြီး ပြိုင်ဘက်ကို ဆက်ပြီး ဖိအားပေးနေဖို့၊ တစ်ပွဲလုံးခြေကုန်၊ ခြေမပျက်စေဘဲ မှန်ကန်တဲ့အရာတွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့ အတွေ့အကြုံ လိုပါတယ်..။

ကျွန်တော်မြင်မိတာတော့ တခါတလေ သူတို့ ၁-၀ နဲ့ နိုင်နေတဲ့ အချိန်မှာ ပွဲရဲ့အရှိန် (intensity) နည်းနည်း ကျသွားတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း 'ငါတို့ ၁-၀ နဲ့ မနိုင်ခင်တုန်းကလောက် အားစိုက်စရာ မလိုတော့ဘူး' လို့ တွေးနေမိတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒါက ‘စိတ်ဓာတ်ပိုင်းဆိုင်ရာ (mentality)’ ပြောင်းလဲပစ်ရမယ့်နေရာ ဖြစ်ပါတယ်..။ ဒါဟာ အရည်အသွေးပိုင်းထက်စာရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။