ချယ်လ်ဆီးအသင်းဟာ လာမယ့် ၂၀၂၆/၂၇ ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် Nike ကုမ္ပဏီရဲ့ အိမ်ကွင်းအင်္ကျီသစ်ကို ယနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်..။
အဲဒီအိမ်ကွင်းအင်္ကျီသစ်ဒီဇိုင်းရဲ့ အဓိကဗဟိုချက်ကတော့ ပရိသတ်တွေနဲ့ ပူးပေါင်းပါဝင်၊ အကြံပေးမှုနဲ့ အသစ်တဖန် ဖန်တီးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ခြင်္သေ့တံဆိပ် (Club Crest) ပဲ ဖြစ်ပါတယ်။ အဲဒီအမှတ်တံဆိပ်ကို အင်္ကျီရဲ့ အရှေ့ဘက်မှာ အသားတံဆိပ်အနေနဲ့ 'Bright Blue' အရောင်နဲ့ ဂုဏ်ယူစွာ ထည့်သွင်း၊ Nike ကုမ္ပဏီရဲ့ ရက်လုပ်ထားပါတယ်။ အိမ်ကွင်းအင်္ကျီသစ်မှာ ကော်လာပါဝင်ပြီး ကြယ်သီးတပ်ရမယ့် လည်ပင်းပုံစံ (Button-down neck) ချုပ်လုပ်ထားကာ၊ အင်္ကျီရင်ဘတ်က ခြင်္သေ့တံဆိပ်နဲ့ Nike ကုမ္ပဏီရဲ့ အမှတ်တံဆိပ် (Swoosh) တို့ကိုတော့ ရွှေအိုရောင် (Midwest Gold) အရောင်နဲ့ အသားပေး ဖော်ပြထားပါတယ်။ အဲဒီရွှေအိုရောင် အမှတ်တံဆိပ်ကို ဘောင်းဘီတိုမှာလည်း တွဲဖက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ခြေအိတ်ဖြူတွေမှာတော့ သစ်ရွက်နုခွေပုံစံ (Laurel wreath motif) ပါဝင်ပြီး အဆိုပါဒီဇိုင်းပုံစံကို အသင်းရဲ့အင်္ကျီမှာ ပါဝင်တဲ့ အပြာရောင် နှစ်ရောင်စပ် (Two-tone blue pattern) ကြားထဲက အသင်းတံဆိပ်ကိုလည်း ဝန်းရံ၊ ဖန်တီးထားပါတယ်။

၂၀၂၆/၂၇ ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်မန်နေဂျာ တစ်ယောက်ဖြစ်တဲ့ တက်ဒ် ဒရိတ်ခ် တာဝန်ယူခဲ့ပြီး အသင်းရဲ့ပုံရိပ်ကို ပြုပြင်ပြောင်းလဲခဲ့တဲ့ (၇၅) ကြိမ်မြောက် ဘောလုံးရာသီ ဖြစ်ပါတယ်။ သူဟာ အသင်းရဲ့ အမည်ပြောင် 'Pensioners' အစား 'The Blues' လို့ ပြောင်းလဲ၊ ခေါ်ဝေါ်စေခဲ့သလို၊ ယခုအခါ ကမ္ဘာတစ်ဝန်းမှာ ချယ်လ်ဆီးအသင်းရဲ့ အမှတ်တံဆိပ်၊ သင်္ကေတဖြစ်နေတဲ့ 'ခြင်္သေ့တံဆိပ် (Lion symbol)' ကိုလည်း စတင်မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အပြာရောင်ခြင်္သေ့တံဆိပ်ဟာ ဗဟိုချက်မအဖြစ် ပြန်လည်ရောက်ရှိ လာတာနဲ့အမျှ ကမ္ဘာတစ်ဝန်းက နံရံတွေ၊ ကမ်းခြေနံရံပန်းချီတွေနဲ့ အဆောက်အဦးတွေပေါ်မှာ "Can’t Tame Us" (ငါတို့ကို ယဉ်ပါးအောင် မလုပ်နိုင်ဘူး) ဆိုတဲ့ သတိပေး ဟိန်းဟောက်သံနဲ့အတူ အပြာရောင်ခြင်္သေ့ကြီးရဲ့ လက်သည်းရာတွေကို ဆက်လက် စောင့်ကြည့်သွားကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် လာမယ့်ဘောလုံးရာသီအတွက် Nike ကုမ္ပဏီရဲ့ အင်္ကျီသစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အင်္ကျီတွေထဲမှာ အမေရိကန်ကုမ္ပဏီရဲ့ အင်္ကျီအတွင်းပိုင်း အအေးပေးစနစ် ဆန်းသစ်တီထွင်မှုရဲ့ အမြင့်မားဆုံး ပြသမှုဖြစ်တဲ့ Aero-FIT နည်းပညာ ကို ပထမဦးဆုံး ထည့်သွင်းအသုံးပြုထားတဲ့အင်္ကျီ ဖြစ်ပါတယ်။ အဲဒီနည်းပညာဟာ အလွန်ပြင်းထန်ပြီး ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေအောက်မှာ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနိုင်စေဖို့ ယခင်ကသုံးစွဲခဲ့တဲ့ Nike အင်္ကျီတွေထက် လေဝင်၊ လေထွက် စီးဆင်းမှုကို နှစ်ဆကျော်အထိ လမ်းကြောင်းပေး၊ လှည့်ပတ်ပေးနိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် Aero-FIT နည်းပညာဟာ အထည်အလိပ် စွန့်ပစ်ပစ္စည်း (textile waste) (၁၀၀ %) ရာခိုင်နှုန်းနဲ့ ပြန်လည်ထုတ်လုပ်ထားတဲ့ Nike ကုမ္ပဏီရဲ့ ပထမဦးဆုံးသော ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မြင့် အားကစားဝတ်စုံလည်း ဖြစ်ပါတယ်။ ဒါဟာသဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လျှော့ချရေးနဲ့ ရာသီဥတု ပြောင်းလဲမှုတွေ (Climate change) ရဲ့ ဒဏ်တွေကို ကစားသမားတွေ အလိုက်သင့်၊ လိုက်လျောညီထွေ တုံ့ပြန်နိုင်စေဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကတိကဝတ်ပြု ကြိုးပမ်းလာခဲ့မှုတွေရဲ့ အောင်မြင်မှု မှတ်တိုင်လည်း ဖြစ်ခဲ့ပါတယ်။
အခုဆိုရင် အင်္ကျီသစ် မိတ်ဆက်ပွဲ အခိုက်အတန့်တွေဟာ လန်ဒန်မြို့ကနေတဆင့် လော့စ် အိန်ဂျလိစ်၊ ဆောင်ပေါ်လို ကနေ ကမ္ဘာ့အရှေ့ဖျား ဟောင်ကောင်အထိ ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံနေကြတဲ့ အပြာရောင်ပရိသတ်တွေဆီကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်..။ ကမ္ဘာကျော် ဂေါက်သီးကစားသမား ဂျပ်စ်တင် ရို့စ် ဟာ ပင်ဆယ်လ်ဗေးနီးယား မှာ ကျင်းပခဲ့တဲ့ PGA ချန်ပီယံရှစ် ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ကျီသစ်ကို ပထမဦးဆုံး ဝတ်ဆင်ပြခဲ့သူ ဖြစ်ခဲ့သလို၊ ကမ္ဘာကျော် အဆိုတော် မက်ဒေါနား ကလည်း သူမရဲ့ အွန်လိုင်းပို့စ်တွေမှာ အဲဒီအင်္ကျီသစ်ကို ဝတ်ဆင်ပြီး 'Shoulder drop' အကနဲ့ ကပြ၊ ဖျော်ဖြေခဲ့ပါတယ်..။
ဘရာဇီးလ်နိုင်ငံမှာလည်း ကျင်းပခဲ့တဲ့ တေးဂီတပွဲတော် တစ်ခုမှာလည်း ဒေသခံအဆိုတော်နဲ့ တေးရေးဆရာ MC Hariel ဟာ ပရိသတ် (၃၀,၀၀၀) ကျော်ကို အပြာရောင်တွေရဲ့ အိမ်ကွင်းအင်္ကျီသစ်ကို ဝတ်ဆင်၊ ဖျော်ဖြေခဲ့ပါတယ်..။ ဒါ့အပြင် ဆောင် ပေါ်လိုမြို့ မှာ ဘောလုံးအားကစား ပိုမိုထွန်းကားလာစေဖို့ အသင်းရဲ့ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အသစ်ပြန်လည် မွမ်းမံထားတဲ့ ဘောလုံးကွင်းသစ်တစ်ခုရဲ့ ဖွင့်ပွဲအခမ်းအနားနဲ့ အင်္ကျီသစ်မိတ်ဆက်ပွဲကို ဂုဏ်ပြုခဲ့ကြပါတယ်..။
