ဂျာအို ပီဒရို ဟာ တောက်ပနေတဲ့ သူ့ရဲ့ကစားသမား ဘဝတစ်လျှောက် ဖလူမီနက်ဆီ၊ ဝက်ဒ်ဖို့ဒ်၊ ဘရိုက်တန်၊ ချယ်လ်ဆီးနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းတို့ရဲ့ အင်္ကျီတွေကို ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် သူပထမဦးဆုံး ရရှိခဲ့တဲ့ ဘောလုံးဝတ်စုံကို ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။
အပြာရောင်တွေရဲ့ တိုက်စစ်ကစားသမားလေးဟာ ဘရာဇီးလ်နိုင်ငံ၊ ဆောင် ပေါ်လို ပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ရီဘာရာယို ပရက်တိုမြို့လေးမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ ချီကာအို ကလည်း ဘောလုံးသမားတစ်ဦး ဖြစ်ခဲ့တာကြောင့် ဂျာအို ပီဒရို ပထမဦးဆုံး ရရှိခဲ့တဲ့ ဘောလုံးဝတ်စုံဟာ သူကြီးပြင်းရာ အရပ်ဒေသနဲ့တင်မကဘဲ သူ့ရဲ့မိသားစုသမိုင်းကြောင်းနဲ့ပါ တိုက်ရိုက်ပတ်သက်နေတာ သဘာဝကျပါတယ်။

"ကျွန်တော့်ရဲ့ ပထမဆုံးအင်္ကျီက ဘိုတာဖိုဂို အသင်းအင်္ကျီပါ" ဆိုပြီး ဂျိုအို က ပြန်ပြောင်းပြောပြပါတယ်..။ "အဲဒီအသင်းဟာ ကျွန်တော်တို့ ရီဘာရာယို ပရက်တို မြို့ခံအသင်းဖြစ်သလို၊ ကျွန်တော့်အဖေ ကစားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက ဘိုတာဖိုဂိုအသင်းရဲ့ လူငယ်အကယ်ဒမီမှာ စတင်လေ့ကျင့်ခွင့်ရခဲ့လို့ အမေက အဲဒီအင်္ကျီ ဝယ်ပေးခဲ့တာပါ။
ကျွန်တော်ဟာ အဲဒီအင်္ကျီကို အမြဲတမ်း ဝတ်ထားလေ့ရှိပါတယ်။ အားကစား ဘောင်းဘီတိုလေးကိုဝတ်ပြီး နေ့တိုင်း စိတ်လှုပ်ရှားတက်ကြွစွာနဲ့ လေ့ကျင့်ရေးဆင်းခဲ့သလို အဲဒီအချိန်တုန်းက ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ပဲ အမြဲတမ်း အိမ်မက်မက်ခဲ့တာပေါ့။
အဲဒီအင်္ကျီရဲ့နောက်ကျောမှာ ဘာနာမည်မှ ပါမလာပါဘူး။ အသင်းရဲ့ အမှတ်တံဆိပ်ပဲ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်တို့မြို့ရဲ့ အသင်းကြီးတစ်သင်း ဖြစ်နေလို့ပါပဲ။ ကျွန်တော့်အဖေ ကစားခဲ့ဖူးတဲ့ အသင်းဖြစ်တာကြောင့် မြို့ခံလူထုကလည်း အသင်းနဲ့ရင်းနှီးမှု ရှိနေခဲ့ပါတယ်။ အဲဒီအသင်းမှာ ကျွန်တော်စပြီး လေ့ကျင့်ခွင့်ရတဲ့အချိန်ဟာ ကျွန်တော်တို့မိသားစုအတွက် တကယ့်ကို ထူးခြားဆန်းပြားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ရပါတယ်။" လို့ ဂျာအို က ပြန်ပြောပြခဲ့ပါတယ်..။
ဂျာအို ပီဒရို ဟာ အရွယ်လေး ရလာချိန်မှာ ရီယို ဒီ ဂျနေးရိုးမြို့ကြီးဆီ ပြောင်းရွှေ့ခဲ့ပြီး ဖလူမီနက်ဆီ အသင်းနဲ့ ပူးပေါင်းခဲ့ရတဲ့ အချိန်မှာတော့ သူ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဖလူမီနက်ဆီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂျာအို ပီဒရို ဟာ ချယ်လ်ဆီးအသင်းနဲ့ ပထမဦးဆုံး ပွဲထွက်ခွင့်ရတဲ့ပွဲမှာပဲ နှစ်ဂိုးတိတိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘဝ ဖြတ်သန်းမှုတစ်လျှောက် စိတ်ထဲအမှတ်ရဆုံးဖြစ်နေမယ့် တခြားဘောလုံး အင်္ကျီတွေအကြောင်း မေးကြည့်တဲ့အခါမှာတော့ — ဖလူမီနက်ဆီအသင်းရဲ့ နာမည်ကျော် 'အနီနဲ့ အစိမ်းစပ်ကြား' အင်္ကျီဟာ ပက်ဒရို ရဲ့ စိတ်အာရုံထဲ အတောက်ပဆုံး ရောင်ပြန်ဟပ်နေခဲ့ပါတယ်။
"ပြိုင်ပွဲတစ်ခုမှာ ကစားနေတုန်း ဖလူမီနက်ဆီအသင်းက ကျွန်တော့်ကို သတိပြုမိသွားပါတယ်..။" လို့ သူကပြန်ပြောင်း သတိရ ပြောပြပါတယ်..။ "အဲဒီနောက်မှာတော့ သူတို့အသင်းကို လာရောက်ပြီ’ အစမ်းသပ်ခံဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ကြတယ်။ (၃) ရက်၊ (၄) ရက်လောက် အတွင်းမှာတင် သူတို့ကကျွန်တော့်ကို အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ပြုဖို့ အတည်ပြုပေးခဲ့ကြတာကို မှတ်မိနေပါသေးတယ်။ အဲဒီအချိန်မှာပဲ သူတို့က ကျွန်တော့်ကို လေ့ကျင့်ရေးဝတ်စုံ (Training kit) ပေးခဲ့ကြတာပါ။
Wow..!! အဲဒီအခိုက်အတန့်ဟာ တကယ့်ကို ထူးခြားဆန်းပြား၊ အံ့ဩဖို့ကောင်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် အသင်းကြီးတစ်သင်းကနေ တရားဝင် ထုတ်ပေးတဲ့ လေ့ကျင့်ကွင်းဝတ်စုံ ရရှိခဲ့တာဖြစ်နေလို့ပါပဲ.." ဆိုပြီး သူကပြောပြပါတယ်..။
ဂျာအို ပီဒရို ဟာ သူဝတ်ဆင်ခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်း အင်္ကျီတွေထဲမှာ ၂၀၂၅/၂၆ ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့ အနက်ရောင် တတိယအင်္ကျီ (Black third shirt) ကို အကြိုက်ဆုံးအင်္ကျီအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါဟာအံ့ဩစရာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ အဲဒီဝတ်စုံနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့သလို၊ ဗီလာပါ့ခ်မှာ အက်စတွန် ဗီလာအသင်းကို အဝေးကွင်းမှာ အလန်းစား ဟက်ထရစ် (Super treble) သွင်းယူခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလည်း ဖြစ်နေသောကြောင့်ပါပဲ။

ပြီးခဲ့တဲ့နွေရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကိုတော့ သူ့ရဲ့နေအိမ်မှာ အထူးတလည် ဂုဏ်ယူစွာ ချိတ်ဆွဲပြသထားပြီး၊ ကစားသမားဘဝ ဖြတ်သန်းခဲ့တဲ့ နှစ်များတစ်လျှောက် ပြိုင်ဘက်ကစားသမားတွေနဲ့ လဲလှယ်ထားတဲ့ အင်္ကျီအများအပြားကိုလည်း အမှတ်တရအဖြစ် စုဆောင်းထားရှိတယ်လို့ သူကအသိပေးပါတယ်..။
လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းအင်္ကျီအသစ် ဆင်မြန်းထားတဲ့ ဂျိုအို ပက်ဒရို ဟာ ဝံ့ဝံ့ကြွားကြွားနဲ့ တကယ့်ကို စမတ်ကျကျ ကြည့်ကောင်းနေပါတယ်။ အဲဒီအင်္ကျီအသစ်အပေါ်မှာ သူ့ရဲ့အမြင်ကတော့
"ကော်လာ (Collar) ပါဝင်လာတဲ့အတွက် ပိုပြီး ဂန္ထဝင်ဆန် (Classic ဖြစ်) သွားပြီး ပိုလည်းစတိုင်လ် ကျသွားတယ်လို့ ထင်ပါတယ်။ အရင်ခေတ်စတိုင် (Old school) ပုံစံ ဖြစ်သွားပေမယ့် ခေတ်မီတဲ့အသွင်အပြင် (Modern look) ကိုလည်း လုံးဝ ဆုံးရှုံးမသွားပါဘူး။ တကယ့်ကို အကြိုက်တွေ့မိပါတယ်" ဆိုပြီး သုံးသပ်ပြောကြားခဲ့ပါတယ်..။