feature-image

အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ လူငယ်အကယ်ဒမီ ဒါရိုက်တာ ‘ဗန် ဒါ ခရန်’ နဲ့ တွေ့ဆုံခြင်း

ချယ်လ်ဆီးလူငယ် အသက် (၂၁) နှစ်အောက် (U-21) အသင်းဟာ ပရီးမီးယားလိဂ်- ၂ အမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးနေရာကနေ ရာသီပိတ်သိမ်းနိုင်ခဲ့ပေမယ့် ချန်ပီယံဆုအတွက် ရှုံးထွက် (Play-off) ပွဲစဉ် ယှဉ်ပြိုင်ရာမှာ ကွာတားဖိုင်နယ်အဆင့်မှာပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် U-18 အသင်းကတော့ လမ်းဆုံးအထိ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ လူငယ်ပရီးမီးယားလိဂ် တောင်ပိုင်းဇုန် (Premier League South) ချန်ပီယံဆုကို သက်တောင့်သက်သာဖြင့် ဆွတ်ခူးနိုင်ခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးထဲမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် ဗိုလ်လုပွဲ (National Final) မှာ မန်ချက်စတာ စီးတီးအသင်းကို ၅ဂိုး-၁ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူ၊ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်..။

အဲဒီအောင်မြင်မှုတွေကြောင့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီဟာ တိုးတက်မှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ နောက်ထပ်ရာသီတစ်ခုကို လှပစွာနဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ကွင်းအတွင်း အောင်မြင်မှုတွေရဲ့ အခြေခံအုတ်မြစ်၊ ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အချင်းအပြင် လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေရဲ့ အရေးကြီးပုံ၊ ကမ္ဘာတစ်ဝန်းက အပြာရောင်ပရိသတ်တွေအနေနဲ့ အသင်းရဲ့ အနာဂတ်အပေါ် ဘယ်အတွက်ကြောင့် စိတ်လှုပ်ရှားစွာ မျှော်လင့်သင့်လဲ? စတာတွေကို အသေးစိတ် သိရှိနိုင်ဖို့ ချယ်လ်ဆီးအသင်း official website ဟာ လူငယ်အကယ်ဒမီ ဒါရိုက်တာ ဗန် ဒါ ခရန် နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - ချယ်လ်ဆီးလူငယ် အကယ်ဒမီမှာ ခင်ဗျားရဲ့ အခန်းကဏ္ဍနဲ့ ဘာတွေလုပ်ဆောင်နေလဲ? ဆိုတာ အသေးစိတ် ရှင်းပြပေးနိုင်မလား?

လူငယ်အကယ်ဒမီကို စတင်ပူးပေါင်းခဲ့တဲ့ အချိန်ကနေစပြီး အခုလက်ရှိ ရောက်ရှိနေတဲ့ အခြေအနေအထိ တကယ့်ကိုလျင်မြန်လှတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကိုစတင်ရောက်ရှိချိန် ကော့ဘ်ဟမ် အကယ်ဒမီအတွင်းမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့သလို ပြီးခဲ့တဲ့ နှစ်နှစ်ကာလအတွင်းက အပြောင်းအလဲတချို့ဟာလည်း ဆက်လက်တည်ရှိနေခဲ့ပါတယ်..။

ကျွန်တော့်ရဲ့ အဓိကတာဝန်က အကယ်ဒမီအတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းစဉ်နဲ့ ဦးတည်ချက်ကို ချမှတ်ပေးဖို့၊ စံပြအဖြစ်နဲ့ ကိုယ်တိုင်ဦးဆောင်ပြဖို့နဲ့ လူငယ်အကယ်ဒမီကို ဆက်လက်တိုးတက်အောင် တွန်းအားပေးနိုင်ဖို့ ဖြစ်တယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကယ်ဒမီဟာ ပြီးခဲ့တဲ့အနှစ် (၂၀) အတွင်းမှာ ထိပ်တန်းကစားသမား အမြောက်အမြားကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ခဲ့တဲ့၊ အရှိန်အဝါ ကြီးမားလှတဲ့ အမွေအနှစ် (Heritage) ပေါ်မှာ အခိုင်အမာ အခြေစိုက် တည်ဆောက်ထားလို့ ဖြစ်ပါတယ်။

ဒီကိုစတင်ရောက်ရှိချိန်မှာ ပထမဦးဆုံး စိတ်လှုပ်ရှားမိတဲ့အချက်ကတော့ အကယ်ဒမီရဲ့ နောက်ထပ် တက်လှမ်းရမယ့် ခြေလှမ်းတွေက ဘာတွေဖြစ်မလဲ? အဲဒီခြေလှမ်းတွေကို ပိုမိုတိုးတက်လာအောင် ကျွန်တော့်ဘက်က ဘယ်လိုကူညီပေးနိုင်မလဲ? ဆိုတဲ့အချက် ဖြစ်ပါတယ်။ အခုဆိုရင် ရှေ့ကိုအရှိန်အဟုန်နဲ့ တိုးတက်လာအောင် ကျွန်တော်တို့ တွန်းအားပေးနိုင်ခဲ့ပါပြီ။



မေး - ဒီနှစ်ထဲမှာ ရရှိခဲ့တဲ့ U-18 နဲ့ U-21 အသင်းတွေရဲ့ အောင်မြင်မှုတွေ၊ အထူးသဖြင့် အဲဒီလူငယ်အသင်းတွေ သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တာတွေဟာ အသင်းက ချမှတ်ခဲ့တဲ့ ခြေလှမ်းတွေရဲ့ ချက်ချင်းလက်ငင်း သက်ရောက်မှုတွေလို့ ပြောရမှာပဲ..။ ဒါ့ကြောင့်ကုန်လွန်ခဲ့တဲ့ ဘောလုံးရာသီအပေါ်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုပြန်လည်သုံးသပ်ချင်ပါသလဲ?

ဇွန်လကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ ဘာတွေအောင်မြင်ခဲ့လဲ? ဆိုတာ အေးအေးဆေးဆေး ပြန်တွေး၊ ပြန်လည်သုံးသပ်နိုင်ဖို့ တစ်ပတ်လောက် နားရက်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် စိတ်ထဲမှာ အရင်ဆုံးပေါ်လာတဲ့ စကားလုံးနှစ်လုံးကတော့ 'နှိမ့်ချမှု (Humble)' နဲ့ 'ဂုဏ်ယူမှု (Proud)' တို့ပဲ ဖြစ်ပါတယ်။

‘နှိမ့်ချမှု’ လို့ ဘာကြောင့် တွေးမိလဲ..? ဆိုရင် ဒီနှစ်မှာ ကျွန်တော်တို့ ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်က 'တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြိုးစားအားထုတ်ပါ၊ အောင်မြင်မှုကပဲ သူ့အလိုအလျှောက် အသံထွက်ပါစေ' (Work hard in silence and let success be the noise)’ ဆိုတာ ဖြစ်သလို 'အကောင်းဆုံးအရာတွေ ယူဆောင်လာဖို့ ကျန်ပါသေးတယ် (The best is yet to come) ဆိုတဲ့ ဆောင်ပုဒ်လည်း ရှိနေပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်ကြည့်လိုက်ရင် ကျွန်တော်တို့အဖွဲ့သားတွေဟာ နေ့စဉ်နဲ့အမျှ အပြင်းအထန် ကြိုးစားနေကြပြီး မိမိတို့ ဘာတွေအောင်မြင်နေလဲ? ဆိုတာကို အမွှန်းတင်၊ ကြွားဝါ မနေကြတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ကစားသမားတွေရဲ့ တိုးတက်မှု၊ သူတို့လေးတွေရဲ့ ကွင်းအတွင်းက စွမ်းဆောင်ရည်တွေ၊ အောင်မြင်မှုတွေ ဒါမှမဟုတ် လူငယ်တွေ အသင်းကြီးမှာ ပွဲဦးထွက်ခွင့် (Debuts) ရရှိခြင်း စတဲ့ အောင်မြင်မှု အသံတွေကပဲ ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ ပဲ့တင်သံ ဖြစ်လာပါစေ။ 'အကောင်းဆုံးအရာတွေ ယူဆောင်လာဖို့ ကျန်ပါသေးတယ်..' ဆိုတဲ့အပေါ်မှာလည်း အဲဒီလိုပဲ မြင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ရောက်ရှိနေတဲ့ နေရာတစ်ခုတည်းပေါ်မှ ဘယ်တော့မှ တင်းတိမ်၊ ရောင့်ရဲမနေပါဘူး။ ချယ်လ်ဆီးလူငယ် အကယ်ဒမီကို အင်္ဂလန်မှာတင်မကဘဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့ တွန်းအားပေးမှုက မဆုတ်မနစ် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

'အကောင်းဆုံးအရာတွေက လာဖို့ ကျန်ပါသေးတယ်' ဆိုတာနဲ့ ပတ်သက်ပြီး U-18 အသင်းရဲ့ ပွဲစဉ်တစ်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို စိတ်ထဲမှာ အမှတ်ရဆုံး ဖြစ်နေခဲ့ပါတယ်..။ မတ်လတုန်းက ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ် ရှိနေချိန်မှာပါ..။ သူတို့နဲ့အတူ အောင်ပွဲခံဖို့ U-18 နည်းပြရုံးခန်းထဲကို လှမ်းဝင်သွားခဲ့ရာမှာ ရုံးခန်းထဲကနေ ကြားလိုက်ရတဲ့ တစ်ခုတည်းသော အသံက 'နောက်လာမယ့် ရက်ပိုင်းမှာ ကစားရမယ့် နောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ကြမလဲ?' ဆိုတဲ့ အသံပဲ ဖြစ်နေပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ ကျွန်တော်တို့အားလုံးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်းနေကြပြီ.. လို့ ခံစားမိခဲ့သလို မှန်ကန်တဲ့ အာရုံစိုက်မှု (Focus) အပြည့်အဝ ရရှိထားကြပြီဆိုတာကိုပါ နားလည်လိုက်ရပါတယ်။



မေး - ခင်ဗျားဆီကနေ အခုလိုကြားရတာ တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားရဲ့ အခန်းကဏ္ဍက ကော့ဘ်ဟမ်အကယ်ဒမီကို အကောင်းဆုံးဖြစ်လာစေဖို့ ကစားသမားတွေကို ပြုစုပျိုးထောင်ပေးရတာ၊ နည်းပြအဖွဲ့ဝင်တွေကို ကူညီပေးရတာနဲ့ လူတိုင်းကို စိတ်ဓာတ်ခွန်အား ပေးရတာ ဖြစ်ပါတယ်..။ ဒါပေမယ့် တစ်ဖက်မှာလည်း ခင်ဗျားကိုယ်တိုင်က ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဆီကနေ စိတ်ဓာတ်ခွန်အားတွေ (Inspiration) ပြန်လည်ရရှိနေတဲ့ပုံစံ ကြားလိုက်ရလို့ပါပဲ..

မှန်ပါတယ်။ ကျွန်တော်တို့ အကယ်ဒမီမှာ အသက် (၈) နှစ်ကနေ (၁၈) နှစ်အထိ အရွယ်စုံ လူငယ်ကလေးငယ် (၂၀၀) နီးပါးလောက် ရှိနေတာဟာ တကယ့်ကိုကံကောင်းလှပါတယ်။ အဲဒီကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဆီမှာ အကန့်အသတ်မဲ့တဲ့ တက်ကြွမှုတွေ၊ စွမ်းအင်တွေ ပြည့်နှက်နေတာ တွေ့ရပါလိမ့်မယ်။ ကြီးမားတဲ့ ယုံကြည်ချက်နဲ့ စိတ်အားထက်သန်မှုတွေ သူတို့ဆီမှာ ရှိနေကြတာကို မမြင်မိဘဲ နေလို့မရနိုင်ပါဘူး။

ဒါ့အပြင် ဂျက်ခ် ဖရန်စစ် အပါအဝင် ကျွန်တော်နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ ဦးဆောင်အဖွဲ့ထဲမှာ အံ့ဩစရာကောင်းလှတဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ ရှိနေတာကလည်း ကံကောင်းလှပါတယ်။ သူတို့တွေရဲ့ အရည်အချင်းတွေ ပိုမိုတောက်ပြောင်လာပြီး ကျွန်တော်တို့ မြင်တွေ့ချင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ဖန်တီး၊ ပုံဖော်လာကြတာကို မြင်တွေ့နေရခြင်းဟာ သိပ်ကိုထူးခြား၊ ဆန်းပြားလှတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီအချက်တွေဆီတဆင့် စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိခဲ့ပါတယ်။



မေး - ကွင်းအတွင်းရလဒ်တွေ (Results) အရေးကြီးတာ မှန်ပေမယ့် ခင်ဗျားတို့ဖန်တီးထားတဲ့ အသင်းရဲ့ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းအပေါ် ပိုပြီးဂုဏ်ယူခဲ့တယ်မလား?

အသင်းတစ်သင်းမှာ ‘အခြေခံအုတ်မြစ် (Foundation)’ ကသာ အဓိကသော့ချက် ဖြစ်ပါတယ်။ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီကို သေသေချာချာ စောင့်ကြည့်လေ့လာခဲ့ပြီးနောက်ပိုင်း နောင်လာမည့်ရေတို၊ ရေရှည်ကာလအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ချမှတ်ပေးဖို့ ကျွန်တော်တို့ အကောင်အထည်ဖော်၊ ကြိုးစားခဲ့ပါတယ်။ အဲဒီအခြေခံအုတ်မြစ်ရဲ့နောက်မှာ လူတွေရဲ့ ရင့်ကျက်မှုတွေ ပိုမိုတိုးတက်လာဖို့..၊ ကစားသမားတွေ ဖွံ့ဖြိုး၊ တိုးတက်လာတာ မြင်တွေ့ရဖို့.. ဆိုတာတွေဟာ အကယ်ဒမီ အပေါ်မှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အဓိကမျှော်မှန်းချက် ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ရလဒ်က ‘အောင်မြင်မှု’ ပါ။ U-18 အသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ အမျိုးသားအဆင့် ဗိုလ်လုပွဲ ကစားရတဲ့အခါမှာ ကလေးတွေရဲ့ စိတ်ထဲမှာ အဲဒီကွင်းကြီးကို သူတို့ရဲ့ 'ကြီးမြတ်လှတဲ့ အဖိုးတန်မြေ (Holy ground)' အဖြစ် သက်ဝင်၊ ခံစားကြပါတယ်။ 'အဲဒီနေရာဟာ ငါရှိနေရမယ့်နေရာပဲ' လို့ သူတို့တွေ တွေးကြပါတယ်..။ အဲဒီနောက်မှာ အဓိကဗိုလ်လုပွဲကြီးတစ်ခုရဲ့ ပြင်းထန်တဲ့ ဖိအားတွေအောက်မှာ (perform under pressure) သူတို့တွေ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တာကို မြင်တွေ့ရတဲ့အခါ ရာသီတစ်ခုလုံး ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသမျှ၊ မှန်ကန်တဲ့ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုကောင်းကို တည်ဆောက်ခဲ့ရသမျှ အရာအားလုံးဟာ အသီးအပွင့်အဖြစ် တစ်ပြိုင်နက်တည်း ပေါင်းစပ်၊ ထွက်ပေါ်လာခဲ့ပြီလို့ ခံစားလိုက်ရပါတယ်။

မေး - လွန်ခဲ့တဲ့ရာသီတွေအတွင်းမှာ အကယ်ဒမီ ကစားသမား (၁၀) ဦးဟာ ပထမအသင်းကြီး ပွဲထွက်ခွင့် (First team bow) ရရှိခဲ့ပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ခင်ဗျားဘယ်လောက်အထိ ကျေနပ်မိပါလဲ? နောက်ပြီးသူတို့ကို အဲဒီအဆင့်အထိ ရောက်ရှိလာအောင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ခဲ့မှုတွေအပေါ်မှာရော ဘယ်လောက်အထိ ဂုဏ်ယူမိပါလဲ?

ဟုတ်ပါတယ်..။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းလို ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းမှာ အလုပ်လုပ်ရတဲ့အခါ အရင်ဦးဆုံး တွေးမိတဲ့အချက်က ပြီးခဲ့တဲ့ရာသီမှာ ကစားသမား (၈) ယောက် အသင်းကြီးပွဲထွက်ခွင့် ရခဲ့ပြီးနောက်မှာ နောက်ထပ် ဘယ်ကစားသမားတွေကို အဆင်သင့်ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ? ဆိုတဲ့မေးခွန်း ပါပဲ။ 'ပထမအသင်းကြီးကို ဘယ်လို ပံ့ပိုးပေးမလဲ?' ဆိုတာ အရေးကြီးပါတယ်။ အဲဒါလိုပံ့ပိုးပေးနိုင်ဖို့ လူငယ်အကယ်ဒမီအနေနဲ့ နေ့စဉ်လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပံ့ပိုးပေးနိုင်ဖို့၊ လိုအပ်တဲ့အချိန်မှာ အသင်းကြီးဆီ တက်လှမ်းမယ့် ကစားသမားတွေ အသင့်ဖြစ်နေအောင် လုပ်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်..။

ဒါ့ကြောင့်အခုပြီးခဲ့တဲ့ရာသီမှာ ကစားသမား (၁၀) ဦး အသင်းကြီးပွဲထွက်ခွင့် ရရှိတာကို ကြည့်မယ်ဆိုရင် ဒီအသင်းဟာ ရေရှည်ဖြစ်တည်နေတဲ့ စဉ်ဆက်မပြတ်တဲ့ မျိုးဆက် အမွေအနှစ်တွေပေါ်မှာ တည်ဆောက်ထားတယ်.. ဆိုတာ ပြသနေပါတယ်။ အကယ်ဒမီရဲ့ မြက်ခင်းစိမ်းပေါ် ခြေချလိုက်တိုင်း အသက် (၁၅) နှစ်၊ (၁၇) နှစ်အရွယ် ကလေးတွေ အသင်းကြီးမှာ အခွင့်အရေး ရနေတာကို တွေ့ရတဲ့အခါ အရမ်းဂုဏ်ယူမိပါတယ်။ အဲဒီအောင်မြင်မှုတွေဟာ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ  လျှောက်လှမ်းနေတယ်.. ဆိုတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

ဂျက်စီ ဒယ်ရီ နဲ့ ရိုင်ယန် ကာဗူမာ-မက်ခ်ကွင်း တို့ရဲ့ အသင်းကြီးပွဲထွက်ခွင့်အပေါ် အရမ်းကျေနပ်မိခဲ့ပေမယ့် လန်ဒန် အီမာနာလို ဒါမှမဟုတ် မက်သစ်စ် အီဘိုယေး  တို့လို ကစားသမားလေးတွေ အရန်ခုံမှာ ပါဝင်ခွင့်ရနေတာကို မြင်တွေ့ရတာကိုလည်း ထပ်တူကျေနပ်မိပါတယ်။



မေး - ကာလန် မက်ခ်ဖာလိန်း ဟာ အသင်းကြီးမှာ ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ရပါတယ်။ ဒါဟာ ကော့ဘ်ဟမ် အကယ်ဒမီရဲ့ လုပ်ဆောင်မှုတွေဟာ လူတိုင်းကို ပထမအသင်းကြီးအတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးနေတယ်.. ဆိုတာ ပြသဖို့ ဘယ်လောက်အထိ အရေးပါခဲ့လဲ?

အသင်းကြီးက လိုအပ်လာတိုင်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေရော၊ ကစားသမားတွေပါ အဆင်သင့် ဖြစ်နေစေမယ့် အခွင့်အရေးမျိုးကို ဖန်တီးပေးရမှာပါ။ ဒါကိုကစားသမားတွေနဲ့ ကျွန်တော်တို့ သက်သေပြခဲ့ပြီး ဖြစ်သလို အကယ်ဒမီမှာရှိနေတဲ့ ဝန်ထမ်းတွေဟာ အသင်းကြီးဆီက အချိန်မရွေး ခေါ်ယူခြင်း ခံရနိုင်တယ်..၊ အသင်းအနေနဲ့လည်း သူတို့တွေကို ရေတိုဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် စိတ်ချလက်ချနဲ့ အားကိုးနိုင်တယ် ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ဒါဟာ ကျွန်တော်တို့ အကယ်ဒမီအတွက် တကယ့်ကို ဂုဏ်ယူဖို့ကောင်းလှတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆီမှာ ကစားသမားတွေ အတွက်သာမကပဲ ဝန်ထမ်းတွေအတွက်ပါ လမ်းကြောင်း (Pathway) ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ နည်းပြတွေပဲဖြစ်ဖြစ်၊ ပွဲစဉ် လေ့လာဆန်းစစ်သူ (Analysts) တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (Performance department) က လူတွေပဲဖြစ်ဖြစ်ပေါ့ဗျာ..။ အားလုံးအတွက် အခုလိုတက်လှမ်းစရာလမ်းကြောင်း ဖန်တီးပေးထားနိုင်တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်..။

မေး - အဲဒီလို အသင်းတစ်ခုလုံး တသားတည်းဖြစ်နေအောင် ချိန်ညှိနိုင်ဖို့ (Alignment) က တကယ့်ကို အရေးကြီးပါတယ်..။ ‘ဒါဟာ အားလုံးအတူတကွ ချယ်လ်ဆီးအသင်းကြီးပဲ’ ဆိုတဲ့ အချက်ကြောင့်လားဗျ?

မှန်ပါတယ်..။ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီနဲ့ စတင်ပူးပေါင်းခဲ့စဉ်ကတည်းက အဲဒီခံစားချက်ကို ရရှိခဲ့ပါတယ်..။ အသင်းကြီးရဲ့ အဆောက်အအုံနဲ့ လူငယ်အကယ်ဒမီ ကစားသမားတွေရဲ့ အဆောက်အအုံ နှစ်ခုဟာ ဘေးချင်းကပ်လျက် တည်ရှိနေတာပါ။ ဒါဟာ ‘စည်းလုံးညီညွတ်မှု (Togetherness)’ ရှိပြီး၊ ‘အားလုံးဟာ အသင်းတစ်သင်းတည်း (One Team) ဖြစ်တယ်..’ ဆိုတဲ့ ပြယုတ်ဒ်ပါပဲ..။

အင်္ဂါနေ့ညမှာ ကစားတဲ့ U-15 အသင်းရဲ့ ပွဲစဉ်ပဲဖြစ်ဖြစ်၊ ဗိုလ်လုပွဲအဆင့် ရောက်နေတဲ့ U-18 အသင်းရဲ့ ပွဲစဉ်ပဲဖြစ်ဖြစ် အကယ်ဒမီရဲ့ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် စိုက်ထူမယ့်ပွဲတွေကို အားကစားဒါရိုက်တာတွေ ကိုယ်တိုင် လာရောက်၊ ကြည့်ရှုအားပေးကြပြီး အချင်းချင်း စနစ်တကျ ချိတ်ဆက်၊ ဆောင်ရွက်နေတာကို မြင်တွေ့ရခြင်းက အဓိကသော့ချက် ဖြစ်ပါတယ်။

ကစားသမားတွေအကြောင်း ပြောတဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေရဲ့ နောက်ထပ်တစ်ဆင့် တက်လှမ်းရမယ့် ခြေလှမ်းတွေအကြောင်း ပြောတဲ့အခါမှာပဲဖြစ်ဖြစ် ဒီအဆောက်အအုံ နှစ်ခုကြားမှာ ရှင်းလင်းပြတ်သားတဲ့ ချိတ်ဆက်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။ ဒီလိုချိတ်ဆက်မှုတွေ အပတ်စဉ်ပုံမှန် ဖြစ်ပျက်နေတာကို မြင်တွေ့ရခြင်းဟာ အကယ်ဒမီဒါရိုက်တာတစ်ဦးအနေနဲ့ တကယ့်ကို ဝမ်းသာစရာ အခြေအနေကောင်းတစ်ခု ဖြစ်ပါတယ်။

မေး - ‘Made in Cobham’ ဆိုတဲ့ ဆောင်ပုဒ်ကို မကြာခဏ မြင်တွေ့ရလေ့ ရှိပါတယ်။ ဘာကိုဆိုလိုတာလဲ? ဆိုတာ ရှင်းပြပေးနိုင်မလား..

‘Made in Cobham’ ဆိုတဲ့ ခံယူချက်ဟာ ဒီနေရာမှာ အမြဲတမ်းရှိနေခဲ့တာပါ။ လေ့ကျင့်ရေးကွင်းနဲ့ ကျွန်တော်တို့ နေ့စဉ်အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ တကယ့်ကို ကံကောင်းပြီး အကောင်းဆုံးဆိုတဲ့ ပတ်ဝန်းကျင်မှာ မွှေ့လျော်ခွင့် ရနေသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာဟာ ဘယ်လောက်အထိ ထူးခြား၊ မွန်မြတ်တဲ့နေရာ ဖြစ်နေတာလဲ..? ဆိုတာ ကစားသမားတွေ၊ မိဘတွေနဲ့ ဝန်ထမ်းတွေကို ကျွန်တော်တို့ အခုထက်ပိုပြီး မီးမောင်းထိုးပြချင်ပါသေးတယ်။

ဒီနေရာကို လူတွေရောက်လာကြပြီး ဒီကနေပြန်လည် ထွက်ခွာသွားကြတဲ့အခါ အသင်းကြီးမှာ ပွဲထွက်ခွင့် ရခဲ့တာပဲဖြစ်ဖြစ်၊ အခြားအသင်း တစ်သင်းဆီ ပြောင်းရွှေ့သွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အငှားသွားရောက် ကစားရတာပဲဖြစ်ဖြစ်.. ဒီနေရာ (ကော့ဘ်ဟမ်) က သူတို့ကို 'ပရော်ဖက်ရှင်နယ် ကစားသမားကောင်းတစ်ဦး ဖြစ်လာစေရုံတင်မကဘဲ လူသားကောင်းတစ်ဦး (Better as a person)' ဖြစ်လာအောင် ပုံသွင်းပေးလိုက်နိုင်ခဲ့တယ်’ ဆိုတဲ့ အသိမျိုး ရှိစေချင်တာပါ။



ဒါကို ထင်ရှားစေဖို့အတွက် ‘Made in Cobham’ ရဲ့ အနှစ်သာရက ဘာလဲ? ဆိုတဲ့အပေါ်မှာပဲ အဓိက အာရုံစိုက် ချင်ပါတယ်။ ဒါဟာ ရည်ရွယ်ချက် (Purpose) တစ်ခုဖြစ်ပြီး၊ ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်နေပါတယ်။ အနာဂတ်မှာ ဒီထက်မက ထူးခြားတာတွေကို ထပ်မံမြင်တွေ့ရဦးမှာပါ..။

မေး - တခြားအကယ်ဒမီတွေမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ခင်ဗျားရဲ့အတွေ့အကြုံတွေ၊ အခုဒီနေရာကို ရောက်ရှိလာတဲ့ အခြေအနေပေါ် မူတည်ပြီး ကလေးတွေကို ဘောလုံးသမားတစ်ဦးအဖြစ် သာမက ‘လူသားကောင်းတစ်ဦး’ ဖြစ်လာအောင် ပြုစု၊ ပျိုးထောင်ပေးနိုင်ဖို့ဟာ ဘယ်လောက်အထိ အရေးကြီးလဲ?

လူသားကောင်းတစ်ဦး ဖြစ်လာဖို့ ကျွန်တော်တို့ဟာ ပညာရေး (Education) ကို ဘယ်လောက်အထိ တန်ဖိုးထားလဲ? ဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။ အသက် (၉) နှစ်အရွယ်ပဲဖြစ်ဖြစ်၊ (၁၆) နှစ်အရွယ်ပဲဖြစ်ဖြစ် ကလေးတိုင်းအတွက် သူတို့ရဲ့အဓိကအကျဆုံး တာဝန်ကတော့ မှန်ကန်တဲ့ ပညာရေးကို ရရှိဖို့နဲ့ ကျောင်းစာမေးပွဲတွေကို သတ်မှတ်ထားတဲ့ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ပြီးမြောက်ဖို့ပဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ဘက်က သေချာပေါက် အာမခံချက် ပေးနိုင်ရပါမယ်..။

ဒုတိယအချက်အနေနဲ့ ဒီအကယ်ဒမီတံခါးကို ဝင်ရောက်လာတဲ့ အခိုက်အတန့်ကစလို့ ကလေးတစ်ယောက်ကို ဘောလုံးသမား တစ်ယောက်အဖြစ် ဖွံ့ဖြိုးလာစေဖို့တင်မကပဲ ထိပ်တန်းအားကစားသမားတစ်ဦး (Athlete) အဖြစ် နောင်နှစ်ပေါင်းများစွာအထိ ရေရှည်ရပ်တည်နိုင်ဖို့နဲ့ လူမှုပေါင်းသင်း၊ ဆက်ဆံရေး ရှုထောင့်ကနေဖြစ်ဖြစ်၊ နေ့စဉ် လူမှုဘဝကျွမ်းကျင်မှု (Life skills) တွေကနေပဲဖြစ်ဖြစ် တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာစေဖို့ ရေးဆွဲထားတဲ့ ပရိုဂရမ်တစ်ခုလုံး ရှိနေပါတယ်။"

အဲဒီပရိုဂရမ်ကို ကျွန်တော်တို့က 'Better Blue' လို့ ခေါ်ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးလောကမှာ ရေရှည်စွမ်းဆောင်သွားနိုင်မယ့် ကစားသမားဘဝ (Sustainable career) ကို ပိုင်ဆိုင်နိုင်မယ့် လူသားကောင်းတွေအဖြစ် ကျွန်တော်တို့ ပုံသွင်းချင်လို့ ဖြစ်ပါတယ်။ ဒ့ါအပြင် လူငယ်လေး တစ်ယောက်အတွက် ရေရှည်စွမ်းဆောင်နိုင်စွမ်းရှိမယ့် ကစားသမားဘဝတင်မကပဲ နောင်တစ်ချိန်.. ကစားသမားဘဝက အနားယူချိန် ဘောလုံးလောကထဲမှာ ပြန်လည်သက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ ဆိုတာလည်း အလွန်အရေးကြီးပါတယ်..။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ဟာ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ဒီအသင်းဆီ ပြန်လည်ရောက်ရှိလာကြမှာ ဖြစ်လို့ပါပဲ။

ကျွန်တော်တို့ဆီမှာ စံပြ.. နမူနာကောင်းတွေ ရှိပါတယ်။ ဥပမာ အရင်တုန်းက အကယ်ဒမီ ပညာသင်ဆု ရရှိခဲ့ဖူးပြီး အသင်းကိုပြန်လည် ရောက်ရှိလာတဲ့ တွမ် ဟောင်းဝပ်..၊ လူငယ်အကယ်ဒမီ ကစားသမား ဖြစ်ခဲ့သလို လက်ရှိအသင်းရဲ့ လူငယ်ဖွံ့ဖြိုးရေးအဆင့်မှာ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂျော့ချ် ကိုးလ် တို့ဟာ တကယ့်ကို ထင်ရှားတဲ့ သာဓကတွေ ဖြစ်ကြပါတယ်။



မေး - လာမယ့်ရာသီသစ်အတွက် အစီအစဉ်တွေ စတင်ချမှတ်နေပြီလားဗျ? အကယ်ဒမီရဲ့ ရှေ့ဆက်သွားမယ့် မျှော်မှန်းချက်တွေက ဘာတွေဖြစ်မလဲ?

ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေက ရှင်းလင်း၊ ပြတ်သားပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဦးဆုံး ခြေလှမ်းကတော့ '၂၀၃၀ စီမံကိန်း (Vision 2030)' ဆီကို ဦးတည်နေတာပါ။ လာမယ့်လေးရာသီ၊ ငါးရာသီကာလဟာ အခုကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုတွေနဲ့ အခြေခံအုတ်မြစ်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ အလွန်အရေးကြီးတဲ့ကာလ ဖြစ်လာမှာပါ။ ဒါပေမယ့် အဓိကအချက်ကတော့ ကျွန်တော်တို့ လုပ်ဆောင်သမျှအရာတိုင်းမှာ မဆုတ်မနစ် ပြတ်သားတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ တွန်းအား (Relentless) ရှိနေဖို့ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘောလုံးအစီအစဉ်၊ ပညာရေး အစီအစဉ်တွေကစလို့ အခုရှိနေတဲ့ လူငယ်ကစားသမားတွေ ပထမအသင်းကြီး (First team) ဆီ တက်လှမ်းနိုင်မယ့် လမ်းကြောင်းအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေစေဖို့ ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်ကျွန်တော်တို့အနေနဲ့ အခုရှိပြီးသား အစီအစဉ်တွေထက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းသစ် ပရိုဂရမ်တစ်ခု (An even better pathway programme) ကို ထပ်မံ မိတ်ဆက်ပေးနိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေရပါတယ်။ အခုအချိန်မှာ ဂျက်ခ် ဖရန်စစ် ဟာ အစီအစဉ်အတွက် အလုပ်အလွန်များနေပြီး အသင်းကြီးဆီ တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတွေအနေနဲ့ နောက်ထပ် လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေကို စနစ်တကျ ရရှိစေဖို့ စီမံပေးနေပါတယ်။

ကလေးတွေကို မျှော်လင့်ထားတဲ့အတိုင်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးနိုင်ဖို့ နောက်ကွယ်ကနေ (Behind the scenes) လုပ်ဆောင်ရတဲ့အလုပ်တွေ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် လူငယ်အင်အားစုတွေနဲ့ဆိုရင် သူတို့အတွက် တက်လှမ်းနိုင်မယ့် လမ်းကြောင်းတွေ ရှင်းရှင်းလင်းလင်းရှိနေဖို့ လိုအပ်ပါတယ်။ ကစားသမားတချို့ကတော့ ပထမအသင်းကြီးဆီ တိုက်ရိုက် တက်လှမ်းနိုင်မှာ ဖြစ်သလို အသက် (၁၇)၊ (၁၈)၊ (၁၉) နှစ်အရွယ်ပဲ ရှိနေသေးတဲ့ အခြားလူငယ်အများစုကိုတော့ ပြင်ပအသင်းကြီးတွေဆီမှာ သွားရောက်ကစားပြီး အတွေ့အကြုံကောင်းတွေ ရှာဖွေခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကော့ဘ်ဟမ်ဆီကို သူတို့ပြန်လည် ရောက်ရှိလာတဲ့အခါ ပိုမိုရင့်ကျက်တဲ့ လူသားကောင်းတစ်ဦးအပြင် ပိုမိုထက်မြက်တဲ့ ဘောလုံးသမားကောင်း တစ်ဦးအဖြစ် အဆင့်အတန်း မြင့်မားစွာ ပြန်လာနိုင်မှာ ဖြစ်လို့ပါပဲ။

မေး - ကော့ဘ်ဟမ်အကယ်ဒမီအပေါ် ပရိသတ်တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေအပြင် ချစ်ခြင်းမေတ္တာတွေပါ အများကြီး ပေးအပ်ထားကြတဲ့အပေါ် ခင်ဗျားတို့အနေနဲ့ ဖိအားတွေ ခံစားရတာမျိုး ရှိပါလား?

ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်ထားရှိတဲ့ဖိအားဟာ အမြဲတမ်း အလွန်မြင့်မားပါတယ်။ အကြောင်းကတော့ ပါရမီရှင် လူငယ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ သူတို့လေးတွေကို ကမ္ဘာ့အကောင်းဆုံး ဖြစ်ချင်သလို ကျွန်တော်တို့ အလုပ်လုပ်တဲ့ ပုံစံတိုင်းမှာလည်း ကစားသမားတွေကို ဂရုစိုက်၊ ပြုစုစောင့်ရှောက်တဲ့ နေရာမှာပါ အကောင်းဆုံး ဖြစ်ချင်လို့ပါပဲ။

ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့အပေါ် ကြီးမားတဲ့ဖိအားတွေ ပေးပိုင်ခွင့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကြီးဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာတိုင်းဟာ အထက်တန်းကျတဲ့ အဆင့်အတန်း (Elite) ဖြစ်ဖို့ အမြဲတမ်း ကြိုးပမ်းနေလို့ ဖြစ်ပါတယ်။

အခုပြီးဆုံးသွားတဲ့ ဘောလုံးရာသီက ထူးခြားတဲ့ အခိုက်အတန့်တစ်ခုကို ကျွန်တော်မှတ်မိ နေပါသေးတယ်။ အဲဒါက ရက်ဂျီ ဝေါ့ရှ် ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ကွင်းထဲက ပရိသတ်တွေအားလုံးက သူ့ရဲ့ နာမည်ကို သံပြိုင်ဟစ်ကြွေး ဂုဏ်ပြုသီဆိုခဲ့ကြတဲ့အချိန် ဖြစ်ပါတယ်..။ အဲဒီအခိုက်အတန့်ဟာ အကယ်ဒမီမှာရှိတဲ့ ဝန်ထမ်းတွေ၊ လူငယ်တွေအားလုံးအတွက် အင်မတန်မှ အံ့ဩစရာကောင်းတဲ့ ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ရုံသာမကပဲ မိမိတို့အနေနဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ပြီး အပြင်းအထန် ကြိုးစားမယ်ဆိုရင်  အံ့အားသင့်စရာကောင်းတဲ့ အရာတွေကို အားလုံးအတူတကွ ဖန်တီးနိုင်တယ် ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဖိအားတွေ.. ဆိုတာက ကြိုးစားမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်..။



ဒီနေရာမှာ အဓိကအကျဆုံး သော့ချက်စကားလုံးက'အတူတကွ (Together)' ဆိုတာပါပဲ။ ပရိသတ်တွေ၊ ကစားသမားတွေ၊ အကယ်ဒမီနဲ့ ပထမအသင်းကြီး (First team) အားလုံးဟာ တသားတည်းဖြစ်ပြီး အတူတူ လက်တွဲ၊ လုပ်ဆောင်နေကြတာကို မြင်တွေ့ရခြင်းက တကယ့်ကို ထူးခြားမွန်မြတ်လှပါတယ်..။

မေး - ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ အသင်းရဲ့ အနာဂတ်အပေါ် ဘာကြောင့်စိတ်လှုပ်ရှား..၊ ရင်ခုန်သင့်ပါလဲ?

အသက် (၉) နှစ်အောက် (U-9) အသင်းရဲ့ လေ့ကျင့်ရေးဆီ ရောက်သွားပြီး သူတို့ဆီမှာရှိနေတဲ့ ပါရမီတွေ၊ ပြတ်သားတဲ့ မောင်းနှင်အားတွေကို မြင်ရတဲ့အခါ ကျွန်တော့်ရဲ့စိတ်ထဲမှာ အရမ်းကို ရင်ခုန်၊ စိတ်လှုပ်ရှားရပါတယ်။ အလားတူပါပဲ.. အသက် (၁၂) နှစ်အောက် (U-12) အသင်းကို ကြည့်ရတဲ့အခါ မျှော်လင့်ချက်တွေ ကြီးမားရသလို အသက် (၁၅) နှစ်အောက် (U-15) အသင်း၊ အသက် (၁၈) နှစ်အောက် (U-18) အသင်းတွေကို ကြည့်ရတဲ့အခါမှာလည်း အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။

ကော့ဘ်ဟမ်အကယ်ဒမီမှာ တကယ့်ကို ထူးချွန်လှတဲ့ ပါရမီရှင် လူငယ်အင်အားစုတွေ အမြောက်အမြား ရှိနေပါတယ်။ သူတို့လေးတွေဟာ မှန်ကန်တဲ့ ဘောလုံးကစားဟန်အတိုင်း ကစားနေကြရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ စကားနဲ့ပြောရရင် 'ချယ်လ်ဆီးလမ်းစဉ် (The Chelsea Way)' အတိုင်း လိုက်နာ၊ ကျင့်ကြံရပါလိမ့်မယ်..။ ကစားသမား တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ထူးချွန်မှုတွေနဲ့ အသင်းလိုက် စုစည်းမှုတွေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ တကယ့်ကို တောက်ပလွန်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ မြင်ပါတယ်။

အနာဂတ်မှာ အသင်းကြီး (First team) အတွက်ရော၊ ပရော်ဖက်ရှင်နယ် ဘောလုံးလောကထဲမှာပါ ဒီအကယ်ဒမီထွက် လူငယ်ကစားသမားတွေ နေရာ အများကြီး ရလာတာကို သေချာပေါက် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်.. ‘ကဲ..!!! ထိုင်ခုံခါးပတ်တွေကိုသာ အသေအချာ ပတ်ထားကြပါတော့။’ ကျွန်တော်တို့ဟာ တကယ့်ကို ကြီးမား၊ ကျယ်ပြန့်လှတဲ့ ခရီးစဉ်ကြီးတစ်ခုဆီကို အရှိန်အဟုန်နဲ့ အတူတကွ လျှောက်လှမ်းကြတော့မှာ ဖြစ်လို့ပါပဲ..။