feature-image

‘စွန့်လွှတ်၊ အနစ်နာခံမှု၊ ကြိုးစားမှု’ တွေနဲ့ ‘ပက်ပ် ချာဗာရီးယား’ ရဲ့ အပြာရောင်သို့ ခရီးလမ်းရှည်

“Unique- သီးခြား ထူးခြားမှု" ဆိုတဲ့ စကားလုံးဟာ ဘောလုံးလောကမှာ မကြာခဏ မြင်တွေ့လေ့ရှိတဲ့ စကားလုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချာဗာရီးယား စတန်းဖို့ဒ် ဘရစ်ချ်အသင်းဆီကို ‌လျှောက်လှမ်းလာတဲ့ ခရီးလမ်းကြောင်းကတော့ တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အမှန်တကယ်ကို ကွဲပြား၊ ခြားနားနေခဲ့ပါတယ်..။

စပိန်ဘယ်နောက်ခံလူ ကစားသမားဟာ ကစားသမားဘဝ အစောပိုင်းကာလမှာ အရာရာကို စွန့်လွှတ်၊ စွန့်စားခဲ့ရပြီး အခက်အခဲမျိုးစုံ ဖြတ်သန်းခဲ့ပြီးနောက် အသက် (၂၄) နှစ်အရွယ်ရောက်မှ ထိပ်တန်းအဆင့် လာလီဂါပြိုင်ပွဲမှာ စတင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်..။ ဒါဟာအတော်လေးကို နောက်ကျတယ်လို့ ပြောရမှာပါ..။

ချာဗာရီးယား ဟာ အသက် (၁၈) နှစ် အရွယ်မှာ စပိန်ဘောလုံးလောကရဲ့ အဆင့် (၄) မှာရှိတဲ့ အောက်ဆုံးလိဂ်ပြိုင်ပွဲမှာ ပထမဆုံး စီနီယာ ကစားသမားဘဝ စတင်ခဲ့ရပြီး၊ နောက်ထပ် (၆) နှစ်တာ ကာလကိုတော့ စပိန် ဘောလုံးပိရမစ်ရဲ့ အဆင့်တိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရင်း ကုန်လွန်ခဲ့ရပါတယ်။ နိုင်ငံရဲ့ ထိပ်တန်းအကယ်ဒမီ တစ်ခုခုကနေ ထွက်ပေါ်လာတာ မဟုတ်ဘဲ၊ စပိန်အောက်တန်း (၄) ဆင့်မြောက် Tercera Division လိဂ်ပြိုင်ပွဲကနေ လာလီဂါအထိ တက်လှမ်းခဲ့ရာမှာ သူ့ရဲ့နာမည် ကျော်ကြားမှုထက်စာရင် ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အဆင့်တိုင်းကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်..။



အခုအချိန်မှာတော့ သူ့ရဲ့အိမ်သစ်ဖြစ်တဲ့ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းထဲမှာ ပတ်ဝန်းကျင်ကိုကြည့်ရှု လေ့လာရင်း ဒီနေရာအထိ ရောက်ရှိလာဖို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်နဲ့စွန့်လွှတ်၊ စွန့်စားခဲ့ရတာတွေအကြောင်း မေးမြန်းတဲ့အခါမှာ သူ့မျက်နှာပေါ်က ဝမ်းမြောက်ပီတိဖြစ်မှုကို အထင်းသား တွေ့မြင်နိုင်ပါတယ်။

“မနက်ပိုင်း၊ နေ့လယ်ခင်း၊ ညနေပိုင်း.. အချိန်တိုင်းမှာ ကျွန်တော်ဟာ အခုလိုအခိုက်အတန့်မျိုးရရှိဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတာပါ..။"လို့ ပက်ပ် က အမှတ်တရ ပြန်လည်၊ ပြောကြားခဲ့ပါတယ်။ "ထိပ်တန်းအသင်းကြီး တစ်သင်းဆီ ရောက်ရှိဖို့ဆိုတာ ဟာ ငယ်စဉ်ကတည်းက ရည်မှန်းထားခဲ့တဲ့ ကျွန်တော့်ရဲ့ အဓိက ပန်းတိုင် ဖြစ်ခဲ့ပါတယ်..။

ကျွန်တော် စပိန်မှာရှိတဲ့ လိဂ်ပြိုင်ပွဲအဆင့်တိုင်းမှာ ကစားခဲ့ဖူးပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်၊ တက်လှမ်းနိုင်ဖို့ အမြဲတမ်း ကြိုးစား အားထုတ်ခဲ့ရတာပါ။ ဒီနေ့ဆိုရင် ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တဲ့ နေ့တစ်နေ့လို့ သတ်မှတ်လို့ ရပါပြီ။ အတိတ်က စွန့်လွှတ်၊ ပေးဆပ်ခဲ့ရသမျှ အရာအားလုံးဟာ ဒီနေ့အတွက် အမှန်တကယ် ထိုက်တန်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။”


စိတ်အားထက်သန်မှု၊ ခံယူချက် ကောင်းမွန်မှု နဲ့ စွမ်းအင်ခွန်အားတွေ အပြည့်ရှိတဲ့ နေရာစုံကစားနိုင်သူ အသက် (၂၈) နှစ်အရွယ် နောက်ခံလူဟာ စပိန်ဘောလုံးပိရမစ် အဆင့်ဆင့်ကို ဖြတ်သန်းခဲ့စဉ်က တည်ဆောက်ခဲ့တဲ့ အုတ်မြစ်တွေဟာ ချယ်လ်ဆီး ကစားသမား တစ်ယောက်အဖြစ် စာမျက်နှာသစ် စတင်ချိန်မှာ သူ့ကိုများစွာ အထောက်အကူပြု လိမ့်မယ်လို့ ယုံကြည်နေပါတယ်။



လက်ရှိချယ်လ်ဆီးအသင်းနည်းပြ ဇာဘီ အလွန်ဆို ဟာလည်း စပိန်ဒုတိယတန်းလိဂ်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီးမှ ဘောလုံးလောကရဲ့ ထိပ်ဆုံးအဆင့်ဆီ ရောက်ရှိခဲ့တဲ့သူ ဖြစ်တာကြောင့် ပက်ပ် ကလည်း အပြာရောင်တွေဆီကို ရောက်ရှိလာချိန်မှာ သူ့ရဲ့မဆုတ်မနစ် ကြိုးစားခဲ့တဲ့ သူ့ရဲ့ပင်ကိုယ် အရည်အသွေးတွေအပြင် လားရာလမ်းကြောင်း တူညီနေတဲ့ နည်းပြကြီးရဲ့ သွန်သင်၊ ဖေးမမှုတွေကလည်း အသင်းသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်..။

သူက ဆက်လက်ပြီး ‘‘ပရီးမီးယားလိဂ်ဟာ ကမ္ဘာမှာ အကောင်းဆုံးလိဂ် ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အခြားဘယ်နေရာထက်မဆို ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်တယ်၊ တစ်ဦးချင်းရင်ဆိုင် ယှဉ်လှတာတွေ ပိုများတယ်၊ အရည်အသွေး ပိုမြင့်မားတယ်လို့ ထင်ပါတယ်။ ဒါကြောင့်ဒီပြိုင်ပွဲဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံး လိဂ်ပြိုင်ပွဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဒီလိုအရှိန်အဟုန် ပြင်းထန်မှုတွေနဲ့ တစ်ဦးချင်းယှဉ်ပြိုင် တိုက်ခိုက်ရတာတွေကို နှစ်သက်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဇာဘီ ဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက် ဖြစ်ခဲ့သလို၊ အခုအချိန်မှာ သူဟာ ကျွန်တော့်အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်သူနဲ့ စကားပြောခဲ့ပြီးပါပြီ။

နည်းပြကြီးက သူ့ရဲ့အယူအဆတွေနဲ့ ကျွန်တော် ဘယ်လိုအံဝင်ဂွင်ကျဖြစ်နိုင်လဲ? ဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်၊ တစ်ဦးချင်းရင်ဆိုင် တိုက်ပွဲတွေမှာ မာမာထန်ထန် ကစားနိုင်မှုနဲ့ တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်ရင်း တိုက်စစ်ရော ခံစစ်ပိုင်းမှာ ကူညီနိုင်မယ့် လုပ်အားနှုန်း၊ ပြေးလွှားမှုတွေကို လိုချင်တာဖြစ်ပြီး အဲဒီလိုလားချက်ဟာ ကျွန်တော် ကစားနေကျ ပုံစံပါပဲ။”
လို့ ပြောကြားခဲ့ပါတယ်။



အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဆင်မြန်းခွင့် ရရှိတော့မှာ ဖြစ်တာကြောင့် စပိန်ကစားသမားဟာ သူ့ရဲ့ စံပြကစားသမားအချို့ရဲ့ ခြေရာနင်းနိုင်မယ့် အခွင့်အရေးအတွက် အထူးပင် စိတ်လှုပ်ရှားနေတဲ့အကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

"မာ့စ် ကူကူရယ်လာ ၊ ဆီဇာ အက်ဇ်ပီလီကွေတာ နဲ့ မားကို့စ် အလွန်ဆို တို့အားလုံးဟာ နောက်ခံအစွန်လူ တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ စံပြကစားသမားတွေ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှု အစဉ်အလာကြီးမားတဲ့ အသင်းကြီး ဖြစ်သလို ဒီအသင်းနဲ့အတူ အောင်ပွဲတွေ၊ ဆုဖလားတွေ ဆွတ်ခူးခဲ့ကြတဲ့ ကစားသမားတွေလည်း အသင်းမှာ ရှိနေကြပါတယ်။ ကိုးလ် ပါးမား၊ မော်ဂန် ရော်ဂျားစ်၊ ဂျာအို ပီဒရို၊ အက်စ်တီဗာအို တို့လို ကစားသမားတွေနဲ့အတူ ကမ္ဘာ့ချန်ပီယံ ကစားသမားတွေဟာ ဒီအသင်းရှိနေကြပြီး၊ သူတို့တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက အချို့ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ ဒီဒီယာ ဒရော့ဘာ၊ အီဒင် ဟာဇက် တို့လို အစဉ်အလာ ကြီးမားခဲ့တဲ့ ဂန္ထဝင်ကစားသမားတွေရဲ့ ကြီးမားတဲ့သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်..။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတချို့ဟာ ဒီအသင်းမှာ ကစားခဲ့ကြပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ကလပ်အသင်းများ ချန်ပီယံဖလား တွေကို ဆွတ်ခူးခဲ့ကြတာကြောင့် သူတို့တွေရဲ့ ခြေရာနင်းနိုင်မယ့် အခွင့်အရေး ရခဲ့တာဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။"


(Chelsea FC Official Website မှ တင်ဆက်သော ‘Pep Chavarria: The sacrifice, journey and ‘dream’ that brought him to Chelsea’ ဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်..။)