feature-image

အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ချယ်လ်ဆီးအပေါ် ဒယ်နီ မီးလ် ရဲ့အမြင်

တနင်္ဂနွေနေ့၊ အင်းမရိတ်ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်း ပွဲစဉ်အပေါ် လိဒ် ယူနိုက်တက်အသင်းနှင့် မန်ချက်စတာ စီးတီးအသင်း ညာနောက်ခံလူဟောင်း ဒယ်နီ မီးလ် က သူ၏အမြင်၊ သုံးသပ်ချက်များကို Sky Sports သတင်းဌာန၏ The Premier League Show အစီအစဉ် သုံးသပ်ချက် စကားဝိုင်းတွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ပါသည်..။

မေး - အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ Match Week 3 မှာတော့ အသင်းကြီးချင်းထိပ်တိုက် ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အင်းမရိတ်ကွင်းမှ ရင်ဆိုင်ကြမှာပါ..။ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ် ကစားသမား နှစ်ယောက် ဖြစ်ခဲ့ကြတဲ့ မီခေးလ် အာတီးတာ နဲ့ ဇာဘီ အလွန်ဆို တို့ဟာ သူတို့နှစ်ဦးရဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲတွေကို မြက်ခင်းစိမ်းပေါ်ကနေ ကွင်းပြင်ပနည်းပြခုံတန်းဆီကို ရွှေ့လျား၊ ဆောင်ယူလာခဲ့ပါပြီ..။  ဒယ်နီ ရေ.. အခုမှပွဲစဉ် (၃) ပဲ ရှိနေသေးပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကြမယ့်ပွဲကြီးကို ချန်ပီယံဖလားကို အဆုံးအဖြတ်ပေးနိုင်မယ့် big match ပွဲကြီးတစ်ပွဲအလား ရှုမြင်လာကြပြီ မဟုတ်လားဗျ..?

ဒယ်နီ မီးလ် - Yes… သေချာတာပေါ့။ တနင်္ဂနွေနေ့ပွဲစဉ်ဟာ အင်မတန်အရေးပါတဲ့ လန်ဒန်ဒါဘီ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်..။ အာဆင်နယ်ကတော့ အနိုင်ရရှိပြီး သူတို့ရဲ့အဆင့်အတန်းကို သက်သေပြချင်မှာ သေချာပါတယ်..။ "ဒီမှာကြည့်… ငါတို့ကချန်ပီယံတွေ၊ ငါတို့ဟာ ယှဉ်ပြိုင်ရမယ့်အသင်းတိုင်းကို အနိုင်ယူချင်တယ်.." ဆိုပြီးတော့ပေါ့ဗျာ..။ သူတို့ဟာ နောက်ထပ် (၃) မှတ် ထပ်မံ စုဆောင်းပြီး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း သွားချင်နေမှာ အသေအချာပါပဲ..။



မေး - အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီးတာ နဲ့ ချယ်လ်ဆီးက ဇာဘီ အလွန်ဆို တို့နှစ်ယောက်ဟာ ကွင်းပြင်ပမှာတော့ အင်မတန် ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်..။ ကွင်းထဲမှာရော တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနည်းနဲ့ အသာစီးရအောင် ကြိုးစားကြမှာလဲ?

ဒယ်နီ မီးလ် - အာဆင်နယ်ကတော့ တည်ငြိမ်မှုရှိနေပါပြီ။ ပြီးခဲ့တဲ့ ရာသီကလည်း သူတို့တွေရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားတွေကို အပြောင်းအရွှေ့ရာသီ အစောပိုင်းကတည်းက ခေါ်ယူခဲ့ကြတာကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်..။ အာဆင်နယ် ဘယ်လိုကစားမယ်..၊ ဘာတွေလုပ်ပြမယ်… ဆိုတာ ခန့်မှန်းလို့ ရသလောက်ပါပဲ။ ချယ်လ်ဆီးကတော့ ခန်းမှန်းရခက်တုန်းပါ။ နည်းပြအလွန်ဆို ဟာ ဂျာမနီမှာ ရှိစဉ်တုန်းက ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရင်း အချိန်အနည်းငယ် ယူခဲ့ရပေမယ့် တကယ်ကိအံ့ဩစရာ ကောင်းတဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေ ဆောင်ယူနိုင်ခဲ့တာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။

သူဟာအတွေ့အကြုံရင့် ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်.. လေဗာကူဆင် မှာတုန်းက ချာကာ ကို ခေါ်ယူခဲ့သလို အခုချယ်လ်ဆီးမှာလည်း အဲ့ဒီလိုအခန်းကဏ္ဍမှာကစားဖို့ ဂျော်ဒန် ဟန်ဒါဆန် ကို ခေါ်ယူလိုက်တာ ဖြစ်နိုင်ပါတယ်။ ပွဲတိုင်းကစားဖို့ မဟုတ်ရင်တောင် လေ့ကျင့်ကွင်းမှာ အဆင့်အတန်းတစ်ခု သတ်မှတ်ပေးနိုင်ဖို့၊ လွန်ခဲ့တဲ့ (၂) ရာသီ၊ (၃) ရာသီလောက်ကတည်းက ချယ်လ်ဆီးအသင်း လိုအပ်နေခဲ့တဲ့ အဝတ်လဲခန်းထဲက စီနီယာအသံတစ်သံ ဖြစ်လာစေဖို့အတွက်ပါပဲ။ အရာရာကို ဖြတ်သန်းဖူးတယ်..၊ ကြုံတွေ့ဖူးတယ်..၊ လုပ်ဆောင်ခဲ့ဖူးပြီး လူငယ်ကစားသမားလေးတွေကို တွန်းအားပေးနိုင်တဲ့ အတွေ့အကြုံရင့် ကစားသမားတွေရဲ့ အသံပေါ့ဗျာ..။

အဝတ်လဲခန်းထဲက အရည်အသွေးမြင့်မားတဲ့ အဆင့်အတန်းတွေ ပေါ်ထွက်လာဖို့၊ လေ့ကျင့်ရေးကွင်းထဲက အရည်အသွေး အဆင့်အတန်းတွေဟာ နည်းပြရဲ့အသံ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအရာတွေကို မကြာခဏ လျှော့တွက်လေ့ရှိပေမယ့် အသင်းတစ်သင်း အောင်မြင်မှုရရှိဖို့ အင်မတန်မှ အရေးပါတဲ့အချက် ဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင်တော့ ဘာဖြစ်လာမလဲ? ဆိုတာ ကျွန်တော်တို့ အပြည့်အဝ မသိနိုင်သေးပါဘူး။



လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ တကယ်ပွဲယှဉ်ပြိုင်တဲ့ အချိန်ကျရင် အံ့ဩစရာကောင်းလောက်အောင် ခြေစွမ်းပြသွားနိုင်သလို သူတို့အတွက် ရုန်းကန်ရတဲ့ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ယုံကြည်မှု အပြည့်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲမှာအနိုင်ရဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်တယ်လို့ ပြောရမှာပဲ။ သူတို့ဟာချန်ပီယံတွေဖြစ်နေပြီး ခြေစွမ်းကောင်းနေသလို အရမ်းအင်အားတောင့်တင်းတဲ့ လူစာရင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချယ်လ်ဆီးအတွက် ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။

မေး - မီခေးလ် အာတီတာ အတွက်တော့ အခုဘောလုံးရာသီဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ကာကွယ်နိုင်ခဲ့တဲ့ ဆာ အဲလက်စ် ဖာဂူဆန်၊ ပက်ပ် ဂွာဒီယိုလာ နဲ့ ဟိုဆေး မော်ရင်ဟို တို့နည်းတူ အကြီးကျယ်ဆုံး နည်းပြစာရင်းထဲ ပါဝင်လာဖို့ အခွင့်အရေးကောင်းတစ်ခု ရရှိလာခဲ့ပြီလို့ ခံစားရတယ် မဟုတ်လားဗျ။

ဒယ်နီ မီးလ် - ပထမဆုံးဖလား ဆွတ်ခူးဖို့ကိုက အရမ်း.. အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်တို့ လိဒ် ယူနိုက်တက် မှာတုန်းကလည်း အဲ့ဒီအဆင့်အထိ မရောက်ရှိခဲ့ပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးတို့၊ မန်ချက်စတာ ယူနိုက်တက် တို့လို အဲဒီအတွေ့အကြုံ ရှိခဲ့ဖူးတဲ့ ကစားသမားတွေပြောတာကို နားထောင်ကြည့်ပါ။ လူတိုင်းက ချန်ပီယံအသင်းတွေကို အမြင့်ဆုံးပလ္လင်ပေါ်က ဆွဲချချင်နေကြတာပါ..။ ဒါ့ကြောင့်ဒုတိယအကြိမ်ထပ်ပြီး ဗိုလ်စွဲနိုင်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါသေးတယ်။

ကိုယ်နဲ့ ရင်ဆိုင်ရမယ့် အသင်းတိုင်းက "ငါတို့ ချန်ပီယံတွေနဲ့ ကစားရတော့မယ်" ဆိုပြီး ကြိုးစားအားထုတ်မှု ပိုကောင်းလာကြပါတယ်..။ ချန်ပီယံအသင်းရဲ့ အိမ်ကွင်းကို လာရောက်ပြီး "သူတို့ကို စိတ်ပျက်သွားအောင် လုပ်ကြရအောင်၊ သူတို့ကိုအရေးမနိမ့်ပါစေနဲ့၊ သူတို့ကို အပြတ်အသတ် ဒုက္ခပေးနိုင်အောင် လုပ်ကြစို့" ဆိုပြီး ကြိုးစားလာကြတဲ့အတွက် အရမ်းကို ခက်ခဲသွားစေပါတယ်။ ဟုတ်ပါတယ်… (၂) ကြိမ် ဆက်တိုက် (back to back) ဖလားရဖို့ဆိုတာ အရမ်း.. အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ အတည်ငြိမ်ဆုံးအသင်း ဖြစ်သလို အတောင့်တင်းဆုံး လူစာရင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူတို့ကပဲ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ပြောရမှာပါပဲ..။



မေး - ဘောလုံးရာသီအစမှာ အသင်းတစ်သင်း ဘယ်လိုအဆင့်အတန်းကို ရောက်နေပြီလဲ? ဆိုတာသိနိုင်ဖို့ အနည်းဆုံး (၈) ပွဲလောက် စောင့်ကြည့်ရဦးမယ် ဆိုပြီး ရှေ့ပိုင်းမှာတုန်းက ခင်ဗျားပြောခဲ့ပါသေးတယ်..။ ချယ်လ်ဆီးအသင်းကို ကြည့်မယ်ဆိုရင် တိုက်စစ်ကစားသမား (၃) ယောက်အတွဲဟာ တကယ်ကို ရင်ခုန်စရာ ကောင်းနေပေမယ့် နောက်တန်းခံစစ်ကြောင်းမှာတော့ အားနည်းမှုလေးတွေ ရှိနေတယ်လို့ ထင်မိလား…?

ဒယ်နီ မီးလ် - ကွင်းလယ်ပိုင်းမှာလည်း အားနည်းတာပါပဲ..။ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းတဲ့နေ့မှာ သူတို့ဖြစ်ချင်တဲ့အတိုင်း မပြည့်စုံခဲ့ပါဘူး။ ဒါကြောင့်အဲ့ဒီနေရာတွေမှာ အင်အားနည်းနည်း လျော့နေနိုင်ပါတယ်။ ဒါ့အပြင်ဒဏ်ရာရရှိထားတဲ့ ကစားသမား (၁) ယောက်၊ (၂) ယောက် ရှိနေပါသေးတယ်..။ ချယ်လ်ဆီးအသင်းဟာ သူတို့ခြေမြူးတဲ့နေ့ဆိုရင် ၄ဂိုး၊ ၅ဂိုး ပြတ်နဲ့ အနိုင်ရရှိသွားနိုင်ပြီး ပရိသတ်တွေကို "Wow!…" ဆိုပြီး အံ့အားသင့်သွားစေမယ့် အသင်းမျိုးပါ။ ရှေ့တန်တိုက်စစ်ပိုင်းကတော့ ဂိုးတွေသွင်းယူရင်း တကယ်ကို အံ့ဩစရာ ကောင်းလောက်အောင် ခြေစွမ်းပြနေပါတယ်။

သူတို့ဟာ ၄-ဂိုး ၃-ဂိုးလို ရလဒ်မျိုး ထွက်ပေါ်မယ့်ရက်တွေ ရှိလာနိုင်သလို ၃-ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားမယ့် ရက်တွေလည်း ရှိလာနိုင်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရဦးမယ်လို့ ထင်ပါတယ်။ ဇာဘီ အလွန်ဆို အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ဘယ်လိုအရာတွေ အမှန်တကယ် လုပ်ဆောင်ပေးမလဲ? မြင်တွေ့နိုင်ဖို့ (၁၀) ပွဲ၊ (၁၅) ပွဲလောက်အထိ စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်..။



မေး - စောင့်ရမယ့်ပွဲစဉ် အရေအတွက်ကို ပိုပြီးများလာပါပြီ..။ အစောပိုင်းတုန်း (၈) ပွဲကနေ အခု (၁၀) ပွဲ၊ (၁၅) ပွဲ ဖြစ်လာပြီလား..။

ဒယ်နီ မီးလ် - အင်း… အချို့အရာတွေအတွက်..၊ အချို့အသင်းတွေအတွက်တော့ သီးသန့် ပြောရတာပေါ့.. ဟားဟား.။

မေး - အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အလန် စမစ် ကတော့ အစောပိုင်းတုန်းက ကျနော်တို့နဲ့ လာရောက်၊ ပူးပေါင်းခဲ့ပြီး အခုရာသီမှာ ချယ်လ်ဆီးအနေနဲ့ ပရိမီးယားလိဂ် ဖလားကို စိန်ခေါ်ချင်တယ်ဆိုရင် ဖိအားတွေက သူတို့အပေါ်မှာပဲ ရှိနေလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ အလန် စမစ် က အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း ပွဲစဉ်မှာ ဧည့်သည်အသင်းရဲ့ ခံစစ်ပိုင်းကလည်း အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်လို့လည်း ထည့်သွင်း၊ ပြောကြားသွားခဲ့ပါသေးတယ်။

သူပြောခဲ့သလို. တနင်္ဂနွေနေ့ပွဲစဉ်ဟာ နောက်တန်းခံစစ်ကြောင်း (၂) ခု အားပြိုင်ရမယ့် စိန်ခေါ်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အခုရာသီမှာ သူတို့နှစ်သင်းရဲ့ ရာသီအဖွင့် စတင်ခဲ့တဲ့ ပုံစံကို ကြည့်မယ်ဆိုရင် အာဆင်နယ်ကတော့ အံ့ဩစရာမရှိပဲ (၂) ပွဲ ကစား ၂ ပွဲနိုင်၊ ၄ ဂိုးသွင်း၊ ပေးဂိုးမရှိသေးပါဘူး။ ချယ်လ်ဆီးကတော့ လက်ရှိအချိန်မှာ ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်တဲ့အသင်း ဖြစ်နေပြီး (၇) ဂိုးသွင်း၊ (၅) ဂိုး ခွင့်ပြုထားရပါတယ်။ အဲဒီအချက်အလက်ဟာ တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ အဓိကသော့ချက် ဖြစ်လာနိုင်လား?

ဒယ်နီ မီးလ် - သေချာတာပေါ့။ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးချင်ရင် ဂိုးသွင်းအများဆုံး အသင်းတွေထဲမှာ ထိပ်ဆုံးနှစ်သင်းအတွင်း ပါဝင်ရမှာဖြစ်သလို ခံစစ်ပိုင်းမှာလည်း အကောင်းဆုံးထိပ်ဆုံး နှစ်သင်းအတွင်း ပါဝင်ရမှာပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ပြီးခဲ့တဲ့ရာသီအထိ အမြဲတမ်းလိုလို အဲဒီအတိုင်းပါပဲ..။ ထူးထူးခြားခြား ဖောက်ထွက်ခဲ့တဲ့ဖြစ်စဉ် အနည်းအကျဉ်း ရှိခဲ့ဖူးပေမယ့် ချန်ပီယံဖလား ဆွတ်ခူးချင်တယ်ဆိုရင် တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း နှစ်ခုစလုံးမှာ အကောင်းဆုံးအခြေအနေရှိနေဖို့ လိုအပ်ပါတယ်..။



အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်..။ ပြီးခဲ့တဲ့ရာသီက ဂျွန် တယ်ရီ တို့လို ကစားသမားကြီးတွေတောင် နည်းနည်းပြာယာခတ်သွားခဲ့ရတယ်လေ။ အာဆင်နယ်အနေနဲ့ သူတို့ရဲ့ (၁၅) ဂိုးပဲ ပေးရဖူးတဲ့ ပေးဂိုးအနည်းဆုံး စံချိန်မှတ်တမ်းကြီးကို ချိုးဖျက်သွားနိုင်မလား..? ဆိုပြီးတော့လေ..။

အာဆင်နယ်က တည်ငြိမ်နေပါပြီ။ သူတို့ ဘယ်လို ကစားရမလဲဆိုတာ သိကြတယ်။ ကစားသမားတိုင်းက အချင်းချင်းနည်းလည်မှု ကောင်းမွန်ကြသလို တစ်ယောက်နဲ့တစ်ယောက် ဘယ်နေရာမှာ ရှိနေရမလဲ.. သိနေကြပါတယ်။ တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း သိကြပါတယ်..။ ချယ်လ်ဆီးကတော့ လက်ရှိအချိန်မှာ အချင်းချင်း လေ့လာ၊ စမ်းသပ်နေရတုန်းပဲ ရှိပါသေးတယ်။ ဒါ့ကြောင့်အလွန်ဆို ရဲ့အသင်းဟာ ဒီပွဲကို ဘယ်လိုပုံစံနဲ့ ချဉ်းကပ်မလဲ? စိတ်ဝင်စားစရာပါပဲ။ သူတို့အနေနဲ့ "ဂိုးတွေရအောင် သွင်းကြစို့" ဆိုပြီး ထိပ်တိုက်ရင်ဆိုင် တိုက်စစ်ဖွင့် ကစားမှာလား? ဒါဆိုရင် တကယ်ကို ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

ဒါမှမဟုတ် သူတို့အနေနဲ့ သတိပိုထားပြီး ခံစစ်ထိုင်.. ပိတ်ဆို့ ထိန်းချုပ်ကစားမလား? ဂိုးသမားအပါအဝင် ကစားသမား (၆) ယောက်လောက် ခံစစ်ထိုင် ပိတ်ဆို့ထားပြီး ရှေ့တန်း (၃) ယောက်တန်းကိုပဲ သူတို့ဘာသာ တိုက်စစ်ဆင်ခိုင်းမလား? ဆိုတာပါပဲ။